Chapter 13
Viewers 1k

Chapter 13 : ခနဲ့ခြင်း




အရက်တွေမူးရူးပြီး အိပ်ပျော်သွားရာမှ နိုးလာသောအခါ ရှန်ရှီးတစ်ယောက် ခေါင်းတွေ ထိုးကိုက်လာရတော့သည်။



ကုတင်ပေါ်ကနေ မနည်းထရင်း ရှန်ရှီးသည် တွန့်ကြေနေသော သူ့ရှပ်အင်္ကျီနှင့် ပတ်ဝန်းကျင်က ရင်းနှီးနေသော နေရာကို ကြည့်ပြီး ခဏလောက် ကြောင်အမ်းသွားသည်။ 



စိတ်အခြေအနေမကောင်းသောကြောင့် 

မနေ့ညက ဘားမှာ သွားသောက်ခဲ့တာတော့ မှတ်မိသည်။ သူ မူးသွားပုံရပြီး ဝေဝါးနေသောကြားက ဖန်းလော့ဝေကို မြင်လိုက်ရသလိုပင်။ 



ပြီးတော့ ဘာဖြစ်သွားတာလဲ။ သူဘယ်လိုပြန်ရောက်လာတာလဲ။



ရှန်ရှီး မနေ့ညကအတွေ့အကြုံကို မှတ်မိရန်ကြိုးစားရင်း နားထင်တွေကိုနှိပ်လိုက်သည်။ ကြည့်ရတာ တစ်စုံတစ်ယောက်က သူဘယ်မှာနေလဲမေးပြီး သူကလည်း တစ်ခုခုပြောလိုက်ပုံရ၏။



 ဘားက စားပွဲထိုးများလား။ ထိုလူက သူ့အတွက် တက္ကစီခေါ်ပေးတာများလား။ 


 

ရှန်ရှီး တွေးရင်းဖြင့် ကုတင်ဘေးမှာထား,ထားသော ရေခွက်ကို စမ်းပြီးယူလိုက်သည်။ ဘယ်တုန်းက ထည့်ထားသည့်ရေလဲဆိုတာ သူဂရုမစိုက်ဘဲ ဖန်ခွက်ကိုကောက်ယူကာ စိတ်အားထက်သန်စွာဖြင့် နှုတ်ခမ်းဆီကိုတေ့လိုက်၏။ သို့သော် ရေအေးတစ်ငုံစာလောက်ကို မြိုချပြီးချိန်မှာပင် တစ်ခုခုလွဲနေတာကို ရှန်ရှီးသတိထားမိလိုက်သည်။ ဖန်ခွက်သည် ပျားရည်ရောထားသောရေနှင့် ပြည့်နေသည်ပင်။ 



သူ ရေတဝက်လျော့သွားသောခွက်ကို သံသယဖြင့်ကြည့်လိုက်သည်။ 



ပျားရည်ရောတဲ့ရေက ဘယ်ကနေရောက်လာတာလဲ။ ဟိုတယ်ဝန်ထမ်းကလုပ်ပေးတာလား။ 



သူ့စိတ်ထဲမှာ ရှုပ်ထွေးနေကာ အကြာကြီး စဉ်းစားသော်ငြား ဟိုတယ်ဝန်ထမ်းမှလွဲပြီး သူ့အတွက်လုပ်ပေးမည့်သူကို စဉ်းစားမရသောကြောင့် ထိုကိစ္စကိုဘေးဖယ်ပြီး အလေးအနက် မထားလိုက်တော့ပေ။  



အမြန်ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ရှန်ရှီးလန်းဆန်းသွား၏။ ဖုန်းကိုယူကြည့်လိုက်သောအခါ လွတ်သွားသောဖုန်းခေါ်ဆိုထားမှုများ ၂ ခုတွေ့ရပြီး နှစ်ခုလုံး လောင်K ဆီမှဖြစ်သည်။ ရှန်ရှီး တုံ့ဆိုင်း‌မနေဘဲ ပြန်ဆက်လိုက်၏။ 



“ဟယ်လို”



“သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခု၊ ဘယ်ဟာကိုအရင်ကြားချင်လဲ” 



