Chapter 1 : “ဗီလိန်က ဒီလိုလုပ်ရတာ၊ နားလည်လား”
Viewers 398

ကျယ်ပြောလှသော အဖြူရောင်နယ်မြေကြီးထဲတွင် ရင်ဘတ်ပေါ်၌ 998 ဟူသော နံပါတ်ပါရှိသည့် ကြက်ပေါက် လေးတစ်ကောင် ရှိ၏။ ကြက်ပေါက်လေး၏ ဖျော့တော့သော မျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ 


သူသည် သူ့အတောင်ပံနှစ်ခုကြားတွင် လျှပ်စစ် စီးကရက်တစ်လိပ်အား အံ့အားသင့်ဖွယ် ကျွမ်းကျင်မှုဖြင့် ကိုင်ထားပြီး ပြင်းပြင်းရှူသွင်းကာ မီးခိုးကွင်းတစ်ကွင်းကို မှုတ်ထုတ်လိုက်သည်။ ပြီးနောက် သူ၏ကျန်ရှိနေသော အတောင်ပံတစ်ဖက်အား ကမ္ဘာကြီးတစ်ခုလုံးကို ငြီးငွေ့နေသည့် ပုံစံဖြင့် ခပ်ဖွဖွယပ်ခတ်လိုက်သည်။


ထိုအဖြူရောင် နယ်မြေတစ်ခွင်တွင် ထူးခြားဆန်းပြားသော စာသားများ လျင်မြန်စွာ လည်ပတ်နေပြီး စာသားအသစ်များသည် နှစ်စက္ကန့်ခြားတိုင်း ပြန်လည်၍ ပေါ်လာနေ၏။


ဒစ်ဂျစ်တယ်ကုဒ်များမှ ဘာသာပြန်ထားသော မက်ဆေ့ချ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။


[ 'ကျွန်' မဖြစ်ရန် ကျိန်ဆိုထားသော စနစ်များ၏ Chat Room 101 ]


“ငါတကယ်ကို အဆုံးသတ်သွားပြီ! ဒီဘဝက ဘယ်တော့များမှ ဆုံးမှာလဲ?”


“998 မင်း ဘာဖြစ်နေတာလဲ၊ ဘာတွေဖြစ်ခဲ့တာလဲ”


“[/ဆေးလိပ်သောက်လျက်] ဘာလို့ ငါက ဒီလောက်တောင် ကံဆိုးရတာလဲ၊ ငါက ဒီလို Host နဲ့မှ လာတွဲမိရတယ်လို့ကွာ!”


“998 မင်းရဲ့ ဇာတ်လမ်းကို ပြောပြပါဦး!”


“[/သက်ပြင်းချခြင်း] အိုး၊ ပြောရရင် ရှည်ပါတယ်”


ထိုကြက်‌ပေါက်လေးသည် သူ၏အတောင်ပံများကို အပြင်းအထန် ရိုက်ခတ်၍ စာရိုက်နေခဲ့ပြီး၊ သူ၏ အမွေးပွမျက်နှာလေးသည် ဒေါသတကြီး ဖြစ်နေလေသည်။


အကျဉ်းချုပ်အားဖြင့် သူ၏ မစ်ရှင်အသစ်မှာ သိုင်းနတ်ဘုရား ဇာတ်လိုက်အား မိန်းမပျိုများ ဝိုင်းဝိုင်းလည်နေသည့် ခေတ်သစ် ကျင့်ကြံရေးဝတ္ထုမှ ကွဲထွက်လာသော ကမ္ဘာသစ်တစ်ခုကို တည်ငြိမ်စေရန် ဖြစ်သည်။ 998 သည် ပြဿနာကို လျင်မြန်စွာ ဖော်ထုတ်လိုက်နိုင်သည်။ 


ဇာတ်ကြောင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသော ဇာတ်လိုက်အား အဆိုးရွားဆုံး နှိပ်စက်မည့် တန်ခိုးအကြီးဆုံး ဗီလိန်ကြီးသည် လွတ်မြောက်သွားခဲ့သည်။


၎င်းသည် ကမ္ဘာသစ်အား စတင်ရန် ဒုတိယအကြိမ် ကြိုးပမ်းခြင်း ဖြစ်၏။ ယခင်ကြိုးပမ်းမှုတွင် ဇာတ်လိုက်သည် ဗီလိန်နှင့် စတင်တွေ့ဆုံသည်နှင့် တစ်ပြိုင်နက်ပင် ဖျက်ဆီးခံခဲ့ရပြီး ဖုန်မှုန့်မျှပင် မကျန်ခဲ့ပေ။


ငါ့လခွမ်း၊ ဇာတ်လိုက်က မြင်တာနဲ့ သေတယ်။ ဒါဆို ဘာအဓိပ္ပာယ်ရှိတော့မလဲလို့!


998 ခဗျာ စိုးရိမ်ပူပန်နေမိသည်။ သူသည် ဇာတ်လိုက်နှင့် ချိတ်ဆက်ကာ သေမင်းအား မခေါ်ရန် သတိပေးလိုသော်လည်း ဇာတ်လိုက်၌ လိမ်လည်နိုင်သည့် စနစ်တစ်ခု ရှိနှင့်ပြီးဖြစ်သောကြောင့် 998 မူချိတ်ဆက်နိုင်ခြင်း မရှိပေ။ 


နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ကြည့်ပြီးနောက် သူသည် ကံအကြောင်းမလှစွာပင် အဓိကဗီလိန်ဖြစ်သည့် နတ်ဆိုးအရှင်ပေါ်တွင် ချိတ်ဆက်မိသွားလေသည်။ ထိုအခါ သူသည် သူ့ဘာသူပင် သေလုနီးနီး ကြောက်လန့်သွားရ၏။


နတ်ဆိုးအရှင်၏ သတိဉာဏ်ထဲ၌ သေချင်ယောင်ဆောင်၍ လပေါင်းများစွာ နေခဲ့ပြီးနောက် 998 သည် အခြေအနေကို သတိထား၍ စမ်းသပ်ကြည့်ခဲ့သည်။ နတ်ဆိုးအရှင်သည် ဘာကိုမျှ သတိမပြုမိပုံရသည်။ တဖြည်းဖြည်း ရဲရင့်လာပြီးနောက် သူသည် နတ်ဆိုအရှင်အား တကယ်တမ်း ချောင်းမြောင်းတိုက်ခိုက်ကာ အောင်မြင်စွာ ကာလကြာအိပ်ပျော်စေနိုင်ခဲ့သည်။ 


998 သည် အလွန်တရာ ဝမ်းသာပီတိ ဖြစ်ခဲ့ရသည်။


သူသည် အနီးနားရှိ ကမ္ဘာမှ ကျပန်းလမ်းသွားလမ်းလာတစ်ဦးကို ချက်ချင်း ဆွဲခေါ်ကာ နတ်ဆိုးဘုရင် အဖြစ် ဟန်ဆောင်ခိုင်းခဲ့သည်။ ဇာတ်လိုက်သည် ဆယ်နှစ်ကြာအောင် အသက်ရှင်နေသရွေ့ ကမ္ဘာကြီးသည် တည်ငြိမ်သွားမည်ဟု 998 တွက်ချက်ထား၏။


ထို့နောက်တွင် ဇာတ်လိုက်သည် သေမင်းအား လိုသလောက် ခေါ်နိုင်ပြီး ဗီလိန်သည်လည်း လိုသလောက် သတ်နိုင်မည် ဖြစ်သည်။ ၎င်းသည် 998 အတွက် အရေးမပါတော့ပေ။


“ဟင့်!” 


