[ငါ အော်ဟစ်ဖို့အဆင်သင့်ဖြစ်နေပြီကို မင်းတို့က ငါ့ကို ဒါပြတယ်??]
[ငါက နတ်ဆိုးဆန်တဲ့တိုက်ပွဲကိုမြင်ချင်တာ။ ဒီလိုတိုက်ပွဲမျိုးကိုမြင်ချင်တာမဟုတ်ဘူး!!!]
[တတိယသခင်လေးက အိပ်ရာထဲမှာမစွမ်းဆောင်နိုင်လို့ ဒီအချိန်မှာ သူတို့ရန်ဖြစ်နေကြတာလား။]
[ငါက တတိယမြောက်သခင်လေးဖြစ်ခဲ့ရင် သူမကို အိပ်ရာထဲခေါ်သွားမှာ။]
[အပေါ်ကမှတ်ချက်။ မာစတာရန်ရဲ့တိုက်ခိုက်စွမ်းရည်က တတိယသခင်လေးကို အဲ့လိုလုပ်ဖို့ခွင့်ပြုမှာမဟုတ်ဘူး အိုကေ?]
[မာစတာရန်က တိုက်ခိုက်တဲ့အချိန်ဆို အရမ်းချောတာပဲ။]
တံခါးအပြင်ဘက်ရှိလူများက ဝင်လာသည်။ အတော်လေးကျယ်သောအခန်းသည်ရုတ်တရက်ကျပ်သွားသည်။
နောက်ပြန်လှည့်ကြည့်စရာမရှိသကဲ့သို့ပင်ရန်ဖြစ်နေကြသည့်လူနှစ်ယောက်လည်း ထိုအချိန်တွင်ရပ်တန့်သွားသည်။
ချူးကျင်းချန်းသည် တံခါးဝမှလူအုပ်ကိုကြည့်ကာ နှုတ်ခမ်းပေါ်မှအပြုံးမပျက်ပေ။ "ဒီလောက်တောင်လူစည်နေတာလား?"
"တတိယမြောက်သခင်လေး၊ ကျွန်တော်တို့က သခင်လေးကို ပြန်ခေါ်လာခဲ့ဖို့အမိန့်ရထားပါတယ်" ဟု သက်တော်စောင့်ခေါင်းဆောင်က တလေးတစားပြောသည်။
"အိုး?" ချူးကျင်းချန်း၏အကြည့်သည် စူးရှပြီး သက်တော်စောင့်ပေါ် ရောက်သွားသည်။
သက်တော်စောင့်က ခေါင်းကိုပိုငုံ့လိုက်ပြီး စကားပြန်မပြောရဲဘဲ ငြိမ်သက်စွာရပ်စောင့်နေသည်။
"ကျင်းချန်း" ဝမ်ယုဖေးက ညင်သာစွာပြောသည်။
သူမ ရှေ့ကိုခြေလှမ်းအနည်းငယ်လှမ်းပြီး ချူးကျင်းချန်းဆီသို့ လျှောက်သွားလိုက်သည်။
သူ့နဖူးပေါ်ကချွေးကိုမြင်၍ ဝမ်ယုဖေးက ဒေါသဖြင့်ပြောလိုက်သည်။ “ရှင့်ကိုယ်ရှင် ပြန်ကြည့်ဦး။နဖူးက ချွေးတွေထွက်နေပြီ။ရှင်က သန့်သန့်ရှင်းရှင်းနေရတာကြိုက်တာမဟုတ်ဘူးလား။"
ချူးကျင်းချန်းက သူမကိုငုံ့ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။
ဝမ်ယုဖေးအနည်းငယ်မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကိုကိုက်လိုက်သည်။ "ဖိုးဖိုးက တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်လို့ကြားလို့ ကျွန်မစိတ်ပူပြီး ဒီကိုလိုက်လာခဲ့တာ။ ရှင် ကျွန်မကို အပြစ်မတင်ဘူးမလား"
"မတင်ဘူး" ချူးကျင်းချန်းက အဝေးကိုကြည့်လိုက်ပြီး သူ့အမူအရာ ပုံမှန်ဖြစ်သည်။
"ကောင်းတာပေါ့။ ကျွန်မ ဒီည ရှင်နဲ့အတူပြန်လိုက်ပြီး ဖိုးဖိုးဆီကို အလည်သွားမယ်။" ဝမ်ယုဖေးတောက်ပစွာပြုံးလိုက်သည်။
ရှိနေသူအားလုံးက သူတို့နှစ်ယောက်ကို မျက်လုံးထဲ၌ရှုပ်ထွေးမှုဖြင့် ကြည့်နေကြသည်။
[တတိယသခင်လေးနဲ့ဖေးဖေးက တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်သိကြတယ်။ ပြီးတော့ သူတို့က အရမ်းရင်းနှီးပုံပေါ်တယ်။]
[ဖိုးဖိုး?????]