အချိန်မဖြုန်းဘဲ လောင်K က လိုရင်းကိုပြောလာသည်။ 



ရှန်ရှီး ဆိုဖာကိုမှီချလိုက်ကာ အနားယူရင်း ပျင်းရိစွာပြောလိုက်၏။ 



“ကောင်းတာကိုအရင်ပြော” 



“မနေ့နေ့လည်က ရှန်သယ်ဟန့်က ချူချန်ချန်ရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ အလုပ်အပ်လာတယ်” 



ရှန်ရှီးက မျက်ခုံးပင့်လိုက်သည်။ 



“မြန်လှချည်လား” 



လောင်K က ပြုံး၏။ 



“ကြည့်‌ရတာ ချူချန်ချန်က သူ့အပေါ် မနေ့က အတော်အထင်အမြင်ကောင်းအောင် လုပ်နိုင်ခဲ့ပုံပဲ ” 



“သတင်းဆိုးကရောဘာလဲ” 



“မနက်က ချူချန်ချန်နောက်ကြောင်းကို စုံစမ်းခိုင်းတဲ့သူ နောက်တစ်ယောက်ရှိလာတယ်” 



“ရှန်ကျိလား” 



ရှန်ရှီး ထမဆုံးတွေးမိသည်က ထိုလူသာ။ 



“မဟုတ်ဘူး.. ရှန်ပိရွှယ်” 



ရှန်ရှီး အံ့ဩသွား၏။ 



“ဒေါ်လေးလား”



ထို့နောက် သူပေါ့ပေါ့ပါးပါးပဲပြုံးလိုက်သည်။ 



“ဒါက တကယ်တော့ သတင်းကောင်းလို့တွေးလို့ရတယ်မလား.. ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးရဲ့တုံ့ပြန်မှုအရ ချူချန်ချန်က အဖေ့အပေါ်မှာ အတော်အထင်အမြင်ကောင်းစေခဲ့တယ်ဆိုတာ အတည်ပြုလိုက်နိုင်ပြီပဲလေ”



လောင်K ကပြုံး၏။ 



“ငါတစ်ခုခုလုပ်ပေးဖို့လိုသေးလား” 



ရှန်ရှီးတွေးလိုက်သည်။ 



“မလိုဘူး.. ပုံမှန်အစီအစဉ်အတိုင်းပဲ လိုက်လုပ်နေလိုက်” 



ဖုန်းချပြီးနောက် ရှန်ရှီးဆိုဖာပေါ်တွင်ထိုင်ပြီး တွေးလိုက်၏။  မနေ့က ချူချန်ချန်ပေါ်လာသောအခါ သူ့အဖေနှင့် အဒေါ်အတူတူရှိနေကြသည်ပင်။ သူ့‌အဒေါ်သည် ‌ကျိုးမင်မေ့ကြောင့် သင်ခန်းစာရနေပြီဖြစ်ကာ သံသယဝင်တာက ကျိုးကြောင်းဆီလျော်၏။ 



အဓိကသော့ချက်က ယခု ချူချန်ချန်အပေါ်၌သာ မူတည်တော့သည်။ သူမသာ တောက်ပစွာစတင်နိုင်ပြီး အလယ်မှာ ဘာအမှားအယွင်းမှ မဖြစ်စေဖို့ သူမျှော်လင့်ရတော့မည်။ 



***********


ရှန်ရှီးက ခုမှ အိပ်ရာထခါစဖြစ်သော်လည်း တစ်ဖက်၌မူ လီမင်ဖေးသည် သူမနေ့ကကြားလိုက်ရသောစကားများကြောင့် ဆေးရုံကိုစောစောသွားခဲ့ပြီ ဖြစ်သည်။ လှည့်ပတ်ရှာပြီး ရှန်ရှီးကိုမတွေ့မှသာ သူ့လုပ်ရပ်က စိတ်မြန်လွန်းသည်ကို လီမင်ဖေးနားလည်လိုက်သည်။



