Chapter 20
Viewers 1k

CHAPTER 20: လှုံ့ဆော်မှု




ရှန်ရှီးသည် သူ၏ကလေးဘဝသို့ ပြန်ရောက်သွားသလိုခံစားလိုက်ရ၏။



ထိုအချိန်တုန်းက သူ့မိခင်ပြတင်းပေါက်ကနေ ခုန်မချသေးသလို အဘိုးနှင့် ဦးလေးကသူ့ဘေးမှာရှိနေဆဲပင်။ ရှန်ရှီးပေါက်စလေးကမူ သူ့အဘိုး၏ရင်ခွင်ထဲတွင် လှဲရခြင်းကို အကြိုက်ဆုံးဖြစ်သည်။ သူ့အဘိုးက သူ့ကိုညင်သာစွာပုတ်ရင်း ပုံပြင်ပြောပြတတ်၏။



ဘာပုံပြင်လဲဆိုတာတော့ ရှန်ရှီးမမှတ်မိတော့။ သူမှတ်မိတာတစ်ခုတည်းက သူ့အဘိုး၏ရင်ခွင်ထဲတွင် အိပ်ရသည့် နွေးထွေးပြီး စိတ်ချမှုပေးသည့်ခံစားချက်သာဖြစ်သည်။ 



ဤခံစားချက်သည် ယခုတွင်ပြန်လည်ဖြစ်ပေါ်လာ၏။



ရှန်ရှီး သူ့တစ်ကိုယ်လုံးကိုကျုံ့ပြီး သူ့အဘိုး၏ရင်ခွင်ထဲတိုးဝင်ကာ အဘိုးကိုတင်းကြပ်စွာဖက်ထားလိုက်သည်။ အဘိုးက သူ့ကိုတွန်းရန်ကြိုးစားနေတာကို ခံစားမိတော့ ရှန်ရှီးထိတ်လန့်လာကာ အဘိုးကို လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်စလုံးနှင့် ဖက်တွယ်ထားရင်း သနားစရာကောင်းစွာဖြင့် တောင်းပန်လိုက်၏။


 

“အဘိုး ရှောင်ရှီးကိုမထားခဲ့ပါနဲ့” 



အဘိုးသည် ရှန်ရှီး၏လေသံကြောင့် ခံစားသွားရပုံရကာ သူ့ကိုမတွန်းတော့ပေ။ စိတ်ကျေနပ်သွားသော ရှန်ရှီးက ပိုပြီးတင်းကြပ်စွာ ဖက်လိုက်သည်။



အဘိုး၏ထွေးပွေ့မှုသည် သူမှတ်မိခဲ့သလို‌နွေးထွေးနေပြီး ပိုပြီးကောင်းမွန်သောအနံ့ပါရနေ၏။ 



ရှန်ရှီးသည် သူ့အဘိုး၏ရင်ခွင်ထဲတိုးဝင်ရန် အားကုန်ကြိုးစားပြီး လောဘကြီးစွာ အနံ့ကိုရှုရှိုက်ရင်း သူ့နှလုံးသားတွင် ပျော်ရွှင်မှုများနှင့်ပြည့်နေသည်။ 



“အဘိုး ရှောင်ရှီးကိုမထားခဲ့ပါနဲ့.. မေမေ့လိုမျိုး ရှောင်ရှီးကိုမထားခဲ့ပါနဲ့” 



ရှန်ရှီးသည် ထိုစကားများကိုပဲ ထပ်ခါထပ်ခါရွတ်ဆိုရင်း အဘိုးကသူ့ကိုပြန်ပြီးထွေးပွေ့တာကို ခံစားမိသော် ပျော်ရွှင်စွာရယ်လိုက်၏။



တစ်ညလုံး ရှန်ရှီးသည် ပျော်ရွှင်သောခံစားချက်တွင် နစ်မြုပ်နေခဲ့၏။ အရင်ဘဝက ဒုက္ခများလည်းမရှိဘဲ ရှားရှားပါးပါး ကောင်းမွန်စွာအိပ်စက်ခဲ့ရသည်။