[ရင်းနှီးတယ်? သူတို့ဆက်ဆံရေးကတစ်ခုခုမှားနေသလို ငါခံစားရတာဘာကြောင့်လဲ။]
[ငါတို့မာစတာရန်မှာ ပြိုင်ဖက်ရှိလာတော့မှာလား။]
[ဝမ်ယုဖေးက သူမရဲ့ပြိုင်ဖက်သာဆိုရင် ရှီရန်အနိုင်ရမှာမဟုတ်ဘူး။]
[မာစတာရန်က ဝမ်ယုဖေးထက်ပိုလှပြီး အရည်အချင်းပိုရှိတယ်။ မာစတာရန်ကအနိုင်ယူနိုင်မယ်လို့ ငါထင်တယ်။]
[ရှီရန်ရဲ့ပရိသတ်တွေက အရှက်မရှိကြဘူး။ သူမက ငါတို့ဖေးဖေးနဲ့ ဘယ်ယှဥ်နိုင်မလဲ။ ဖေးဖေးရဲ့ မိသားစုနောက်ခံက ရှီရန်ကို ချေမှုန်းဖို့ လုံလောက်နေပြီးသား ဟုတ်ပြီလား။]
[ဝမ်နှင့်ချူးမိသားစုတွေက သူငယ်ချင်းဟောင်းတွေဖြစ်ပုံပဲ။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေကြတာအံ့သြစရာတော့မရှိပါဘူး။]
[သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သိတာထက်ပိုတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မရိုးရှင်းလောက်ဘူး။]
[နိုး!!! ငါ့နတ်ဘုရားစုံတွဲ!!!]
[ငါတို့ဖေးဖေးနဲ့တတိယသခင်လေးတို့က ပိုလိုက်ဖက်တာက အသိသာကြီး။ သူတို့က ပြီးပြည့်စုံတဲ့စုံတွဲတစ်တွဲပဲ။]
မှတ်ချက်များသည် ချူးကျင်းချန်းနှင့်ဝမ်ယုဖေးတို့ကြားကဆက်ဆံရေးကို မှန်းဆလာကြသည်။
ချူးကျင်းချန်းသည် ဆိုဖာပေါ်တွင်ပျင်းရိစွာထိုင်လိုက်ပြီး သူ့ခြေထောက်ရှည်ကို ချိတ်ထိုင် ထားသည်။
စင်္ကြံမီးက အလင်းမှိန်နေသောအခန်းကို လင်းသွားစေသည်။တဖျပ်ဖျပ်ဖျပ်လှုပ်ခတ်နေသောနောက်ခံမီးအရောင်ကိုဆန့်ကျင်ပြီး သူ့အမူအရာက အထက်စီးဆန်နေသည်။ "ငါ မလိုက်ရင်ကော ဘယ်လိုလုပ်မှာလဲ"
သက်တော်စောင့်၏ကြောက်ရွံ့မှုက နောက်ကျသွားပြီဖြစ်သည်။
သူ၏သခင်ကြီးနှင့်နှိုင်းယှဉ်လျှင် တတိယသခင်လေးသည် ချူးမိသားစုတွင်ကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။
"တောင်းပန်ပါတယ် တတိယသခင်လေး။ ဒါက သခင်ကြီးရဲ့အမိန့်ပါ။သခင်လေးမလိုက်ရင် ကျွန်တော်တို့က သခင်လေးကို အတင်းခေါ်သွားရပါလိမ့်မယ်"
သက်တော်စောင့်က ထိုစကားကိုပြောသောအခါတွင် ချူးကျင်းချန်းကိုတောင် မကြည့်ဝံ့ပေ။
ချူးကျင်းချန်း၏နှုတ်ခမ်းပေါ်မှအပြုံးသည် ရပ်တန့်သွားသည်။
သူ့အကြည့်က လူတိုင်း၏ကွဲပြားခြားနားသောအမူအရာအပေါ် ဖြတ်သန်းသွားပြီး နောက်ဆုံးတွင် လှပအေးစက်သောမျက်နှာပေါ် ရောက်သွားသည်။