 မနေ့က သူ့မိခင်၏စကားများကိုကြားပြီး ဘာလို့ရှန်ရှီးနှင့်တွေ့ချင်တာလဲ သူမသိခဲ့ပေ။တကယ်တမ်းကျ သူလုပ်နိုင်တာ ဘာမှမရှိလှ။  



သူ့ဦးလေးက ရှန်ရှီးကို ပိုပြီးကောင်းကောင်းဆက်ဆံအောင်မလုပ်ခိုင်းနိုင်သလို သူဘာမှလည်းနားမလည်ပေ။ 



သို့ဖြစ်၍ သူလုပ်နိုင်တာတစ်ခုတည်းက ရှန်ရှီးတစ်ယောက်တည်းအရက်မူးခြင်းမှ ကယ်တင်ရန် ရှန်ရှီးနှင့်အတူတူသောက်ပေးနိုင်တာပဲဖြစ်လောက်မည်။



အရည်အချင်းမရှိသလိုခံစားရသော်လည်း လီမင်ဖေး ရှန်ရှီးကိုတွေ့ချင်သေးသည်။ သို့သော် စိတ်ပျက်စရာက သူ့ဦးလေး၏လူနာခန်းတွင် တစ်နာရီကြာနေခဲ့သော်လည်း ထိုနေရာတွင်ရှိနေရမည့် ရှန်ရှီးကို ဘယ်နေရာမှာမှ မတွေ့ရခြင်းပင်။



အတန်ကြာထိန်းထားပြီးနောက်မှာတော့ လီမင်ဖေး နောက်ဆုံးမှာ သူ့ဦးလေးကို သတိထားပြီးမေးလိုက်၏။ 



“ဦးလေး ဝမ်းကွဲအစ်ကိုရှန်ရှီး ဒီနေ့လာမှာလား” 



သူ့ဦးလေး ရှန်ရှီးကိုမနှစ်သက်တာ သူသိပေမဲ့ ရှန်ရှီး၏ဖခင်ဖြစ်သူမို့ တစ်ခုခုတော့ သိသင့်သည်ဟု လီမင်ဖေး သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။



ရှန်သယ်ဟန့်ကမူ သူ့မေးခွန်းကိုကြားပုံမရဘဲ စိတ်လွင့်နေသောမျက်နှာဖြင့် ပြတင်းပေါက်အပြင်ကိုငေးကြည့်နေ၏။



“ဦးလေး?” 



လီမင်ဖေး နားမလည်နိုင်သလိုနှင့် ထပ်ခေါ်လိုက်သည်။ သည်နေ့ သူ့ဦးလေးဟာ ဘာကြောင့်ရယ်မသိ တစ်ချိန်လုံးအာရုံတွေလွဲနေတာမှန်း သတိထားမိလိုက်၏။  



လီမင်ဖေး၏ဦးလေးခေါ်သံက ရှန်သယ်ဟန့်အား အသိစိတ်ပြန်ဝင်လာစေသည်။ သူက လီမင်ဖေးကိုကြည့်ပြီး ဖုံးဖိကာပြုံးပြလာလျှက်။ 



“မင်ဖေး ခုနကဘာပြောလိုက်တာလဲ”



လီမင်ဖေးက အရင်မေးခွန်းကို အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။ သူပြောနေရင်းမှပင် ရှန်သယ်ဟန့်၏မျက်နှာမှအပြုံးက ချက်ချင်းပျောက်ကွယ်သွားလေသည်။



ရှန်သယ်ဟန့်က ခေါင်းငုံ့လိုက်သည်။ 



“သူ မလာလေ ငါ နောက်ထပ် ၄ ၅ရက်လောက် ပိုအသက်ရှင်နိုင်လေပဲ”



 လီမင်ဖေး အနေရခက်သွားသည်။ သူမှတ်မိသလောက်ဆို သူ့ဦးလေးက အရင်က ဒီလိုမျိုးမပြောဖူးပေ။ ခဏလောက်တော့ သူ့ဦးလေး၏ စကားတွေကို ဘယ်လိုပြန်တုံ့ပြန်ရမှန်း သူ မသိတော့။ 