သူ၏ အသေးစိတ်ကျသော အစီအစဉ်ကို ပြန်လည်ပြောပြနေရင်း ကြက်ပေါက်လေးသည် စိတ်လှုပ်ရှားစွာဖြင့် တစ်ချက် ထစ်သွားလေသည်။


“ပြီးတော့ ဘာဖြစ်လဲ”


“ကောင်းတဲ့အပိုင်းကို ရောက်ပြီလား”


သူ့ လုပ်ဖော်ကိုင်ဖက်များ၏ မေးမြန်းမှုများကို မြင်တွေ့ရသောအခါ ကြက်ပေါက်လေး၏ မျက်နှာသည် ပုံပျက်ပန်းပျက် ဖြစ်သွားလေသည်။ သူသည် ဆက်လက်၍ စာရိုက်သည့် စကားလုံးတိုင်းကို သူ၏ ခွန်အားအားလုံးဖြင့် ရိုက်လိုက်၏။


“အဲဒါဆိုရင်! အဲဒါဆိုရင် ငါ့ရဲ့ Host က…”


ဤကမ္ဘာပေါ်ရှိ အကြီးမားဆုံး ဗီလိန်၊ အစွမ်းထက်ဆုံးသူ၊ အတားအဆီးမရှိ မာန်မာနကြီးနိုင်သူ၊ မည်သည့်နေရာသို့သွားသွား ပလက်ဖောင်းပေါ်တက်လျှောက်နိုင်သူ ဖြစ်သောကြောင့် ကောင်းမွန်သောသူတစ်ဦး ဖြစ်ရန် ခက်ခဲသော်လည်း ဗီလိန်ဖြစ်ရန်ကား လွယ်ကူပေသည်။ 


Host သည် ဇာတ်လမ်းဇာတ်ကွက်အတိုင်း လိုက်နာရန်၊ ဇာတ်လိုက်ကို သင့်လျော်သလို နှိပ်စက်ရန်၊ သူ့ထက် ပိုမိုအားကောင်းသူများ ရှိကြောင်းကို သဘောပေါက်စေရန်နှင့် ထို့နောက်တွင် သူ၏လျှို့ဝှက်ကျင့်ကြံမှုကို ဆယ်နှစ်ကြာအောင် အသက်ရှင်စေရန်သာ လိုအပ်သည်။


ဤဇာတ်‌ကောင်သည် ကစားရန် အလွန်လွယ်ကူသည်ဟု 998 ယုံကြည်ထားသည်။ ထို့အပြင် 998 သည် အလကား လုပ်ခိုင်းနေခြင်း မဟုတ်ပေ။ ဆယ်နှစ်အကြာတွင် Host သည် ရရှိထားသော မှတ်တမ်းများကို သူ၏ စတိုးဆိုင်အတွင်းရှိ ကောင်းမွန်သော ပစ္စည်းများစွာနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။


သို့သော်လည်း…သို့သော်လည်း သူဆွဲခေါ်ခဲ့သော Host သည် အခြေခံအကျဆုံး အလုပ်များကိုပင် မလုပ်နိုင်ခဲ့ပေ။


ဤကမ္ဘာသို့ ရောက်ရှိပြီး သုံးရက်မြောက်နေ့တွင် Host သည် အိမ်‌ဖော်များနှင့် အစေခံများအား အရာအားလုံးအတွက် ကျေးဇူးတင်စကား ပြောဆိုနေပြီး ရပ်တန့်၍ မရနိုင်ပုံရသည်ကို မြင်သောအခါ 998 သည် အခြေအနေများ မကောင်းတော့ကြောင်း သိလိုက်သည်။


ယခုမူ…


“‌ရှောင်ထုန်ရေ၊ ငါ အခု စာသင်ဆောင်ကို ရောက်ပြီ” 


ဝမ်းလင်ယွိသည် မတ်မတ်မားမားရှိသော အဆောက်အအုံကြီးရှေ့တွင် ရပ်နေပြီး သူ၏ မျက်လုံးများမှ အံ့သြချီးကျူးမှုများကို ဖုံးကွယ်ရန် ရုန်းကန်နေရသည်။


သူ အံ့သြနေသည်မှာ ရာစုနှစ်များစွာ ကြာခဲ့ပြီဟု ထင်ရသော ရှေးဟောင်းအဆောက်အအုံကြောင့် မဟုတ်ဘဲ ဤခန္ဓာကိုယ်ကြောင့်ပင် ဖြစ်၏။ သူသည် ခြေလှမ်း ကိုးရာ့ကိုးဆယ့်ကိုးလှမ်းကို အသက်ပင် မမောဘဲ တက်ခဲ့သည်။ 


အံ့သြစရာပင်!


ဝမ်းလင်ယွိ၏ ခေါ်ဆိုခြင်းခံရသော စနစ်သည် သုံးရက်တာမျှ အချိန်တိုလေးအတွင်းတွင် သူ၏ မျက်လုံးများမှ အရောင်လက်နေခြင်းအား ကြည့်၍ သူ၏ အတွေးများကို ထူးဆန်းစွာ ဖော်ထုတ်လိုက်နိုင်သည်။


998 သည် တကယ်ပင် ပင်ပန်းနေပြီဖြစ်၏။ 


“ငါ့ကောင် မင်း ဒီသောက်လှေကားလေးကို တက်ဖို့အတွက်ကို တစ်နာရီစောပြီး လာခဲ့တာလား”


ကျင့်ကြံရေးတက္ကသိုလ်၏ ဤလှေကားများအား ကျောင်းသားအသစ်များနှင့် အားနည်းသူများသာ ကြိုးကြိုးစားစား တက်ကြမည် ဖြစ်သည်။ 


အဓိကဗီလိန်တစ်ယောက်အနေနဲ့ ဒီလိုလုပ်တာ သင့်တော်ရဲ့လား၊ သူက သူ့ရဲ့ ကျင့်ကြံရေး စွမ်းအားကိုတောင် မသုံးခဲ့ဘူး! 


998 သည် စကားမပြောနိုင်အောင် ဖြစ်သွားသည်။


ဝမ်းလင်ယွိသည် စနစ်၏ မေးခွန်းကို ခေါင်းညိတ်၍ အဖြေပေးလိုက်သည်။ 


“ဟုတ်တယ်၊ လှေကားကို ကြာကြာတက်ရင် အချိန်နောက်ကျမှာ စိုးလို့လေ”


“မင်း… နောက်ကျမယ်ဟုတ်လား၊ မင်း…” 


998 သည် သူ၏ ရင်ဘတ်ထဲတွင် နာကျင်မှုအား ခံစားလိုက်ရသည်။ အသက်ရှူသွင်းလိုက်ပြီးနောက် သူသည် သူ့အား မေးခွန်းထုတ်လိုက်သည်။ 


“ကောင်းပြီ! ဒါဆိုရင် ငါ မင်းကို မေးခွင့်ပြုပါဦး၊ မင်းက လှေကားဘေးမှာရှိတဲ့ ကြီးမားတဲ့ တိမ်တိုက်စက်လှေကားကြီးကို မမြင်မိဘူးလား?!”


ဝမ်းလင်ယွိသည် ဘေးဘက်သို့ လှမ်းကြည့်လိုက်၏။ အမှန်ပင် စနစ်ပြောသည့်အတိုင်း ရှည်လျားသော ကျောက်လှေကားအပြင်ဘက်၌ ပြင်ပ တိမ်တိုက်စက်လှေကားတစ်ခု ရှိနေခဲ့သည်။ 


လျှပ်စစ် သို့မဟုတ် စိတ်ဝိညာဉ်ကျောက်များဖြင့် ပါဝါသုံးထားသော ၎င်းသည် သာမန် စက်လှေကားကဲ့သို့ လုပ်ဆောင်ပြီး လူများကို တောင်အောက်ခြေမှ အပေါ်ဆုံးသို့ တစ်မိနစ်အတွင်း ထိထိရောက်ရောက် သယ်ယူပို့ဆောင်ပေးနိုင်သည်။


ဝမ်းလင်ယွိသည် စနစ်၏ ရုတ်တရက် အော်ဟစ်လိုက်ခြင်းကြောင့် လန့်ဖျပ်သွားပြီး ညင်သာစွာပင် ပြန်ဖြေလိုက်သည်။ 


“ဒါပေမဲ့… ဒါပေမဲ့ စီးဖို့ ပိုက်ဆံပေးရတယ်လေ”


998 : “…မင်းနောက်နေတာလား၊ ကုချီရဲ့ ဘဏ်အကောင့်ထဲက သုညတွေ အများကြီးကိုလည်း မင်း သတိမထားမိခဲ့ဘူးလား”


“ငါသိပါတယ်” 


ဝမ်းလင်ယွိ ရှင်းပြ၏။ 


“ဒါပေမဲ့ ငါက သူ့ခန္ဓာကိုယ်ထဲကို ဝင်နေတာလေ၊ သူ့ပိုက်ဆံတွေကို ဘယ်လိုသုံးရဲမှာလဲ”


“…” 


998 ၏ လျှပ်စစ် စီးကရက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ 


၎င်းသည် ကပ်ဆိုး တစ်ခုပင်! 


