Chapter 20
Viewers 2k

🐾Chapter 20

: ပါးစပ်စည်းမစောင့်တာက ပြဿနာအများကြီး ဖြစ်စေလိမ့်မယ်



ကျင်းယွီက သွေးပူနေချိန်တွင် ချီလင်အသားဟူ၍ မှာလိုက်မိသော်လည်း ပိုင်ရှင်နှင့် စားသောက်ဆိုင်မှ စားပွဲထိုးက ချီလင်အသားတစ်ပန်းကန်ကို အမှန်တကယ် လာရောက်ပို့ဆောင်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အဆိုပါအသားကို ‘ချီလင်’ဟု စာလုံးဖော်ထားခြင်းကို ကြည့်၍ သူ့အား လှည့်စားနေသည်ဟု ခံစားလိုက်ရသည်။ ကံကောင်းစွာဖြင့် သူ တစ်ကိုက်ကိုက်လိုက်ချိန်တွင် အရသာက ပုံပန်းသွင်ပြင်ကို ဖုံးလွှမ်းသွား၏။ စားပွဲထိုးမှ သူ့အား ပေးပို့လာသော ကျသင့်ငွေပြေစာမှ ‘ဖော်ရွေလွန်းသည့်’ နံပါတ်အတွဲလိုက်ကိုပါ ထပ်ပေါင်းလိုက်သောအခါ သူက မလိုလားသော်လည်း ‘ချီလင်အသား’ ပြဿနာကို ကျော်သွားပေးလိုက်သည်။


ကျင်းယွီနှင့် သားရဲများ စားသောက်ဆိုင်တွင် ပထမဆုံးအကြိမ်အဖြစ် စားသောက်ခဲ့ကြသော်လည်း လူတိုင်းက နှစ်ခြိုက်ဖွယ်အတွေ့အကြုံများ ရရှိခဲ့သည်။ ဟုတ်သည်၊ သူနှင့် သားရဲများ စိတ်နှစ်မြုပ်လျက် သူတို့ဘာသာသူတို့ နှစ်ခြိုက်နေစဉ်တွင် စားသောက်ဆိုင်ပိုင်ရှင်၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးက စစ်မှန်သည့်ပုံ ပေါ်နေသည်။ ကျင်းယွီမှ သားရဲများနှင့် ထွက်ခွာသွားသည့် အချိန်၌ပင် ပိုင်ရှင်က ပြုံးလျက် ပြောလိုက်သေး၏။

“နောက်တစ်ကြိမ် ထပ်လာဖို့ မျှော်လင့်ပါတယ်နော်~…”


ထို့ကြောင့် လူတိုင်းက သေချာပေါက် ပျော်ရွှင်သွားကြသည်။ မှန်သည်၊ ဘော့စ်ချီချင်းလင်၏ အမြင်တွင် ဤထမင်းတစ်နပ်က စားဖြစ်ရုံဆိုသည့် အဆင့်တွင်သာ ရှိ၏။ ထိုအရသာကို ကျင်းယွီနှင့် သားရဲများက အဘယ်ကြောင့် ဤမျှ နှစ်ခြိုက်သဘောကျနေကြောင်း လုံးဝပင် နားမလည်နိုင်ချေ။


 မည်သို့ပင်ဖြစ်စေ၊ ထိုအချိန်မှာပင် ဘော့စ်ချီသည် ကျင်းယွီ၏ အိမ်အား ဆောက်လုပ်ပြီးစီးသွားသောအခါ ကျားဝူ သို့မဟုတ် ယိဝမ်အား အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်ရန်အတွက်သာ တည်ရှိနေသည့် B+ အဆင့် ချီဝေ့သားရဲအား ဖမ်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။ ကျင်းယွီက ထိုကိစ္စကို သဘောကျနိုင်လောက်သည်။ 