တစ်နေ့လုံး၊ တစ်ညလုံးရွှာနေသောမိုးသည် နောက်ဆုံးမှာတော့ မနက်တွင်ရပ်သွားပြီ ဖြစ်သည်။ မည်းမှောင်သောတိမ်များက မပျောက်ကွယ်သေးပေမဲ့ အရှေ့ဘက်တွင် နေမင်းကြီးက ထွက်ပေါ်လာဖို့ စိတ်အားထက်သန်နေပြီဖြစ်သည်။



လီမင်ရွှမ်းသည် ဖျော့တော့သောနေရောင်အောက်တွင် နိုးထလာသည်။ သူ့မျက်လုံးကိုဖွင့်လိုက်သည့်အချိန်တွင် တွေဝေနေဆဲဖြစ်၏။ သူ့ရှေ့တွင်ပေါ်လာသည်က ရင်းနှီးနေသောပတ်ဝန်းကျင်မဟုတ်ပေ။ 



ဒါကဘယ်နေရာများလဲ။



အတွေးသည် ခဏသာကြာပြီး သူ့ရင်ခွင်ထဲရှိ နွေးထွေးမှု၏မူရင်းဖြစ်သူဆီ သူ့အာရုံရောက်သွားသည်။ 



ခေါင်းငုံ့လိုက်သောအခါ လီမင်ရွှမ်းသည် အပြုံးနှင့်အိပ်ပျော်နေသော ရှန်ရှီး၏မျက်နှာကိုမြင်ရ၏။ ရှန်ရှီးဘာကိုအိမ်မက်မက်နေလဲ လီမင်ရွှမ်းမသိပေမဲ့ သူ့နှုတ်ခမ်းထောင့်များကမူ အပေါ်သို့မြင့်တက်နေပြီး ပျော်ရွှင်နေပုံရသည်။



လီမင်ရွှမ်းအလိုလိုပြုံးလိုက်မိပြီး တစ်စုံတစ်ခုကို သတိရကာ ရှန်ရှီး၏ခန္ဓာကိုယ်အောက်တွင်ဖိထားသော သူ့လက်ကိုဆွဲထုတ်ပြီး နဖူးပေါ်တင်လိုက်၏။ နည်းနည်းပူနေသေးပေမဲ့ မနေ့ကထက်တော့ အများကြီးပိုပြီးသက်သာသွားပြီဖြစ်သည်။ 



လီမင်ရွှမ်းသက်ပြင်းချလိုက်၏။ မနေ့ညက ဆရာဝန်ချန်ထားခဲ့သော ရေခဲအိတ်‌များကို သူအကုန်သုံးလိုက်ရပြီဖြစ်ကာ တစ်ကြိမ်ဆို ညသန်းခေါင်ကြီး ရှန်ရှီးကို ဆေးရုံခေါ်သွားရန်ပင် သူစီစဉ်ခဲ့သေးသည်။ ရှန်ရှီး၏အပူကျသွားသောအခါမှသာ သူ့စိတ်သက်သာရာရခဲ့တာ ဖြစ်သည်။



အိပ်ပျော်နေသေးသော ရှန်ရှီးကို ဂရုတစိုက်ဖြင့်ရွေ့ကာ လီမင်ရွှမ်းသည် ဘေးမှာထိုင်ပြီး ထုံကျင်နေသောလက်မောင်းများကို ပွတ်လိုက်၏။ အချိန်ကိုကြည့်လိုက်သောအခါ မနက်ဆယ်နာရီထိုးပြီဖြစ်သည်။ 



ကံကောင်းစွာနှင့် သူမနေ့ညက သူ့ဖခင်ကိုဖုန်းခေါ်ပြီး အခြေအနေကိုရှင်းပြကာ ယနေ့အတွက် ခွင့်အပိုတစ်ရက်ယူနိုင်ခဲ့၏။



အမြန်ရေမိုးချိုးပြီးသောအခါ လီမင်ရွှမ်းသည် အခန်းဝန်ဆောင်မှုကိုခေါ်လိုက်ပြီး မနက်စာနှင့် ဆန်ပြုတ်ကိုသီးခြားချက်ပြုတ်ပေးရန် တောင်းဆိုလိုက်၏။ တံခါးဘဲလ်သံမြည်လာသောအခါ ဖုန်းချပြီးကာစဖြစ်သည်။ 