သူသည် ဤကဲ့သို့သော ပြဿနာရှာတတ်သည့် Host နှင့် မည်သို့ တွဲမိသွားခဲ့ပါလိမ့်! 


ယခုမူ သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုသည် ဇာတ်လိုက်မှ သေမင်းအား ခေါ်နေသည်ထက် “ဗီလိန်” သည် အသက်ပင်ရှင်နိုင်ဦးမလားဆိုသည်ပင် ဖြစ်၏။


ဒီဗီလိန်မှာ ရန်သူ‌တွေ အများကြီးတယ်။

သူတို့ လာကြိတ်တဲ့အခါကျရင “မင်္ဂလာပါ၊ ဘာလို့ ကျွန်တော့်ကို ထိုးနေတာလဲ မေးလို့ရမလားခင်ဗျာ” လို့နှုတ်ဆက်‌နေမှာလားလို့!


998 သည် ထိုအရာကား မဖြစ်နိုင်ဟု ထင်မိသော်လည်း သူ စဉ်းစားလေလေ… သေချာပေါက် ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရလေလေ ဖြစ်နေသည်။


“…ရှောင်ထုန်” 


ဝမ်းလင်ယွိသည် နှစ်ကြိမ်တိုင်လှမ်းခေါ်သော်လည်း သူ၏ စိတ်ထဲတွင် ဘာပြန်စာမှ မရပေ။ သူသည် မျက်လုံးများကို မှေးချလိုက်ပြီး သူ နောက်ထပ် အမှားတစ်ခုခု လုပ်မိပြန်ပြီလားဟု စိုးရိမ်စိတ်ဖြင့် ဆုံးရှုံးသွားသော ခံစားချက်အား ခံစားလိုက်ရသည်။


ခဏတာ တုံ့ဆိုင်းပြီးနောက် ဝမ်းလင်ယွိသည် လှေကားမှ ဆင်းလာသူတစ်ဦးကို မြင်လိုက်ရသည်။ သူသည် သူ၏ မျက်လုံးများကို လျင်မြန်စွာ လွှဲဖယ်လိုက်ပြီး စာသင်ဆောင်ထဲသို့ ဝင်ရောက်သွား၏။


အဆောက်အအုံသည် ဟာလာဟင်းလင်း ဖြစ်နေသည်။ စာသင်ခန်းအား ရှာဖွေပြီး ထောင့်တစ်နေရာတွင် နေရာရွေးချယ်ပြီးနောက် ဝမ်းလင်ယွိသည် နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားရသည်။ 


သူ စောစောစီးစီး ရောက်လာခြင်းသည် နောက်ကျမည်ကို စိုးရိမ်ရုံသာမကဘဲ မူလခန္ဓာကိုယ်အား သိကျွမ်းသူများနှင့် ရုတ်တရက် တွေ့ဆုံခြင်းမှ ရှောင်ရှားရန်လည်း ဖြစ်သည်။


စနစ်သည် သူ့ကို သူ၏ကမ္ဘာမှ ဆွဲထုတ်လိုက်သည့် အစပိုင်းတွင် သူသည် ခဏတာမျှသာ ဖြစ်သော်လည်း ပျော်ရွှင်ခဲ့သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်သည် အခြားသူ၏ ခန္ဓာကိုယ်ထဲ၌ ရှိနေကြောင်းကို သိလိုက်ရသောအခါ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေသည်။


သူ၏ ခဏတာ အနားယူမှုသည် အခြားသူ၏ ဆင်းရဲဒုက္ခများ၏ ကုန်ကျစရိတ်ဖြင့် မဖြစ်စေလိုခဲ့ပေ။ ထိုအရာသည် သူ့ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေပြီး ပြင်းထန်သော အပြစ်ရှိသည်ဟု ခံစားရစေမည်ဖြစ်သည်။


သူ၏ စိုးရိမ်ပူပန်မှုကို မခံနိုင်တော့သောအခါ စနစ်သည် သူ့အား နတ်ဆိုးဘုရင်သည် ကောင်းမွန်စွာ ရှိနေပြီး ရိုးရှင်းစွာ အိပ်ပျော်နေကြောင်း ပြောပြလေသည်။ သူ့ကို စိတ်ချစေရန်အတွက် 998 သည် သူ၏ မြင်ကွင်းတစ်စိတ်တစ်ပိုင်းကိုပင် ပြသလိုက်သေးသည်။


ဝမ်းလင်ယွိသည် တစ်ချက်သာ ကြည့်လိုက်ရုံ မဟုတ်သေး.. တစ်ချက်သာ ကြည့်ရဲလေသည်။ မျက်လုံးများကို မှိတ်ထားသော်လည်း ထိုလူသားသည် အန္တရာယ်ရှိနေပြီး ထူထဲသော အမှောင်အမိုက်ထဲတွင် ပုန်းအောင်းနေသည့် ကြောက်မက်ဖွယ် သားရဲတစ်ကောင်နှင့်တူကာ မည်သည့်အချိန်မဆို မျက်လုံးဖွင့်ပြီး သူ၏ အသက်အား နှုတ်ယူသွားနိုင်ပုံရသည်။


အတွေးများ လက်တွေ့ဘဝသို့ ပြန်ရောက်လာပြီးနောက် ဝမ်းလင်ယွိသည် သူ၏ Laptop ကို ထုတ်လိုက်သည်။ သူ၏ မျက်နှာသည် မဖွင့်ရသေးသော မျက်နှာပြင်တွင် ပေါ်လွင်နေသော်လည်း သူ မကြည့်ရဲသေးပေ။ မျက်နှာပြင် လင်းလာမှသာ သူ ကွန်ပျူတာကို ပြန်ကြည့်လိုက်သည်။


ဤကျင့်ကြံရေး တက္ကသိုလ်တွင် မည်သည့်အတန်းများ ပေးသည်ကို သူ မသိခဲ့ဘဲ ဘာသာရပ်များအားလည်း အကျွမ်းတဝင် မရှိပေ။ အတန်းမစတင်မီ စောင့်ဆိုင်းနေစဉ်တွင် သူသည် တတ်နိုင်သမျှ များများ လေ့လာသင်ယူလိုသည်။ သို့မှသာ သူသည် လူများ ပြောဆိုနေသည့်အရာများကို အနည်းဆုံး နားလည်နိုင်ပြီး ငတုံးကဲ့သို့ လုံးဝ ကြောင်တောင်တောင် ဖြစ်မနေတော့မည် ဖြစ်၏။


အတန်းဇယားသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်နှင့်အမျှ တိုးညှင်းသော ရယ်သံတစ်သံသည် အခန်းထဲတွင် ပဲ့တင်ထပ်လာသည်။


ကီးဘုတ်ပေါ်ရှိ ဝမ်းလင်ယွိ ၏ လက်သည် တုန်ယင်သွား၏။ သူသည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်သော်လည်း ဘာကိုမှ မတွေ့ပေ။


Chat Room တွင် စိတ်ဖြေပြီးနောက် 998 သည် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် ပြန်ရောက်လာပြီးနောက် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် ပေါက်ကွဲလုနီးနီး ဖြစ်သွားလေသည်။ 


“ငါတော်ပြီ၊ ငါတကယ်ကို တော်ပြီ၊ မင်းက အတန်းဇယားအတိုင်း လုပ်နေတာလား… ဒီနေ့ ငါတို့ရဲ့ ဇာတ်ကွက်မစ်ရှင်က ဘာလဲဆိုတာ မင်း မေ့သွားပြီလား”