ဟုတ်သည်၊ သူ့လက်တွဲဖော်က ထိုလက်ဆောင်ကို သဘောကျပြီး သူ့အား ဖက်တွယ်ကာ သူက မည်မျှကောင်းမွန်ကြောင်းပင် ပျော်ရွှင်စွာ ပြောနေလိမ့်မည်။ ကျင်းယွီဘက်မှ … အရင်စ၍ တစ်ခုခုပင် လုပ်လာနိုင်သေး၏။ ချီချင်းလင်က ထိုအကြောင်းတွေး၍ နှုတ်ခမ်းများက အပြုံးနုနုလေးသဖွယ် ကွေးတက်သွားသည်။ သူက စဉ်းစားတွေးခေါ်တတ်ပြီး ကြင်နာတတ်သည့် လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်သည်မှာ သေချာသည်။


အရှေ့ဆုံးမှ လျှောက်သွားသည့် ကျင်းယွီ ရုတ်ချည်း ကြက်သီးမွေးညှင်းများ ထလာလေသည်။ သူက သံသယဝင်သွားလျက် ချီချင်းလင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် အရှေ့သို့ ပြန်လှည့်သွားသည်။ 


ကျစ်… အခုလေးတင် မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ခံစားမိလိုက်သလိုပဲ… စိတ်ထင်တာနေမှာပါ… စိတ်ထင်တာ…


ကျင်းယွီနှင့် သားရဲများက စားသောက်ဆိုင်ထဲမှ ထွက်သွားကြလေသည်။ သို့သော်လည်း သူတို့ လုံးဝ မသိကြသည်မှာ အန်ကျဲ၏ အကောင်ကြီးကြီးများနှင့် အင်အားကြီးသော ပုဂ္ဂိုလ်များက သူတို့ထံသို့ စားပွဲထိုးမှ ယူဆောင်လာသည့် ကျသင့်ငွေပြေစာကို တွေ့လိုက်ရသောအခါ သူတို့၏ ရန်သူများကိုပင် ဓားနှင့် ခုတ်ပိုင်းပစ်ချင်စိတ်များ ဖြစ်ပေါ်လာခြင်းပင်။ 


သောက်လခွမ်းပဲဟေ့… ဒီအဓိပ္ပါယ်မရှိတဲ့ နံပါတ်အတွဲလိုက်ကြီးက ဘယ်ကမ္ဘာကလဲ… … အရင်က ပုံမှန်ဈေးထက် ၅ဆလောက် ဈေးတင်ထားတာကိုတောင် ငါတို့က လေးစားသမှုနဲ့ ပိုက်ဆံထုတ်ပေးသေးတယ်… ဒါပေမဲ့ အခုကျ အရသာမရှိတဲ့ လူလုပ် ကုတ်တစ်ခွက်ကတောင် ရွှေဒင်္ဂါး ၁၀၀ ကျတယ်… မင်းမေ… ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ… အဲဒီရွှေဒင်္ဂါးနဲ့ဆိုရင် လူလုပ် ကုတ်ကို ဘူးရေထောင်ချီ ဝယ်လို့ရတယ် ဟုတ်ပြီလား… … ဒီထက်ပိုပြီး လိမ်စားနိုင်သေးရဲ့လား… ပြီးတော့ အခုလေးတင် သားရဲတပ်မကြီးကိုကျ လျှော့ဈေးနဲ့ ပေးလိုက်တယ်လေ… သောက်လခွမ်း… ဘက်လိုက်တာကြီးက အရမ်း မပြင်းထန်ဘူးလား… …


သို့သော် ဒေါသထွက်နေကြသော အကောင်ကြီးကြီး စားသုံးသူများနှင့် ရင်ဆိုင်နေရသော်လည်း စားသောက်ဆိုင်ပိုင်ရှင်၏ မျက်လုံးထဲတွင် မလုံမလဲဖြစ်မှု တစွန်းတစပင် မရှိနေပေ။ ပိုင်ရှင်က သူတို့အား မရယ်မပြုံးမျက်နှာဖြင့် သာမန်ကာလျှံကာ ပြောလိုက်၏။ 


“လုပ်နိုင်တယ်ဆိုရင်လည်း သူ့လိုမျိုး သားရဲတစ်အုပ်ကြီး သွားရှာလေ… ခင်ဗျားတို့သာ အဲဒီလို လုပ်နိုင်ရင် ဈေးလျှော့ပေးမှာပေါ့…”