"မင်္ဂလာပါ အခန်းဝန်ဆောင်မှုကပါ" 



မြန်လွန်းသဖြင့် လီမင်ရွှမ်းအံ့အားသင့်သွားရ၏။ သူတံခါးကိုဖွင့်လိုက်သောအခါ တံခါးဝက အခန်းဝန်ဆောင်မှုဝန်ထမ်းက သန့်ရှင်းရေးလှည်းကို တွန်းလာတာကို တွေ့လိုက်ရသည်။ သူလိုချင်သည့် နံနက်စာလည်း မပါချေ။ ဤဝန်ဆောင်မှုက သူပြောလိုက်သော ဝန်ဆောင်မှု မဟုတ်မှန်း လီမင်ရွှမ်း သိလိုက်ရသည်။



အခန်းထဲတွင် နေမကောင်းသောသူရှိသည်ကို သိပုံရသော အခန်းဝန်ထမ်းသည် ညင်သာစွာရွေ့လျားနေ၏။ မျက်နှာဝိုင်းနှင့်မိန်းမငယ်လေးက စိုးရိမ်မှုနှင့်မေးလာသည်။ 



"ရှန်လူကြီးမင်းရဲ့အခြေအနေ ဘယ်လိုရှိသလဲဟင်"  



လီမင်ရွှမ်းသည် ယဉ်ကျေးစွာနှင့် ခေါင်းညိတ်လိုက်၏။ 



"သူအဖျားကျသွားပြီ" 



"ကောင်းလိုက်တာ.. ဟိုတယ်က ၁၁ နာရီလောက်မှာ လာကြည့်ဖို့ ဆရာဝန်စီစဉ်ထားတယ်.. အဆင်ပြေမယ်ထင်လား" 



မိန်းမငယ်က လီမင်ရွှမ်းကိုသေချာအောင်မေးပြီး သူအနည်းငယ်ခေါင်းညိတ်လိုက်သည်။ 



မိန်းကလေးကပြုံးပြီး ဘေးကိုဖယ်လိုက်၏။



လီမင်ရွှမ်းသည် မိန်းက‌လေးကို ရင်းနှီးနေသလို အကြမ်းဖျင်းခံစားလိုက်ရသည်မို့ တွေးကြည့်ပြီးနောက် သူကပြောလိုက်သည်။ 



"မနေ့က ရှန်ရှီးကို တွေ့ပြီး ဂရုစိုက်ပေးခဲ့တာက မင်းလား.. မနေ့ကအလျင်လိုနေလို့ ကျေးဇူးတင်ကြောင်း သေချာမပြောလိုက်ရဘူး" 



မိန်းကလေးကပြုံး၏။ 



"ဒါကကျွန်မတို့လုပ်သင့်တဲ့အရာမို့ ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး.. မနေ့ညက ရှန်လူကြီးမင်း ဖျားနေတာကိုတွေ့ခဲ့တာက ကျွန်မတို့ရဲ့ အလှည့်ကျဝန်ဆောင်မှုကပါ" 



မိန်းကလေးကပြောရင်း တစ်စုံတစ်ခုကိုတွေးမိသွားကာ ရှက်သည့်အရိပ်အ‌ယောင်ပါသော အကြည့်ဖြင့် လီမင်ရွှမ်းကိုကြည့်သည်။



လီမင်ရွှမ်းကပြုံးသည်။



"ဒါဆို ငါ့နံပါတ်ကို အမှိုက်ပုံးထဲကရှာတွေ့တာကလည်း အလှည့်ကျဝန်ဆောင်မှုကလား"  



မိန်းကလေးက ရှက်ရှက်နှင့်ခေါင်းညိတ်ပြီး ထပ်ပြော၏။ 



"သန့်ရှင်းရေးလုပ်တာက အလှည့်ကျဝန်ဆောင်မှုရဲ့ တာဝန်တွေထဲကတစ်ခုပါ" 