ဝမ်းလင်ယွိ၏ ပြေးနေသော နှလုံးခုန်နှုန်းသည် အနည်းငယ် ငြိမ်သက်သွားသည်။ ၎င်းသည် သူ့အား ထပ်မံရယ်မောနေသည့် စနစ်သာ ဖြစ်သည်။ 


စာသင်ခန်းထဲတွင် သရဲရှိသည်ဟု သူ ထင်ခဲ့သည်။ ကံကောင်းစွာဖြင့် မရှိပေ။ ဤကမ္ဘာသည် သူ၏ကမ္ဘာနှင့် အလွန်ကွာခြားသည်။ 


ခေတ်မီသည်ချင်း တူသော်လည်း ဤနေရာတွင် အစစ်အမှန် နတ်ဆိုးများနှင့် သရဲများ ရှိသည်။ သူ မတွေ့ဖူးသေးသော်လည်း အကြိမ်ပေါင်းများစွာ ကြောက်လန့်ခဲ့ရပြီး ကြောက်ရွံ့နေမိ၏။


“ငါမှတ်မိပါတယ်”

 

ဝမ်းလင်ယွိသည် သေချာပေါက် မှတ်မိသည်။ ယနေ့ မစ်ရှင်သည် ဆရာအသစ်အား ရန်စပြီး ထိုးကြိတ်ရန် ဖြစ်သည်။


ဤတာဝန်ကို တွေးလိုက်သည်နှင့် ဝမ်းလင်ယွိ သည် စိုးရိမ်စိတ်များ ဝင်လာလေသည်။ သူသည် မည်သူ့ကိုမှ တစ်ခါမျှ ရန်မစခဲ့ဖူးသကဲ့သို့် ဆရာတစ်ဦးအား ထိုးကြိတ်ခြင်းကိုလည်း ဝေးစွာ ရှောင်ရှားခဲ့၏။ ၎င်းသည် သူ၏ သက်သောင့်သက်သာရှိသောရပ်ဝန်းထက် များစွာ ကျော်လွန်နေသည်။


“မင်း သိရက်နဲ့ ဒီအတန်းဇယားကြီးကို လိုက်လုပ်နေသေးတာလား!” 


စနစ်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ 


“ကုချီက ဒီကျောင်းကို တကယ်လာတက်တယ်လို့ မင်း ထင်နေတာလို့တော့ မပြောနဲ့နော်၊ ဟဲလို…သူက နှစ်ပေါင်း ရာချီ၊ ထောင်ချီ အသက်ရှင်ခဲ့တဲ့ နတ်ဆိုးအရှင်လေ! သူ ကျောင်းသားလုပ်ဖို့ လိုအပ်လို့လား! သူက ပျော်ဖို့သက်သက်ပဲ ဒီကိုလာခဲ့တာ၊ ဟုတ်ပြီလား”


တီးလုံးသံ တစ်ခု မြည်လာပြီး 998 သည် သူ့လုပ်ဖော်ကိုင်ဖက်များ၏ အကြံဉာဏ်အား လိုက်နာကာ စိတ်ဖိစီးမှု လျှော့ချရန်နှင့် ဒေါသဖြင့် သေဆုံးခြင်းကို ရှောင်ရှားရန်အတွက် ဂိမ်းအသေးစားတစ်ခုကို စတင်ကစားလိုက်သည်။


ဂိမ်းစတင်သည်နှင့် သူသည် Host ၏ စိုးရိမ်တကြီး မေးမြန်းမှုကို ကြားလိုက်ရသည်။ 


“ဒါဆို သူ ဘာလို့ ဒီဆရာကို ရန်စချင်တာလဲ၊ ဒီဇာတ်ကွက်ကို ကျော်သွားလို့ မရဘူးလား”


ထိုကြက်‌ပေါက်လေးသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ 


“သူက ဗီလိန်လေ! သူက ဒေါသထွက်နေတာ၊ သူ အဲဒီလူကို မကြိုက်ဘူး၊ ဒါကြောင့် သူ ထိုးလိုက်တယ်၊ အရမ်းရိုးရှင်းပါတယ်၊”


“ဟက်”


နောက်ထပ် တိုးညှင်းသော ရယ်သံတစ်သံသည် ပဲ့တင်ထပ်လာပြီး စနစ်၏ ဂိမ်းသံများကြောင့် လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။


ဝမ်းလင်ယွိသည် ပတ်ဝန်းကျင်အား ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရသေးပေ။ စနစ်က ဆက်ပြော၏။


“ကောင်းပြီ၊ ‘ဒါကို ကျော်သွားလို့ ရမလား’ ဆိုတဲ့ မိုက်မဲတဲ့ မေးခွန်းတွေ မမေးတော့နဲ့တော့၊ ငါတို့ လုပ်ရမယ်! မင်း ငါပြောတဲ့အတိုင်း လုပ်၊ နားလည်လား!” 


ထို့နောက် စနစ်သည် ဇာတ်ကွက်အကျဉ်းချုပ်အား သူ့ထံ ပစ်ပေးလိုက်သည်။


998 ၏ အသံသည် ပို၍ ကျယ်လာပြီး စကားပြောနှုန်း မြန်ဆန်လာသည်။ သူ နောက်ထပ် မေးခွန်းများ မေးလာပါက ၄င်းသည် ထပ်မံ၍ ကျိန်ဆဲတော့မည် ဖြစ်သည်။


ဝမ်းလင်ယွိသည် အနှစ်ချုပ်အား ဖွင့်ဖတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ ယနေ့ ရောက်ရှိလာသော ဆရာသည် ဇာတ်လိုက်၏ မိန်းမများထဲမှ တစ်ဦး၏ အစ်ကို ဖြစ်ကြောင်းကို ဖတ်လိုက်ရသည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးအား စွဲဆောင်ရန်အတွက် ဇာတ်လိုက်သည် ဗီလိန်ထံတွင် လက်စားချေရန် ရောက်ရှိလာမည် ဖြစ်သည်။ သို့သော် ဗီလိန်သည် သာမန်ကျောင်းသားတစ်ဦး မဟုတ်ဘဲ ပျော်ရွှင်မှုအတွက်သာ ဤနေရာသို့ ရောက်ရှိလာသော နတ်ဆိုးအရှင် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဇာတ်လိုက်သည် သံမဏိပြားအား ကန်မိသကဲ့သို့ ဖြစ်မည်ဖြစ်ပြီး သေလုနီးနီးအထိ ရိုက်နှက်ခံရမည် ဖြစ်သည်။


ထိုသို့ဖြင့် ဇာတ်လိုက်နှင့် ဗီလိန်ကြားမှ သွေးကြွေးသည် စတင်လာမည် ဖြစ်သည်။


ဝမ်းလင်ယွိသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး အနှစ်ချုပ်အား ပိတ်လိုက်၏။ သူသည် အတန်းမစမီ စိုးရိမ်တကြီးဖြင့် သင်ရိုးညွှန်းတမ်းကို ပြန်လည်ကြည့်ရှုနေပြီး အချို့သော ဝေါဟာရများ၏ အဓိပ္ပာယ်အား အွန်လိုင်းတွင် ရှာဖွေနေလေသည်။


ဝမ်းလင်ယွိသည် စိတ်ဝိညာဉ်စွမ်းအင်၊ ဝိညာဉ်အမြစ်များ၊ ကျင့်ကြံမှုနည်းလမ်းများနှင့် အဆင့်များဖြင့် သူ၏မျက်လုံးများ မှုန်ဝါးလာသည်ဟု ခံစားရချိန်တွင် လူများသည် နောက်ဆုံး၌ စာသင်ခန်းထဲသို့ ရောက်ရှိလာသည်။


လူတစ်စုသည် တစ်ယောက်၏ ပခုံးပေါ် တစ်ယောက် လက်တင်ကာ ဝင်ရောက်လာကြသည်။ အခြားသူတစ်ဦး ရှိနေသည်ကို ဂရုမစိုက်၍သော်လည်းကောင်း၊ သတိမထားမိ၍သော်လည်းကောင်း၊ သူတို့သည် ကျယ်လောင်စွာ စကားပြောဆိုနေကြပြီး ရယ်မောသံများ၌ ရိုင်းစိုင်းသော စကားလုံးများဖြင့် “ထိုနေရာကောင်း” နှင့် “နောက်တစ်ခါ ထပ်သွားမည့်” အကြောင်းကို ဆွေးနွေးနေကြ၏။