"ကျွန်တော် သူတို့နဲ့လိုက်သွားရမှာလား" ချူးကျင်းချန်းရုတ်တရက် မေးလိုက်သည်။
လူတိုင်းက နားမလည်သော်လည်း သူ့အကြည့်ကို သတိထားမိသောအခါ ချက်ချင်းပင် သဘောပေါက်သွားသည်။
ဝမ်ယုဖေးသည် ချူးကျင်းချန်း အနားတွင် ရပ်နေကာ သူမ၏အရှေ့၌အခြားအမျိုးသမီးတစ်ဦးကို သူအလေးပေးဆက်ဆံနေသည်ကို စောင့်ကြည့်နေသည်။
သူမ ဝမ်းနည်းနေသော်လည်း ၎င်းထက် ယခု အချိန်တွင် ရှီရန်ကို ဖယ်ရှားရန်စိတ်ဆုံးဖြတ်လိုက်သည်။
အခန်းအလယ်၌ သူမ ရပ်နေကာ ချူးကျင်းချန်း၏ငြိမ်သက်နေသောမျက်လုံးကို သူမ တွေ့လိုက်ရသည်။ "ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါ"
"မထွက်သွားချင်ရင်ဘယ်လိုလုပ်ရမလဲ" ချူးကျင်းချန်း၏အနက်ရောင်မျက်လုံးများက သူမ၏နှုတ်ခမ်းပေါ် ရောက်သွားကာ ပဟေဠိဆန်စွာပြောလိုက်သည်။
ထိုနှုတ်ခမ်းက သူ မကြားချင်သောအရာကို အမြဲတမ်းပြောတတ်သည်။
ရှီရန်သည် ကျင်းချန်း၏အတွေးများကို နားမလည်နိုင်ဘဲ သူမ စိတ်ကိုသာအလိုလိုက်လိုက်သည်။ "သူတို့ကို တိုက်ခိုက်ဖို့....ကျွန်မရှင့်ကို ကူညီပေးနိုင်တယ်... "
"ဖူး" ကျူးယို့ဟန်က အခြေအနေမဟန်သည့်အချိန်တွင် ရယ်မောမိပြီး ချက်ချင်းပဲ သူ့ပါးစပ်ကို အုပ်လိုက်သည်။
ထိုအဖြေက ကျူးယို့ဟန်တင်မကဘဲ လူတိုင်းအတွက်ရယ်စရာကောင်းနေသည်။
[မျှော်လင့်ထားတဲ့အတိုင်းမာစတာရန်ကတော့ ဟားဟားဟား။]
[ပြောလာမယ့်စကားက တိုက်ရိုက် ဒါမှမဟုတ် ချိုမြိန်တဲ့စကားတွေဖြစ်မယ်လို့ ငါထင်ခဲ့ပေမယ့် ဒါကတော့ ရိုးရှင်းလွန်းပြီးအကြမ်းထည်ဆန်လွန်းပါတယ်ကွာ။]
[မာစတာရန်က တကယ်ကိုတည့်တိုးသမားပဲ]
"မစ္စရှီက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်နော်" လို့ ဝမ်ယုဖေးက အပြုံးလေးဖြင့် ရယ်စရာတွေ့သွားသလိုပြောသည်။
အမျိုးသမီးတစ်ဦးက ယောက်ျားလို 'တိုက်ခိုက်တယ်' ဆိုတဲ့စကားကို ဘယ်လိုပြောနိုင်မှာလဲ။
သူမသည် ချူးကျင်းချန်းကို ကြည့်ကာ အံ့အားသင့်သွားသည်။
ထိုအချိန်တွင် ချူးကျင်းချန်းက သူ့မေးစေ့ကို လက်နဲ့ထောက်လိုက်သည်။ ထူးထူးခြားခြား ပြုံးပြရင်း သူ့နှုတ်ခမ်းထောင့်များကကွေးတက်သွားသည်။
သူ မုဒ်ကောင်းနေကြောင်း မည်သူမဆို မြင်နိုင်သည်။
'ဒါပေမဲ့ ဘာလို့လဲ?'