စက္ကန့်ပိုင်းအတွင်းပင် ထိုစကားလုံးများကြောင့် လူများစွာ နှုတ်ပိတ်ခံလိုက်ရသည်။


ချီးပဲ… 

သူတို့ထံတွင် သာလွန်သော စွမ်းအားများ ရှိနေလျှင်ပင် သူတို့ ဆန္ဒရှိသလို သားရဲများနှင့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမျိုး မဟုတ်ပေ။ ထို့အပြင် သားရဲက အဆင့်မြင့်လေလေ၊ ငြင်းဆန်နိုင်မှု မြင့်မားလေလေ ဖြစ်၏။ ထို့ကြောင့် Fအဆင့်သားရဲအား အကောင်ရေ ၁၀၀ ရှာတွေ့ရန် လွယ်ကူသော်လည်း စွမ်းအားကြီးသော Aအဆင့်သားရဲ ၅ ကောင် ရရှိရန် အလွန်အမင်း ခက်ခဲလှ၏။ ထို့ကြောင့် စားသုံးသူများမှာ သူတို့၏ မနာလိုအားကျမှုများကို မျိုသိပ်ကာ ကျသင့်ငွေ ပေးဆောင်လိုက်ပြီး အမူအရာမဲ့သော မျက်နှာများဖြင့် ထွက်သွားကြလေသည်။


မနက်ဖြန်ကျရင် ငါလည်း သားရဲတစ်ကောင်လောက် ရှာမယ်…


***


အဖွဲ့လိုက် နေ့လည်စာစားပြီး ၄ရက်ကြာသောအခါ။


ကျင်းယွီက ရံဖန်ရံခါ သားရဲများနှင့် ဘော့စ်ကြီးကို မျောက်ဝံဆောက်လုပ်ရေးအဖွဲ့၏ အခြေအနေအား ကြည့်ရှုရန်အတွက် ခေါ်သွားတတ်သည်။ ရွှေရောင်မျက်ဝံနှင့် သူ့လက်အောက်ငယ်သားများက အလုပ်လုပ်ရာတွင် မြန်ဆန်ကြပြီး အချိန်အနည်းငယ်ပင် မဖြုန်းတီးကြပေ။ တစ်စုံတစ်ဘော့စ်၏ အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရသောအခါ သူတို့က အလိုအလျောက် အရှိန်တင်လိုက်ကြတော့သည်။ ထို့ကြောင့် ငါးရက်မြောက်သောနေ့တွင်၊ ညအချိန်မှသာ ပြီးစီးရမည့် အိမ်ဆောက်လုပ်ခြင်းက မနက်ပိုင်းတွင် ပြီးစီးသွားခဲ့သည်။ 


အထင်ကြီးဖွယ် ကောင်းမွန်ခမ်းနားလှသော နှစ်ထပ်ဗီလာကြီးကို ကြည့်၍ ကျင်းယွီက မျက်လုံးများမှေးကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။ သူ့ဘေးတွင် ရှိနေသော သားရဲများက ပို၍ စိတ်လှုပ်ရှားနေကြကာ ဆက်တိုက် အော်ဟစ်နေကြသည်။ အချို့သားရဲများက ပီတိမျက်ရည်များပင် ကျလာကာ နဂါးနှင့် ဗီးနစ်ငှက် ရုပ်ပုံများ ထွင်းထုထားသော တိုင်လုံးများကို ဖက်တွယ်၍ အော်ဟစ်နေကြ၏။


 သားရဲများ၏ တုံ့ပြန်ပုံများကြောင့် ကျင်းယွီက ရယ်ချင်နေသော်လည်း သူတို့၏ စိတ်ခံစားချက်များက သူ့ကိုပါ ဖုံးလွှမ်းထား၏။ ထိုပီတိဇောအဟုန်က အိမ်အဆင်သင့် ဖြစ်သွားသောကြောင့် သာမန်ကာလျှံကာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ အခြားအကြောင်းပြချက်မှာ သူတို့ထံတွင် ‘အိမ်’ဟု ခေါ်ဆိုနိုင်သည့် နေရာတစ်နေရာ ပြန်လည်ရရှိလာသောကြောင့် ဖြစ်နိုင်သည်။ အိမ်ကို ဆုံးရှုံးလိုက်ရပြီးနောက် ပြန်လည် ရရှိလာသည့်အခါ ဖြစ်ပေါ်လာသည့် နွေးထွေးမှုနှင့် သောင်းပြောင်းနေသော စိတ်ခံစားချက်များက သူတို့အား ထိုအခြေအနေ ဖြစ်လာစေခဲ့သည်။