အရက်နံ့သည် သူတို့ထံမှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ဝမ်းလင်ယွိသည် အသံကြောင့် မော့ကြည့်လိုက်ရာ ထိုပြင်းရှသော အနံ့ကို ရလိုက်၏။ သူသည် သူတို့အား ခဏတာမျှ ကြည့်လိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် ကျောင်းသားဘဝတုန်းကလိုပင် ဦးခေါင်းကို လျင်မြန်စွာ ငုံ့လိုက်သည်။


998 သည် သူ ဂိမ်းကစားနေစဉ် ခဏတာ ရပ်နားချိန်၌ မျက်လုံးလှန်၍ သူ့ကို ကြည့်လိုက်သည်။


၎င်းသည် အလွန်ကျယ်ဝန်းသော အဆင့်လိုက် စာသင်ခန်းဖြစ်သည်။ ထိုလူအုပ်သည် တဟားဟားရယ်မောကာ နောက်တန်းများဆီသို့ လှဲချပစ်ကာ လျှောက်သွားကြ၏။ 


လှေကားအနည်းငယ် တက်ပြီးနောက် သူတို့သည် ထောင့်တစ်နေရာရှိ ဝမ်းလင်ယွိအား နောက်ဆုံးတွင် သတိပြုမိလိုက်သည်။


“ဟေး၊ ရှင်းကော၊ ဒီမှာ တစ်ယောက်ရှိတယ်” 


ရှေ့ဆုံးမှ တစ်ယောက်သည် တက်ကြွသော လူငယ်တစ်ဦးဖြစ်ပြီး သိသိသာသာ အရက်မူးနေသည်။ သူသည် မျက်လုံးများကို ကျဉ်းကာ ဝမ်းလင်ယွိအား ကြည့်လိုက်သည်။


“ဘယ်သူလဲ” 


ရှင်းကော ဟု ခေါ်သော ထိုအဖွဲ့ထဲမှ အသန်မာဆုံးသူသည် ဝမ်းလင်ယွိအား ကြည့်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ဝမ်းလင်ယွိ၏ ရှေ့တည့်တည့်သို့ ရောက်လာလေသည်။


ဝမ်းလင်ယွိ၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ဤကမ္ဘာတွင် ထိုသို့သော စွမ်းရည်ကို သူ ပထမဆုံးအကြိမ် တိုက်ရိုက် မြင်တွေ့လိုက်ရခြင်းဖြစ်ပြီး ခေတ္တမျှ ထိတ်လန့်တုန်လှုပ်သွား၏။


“ရှင်းကောက ချီသန့်စင်ခြင်းရဲ့ အဆင့် 9 နဲ့ တကယ်ကို ထိုက်တန်ပါတယ်ဗျာ!”


“ဟုတ်တယ်၊ မြန်လွန်းလို့ ငါတောင် မမြင်လိုက်ရဘူး!”


“ဟားဟားဟား၊ ဒီကောင်လေးက ကြောင်သွားပြီ…”


ရှင်းကောသည် ကျေနပ်စွာ မေးကို မြှောက်လိုက်ပြီး နှာခေါင်းများကို မှုတ်ထုတ်ကာ ဝမ်းလင်ယွိအား ပြောလိုက်သည်။ 


“ဟေ့ကောင်၊ ဒီနေရာက ငါတို့နေရာပဲ၊ မင်း ထွက်သွားလိုက်!”


ဝမ်းလင်ယွိသည် သူ၏ အကြည့်ကို အောက်သို့ ချလိုက်သည်။ လွတ်နေသော ထိုင်ခုံများစွာ ရှိသည်ကို မပြောတော့သလို သူ အရင်ရောက်ကြောင်းလည်း အငြင်းမပွားတော့ပေ။ သူသည် သူ၏ ပစ္စည်းများကို တိတ်ဆိတ်စွာ သိမ်းဆည်းကာ ပြန်ဖြေလိုက်သည်။ 


“ကောင်းပါပြီ၊ ငါ သွားပါ့မယ်”


“???” 


လျှို့ဝှက်စွာ စောင့်ကြည့်နေသော 998 သည် သူ၏ ဂိမ်းစက်အား ရိုက်ချိုးလုနီးနီး ဖြစ်သွား၏။ 


“ငါ့လခွမ်း! သူ့ကို ဖြတ်ရိုက်လိုက်! ‘ကောင်းပြီ’ ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ မသွားနဲ့!”


“ကျစ်!” 


998 ၏ ဒေါသတကြီး အော်ဟစ်လိုက်မှုနှင့်အတူ ရှေ့မှ ရယ်သံများကဲ့သို့ပင် စက်ဆုပ်ရွံရှာမှု အပြည့်အဝပါသော အသံတစ်သံသည် ပဲ့တင်ထပ်လာသည်။


ဝမ်းလင်ယွိနှင့် သူစိမ်းတစ်ဦးသာမက ရှင်းကောနှင့် သူ၏ အပေါင်းအသင်းများပင် အံ့အားသင့်သွားကြသည်။


“ဟမ်၊ ဟမ်၊ မင်း ဒီလိုပဲ ထွက်သွားတော့မှာလား”


“သူက အရမ်းကြီးပေမယ့် တော်တော်လေး ဆတ်ဆတ်ထိမခံဘူးနော်”


“သူ ရှင်းကော ဟောက်လိုက်တာကို ကြောက်သွားတာ ဖြစ်ရမယ်! သူ ရှင်းကောရဲ့ ကျင့်ကြံမှုနဲ့ ယှဉ်လို့မရဘူး! ဆက်နေရင် ပြဿနာရှာတာပဲ ဖြစ်နေမှာပေါ့”


“မှန်တာပေါ့!”


ရှင်းကောသည် စိတ်မကျေနပ်မှု တစ်ခုခုကို ခံစားရသော်လည်း ချော့မော့မှုများကြားတွင် ထိုင်ချလိုက်သည်။ သူသည် အခြားထောင့်တစ်နေရာသို့ ရွှေ့သွားသော ဝမ်းလင်ယွိအား ကြည့်လိုက်ပြီး သူ့ကို ဆက်လက် နှောင့်ယှက်ရန် အကြောင်းပြချက် ရှာမတွေ့တော့ပေ။ 


ဘာပဲဖြစ်ဖြစ်၊ အဲလူက နာနာခံခံနဲ့ ရွှေ့သွားတာပဲ။ 


သူ ဘာတွေ ထပ်လိုချင်ရဦးမှာလဲ။


ဒီတိုင်းပဲ ထားလိုက်တော့။


ထိုအဖွဲ့သည် သူတို့၏ ကျယ်လောင်သော စကားများကို ပြန်လည် စတင်လာပြီး အချို့သည် သူတို့၏ ဖုန်းများကို ကစားနေကြကယ အချို့မှာမူ အိပ်ငိုက်နေကြသည်။ စာသင်ခန်းသည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။


သို့သော် ဝမ်းလင်ယွိ၏ စိတ်သည် ရှုပ်ထွေးနေခဲ့သည်။ 998 ဒေါသထွက်နေ၏။ 


သူ့ စိတ်နေသဘောထားအရဆိုရင် ဒီ Host က လုံးဝ အားနည်းတာပဲမလား!