'ရှီရန်က သူ့ကို ကူညီတိုက်ခိုက်ပေးမယ်လို့ပြောတာကြောင့်လား'
လူတိုင်းက စူးစမ်းချင်စိတ်ဖြင့် သိချင်ကြသည်။
ချူးကျင်းချန်းသည် ဖြည်းညှင်းစွာမတ်တပ်ထရပ်ပြီး ခိုင်မာသောခြေလှမ်းများဖြင့် ရှီရန်ဆီသို့ လျှောက်သွားသည်။
သူမတ်မတ်ရပ်ပြီး အောက်ကိုငုံ့ကြည့်သည်။
ထို့နောက် ရှီရန်မော့ကြည့်လိုက်သည်။
သူတို့ မျက်လုံးချင်းဆုံသွားသည်။
ချူးကျင်းချန်းက ပြုံးပြီး သူ့လေသံက နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နေသည်။ "ကျွန်တော် အိမ်ခဏပြန်လိုက်ဦးမယ်။ ကျွန်တော် ပြန်လာမှာကိုစောင့်နေနော်"
ရှီရန် မျက်တောင်ခတ်လိုက်ပြီး သူမ၏မျက်အိမ်က စိတ်ရှုပ်ထွေးမှုအချို့ကို ပြနေသည်။
'ချူးကျင်းချန်းပြန်လာတာကို ငါ ဘာလို့စောင့်ရမှာလဲ။'
သူမ ပါးစပ်ကို ဖွင့်လိုက်သည်။
သူမ ပြောလာမည့်အရာကို ကြိုခန့်မှန်းမိ၍ ချူးကျင်းချန်းက သူမကို တားလိုက်သည်။ "ပြန်ပြောစရာမလိုပါဘူး။ စောင့်ပဲစောင့်နေပေး။"
ယနေ့ သူ၏ကောင်းမွန်နေသောစိတ်အခြေအနေကို ပျက်ဆီးမသွားချင်ပေ။
ထိုစကားကို ပြောပြီးနောက် ချူးကျင်းချန်းသည် လှည့်ပြန်ကာ လျင်မြန်စွာထွက်သွားသည်။
ဝမ်ယုဖေးက ချက်ချင်းလိုက်သွားသည်။ ရှီရန်ကိုကျော်ဖြတ်သွားသောအခါ သူမကို ဖော်ရွေသောအပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။"မစ္စရှီ၊ နောက်မှထပ်တွေ့ကြမယ်နော်"
ချူးကျင်းချန်းထွက်သွားသည်နှင့် တပြိုင်နက်သက်တော်စောင့်များကလည်း စနစ်တကျ ထွက်ခွာသွားကြသည်။ အခန်းသည် ချက်ချင်းပင် လူလွတ်သွားသည်။
"ကျင်းချန်းက စိတ်ကောင်းဝင်နေပုံရတယ်။ ဘာလို့လဲ သိလား ရှီရန်"
ကျူးယို့ဟန်သည် ရှီရန်ကို တစ်ချက်ကြည့်လိုက်သည်။
သူမက သဘောမပေါက်ပုံပေါ်နေသည်။
စကားတစ်ကြောင်းက ချူးကျင်းချန်းကို အရမ်းပျော်အောင်လုပ်နိုင်လို့လား?