လူနာခန်းထဲက အခြေအနေဟာ ပို၍အေးစက်လာပြီး လီမင်ဖေးထွက်သွားချင်ပေမဲ့လည်း ဦးလေးကိုဒေါသထွက်အောင်လုပ်ပြီး ထွက်သွားတာက မသင့်တော်ဟုထင်မိသောကြောင့် သူအခက်တွေ့နေရပြန်သည်။



 ကံကောင်းစွာနှင့် နေရအခက်ဆုံးအချိန်တွင် လူနာခန်းကိုညင်သာစွာခေါက်သည့်အသံကြားရပြီး ပုံမှန်စစ်ဆေးမှုလုပ်ရန် ဆရာဝန်ဝင်လာသည်။



 ဆရာဝန်နောက်မှလိုက်ပါလာသော သူနာပြုကို လှမ်းကြည့်ချိန်၌ သူ့ဦးလေး ခဏတာစိတ်လှုပ်ရှားသွားသည့်မျက်နှာကိုတွေ့ရသဖြင့် လီမင်ဖေးအံ့ဩသွား၏။ 



သို့ပေမဲ့ သူ ချက်ချင်း ပြန်တည်ငြိမ်သွားပြီး မျက်လုံးထဲမှာ စိတ်ပျက်အားငယ်မှု အရိပ်အယောင်က ပေါ်လာသည်။



သူ့ဦးလေး၏စိတ်သဘောကို လီမင်ဖေးနားမလည်နိုင်ပေ။ 



သူနာပြုကိုမြင်ရတာ ဘာစိတ်လှုပ်ရှားများကောင်းလို့လဲ။



ဆရာဝန်က ရှန်သယ်ဟန့်ကို နည်းလမ်းတကျစမ်းသပ်နေစဉ် လီမင်ဖေး အခွင့်ကောင်းကိုယူပြီး နှုတ်ဆက်လိုက်၏။ 



“ဦးလေး ကျွန်တော်အရင်ပြန်နှင့်မယ်.. နောက်မှ ပြန်လာတွေ့ပါမယ်”



ရှန်သယ်ဟန့်က ခေါင်းညိတ်ပြီး လီမင်ဖေးကို လမ်းမှာသတိထားဖို့ သန်မန်ကာလျှံကာ မှာကြားသည်။ လီမင်ဖေးက နာခံစွာ ပြန်ဖြေလိုက်သည်။ 



ဆေးရုံမှထွက်လာသောအချိန်မှသာ သူ့မျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်မှု ပေါ်လာတော့သည်။ 



ရှန်ရှီးသာ ဆေးရုံကိုမလာလျှင် သူဘယ်နေရာမှာသွားရှာရပါ့မလဲလေ။


••••••••••••


ရှန်ရှီးကမူ လီမင်ဖေးက သူ့ကိုရှာရန် မနက်ကဆေးရုံကိုသွားခြင်းအား မသိခဲ့ပါပေ။ သူက မူးပြီး အိပ်ရာထနောက်ကျသောကြောင့် ဆေးရုံကိုနောက်ကျမှရောက်လာရာ လီမင်ဖေးနှင့်ကပ်လွဲသွားလေသည်။



ဓာတ်လှေကားကိုစောင့်ရင်း ရှန်ရှီးဘေးဘီကိုကြည့်လိုက်သည်။ သူ့အကြည့်က ထောင့်တစ်နေရာကို ရောက်သွားချိန်မှာတော့ ရှန်ရှီးမျက်မှောက်ကြုတ်လိုက်ကာ အတန်ကြာတွေးပြီးနောက် လှည့်ပြီး ထိုနေရာသို့ ခြေလှမ်းကျဲတို့ဖြင့် လှမ်းသွားလိုက်သည်။



လူရှင်းသော ကော်ရစ်တာ၏ထောင့်တွင်မူ ချူချန်ချန်သည် ညုတုတု ပြီတီတီမျက်လုံးဖြင့် ဆရာဝန်လူငယ်တစ်ယောက်နှင့် စကားပြောနေ၏။ သူမခန္ဓာကိုယ်က ဆရာဝန်ရင်ခွင်ထဲ ရောက်လုမတတ်ကပ်နေတာကို ကြည့်ရင်း ရှန်ရှီးသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ ဘေးကနေ ဖြတ်လျှောက်သွားလိုက်တော့သည်။