ကျင်းယွီက အသက်ပြင်းပြင်း ရှူလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ကျယ်လောင်စွာ ကြေညာလိုက်သည်။


“ဒီနေ့ကစပြီး ဒါက ငါတို့ရဲ့ အိမ်ပဲ… ငါက မင်းတို့ရဲ့ သခင်… မင်းတို့က ဒီတစ်ချက်ကိုပဲ မှတ်ထားရမယ် : ငါ ဒီမှာ ရှိနေသရွေ့ မင်းတို့တွေက ဘယ်တော့မှ စွန့်ပစ်ခံရမှာ မဟုတ်ဘူး… မင်းတို့ ငါ့ဘေးမှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မင်းတို့ ပြန်လာတဲ့အခါ ဒီနေရာက မင်းတို့ရဲ့ အိမ် ဖြစ်နေဦးမှာပဲ…”


ကျင်းယွီ၏ ကြေညာချက်က ပျော်ရွှင်နေသည့်သားရဲများကို ချက်ချင်း တိတ်သွားစေသည်။ သူတို့၏ ကြောင်တောင်တောင်ဖြစ်နေသော အမူအရာက ကျင်းယွီအား ရှုပ်ထွေးသွားစေ၏။ 

ငါ ပြောတာက ရင်ထဲ မထိသွားဘူးလား… ဘာလို့ သူတို့အားလုံးက ဒီလို တုံ့ပြန်နေကြတာလဲ… 


သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုအတွေးများကို သူ့စိတ်ထဲမှ ဆွံ့အစွာဖြင့် ပယ်ဖျက်လိုက်ရတော့သည်။ ပေါင်းဇီမှ ဦးဆောင်၍ အကောင်ရေ ၃၀ကျော်သော သားရဲများအားလုံးက သူ့အပေါ် ခုန်တက်၊ ခုန်အုပ်ကြကာ သူ့အား ပွတ်သပ်၊ ကုတ်ခြစ်၍ လျှာဖြင့် ဝိုင်းလျက်ကြပြီး မြေပြင်ပေါ်တွင် ဖိထားကြသည်။ သူ့မျက်နှာပေါ်တွင် နောင်တမျက်ရည်များ စီးကျလာတော့သည်။


ငါလခွမ်း… ဒါက ‘ပါးစပ်စည်းမစောင့်တာက ပြဿနာအများကြီး ဖြစ်စေလိမ့်မယ်’ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ပဲ… ဘာကိစ္စနဲ့ သားရဲတွေကို သွားပြီး ဒီလို ရင်ထဲထိစေတဲ့ စကားတွေကို ပြောလိုက်ရတာလဲ… … ငါ နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်ရမှာ - အလကားစားသောက်ခြင်းအား ခွင့်မပြု ဆိုပြီးတော့လေ… တကယ်ပါပဲ… အဲဒီစကားသာ ထပ်ပြောလိုက်ရင် အနည်းဆုံးတော့ ငပျင်းတုံးကြီး ပေါင်းဇီက ငါ့အပေါ် ခုန်တက်လာမှာ မဟုတ်ဘူး…


အဆုံးတွင် ကျင်းယွီအား ဘော့စ်ချီချင်းလင်ကသာ ကယ်တင်လိုက်ရလေသည်။ ကြောင်အမှင်သက်နေမိသည့် မိနစ်အနည်းငယ်အတွင်း သူ့လက်တွဲဖော်က သားရဲများစွာ၏ အသားယူခြင်းကို ခံလိုက်ရသည်။ သူ အသိစိတ် ပြန်ဝင်လာချိန်တွင် သူ့အမူအရာက အလွန်အေးစက်နေပေပြီ။ တစ်ချက် စိုက်ကြည့်လိုက်ရုံဖြင့် ပျော်ရွှင်နေသည့်သားရဲများက ချက်ချင်းပင် ကြက်သီးမွေးညှင်းများ ထလာကြသည်။ သူတို့က အစောပိုင်း ကျင်းယွီအပေါ် ခုန်တက်စဉ်ကထက်ပင် ပို၍ မြန်ဆန်စွာ နောက်ဆုတ်လိုက်ကြသည်။