ပြောရလျှင် ဟိုတယ်အတွက် ခေါင်းအကိုက်ရဆုံးသည် နေမကောင်းသည့် တစ်ဦးတည်းနေပြီး မိသားစုနှင့်ဆက်သွယ်မရသော ဧည့်သည်၊ အထူးသဖြင့် ရှန်ရှီးလိုလူများနှင့် ကြုံရခြင်းဖြစ်သည်။ မနေ့ညက ရှာတွေ့၍ရသော ဖုန်းနံပါတ်ဖြင့် ရှန်ရှီး၏မိသားစုကို ဆက်သွယ်ရမလားအတွေးရှိ‌ခဲ့ပေမဲ့ ဖုန်းနံပါတ်ပိုင်ရှင်က တန်းရောက်လာမည်ကိုတော့ သူတို့မမျှော်လင့်ခဲ့ပေ။ 



လီမင်ရွှမ်းရှိနေတာ သူတို့တကယ်ပဲကျေးဇူးတင်ရ၏။ မဟုတ်လျှင် ရှန်ရှီးသာတစ်ခုခုဖြစ်ခဲ့လျှင် ဟိုတယ်တစ်ခုလုံးဒုက္ခရောက်ပေမည်။ 



မိန်းကလေးက စကားပြောလို့ပြီးပြီးချင်း စပြီးသန့်ရှင်းရေးလုပ်၏။ ရှန်ရှီးကအိပ်နေသေးသောကြောင့် သူမ၏လှုပ်ရှားမှုများသည် အင်မတန်ညင်သာနေသည်။



‌ဧည့်ခန်းနှင့်ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ပြီးသောအခါ ရှန်ရှီးအိပ်နေသည့် အိပ်ခန်းတစ်ခုသာကျန်တော့သည်။ လီမင်ရွှမ်းသည် အိပ်ရာခင်းနှင့်တခြားအရာများကို လဲရန်မရည်ရွယ်ပေမဲ့ မိန်းကလေးက အိပ်ရာခင်းနှင့် စောင်များကို ထိကိုင်ကြည့်ပြီး အတူတူလဲရန်အကြုံပြု၏။ ထိုအခါမှသာ ရှန်ရှီးသည် မနေ့ညကတစ်ညလုံး ချွေးထွက်ထားပြီး သူ့ကိုယ်ပေါ်မှာအဝတ်အစားများကို လဲရန်လိုတာ လီမင်ရွှမ်းနားလည်လိုက်သည်။



လီမင်ရွှမ်းက ရှန်ရှီးကို ဂရုတစိုက်နှင့်ပွေ့လိုက်ပြီးနောက် အခန်းဝန်ထမ်းက အိပ်ရာခင်းကို အမြန်လဲပြီး လီမင်ရွှမ်းကို ခေါင်းညိတ်ပြပြီးနောက် အခန်းထဲမှတိတ်တဆိတ်ထွက်သွားသည်။ လီမင်ရွှမ်း အိပ်ပျော်နေဆဲဖြစ်သော ရှန်ရှီးကိုကြည့်ရင်း အဝတ်အစားလဲပေးသင့်သလား တွေးလိုက်သည်။ 

 


သူ့အဖို့ ရှန်ရှီးအပေါ် အခြားအတွေးများမရှိဘဲ ဂရုစိုက်ရမည့်ညီလေးလို သဘောထားသော်လည်း လီမင်ရွှမ်းသည် သူ့ကိုယ်ပိုင်လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကြောင့် တစ်စုံတစ်ဦးအား ဤကဲ့သို့ နီးကပ်သောပုံစံဖြင့် ဂရုစိုက်ရန်နေနေသာသာ၊ အခြားအမျိုးသားများနှင့် အလွန်နီးကပ်စွာမဆက်ဆံရန် အထူးသတိထားခဲ့၏။



ရှန်ရှီးကို တုံ့ဆိုင်းသောအကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် လီမင်ရွှမ်း ကိုယ်ကိုကိုင်းကာ သူ၏အင်္ကျီကြယ်သီးကို စပြီးဖြုတ်လိုက်သည်။



ကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ဖြုတ်လိုက်သည်နှင့်အမျှ ရှန်ရှီး၏ နူးညံ့သောညှပ်ရိုးများ တဖြည်းဖြည်းပေါ်လာ၏။ လီမင်ရွှမ်း၏စိတ်က မနေ့က သူကားထဲတွင်မြင်ခဲ့ရသော မြင်ကွင်းကို ပြန်မြင်ယောင်ကာ သူ့လက်ချောင်းတွေ ရုတ်တရက်တုန်ယင်လာရင်း သူ၏ခန္ဓာကိုယ်က တုံ့ပြန်နေတာကို တွေ့ရသောအခါ ရှက်ရွံ့သွားရတော့သည်။ 

 


လီမင်ရွှမ်း ဒေါသတကြီးဖြင့် သူလုပ်နေသောအရာကို ရပ်ပစ်လိုက်ရသည်။



"ယောက်ျားတစ်ယောက်ရဲ့လိင်စိတ်တုံ့ပြန်မှုက ကိုယ်ကျင့်တရားကန့်သတ်ချက်တွေနဲ့ မဆိုင်ဘူး"



သူအသက် ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင် လီမင်ရွှမ်း၏ဖခင်က ပြောခဲ့သောစကားများဖြစ်ပြီး နောက်တွင် နောက်ထပ်စာကြောင်းပါသည်။ 



"ဒါပေမဲ့ အောင်မြင်တဲ့ယောကျာ်းတစ်ယောက် ဖြစ်ဖို့ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုကတော့ မရှိမဖြစ်လိုတယ်”



သူတို့လိုမိသားစုတွင်မွေးဖွားလာရသော လူများဟာ အသက်ငယ်စဉ်ကတည်းက သွေးဆောင်မှုအမျိုးမျိုးနှင့်ရင်ဆိုင်ရကာ ထိုအထဲတွင် မိန်းမများ၏ဆွဲဆောင်မှုကလည်း မရှိမဖြစ်ပါဝင်၏။ လီမင်ရွှမ်း၏ဖခင်သည် သူ့ဘဝတွင် တက်ကြွစွာ သို့မဟုတ် စိတ်အားထက်သန်စွာ သူ့ကိုဖြားယောင်းသွေးဆောင်သည့် အမျိုးသမီးအများအပြားကို တွေ့မြင်ခဲ့ရပြီး ယခုမှအရွယ်ရောက်သော သူ့သားက ထိုသွေးဆောင်မှုများကို ခံနိုင်ရည်မရှိမှာကို အလွန်စိုးရိမ်နေခဲ့ရသည်။ ထိုအချိန်က သူ့ဖခင်ဟာ လီမင်ရွှမ်းက မိန်းမတွေအပေါ်တွင် စိတ်ဝင်စားမှုလုံးဝမရှိမှန်း မသိခဲ့ပေ။ 

 


ထိုအချိန်က လီမင်ရွှမ်းဟာ နိုင်ငံကနေထွက်တော့မည်အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ထိန်းထိန်းသိမ်းသိမ်းနေကာ အများကြီးမပျော်ပါးရန် မျှော်လင့်ချက်ဖြင့် သူ့ဖခင်က ဤအရာများကို သတိပေးရန် ပြောပြခဲ့ခြင်းဖြစ်၏။



လီရှီယုံမမျှော်လင့်ခဲ့သည်က သူ၏စကားများကြောင့် မိန်းမတွေကိုစိတ်မဝင်စားသော လီမင်ရွှမ်းသည် သူ့ဘေးတွင်ပေါ်လာသော ယောကျာ်းများနှင့်ပါ ခပ်ခွာခွာနေထိုင်ခဲ့ခြင်းဖြစ်သည်။ 



လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြားတွင် သူသည် အခြားမဟုတ်တာမဆိုထားနှင့်၊ သူနှင့် မရေရာသောဆက်ဆံရေးမျိုးရှိသူ တစ်ဦးတစ်ယောက်ပင် မရှိခဲ့ပေ။

 


လီမင်ရွှမ်းတရုတ်သို့ပြန်ရောက်သောအခါ သူ့ဖခင်ဆီမှ ကုမ္ပဏီကို ဖြည်းဖြည်းချင်း လွှဲပြောင်းယူခဲ့သည်။ အလုပ်ရှုပ်သည့်နှစ်အနည်းငယ်ကြာပြီးနောက် သူတစ်ယောက်တည်းဖြစ်နေဆဲဖြစ်၏။ လီမင်ရွှမ်းမှာလည်း ယောကျာ်းတစ်ယောက်၏ သာမန်တုံ့ပြန်မှုမျိုးရှိပေမဲ့ မကြာခဏ တစ်ယောက်တည်း အချိန်ကုန်ဆုံးသဖြင့် ဤသို့အခြေအနေမျိုးကို မကြုံဖူးပေ။