ချူးကျင်းချန်းသည် သူ၏သက်တော်စောင့်များနှင့်အတူ ပင်လယ်ကမ်းစပ်အိမ်ထဲမှထွက်လာသည်။
ရုန်းရင်းဆန်ခတ်ဖြစ်မှုကို သိချင်သော အိမ်နီးချင်းတစ်ဦးသည် ခေါင်းပြူထွက်ကြည့်ပြီးမြင်ကွင်းကိုမြင်လိုက်ရသဖြင့် တုန်လှုပ်သွားပြီး တံခါးနှင့်ပြတင်းပေါက်များကို ချက်ခြင်းပိတ်လိုက်သည်။
သက်တော်စောင့်များသည် ချူးကျင်းချန်းကို အလယ်ဇိမ်ခံကားဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။
ဝမ်ယုဖေး နောက်မှလိုက်လာကာ ကားထဲဝင်ထိုင်လိုက်သည်။
သူမသည် နှုတ်ခမ်းပေါ် ၌အပြုံးတစ်ခုဖြင့်ဖုန်းကိုကစားနေသောချူးကျင်းချန်းကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
သူမ၏အမူအရာ မည်းမှောင်သွားသော်လည်း သူမ ပြုံးနေသေးသည်။ "ကျင်းချန်းပျော်နေတာလား"
"အင်း" ချူးကျင်းချန်းက ပြန်ပြောပြီး သူ့လေသံကမြင့်နေသည်။
သူ့စိတ်က ရှီရန် ပြောနေသည့်စကားကို ပြန်တွေးနေတုန်းပင်ဖြစ်သည်။
- သူတို့ကို တိုက်ခိုက်ဖို့ ကျွန်မရှင့်ကို ကူညီပေးနိုင်တယ်။
သူ့နှုတ်ခမ်းပေါ်မှအပြုံးသည် နက်ရှိုင်းလာသည်။
ထိုစကားသည် သူကြားဖူးသမျှစကားထဲ၌အချိုသာဆုံးစကားပင်ဖြစ်သည်။
အနက်ရောင်ဇိမ်ခံကားများ တစ်စီးပြီး တစ်စီး မောင်းထွက်သွားပြီး ကမ်းခြေအိမ်သည် တိတ်ဆိတ်သွားပြန်သည်။
ရှီရန်က အခန်းကို ပြန်သွားသည်။
တစ်ချိန်တည်းမှာပင် ဂျီဝမ်ဖုန်းနှင့်ကျူးယို့ဟန်တို့သည် ထိုနေရာတွင်ရှိနေသေးသည်။
သူမ ခေါင်းငုံ့လျက်ကုတင်ပေါ်၌ထိုင်နေကာ မျက်ခုံးများကျဥ်းမြောင်းလာပြီး ထိုမျက်ခုံးနှစ်ခုကြားတွင်အနည်းငယ်အမှောင်ကျနေသည်။
ကျူးယို့ဟန်နှင့်ဂျီဝမ်ဖုန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"ရှီရန်၊ ဘာဖြစ်လို့လဲ။ စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ။ ကျင်းချန်းထွက်သွားတာကြောင့်လား"
[ အိုးးးးး ! တတိယသခင်လေး ထွက်သွားလို့လား။]
[မာစတာရန်ဉာဏ်အလင်းရသွားပြီလား???]
[လူကထွက်သွားပြီကို အခုမှသဘောပေါက်တာက ဘာလုပ်လို့ရမှာလဲ။]
[မာစတာရန်ရဲ့ တတိယမြောက်သခင်လေးကတကယ်ကံမကောင်းဘူး။]
[တတိယသခင်လေးက ဒါကို ဘာလို့မမြင်ရတာလဲ။ သူမြင်ရင် သူ အရမ်းပျော်သွားမှာ။]
[တတိယသခင်ငယ်လေးထွက်သွားတုန်းက ပျော်နေတာကော မလုံလောက်သေးဘူးလား။ သူ ခုန်ပေါက်မတတ်ပဲ။]
[မာစတာရန်က တတိယသခင်လေးနဲ့ဝေးကွာရမှာကို သေချာပေါက်ဝန်လေးနေတယ်။ မာစတာရန် ဒီလိုအမူအရာပြတာကို ပထမဆုံးမြင်ဖူးတာပဲ။]
[မာစတာရန်၊ စိတ်မညစ်ပါနဲ့။ တတိယသခင်လေးက သူ့ကိုစောင့်နေဖို့ ပြောခဲ့တယ်လေ။ သေချာပေါက် သူပြန်လာမှာပါ။]
[မာစတာရန်အတွက် ငါ့နှလုံးသားလေးကနာကျင်နေတယ်။ ငါပေးစားတဲ့အတွဲက တကယ်ဝေးရတော့မှာလား။]
ဂျီဝမ်ဖုန်းသည် မြင်ကွင်းကို မခံနိုင်ဘဲ သက်ပြင်းချလိုက်သည်။"ရှီရန်၊ စိတ်မညစ်ပါနဲ့ တတိယသခင်လေးက..."
သူ စကားမဆုံးခင်၌ ရှီရန်မော့ကြည့်လလာသည်။
သူမ၏မျက်နှာက သိချင်စိတ်ပြင်းပြပြီး စိတ်ရှုပ်နေကာ သူမ၏နှုတ်ခမ်းရဲရဲက အနည်းငယ်ဖွင့်သွားသည်။
"ချူးကျင်းချန်းကို ကိုယ်ခံပညာ ဘယ်သူသင်ပေးခဲ့တာလဲ?"
လူတိုင်း: "?"