ဝမ်းလင်ယွိ တောင်းပန်လိုက်သည်။ 


“တောင်းပန်ပါတယ်၊ ဒါက အကျင့်ဖြစ်နေလို့ပါ”


ထိုသို့သောသူများနှင့် လိုက်လျောညီထွေနေခြင်းသည် ပြဿနာများစွာကို သက်သာစေသည်ဟု သူ၏ အတွေ့အကြုံက ပြောပြနေသည်။ ထို့အပြင် သူသည် လက်ရှိတွင် ကုချီ၏ ခန္ဓာကိုယ်အား အသုံးပြုနေသည်။ 


သူသာ ပဋိပက္ခတစ်ခု ဖြစ်အောင်လုပ်မိရင် မူလပိုင်ရှင်က ပြဿနာရှာတယ်ဆိုပြီး သူ့ကို ဒေါသထွက်မယ် မဟုတ်လား။


998 သည် ပါးစပ်မှ ပြောလိုက်၏။ 


“ဘာအကျင့်လဲ၊ မင်းက အခု ဗီလိန်ကြီးနော် သူငယ်ချင်း! မင်းရဲ့ ကြောက်တတ်တဲ့ အပြုအမူကို ဒီကို မယူလာနဲ့၊ ဟုတ်ပြီလား၊ မင်းကို ငါ့ရဲ့ Host အဖြစ် ရလောက်တဲ့အထိ ဘာလို့ ငါ ကံဆိုးရတာလဲ!”


ဝမ်းလင်ယွိသည် ထိုအဖွဲ့ဘက်သို့ အနည်းငယ် လှည့်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ ပြန်လှည့်လာကာ တုံ့ဆိုင်းနေမိသည်။


“သူတို့ အကုန်လုံး အိပ်ပျော်နေပြီ၊ အခု သူတို့ကို နှောင့်ယှက်တာ မကောင်းဘူး မဟုတ်လား”


“မင်း!” 


998 သည် သွေးအန်လုနီးပါး ဖြစ်သွား၏။ 


သူနဲ့ လုံးဝ ဆက်ဆံ လို့မရတော့ဘူး!!!


ဤတစ်ကြိမ်တွင် စနစ်သည် အတွင်းဒဏ်ရာရသွားဟန်ဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ ဝမ်းလင်ယွိသည် တောင်းပန်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း စနစ်အား မမြင်နိုင်သောကြောင့် သင်ရိုးညွှန်းတမ်းကိုသာ ဆက်လက် ဖတ်ရှုနေလိုက်သည်။


ခဏအကြာတွင် ကျောင်းသားများ ပိုမို၍ စာသင်ခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာကြသည်။ ဝမ်းလင်ယွိသည် စိုးရိမ်လာသော်လည်း ကံကောင်းစွာဖြင့် မည်သူမျှ သူ့ကို နှုတ်ဆက်ရန် မလာကြပေ။ အနည်းငယ်သောသူများသာ သူ့အား ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်ကြသည်။


စာသင်ခန်း ပြည့်လာသောအခါ ခေါင်းလောင်းသံ မြည်လာပြီး ဆရာသည် အေးအေးလူလူ ရောက်ရှိလာခဲ့သည်။ ဆရာ ရွှဲရွှီ သည် ဆွဲဆောင်မှုရှိသော ရုပ်ရည်ရှိပြီး သူ၏ ပြုံးနေသော မက်မွန်ပွင့်မျက်လုံးများသည် အလွန် နှစ်သက်ဖွယ် ကောင်းသည်။ အမျိုးသမီး ကျောင်းသားများသည် သက်ပြင်းချလိုက်ကြပြီး အိပ်ချင်မူးတူး မျက်လုံးများ ပို၍ ပြူးကျယ်လာကာ ဆရာအသစ် ရွှဲရွှီ ၏ မိတ်ဆက်စကားတိုကို နားထောင်ခဲ့ကြသည်။


ဝမ်းလင်ယွိလည်း နားထောင်ခဲ့သည်။ မိတ်ဆက်ပြီးနောက် ရွှဲရွှီသည် သူ၏ သင်ကြားမှုကို စတင်လေသည်။ ဘာသာရပ်သည် လက်တွေ့တိုက်ခိုက်ရေး သီအိုရီဖြစ်ပြီး မကောင်းဆိုးဝါးများအား တိုက်ခိုက်ခြင်းအပေါ် အဓိကထားသည်။


ဤဝိညာဉ်ရှင်သန်ခြင်းကမ္ဘာတွင် လူများသည် ပြန်လည် ကျင့်ကြံနိုင်ရုံသာမက သွေးဆာသော မကောင်းဆိုးဝါးများလည်း ပေါ်ပေါက်လာသည်။ ဤမ‌ကောင်းဆိုးဝါးများသည် သာမန်နတ်ဆိုး သားရဲများနှင့် မတူပေ။ 


နတ်ဆိုး သားရဲများတွင် ဉာဏ်ရည်ရှိပြီး ဆက်သွယ်ပြောဆိုနိုင်ကာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ခွဲခြားဆက်ဆံခြင်းကို ကျယ်ကျယ်ပြန့်ပြန့် မကျင့်သုံးပေ။ သို့သော် ဤမကောင်းဆိုးဝါးများနှင့် ဆက်သွယ်ပြောဆိုရန် မဖြစ်နိုင်ပေ။ သူတို့သည် ရနိုင်သမျှ အရာအားလုံးကို ဝါးမျိုစားသောက်ရုံသာမက ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ကြီးမားသော အန္တရာယ်ကို ဖန်တီးပေးလေသည်။


သူသည် အသေးစိတ် ရှင်းပြသွားပြီး လက်တွေ့ဘဝ ဥပမာများကို အသုံးပြုကာ သာမန် မကောင်းဆိုးဝါးများနှင့် အရေးပေါ် တုံ့ပြန်မှုနည်းလမ်းများကို ဖော်ပြသည်။


ဝမ်းလင်ယွိကား လုံးဝ ချာချာလည်နေလေသည်။ သူ ပြုစုထားသော သင်ရိုးညွှန်းတမ်းတွင် ဤအတန်းအကြောင်း မဖော်ပြထားခဲ့ပေ။ ထိုအချိန်တွင် 998 သည် ခံစားချက်မဲ့စွာ ပြောလာသည်။ 


“အခု၊ သူ့ကို ရန်စလိုက်!”


ဝမ်းလင်ယွိ စိုးရိမ်နေသည်။ 998 ဒေါသထွက်နေသည်ကို သူ သိသော်လည်း သူသည် ထိုကဲ့သို့သော အရာကို တစ်ခါမျှ မလုပ်ဖူးခဲ့ပေ။ သူ ဘာလုပ်ရမည်ကို မသိပေ။ 998 သည် မကျေမနပ်ဖြစ်ကာ သူ့အား ဒုတိယအကြိမ် တိုက်တွန်းပြောဆိုရန် ပြင်ဆင်နေချိန်တွင် သူသည် နောက်ဆုံး၌ ရဲစွမ်းသတ္တိကို စုဆောင်းကာ ထရပ်လိုက်သည်။


ချက်ချင်းပင် မျက်လုံးအားလုံးသည် သူ့ထံသို့ ဦးတည်လာခဲ့သည်။

ရွှဲရွှီ လည်း သူ့ကို ကြည့်လိုက်သည်။ 


“ဒီကျောင်းသားက…”


ဝမ်းလင်ယွိသည် ကြောက်မက်ဖွယ်ကောင်းသော အမူအရာကို ပြုလုပ်ရန် အစွမ်းကုန် ကြိုးစားလေသည်။ 


“ခ..ခင်ဗျား မှားနေတယ်၊ ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ”


ရွှဲရွှီ သည် ပြုံးကာ သူ့ကို ကြည့်လိုက်ပြီး အနည်းငယ် မျှော်လင့်နေမိသည်။ 


“အိုး၊ ဒီကကျောင်းသားမှာ မတူညီတဲ့ တိုက်ခိုက်ရေး နည်းဗျူဟာ ရှိလို့လား၊ ငါလည်း သင်ယူလို့ရအောင် မျှဝေပေးပါဦးလား”


“ကျွန်တော်…” 


ဝမ်းလင်ယွိသည် များပြားသော အကြည့်များအောက်တွင် စိုးရိမ်တကြီးဖြင့် ထစ်အသွားပြီး စကားလုံး တစ်လုံးတည်းကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ပေ။


ထူးဆန်းသော အကြည့်များစွာသည် ပို၍ ထူးဆန်းလာသည်။ ရွှဲရွှီ သည် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် မည်သည့် အဖြေမှ မရဘဲ သူ၏ ကောင်းမွန်သော သရော်မှုဖြင့်သာ ထိန်းလိုက်သည်။