 သားရဲများအားလုံးထဲမှာမှ ပေါင်းဇီ၊ သာ့ပိုင်နှင့် ရှောင်ပိုင်တို့က ထွက်ပြေးရာတွင် အမြန်ဆုံးဖြစ်ကြ၏။ ချီချင်းလင်၏ အကူအညီဖြင့် ထရပ်လိုက်နိုင်သည့် ကျင်းယွီက ရုတ်ချည်း အတွေးတစ်ခု တွေးလိုက်မိသည်။

ကံကောင်းလို့ ဘော့စ်လို လူတစ်ယောက် အနားမှာ ရှိနေတာ… မဟုတ်ရင် ငါက သေချာပေါက် သားရဲတွေ ပွတ်သပ်ကပ်ချွဲရင်း ဖိမိလို့ သေရတဲ့ ပထမဆုံးလူ ဖြစ်လာမှာ…


“ရေ…”


ချီချင်းလင်က အားပင် မစိုက်ထုတ်ရဘဲ ကျင်းယွီထရပ်နိုင်ရန် လက်ကမ်းပြီးနောက် ခေါင်းမော့ကာ မျက်လုံးပြာယုန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိတ်လန့်သွားသော မျက်လုံးပြာယုန်က ချက်ချင်းပင် သူ့ခန္ဓာကိုယ်အတိုင်းအတာထိ ရှည်လျားသော နားရွက်များကို ထောင်လိုက်သည်။ ချက်ချင်းပင် ကျင်းယွီက ကောင်းကင်ပေါ်မှ ကျလာသော ရေများကြောင့် ခေါင်းအစ၊ ခြေအဆုံး စိုရွှဲသွားသည်။ သူက အသိစိတ် ပြန်ဝင်လာပြီးနောက် တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်သွား၏။ သူ အော်ဟစ်တော့မည့် အချိန်မှာပင် ချီချင်းလင်၏ ဆွဲဖက်မှုကို ခံလိုက်ရသည်။ သူ့နောက်ကျောမှ နွေးထွေးမှုများနှင့် နှလုံးခုန်သံများကို ခံစားမိလိုက်ပြီး သူ့ရင်ထဲမှ ဒေါသမီးကို ငြိမ်းသက်သွားကာ နှုတ်ခမ်းများကို တွန့်ချိုးသွားစေသည်။ သူက ဘော့စ်ချီအား တံတောင်ဖြင့် လှမ်းတွန်းလိုက်သည်။


“လျှောက်ထိနေတာ ရပ်တော့…”


ချီချင်းလင်က ကျင်းယွီ၏ တံတောင်တိုက်ကွက်နှင့် ယဉ်ကျေးမှု မရှိသော စကားကို လျစ်လျူရှုကာ ကျင်းယွီ၏ ပုခုံးပေါ်သို့ မေးတင်လျက် တိုးလျကာ ကုစားနိုင်သည့် အသံဖြင့် တီးတိုးပြောလိုက်သည်။ 

“ဒါက ကိုယ်တို့ရဲ့ အိမ်ပဲ… ဟုတ်တယ်မလား…”


ထိုသို့ ကြားပြီးနောက် ကျင်းယွီ၏ မျက်နှာက နီရဲသွား၏။ သူက ကပျာကယာဖြင့် တစ်ဖက်လှည့်လိုက်သည်။

“မဟုတ်ပါဘူး… ဒီမှာ အလကားစားသောက်ခွင့် မရှိဘူး…”


ချီချင်းလင်၏ နှုတ်ခမ်းများက ကွေးတက်သွားသည်။ 


“စိတ်မပူပါနဲ့…. ကိုယ်က သေချာပေါက် အိမ်အတွင်းရော၊ အပြင်မှာပါ ထူးချွန်နေစေရမယ်နော်…”


နောက်ပြီးတော့လည်း ကိုယ့်ရဲ့ ခန္ဓာကိုယ်ကအစ၊ နှလုံးသားအထိပါ ထူးချွန်နေပြီးသား…




🐾🐾