ချူချန်ချန် ရုတ်တရက် တုန်လှုပ်သွားရင်း ဆရာဝန်နားမှ အဝေးကို အမြန်ရွေ့လိုက်၏။ ချူချန်ချန်က ဆရာဝန်ကိုဘာပြောလိုက်လည်း ရှန်ရှီးမသိပေမဲ့ မကြာခင်မှာပဲ ချူချန်ချန်က သူ့ဆီကိုမြန်မြန်ပြေးလာသည်။


 

ချူချန်ချန်က ရှန်ရှီးကို အပြုံးနှင့်နှုတ်ဆက်လာ၏။ 



“ရှန်လူကြီးမင်း”



ရှန်ရှီးနှာခေါင်းရှုံ့လိုက်၏။  



“မင်း ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို မေ့သွားပြီလား”



ချူချန်ချန်က ရှန်ရှီးကို ရှိုးတိုးရှန့်တန့်ဖြင့်ကြည့်သည်။ 



“ရှန်သယ်ဟန့်အခြေအနေကိုမေးဖို့ သူ့ကိုရှာတာပါ.. တခြားဘာမှမရှိဘူး” 



ရှန်ရှီးက လှောင်နေသောမျက်နှာဖြင့် 



“အဲ့အကြောင်းမေးပြီးပြီလား”



ချူချန်ချန်ပိုပြီး အရှက်ရသွား၏။ 



“သူက ကလေးအထူးကုဌာနကိုတာဝန်ယူရတာ.. ကျွန်မမေးချင်တာကို သူမသိဘူး”



 ရှန်ရှီးသည် ချူချန်ချန်ကိုကြည့်ကာ ခပ်ဖွဖွရယ်လိုက်သည်။ ရယ်ပြီးနောက် ရုတ်တရက် သူကအေးစက်သောအသံဖြင့် ပြောလိုက်၏။ 



“မနေ့က မင်းနဲ့တွေ့ပြီးတော့ ငါ့အဖေ ဘာကိုအရင်ဆုံးလုပ်လဲသိလား”



“ဘာလဲ” 



ချူချန်ချန် ဝေဝါးသွားသည်။



 ရှန်ရှီးက အနားကပ်ပြီး တီးတိုးပြော၏။ 



“မင်းကိုစုံစမ်းဖို့ အလွတ်စုံထောက်ရှာတာ”



“ဘာ” 



ချူချန်ချန်ကြက်သေသေသွားရသည်။



ရှန်ရှီးက ချူချန်ချန်ကိုလှောင်သလိုကြည့်၏။ 



“မနေ့က လုပ်တာအောင်မြင်တာနဲ့ပဲ ဒီနေ့ကျေနပ်နေလို့ရမယ်လို့ မင်းထင်နေတာလား.. မိန်းမဖြစ်တာနဲ့ပဲ ငါ့အဖေကိုတွယ်ကပ်လို့ရမယ်ထင်နေတာလား.. မင်းမျက်နှာကြောင့်သာမဟုတ်ရင် ကိုယ်တုံးလုံးနေလည်း သူကကြည့်မှာတောင်မဟုတ်ဘူးလို့  ငါမင်းကိုပြောထားတယ်နော်”



ချူချန်ချန်က အံကြိတ်လိုက်ရင်း ဘာမှမပြောပေ။ ရှန်ရှီး အေးစက်စွာဖြင့်ငေါ့လိုက်၏။ 



“မင်းက အခုညတာမှာ ကျင်လည်နေတဲ့အပျက်မ မဟုတ်ဘူး။ သူနာပြုတက္ကသိုလ်က ဘွဲ့ယူပြီးကာစ ကျောင်းသူဆိုတာမှတ်မိသင့်တယ်ထင်တယ်.. ဖြူစင်သလိုဟန်ဆောင်လေ.. ငါ မင်းကိုဒါတွေသင်ဖို့မလိုသင့်ဘူး”