 


လီမင်ရွှမ်းအရှက်ရပြီး သူဆက်သင့်လား တွေးမိလာ၏။



နှစ်ခြိုက်စွာအိပ်ပျော်နေသောရှန်ရှီးသည် ဂနာမငြိမ်စွာ လှုပ်ရှားနေသည်။ သူ့အဘိုးက သူ့ကိုထားသွားတာကို တစ်ဆင့်ပြီးတဆင့်မြင်တွေ့လာရပြီး ပတ်ဝန်းကျင်ရှုခင်းက ထောင်မြင်ကွင်းအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲသွား၏။ 



တစ်စုံတစ်ယောက်က သူ့လက်ကို သူ့အပေါ်တင်ထားပုံရပြီး ရှန်ရှီးကလှောင်ပြောင်လိုက်သည်။  



အသက်မရှင်ချင်တဲ့ နောက်တစ်ယောက်က သူ့ကိုထိဖို့ကြိုးစားနေတာလား။



အဲ့ဒီအကြံရှိတဲ့လူတွေအားလုံး ဘာတွေဖြစ်သွားကြရလဲဆိုတာ ထောင်ထဲကဘယ်သူမှ မပြောပြထားဘူးလား။



မသိစိတ်ဖြင့် ရှန်းရှီသည် သူ့ကိုယ်ပေါ်တွင်ရှိသော လက်ကိုဆုပ်ကိုင်ကာ၊ ညာခြေထောက်ဖြင့်ကန်ထုတ်ပြီး ထိုလူကို သူ့အောက်တွင် လှုပ်ရှားမှုတစ်ကွက်တည်းဖြင့် ဖိထားလိုက်၏။



လီမင်ရွှမ်း သတိလက်လွတ်ဖြစ်နေတုန်းမို့ အိပ်ပျော်နေသော ရှန်ရှီး၏ကန်ချက်သည် သူ့ပေါင်ရင်းကို တန်းထိသွားသည်။ ရှန်ရှီးက နေမကောင်းဖြစ်နေပြီး အားသိပ်မရှိသောကြောင့်သာ။ မဟုတ်လျှင် လီမင်ရွှမ်းအဖို့ သူ့ဘဝတလျှောက်လုံး ပျော်ရွင်မှုအတွက် စိုးရိမ်နေ‌ရတော့မည်။

 


သို့တိုင် မင်ရွှမ်းအသေးစားကမူ လျင်မြန်စွာ ပျော့​သွားပြီ ဖြစ်သည်။ 



နောက်တခဏမှာတော့ ဇဝေဇဝါဖြစ်နေဆဲဖြစ်သည့် လီမင်ရွှမ်းအား ရှန်ရှီးက ကုတင်ပေါ်သို့ လှဲ၍ ဖိချလိုက်၏။

လီမင်ရွှမ်း အံ့အားသင့်သွားရင်း ရှန်ရှီးကိုကြည့်လိုက်သောအခါ ဖုံးကွယ်မထားဘဲ လူသတ်လိုစိတ်ရှိနေသော ရှန်ရှီး၏မျက်လုံးများနှင့်ဆုံမိသွားသည်။



သူတို့မျက်လုံးချင်းဆုံသည့်အခိုက်အတန့်တွင် ရှန်ရှီးက မျက်တောင်ခတ်လိုက်ကာ မူလကရှိနေသော လူသတ်ချင်စိတ်က လျင်မြန်စွာပျောက်ကွယ်သွားပြီး အံ့သြသွားသည့်အကြည့်က အစားထိုးဖြစ်ပေါ်လာသည်။



"ဝမ်းကွဲအစ်ကို?" 