“ဒီကျောင်းသားက အသစ်ရောက်လာတဲ့သူကို နှုတ်ဆက်ချင်ပုံရတယ်၊ မင်းရဲ့ နှုတ်ဆက်နည်းက အတော်လေး စိတ်ဝင်စားစရာပဲ၊ ကောင်းပြီ၊ ထိုင်လိုက်ပါ”


ဝမ်းလင်ယွိသည် မျက်နှာ နီရဲလျက် ထိုင်လိုက်သည်။


“…” 


998 နှင့် သူစိမ်းတစ်ဦးတို့ နှစ်ဦးလုံး တိတ်ဆိတ်သွားသည်။


သူတို့ မျှော်လင့်ထားသော ရန်စခြင်။ စားပွဲများကို ကန်ခြင်း၊ စာသင်ခန်းကို မီးရှို့ဖျက်ဆီးခြင်း သို့မဟုတ် အနည်းဆုံး ရွှဲရွှီ ကို မသင်ကြားစေရန် နှုတ်ဖြင့် စော်ကားခြင်း။


ဝမ်းလင်ယွိ ၏ ရန်စခြင်း။ 

ဆရာကို စကားဖြတ်ပြောပြီးနောက် ဘာမှ မလုပ်တော့ခြင်း။


ကောင်းပြီ၊ မျှော်လင့်ချက်မရှိတော့ဘူး။ သေဖို့ အချိန်တန်ပြီ။


998 တွေးလိုက်သည်။


အတန်းပြီးဆုံးရန် မနည်း ရုန်းကန်ခဲ့ရပြီးနောက် 998 သည် ဝမ်းလင်ယွိကား လွန်ကဲစွာအပြစ်ရှိသည်ကို မြင်တွေ့ရသောအခါ နောက်ဆုံး အားထုတ်မှုအဖြစ် အားနည်းစွာ ညွှန်ကြားလိုက်သည်။ 


“အခု ရွှဲရွှီ နောက်ကို လိုက်သွား၊ လူပြတ်တဲ့ နေရာရောက်ရင် တိုက်ခိုက်လိုက်”


နောက်ထပ် အတန်းများ မရှိတော့သောကြောင့် ဝမ်းလင်ယွိ သဘောတူလိုက်သည်။ သူ၏ ပစ္စည်းများကို သိုလှောင်ကွင်းထဲတွင် သိမ်းဆည်းပြီးနောက် သူသည် 998 ၏ လမ်းညွှန်မှုဖြင့် ရွှဲရွှီကို လျင်မြန်စွာ ရှာဖွေပြီး သူ၏ မကျွမ်းကျင်သော နောက်ယောင်ခံခြင်းကို စတင်လေသည်။ 


သို့သော် သူ၏ ပထမဆုံး အကြိမ်ဖြစ်သောကြောင့် 998 သည် သူ့ကို သတိထားမိနှင့်ပြီး ဖြစ်သည်။

ကျောင်းမှ ထွက်ခွာပြီး တောင်ခြေရင်းရှိ လူသူကင်းမဲ့သော လမ်းသို့ ရောက်သောအခါ ရွှဲရွှီသည် ရပ်တန့်လိုက်ပြီး လမ်းပေါ်မှ ဆင်းကာ ထူထပ်သော သစ်တောထဲသို့ ဝင်ရောက်သွား၏။


ဝမ်းလင်ယွိသည် မျက်တောင်ခတ်လိုက်၏။ ထိုရင်းနှီးသော မြင်ကွင်းသည် မနှစ်မြို့ဖွယ် အမှတ်ရစရာများကို ဖြစ်ပေါ်စေသည်။ သူသည် သူ၏ နှုတ်ခမ်းများကို စေ့လိုက်ပြီး စက္ကန့်အနည်းငယ်ကြာ ရပ်နားလိုက်သည်။ 


998 အံ့သြစွာ မေးလိုက်၏။ 


“မင်း ဘာလုပ်နေတာလဲ၊ သူ့နောက်ကို လိုက်လေ!”


ဤတစ်ကြိမ်တွင် ဝမ်းလင်ယွိသည် မည်သည့် ရှင်းပြချက်မှ မပေးဘဲ စနစ်၏ အမိန့်ကို လိုက်နာကာ နောက်မှ လိုက်သွားလေသည်။

မျှော်လင့်ထားသည့်အတိုင်း မကြာမီတွင် ရွှယ်ရွှီ သည် သစ်တောထဲတွင် ရပ်လိုက်ပြီး သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာတွင် စာသင်ခန်းထဲမှ အပြုံးနှင့် မတူသော အပြုံးတစ်ခု ရှိနေခဲ့သည်။ 


“ဒီလောက် နီးနီးကပ်ကပ် လိုက်လာတော့...ကျောင်း…” 


သူသည် မူလက “ ကျောင်းသားလေး ” ဟု ပြောရန် ရည်ရွယ်ထားသော်လည်း ဝမ်းလင်ယွိ၏ အရပ်မြင့်မားပြီး ခန့်ညားသော ပုံပန်းသဏ္ဍာန်ကို မြင်သောအခါ သူ၏ စကားလုံးများကို ပြောင်းလဲလိုက်သည်။


“ကျောင်းသား”

 

ရွှဲရွှီ သည် အမည်မဖော်သော ကျောင်းသားအား စိုက်ကြည့်လိုက်သည်။ သူသည် အတော်လေး ခြိမ်းခြောက်နိုင်သော ပုံပန်းသဏ္ဍာန်ရှိသော်လည်း သူ၏ စိတ်နေသဘောထားမှာ သိုးကလေးတစ်ကောင်ကဲ့သို့ နူးညံ့၏။ ရွှဲရွှီ သည် သူ၏ သွားများနှင့် လျှာကို တောက်ခတ်လိုက်ပြီး ထူးဆန်းသော ယားယံမှုကို ခံစားလိုက်ရသည်။ 


“မင်း ငါ့နောက်ကို လိုက်လာတာ ဘာကြောင့်လဲ ပြောပြနိုင်မလား”


“ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို ရိုက်ဖို့ ရောက်လာတာ!” 


ဝမ်းလင်ယွိ ပြန်ဖြေကာ ထပ်၍


“တောင်းပန်ပါတယ်၊ ကျွန်တော်လည်း မလုပ်ချင်ပါဘူး”


ရွှဲရွှီ အံ့အားသင့်သွားပြီး ရယ်မောလိုက်သည်။


ထိုမျှ အားမရှိသော အရှိန်အဝါဖြင့် ပြဿနာရှာရန် လာသူကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် သူသည် သူ့ဘာသာသူ တံခါးဝသို့ ပို့ဆောင်လာပြီ ဖြစ်သောကြောင့် ရွှဲရွှီသည် ယဉ်ကျေးတော့မည် မဟုတ်ပေ။


သူသည် ဝမ်းလင်ယွိ အား “ကျေးဇူးပြုပြီး” ဟူသော အမူအရာဖြင့် လက်ဟန်ပြလိုက်သည်။

ဝမ်းလင်ယွိသည် တကယ်တမ်း ကုချီ မဟုတ်ဘဲ အတန်းမစမီ စိတ်ဝိညာဉ်စွမ်းအင်ဆိုင်ရာ အသိပညာအချို့ကိုသာ အလောတကြီး လေ့လာခဲ့သောကြောင့် သူ၏ ကျင့်ကြံမှုအား မည်သို့ လှုံ့ဆော်ရမည် သို့မဟုတ် မည်သည့် နည်းစနစ်ကိုမျှ အသုံးပြုရမည်ကို မသိပေ။ သူသည် ရွှဲရွှီအား မတတ်မကျွမ်း လက်သီးဖြင့် ထိုးလိုက်သည်။ 


အကြမ်းဖက်မှုတွင် အတွေ့အကြုံ မရှိသောကြောင့် အလွန်ပေါ့ပါးသော ထိုးချက် ဖြစ်၏။

ရွှဲရွှီ သည် ထိုထိုးချက်အား အလွယ်တကူ ဖမ်းမိလိုက်ပြီး သူ၏ မျက်နှာသည် ယခုအခါတွင် လုံးဝ စက်ဆုပ်ရွံရှာသော ပုံစံ ပေါ်လာလေသည်။ သူ စကားပြောတော့မည် အပြုတွင် ဝမ်းလင်ယွိ၏ သေးငယ်သော စိတ်ဝိညာဉ်စွမ်းအင်တွင် တစ်ခုခု မတူညီသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများတွင် အံ့အားသင့်ဖွယ် အလင်းရောင်များ လင်းလက်သွား၏။ 


“နတ်ဘုရား ဝိညာဉ်အမြစ်! မင်းမှာ တကယ် နတ်ဘုရား ဝိညာဉ်အမြစ် ရှိနေတာပဲ!”