ချူချန်ချန်က အသည်းအသန်ခေါင်းညိတ်သည်။ ရှန်ရှီးထပ်ပြော၏။



 “နောက်ထပ် အမျိုးသားဆရာဝန်နဲ့ ထပ်ပတ်သက်တာမမြင်ရစေနဲ့.. ၁၀ သန်းဆိုတာ ရှာဖို့မလွယ်မှန်း မင်းသိပါတယ်”



အဝေးကိုလျှောက်သွားသော ချူချန်ချန်၏နောက်ကျောကိုကြည့်ကာ ရှန်ရှီးမျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ သူ လောင်K နှင့် စကားပြောရန်လိုသေးပုံပင်။



ချူချန်ချန်ကိစ္စကြောင့် ရှန်ရှီးလူနာခန်းဆီ ထင်ထားတာထက်နောက်ကျပြီးမှရောက်လာသည်။ ပြောရလျှင် ပထမဆုံးတွေ့ချိန်က မကျေနပ်မှုများကြောင့် ရှန်ညီအစ်ကိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက်တွေ့ခြင်းကို တတ်နိုင်သလောက်ရှောင်ရန် ဆေးရုံကိုလာသည့် အချိန်ကိုအစီအစဉ်တကျ ညှိထားကြ၏။



ရှန်ရှီး နာရီကိုတချက်ကြည့်လိုက်သည်။ ဘာမှမှားယွင်းချက်မရှိလျှင် ဤအချိန်သည် ရှန်ကျိ လူနာခန်းကိုလာရမည့်အချိန်ဖြစ်၏။ တွေးကြည့်ပြီးနောက် ရှန်ရှီးမရှောင်ရန်ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ရှန်သယ်ဟန့်ရှေ့ မျက်နှာပြရန်သာလိုပေသည်။



ရှန်ရှီး ထိုအတွေးကိုစိတ်ထဲမှာထားပြီး ဓါတ်လှေကားမှထွက်ခဲ့ပေမဲ့ ကော်ရစ်တာတွင် အချင်းချင်းထိပ်တိုက်တွေ့နေကြသော လူနှစ်ယောက်ကိုတွေ့သောအခါ သူသိလိုစိတ်နှင့်ရပ်လိုက်လေသည်။



ရှန်ရှီး၏မြင်ကွင်းမှကြည့်လျှင် ရှန်ကျိ၏နောက်ကျောကိုသာမြင်ရပြီး  ရှန်ကျိနှင့်မျက်နှာချင်းဆိုင်မှာရပ်နေသောသူသည် ရှန်ရှီးဘယ်သောအခါမှ မမေ့နိုင်မည့်မျက်နှာဖြစ်သည့် ရှန်ရုံဖြစ်သည်။



နှစ်ယောက်စလုံးက ရှန်ရှီးရောက်လာတာကိုမမြင်ဘဲ အသံတိုးတိုးဖြင့် အပြင်းအထန်အငြင်းပွားနေကြသည်။ 

သို့မဟုတ် အငြင်းပွားနေသူက ရှန်ရုံဟုပြောရမည်ပင်။



“အစ်ကိုကြီး ကျွန်တော့်ကိုမုန်းတာသိပါတယ်.. ဒါပေမဲ့ ကျွန်တော့်ကိုဘယ်လောက်ပဲမုန်းမုန်း အစ်ကိုကြီးနဲ့ ကျွန်တော်နှစ်ယောက်စလုံးက အဖေ့သားတွေဖြစ်တယ်ဆိုတဲ့အချက်ကို ဖျက်လို့မရဘူး”



ရှန်ကျိကဘာမှမပြောဘဲ ရှန်ရုံကထပ်ပြော၏။ 



“အစ်ကိုကြီး အဖေ့ရဲ့ကျန်းမာရေးကမကောင်းဘူး… သူဘာမှမပြောပေမဲ့ သူ့နှလုံးသားထဲမှာတော့ ကျွန်တော်တို့ညီအစ်ကိုတွေ သင့်မြတ်မှာကို မြင်ချင်မှာပဲ.. အစ်ကိုကြီးက အဖေ့ကိုစိတ်ပျက်စေနိုင်ရဲ့လား”