လီမင်ရွှမ်းပြန်မဖြေနိုင်ခင်မှာပဲ ရှန်ရှီး၏လက်မောင်းများက ရုတ်တရက်ပျော့ခွေသွားကာ လီမင်ရွှမ်းအပေါ်လဲကျသွား၏။



 ရှန်ရှီး အသိစိတ်ပြန်ဝင်ဝင်ချင်းမှာပဲ သူ၏အရင်ဘဝမဟုတ်တာကို နားလည်လိုက်ပြီး သူ့နှလုံးသားထဲတွင်ရှိသော ကြမ်းတမ်းသည့်စိတ်ဝိညာဉ်သည် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့အပြင် သူသည် ယခုအချိန်တွင် နေမကောင်းဖြစ်နေဆဲဖြစ်ပြီး အား‌နည်းနေ၏။ အားတွေအကုန်သုံးလိုက်မိသည်မို့ သူ၏လက်နှင့်ခြေများ ယိမ်းယိုင်လာသည်။



သူတို့နိုးနေသည့်အချိန်တွင် သူတို့၏ ခန္ဓာကိုယ်များသည် သည်လောက်နီးကပ်ပြီး တစ်ထပ်တည်းကျနေသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ 



လီမင်ရွှမ်း၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့်အတွေးက ရှန်ရှီးသူ့ကိုကန်လိုက်တာ ကံကောင်းသည်ဟူ၍ဖြစ်၏။ မဟုတ်လျှင် သူအခု အရှက်ရနေပေလိမ့်မည်။



 သို့ပေမဲ့ မကြာခင်မှာပဲ လက်ရှိအခြေအနေကလည်း ပိုကောင်းမနေကြောင်း သူနားလည်လိုက်သည်။



 ရှန်ရှီးက သူ့အပေါ်တွင် အရိုးမပါသလိုလဲလျောင်းနေကာ သူ့လည်ပင်းအနားတွင် အသက်ရှုနေသည်။ လီမင်ရွှမ်း၏ခန္ဓာကိုယ်မှာ နွေးထွေးသောအသက်ရှုထုတ်မှုအောက်တွင် အထိန်းအကွပ်မရှိထကြွလာ၏။ 



မင်ရွှမ်းအသေးစားလေးက ပြန်ပြီးထလာတော့မည်ကို ခံစားမိသောအခါ လီမင်ရွှမ်းသည် ရှန်ရှီးဘယ်လိုတွေးမလဲ ဂရုမစိုက်တော့ဘဲ သူကို ကိုယ်တစ်ပါတ်လှည့်လိုက်ကာ ရှန်ရှီးကို သူ့အောက်တွင် အုပ်မိုးထားလိုက်သည်။  



မျက်လုံးချင်းပြန်ဆုံသွားသောအခါ ရှန်ရှီး၏မျက်နှာက ဇဝေဇဝါဖြစ်နေသေး၏။ အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် ရှန်ရှီးဘာဖြစ်နေလဲဆိုတာ မတုံ့ပြန်နိုင်သေးပေ။ 



လီမင်ရွှမ်းက ရှန်ရှီးအပေါ်ကနေ အမြန်ထလိုက်ပြီး ဘာမှမဖြစ်သလို သူ့ဘေးတွင်ထိုင်လိုက်သည်။ 



"ရှောင်ရှီး အိမ်မက်ဆိုးမက်ခဲ့တာလား" 



"အိမ်မက်ဆိုး?" 



ရှန်ရှီးသည် သူ့အိမ်မက်ကိုတွေးမိပြီး သူ့ကိုယ်ပေါ်ရှိအဝတ်အစားများကို မသိစိတ်ကနေကြည့်လိုက်မိ၏။

 


လီမင်ရွှမ်းက အသာလေးချောင်းဟန့်လိုက်ကာ တည်ငြိမ်သောမျက်နှာဖြင့်



“မင်းချွေးတွေထွက်နေတာ.. ငါအခုပဲ မင်းကိုအဝတ်အစားလဲပေးတော့မလို့” 



ရှန်ရှီးသည် ဇဝေဇဝါဖြင့်မျက်တောင်ခတ်ပြီး နောက်ဆုံးတွင် သူနားမလည်နိုင်ဆုံးမေးခွန်းကိုမေးလိုက်လေသည်။ 



“ဝမ်းကွဲအစ်ကို ဘာလို့ဒီရောက်နေတာလဲ”