ချက်ချင်းပင် သူ၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ဆွဲဆောင်မှုရှိပြီး ယဉ်ကျေးသော ဆရာ မဟုတ်တော့ဘဲ၊ သူ၏ မျက်လုံးများ၌ လောဘနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော နတ်ဆိုးပုံစံတစ်ဦး ဖြစ်လာလေသည်။ သူသည် ဝမ်းလင်ယွိ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ 


“တကယ် အံ့သြစရာပဲ!”


မည်းနက်သော ချီ ၏ အစက်အပြောက်များသည် မြွေလျှာများကဲ့သို့ လျင်မြန်စွာ ဝမ်းလွင်ယွိ အား ဝန်းရံသွားသည်။ ပုပ်နံ့နံသော အနံ့သည် လေထဲတွင် ပြည့်နှက်နေပြီး သစ်တောအပေါ်ရှိ ကောင်းကင်၏ အစိတ်အပိုင်းငယ်သည် မှောင်မိုက်သွားသည်။


၎င်းသည် သားကောင်များ မလွတ်မြောက်စေရန် တားဆီးကာ အပြင်ကမ္ဘာမှ ဤနေရာအား ယာယီ ကာကွယ်ပေးထားသော အကာအရံ တစ်ခု ဖြစ်၏။


“ဟာ! ဒီကောင်က နတ်ဆိုးကျင့်ကြံသူပဲ!” 


998 တုန်လှုပ်သွားသည်။ သူသည် သူ့ Host ၏ အလွန်ဆိုးရွားသော တိုက်ခိုက်ပုံကြောင့် အာရုံစိုက်မနေတော့ပေ။ သူ အလျင်အမြန် ပြောလိုက်သည်။ 


“ပြေး! ဒါမှမဟုတ် သူ့ကို သတ်လိုက်! မဟုတ်ရင် မင်း တကယ် သေတော့မယ်!”


“ရှောင်ထုန်၊ ငါ မလှုပ်နိုင်ဘူး…” 


ဝမ်းလင်ယွိလည်း ကြောက်ရွံ့နေလေသည်။ သူသည် သူ၏ လက်ကို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်အား လှုပ်မရကြောင်း သိလိုက်ရသည်။ ရွှဲရွှီ ၏ မျက်နှာပေါ်ရှိ ထူးဆန်းသော ပုံစံများသည် ပို၍ ထင်ရှားလာပြီး သူ၏ မျက်လုံးများမှာ သွေးနီရောင် ဖြစ်လာသည်။


သွေးနှင့်တူသော၊ သို့သော် ပို၍ အရေးပါသော တစ်ခုခုအား ထုတ်ယူနေခြင်း ဖြစ်သည်။


998 သည် ထိတ်လန့်တကြား ခုန်နေမိသည်။ 


“ပြန်တိုက်ခိုက်! သူ မင်းရဲ့ ဝိညာဉ်ကို စုပ်ယူနေတာ! ဒီအတိုင်း ဆက်သွားရင် မင်း တကယ် သေတော့မယ်! အိုး ဘုရားရေ၊ ငါ ကျိန်ဆဲမိပြီ! အစောကြီး ဗီလိန်က ဇာတ်လိုက်လက်ထဲမှာ သေတာက အရင်အဆခေါက်တွေထက်တောင် ပိုဆိုးတယ်! ဝါးးးးး၊ ငါက မင်းကို ဒီကို ခေါ်လာတာ! မင်းသေရင် ငါ တာဝန်ယူရတော့မှာ!”


“ဒီလောက် အသိညဏ်မရှိမှတော့ ခံရတာနည်းသေးတယ်၊ နတ်ဆိုးဘုရင်ကိုမှ ရန်သွားစတာကို! ဝါးးးးး…”


“ငါတို့ ပြီးပြီ၊ ဒီတစ်ကြိမ် တကယ် ပြီးပြီ! မင်း ဘာလို့ ဒီလောက်တောင် အသုံးမကျတာလဲ!”


“ပါးစပ်ပိတ်ထား!” 


ရုတ်တရက် အသံတစ်သံသည် ဝမ်းလင်ယွိ နှင့် 998 ၏ စိတ်ထဲသို့ ရှင်းလင်းစွာ ဝင်ရောက်လာသည်။


ဝမ်းလင်ယွိ၏ ရှုပ်ထွေးနေသော သတိသည် အနည်းငယ် ရှင်းလင်းသွားပြီး 998 မှာ လုံးဝ ရပ်တန့်သွားသည်။ သူ ဒူးထောက် တောင်းပန်နိုင်ခြင်း မရှိမီ လေပြင်းတစ်ချက်သည် သူ့ကို ကောင်းကင်သို့ တိုက်ထုတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် ဝေးကွာသော အစက်အပြောက်လေးအဖြစ် ပြောင်းလဲသွားသည်။


ထိုအသံက ပြောလိုက်သည်။ 


'' ဆူညံနေတာပဲ”


ထို့နောက် ဝမ်းလင်ယွိအား ပြောလိုက်သည်။ 


“အဲကြက်မသားပြောတာ မှန်တယ်၊ မင်း ဘာလို့ ဒီလောက် အသုံးမကျရတာလဲ”


အဖြေကို မစောင့်ဘဲ ဝမ်းလင်ယွိသည် သူ၏ လက်ကို ဖုံးအုပ်ထားသော မမြင်ရသည့် လက်တစ်ဖက်ကို ခံစားလိုက်ရသည်။ သူ၏ ပိတ်မိနေသော လက်သည် ချက်ချင်း လွတ်မြောက်သွားပြီး သူ၏ လက်ချောင်းများသည် အလိုအလျောက် လက်သည်းပုံစံ ဖြစ်ပေါ်လာကာ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားသွား၏။


ဝမ်းလင်ယွိ သတိပြန်ဝင်လာချိန်တွင် သူ၏ လက်သည် ရွှဲရွှီ ၏ ဝမ်းဗိုက်အား ဖောက်ထွင်းနေပြီး သွေးစွန်းနေသော ရွှေရောင် ပုတီးလုံးလေးတစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူသည် ထိုအရာကို လက်နှစ်ချောင်းကြားတွင် ချေမှုန်းပစ်လိုက်ခြင်းမပြုမီ ခဏတာမျှသာ မြင်တွေ့လိုက်ရသည်။


“ဗီလိန်က ဒီလိုလုပ်ရတာ၊ နားလည်လား” 


ထိုအသံက ပြောလိုက်သည်။ 


“ရက်စက်ပြီး ပြတ်သားရမယ်၊ တစ်ချက်တည်း ထိုး၊ တစ်ချက်တည်း သတ်”


“အခု၊ တကယ် သေမင်းကို ခေါ်နေတာ ဘယ်သူလဲဆိုတာ သူ့ကို ပြောလိုက်”


ဝမ်းလင်ယွိသည် သူ၏ ချီအမြုတေ နေရာအား ဆုပ်ကိုင်လျှက် မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသော မြေပြင်ပေါ်သို့လဲကျနေသည့် ရွှဲရွှီ အား ထစ်ထစ်အအဖြင့် ပြောလိုက်သည်။ 


“မင်း... မင်းက သေမင်းကို ခေါ်နေတာ”


~~~