“အစ်ကိုကြီး ကျွန်တော် ရှန်မိသားစုငွေကိုမလိုချင်ပါဘူး.. ရှန်မိသားစုကနေဘာမှမလိုချင်ဘူး.. အဖေကို အားလုံးရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား အဖေလို့ပဲခေါ်ချင်တာ.. ဒါက ကျွန်တော့်ရဲ့တစ်ခုတည်းသောဆန္ဒပါ”



ရှန်ရီး ထိုစကားကြားရသော် မနေနိုင်စွာ လှောင်ရယ်လိုက်မိသည်။ သူ့ရယ်သံက သူ့ရှေ့တွင်ရှိသောလူနှစ်ယောက်ကို အမြန်အသိပေးလိုက်သလိုဖြစ်သွား၏။



ရှန်ကျိက ခေါင်းလှည့်ကာ ရှန်ရှီးကိုအေးစက်စွာဖြင့်ကြည့်ပေမဲ့ ရှန်ရုံကမူ ရှန်ကျိ သတိမထားမိတုန်း မနာလိုမှုအရိပ်အယောင်များ သူ့မျက်လုံးတွင်ဖြတ်ပြေးသွားလေသည်။ 



ရှန်ရှီးက လျှောက်လာပြီး ရှန်ရုံကိုလှောင်သလိုကြည့်သည်။ 



“ငါဘာကြားလိုက်ရတာလဲ.. ရှန်မိသားစုကနေဘာမှမလိုချင်ဘူးတဲ့လား.. အစကတည်းက ရှန်မိသားစုသေတမ်းစာမှာ မင်းနာမည်မပါတာ မေ့သွားတယ်ထင်တယ်.. ညီအစ်ကိုချင်းသင့်မြတ်ဖို့ကတော့ ဆောရီးပဲ.. ငါ့မှာအပြာဗီဒီယိုတွေ ရိုက်တတ်တဲ့ညီမျိုးမရှိဘူး” 



“မင်း!” 



ရှန်ရှီး၏စကားများက သူ့အနာကိုဆွလိုက်သလို ရှန်ရုံ၏မျက်နှာရှုံ့မဲ့သွား၏။ လွန်ခဲ့သောငါးနှစ်ကဗီဒီယိုသည် သူ့အတွက် တသက်စာအရှက်ရစရာဖြစ်သည်။ 



ရှန်မိသားစုနှင့် ထျန်းမိသားစု၏ကူညီမှုကြောင့် သတင်းကိုအမြန်ဖုံးလိုက်နိုင်ပြီး၊ အင်တာနက်မှ သတင်းများကိုရှင်းလင်းအောင်ဖျက်ပြီး၊ ဆောင်းပါးများကို ရှန်သယ်ဟန့်က လျှို့ဝှက်ပြီးရုပ်သိမ်းခိုင်းပေမဲ့ ဖြစ်ခဲ့တာက ဖြစ်ခဲ့တာဖြစ်၏။ 



လူတွေအများကြီး ဗီဒီယိုကိုမြင်ခဲ့တာကို ရှန်ရုံတွေးမိသော် အင်မတန်အရှက်တကွဲဖြစ်ရလေသည်။



ရှန်ရှီးကမျက်ခုံးပင့်လိုက်၏။



 “ဘာလဲ.. ငါပြောတာ မှားတာပါလို့လား”



ရှန်ရုံက ရှန်ရှီးကိုပြင်းထန်သောအကြည့်ဖြင့်ကြည့်ပြီး ရှန်ကျိကိုခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေသည်။



ရှန်ရှီးက အကြည့်ကို ရှန်ကျိဆီရွေ့လိုက်၏။ ရှန်ကျိမျက်နှာက အေးစက်နေသည်။ 



“ငါ့မှာလည်း အဲ့လိုညီမရှိဘူး”



ရှန်ရှီးက ရှန်ကျိကိုကြည့်ပြီး ပြုံးရုံသာပြုံးလိုက်လေသည်။