Chapter 15
Viewers 2k

🧶 Chapter 15

မင်းရောပဲ 



ရာသီဥတုက တစ်ညလုံးချမ်းအေးနေစေခဲ့၏။

Gမြို့ခံတစ်ဦးအနေဖြင့် အေးစက်သည့်လေကြောင့် နိုးသွားပြီး ဖုန်းကိုကောက်ယူလျက် အချိန်ကိုစစ်ကြည့်ရာ ၇နာရီ၂၄မိနစ်ကို ပြနေ၏။ သူက သမ်းဝေလိုက်ပြီးနောက်  ရင်းနှီးကျွမ်းဝင်နေသည့်အတိုင်း အိပ်ရာမှထကာ ဖိနပ်ပါးကိုစီးလျက် စတိုခန်းထံသွားလိုက်သည်။ ထိုနေရာမှ သူနွေရာသီတစ်လျှောက်လုံး နေလှန်းထားသော ဂွမ်းစောင်တစ်ထည်ကို ထုတ်ယူလိုက်သည်။ 


အအိပ်လွန်သွား၍ သူ၏ခန္ဓာကိုယ်မှာ လေးလံနေပြီး ခက်ခက်ခဲခဲလှုပ်ရှားနေရသည်။ သူ တဖြည်းဖြည်းချင်း ပြန်လျှောက်လာစဉ်တွင် အပြင်ဘက်မှ သော့တချွင်ချွင်မြည်သံက သူ့အာရုံကို ဖမ်းစားလိုက်သည်။ မကြာမီတွင် တံခါးနောက်ဘက်၌ လိထျင်း၏မျက်နှာ ပေါ်လာသည်။ 


သူတို့နှစ်ဦးစလုံး လန့်သွားကြသည်။ ရွှီကျိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 

"မင်းဘာလို့ ပြန်လာ..." 


လိထျင်းက နှာချေလိုက်ပြီး တံခါးကိုလက်ဖြင့် နောက်ပြန်ပိတ်လိုက်သည်။

ရွှီကျိ: “…”


လိထျင်းကလည်း ခရီးဆောင်အိတ်တစ်လုံးကို နောက်ပြန်ဆွဲလာပြီး ပြောလိုက်သည်။ 

"ဘာလို့ ရုတ်တရက် ဒီလောက် အေးသွားရတာလဲ…"  


ရွှီကျိက ခံစားချက်ကင်းမဲ့စွာပင် ထပ်မေးလိုက်ပါ၏။

"မင်း ဘာလို့ ပြန်လာတာလဲ…" 


"အမ်…" 

လိထျင်းက ပြောလိုက်သည်။

"ကုမ္ပဏီကိစ္စတွေက အားလုံးပြီးလုနီးပါးဖြစ်သွားပြီလေ S မြို့မှာ ဆက်နေစရာ မလိုတော့ဘူး…" 


ရွှီကျိက ပြောလာသည်။

"ငါဆိုလိုတာက မင်းဘာလို့ဒီကို ပြန်လာတာလဲ…" 


လိထျင်းက အနည်းငယ်ရှုပ်ထွေးသွားသည်။

"ဒီကိုမလာရင် တခြားဘယ်ကိုသွားရမှာလဲ…" 


ရွှီကျိမှာ မနက်ပိုင်းအချိန်တို့တွင် စိတ်ဆတ်တတ်၏။အထူးသဖြင့် သူအိပ်ရာမှနိုးလာသည်နှင့် လူတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသောအခါမျိုးတို့၌ပင်။ သူက ဧည့်ခန်းအလယ်တွင်ရပ်၍ ဒေါသပေါက်ကွဲထွက်မလာစေရန်  ဖိနှိပ်ထားလိုက်ရသည်။

"အရင်အပတ်က ကျန်တဲ့ငါးရက်မှာ မင်းဘယ်ကိုသွားနေတာလဲ အဲဒီကိုပြန်သွား…" 


"ကျွန်တော် သူများအိမ်မှာ တစ်ညကို ယွမ်နှစ်ရာပေးပြီးနေခဲ့တာ…" 

လိထျင်းက မကျေနပ်သည့် လေသံဖြင့် ပြောလာသည်။

"ကျွန်တော့်မှာ အိမ်မရှိဘူး…" 


ရွှီကျိက ပြန်မေးလိုက်သည်။

"မင်းမှာ ပိုက်ဆံမရှိဘူးလား…" 


"ရှိတယ်လေ ဒါပေမဲ့ အားလုံးကို ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတာ…" 

လိထျင်းက ရှင်းပြသည်။

"ပြီးတော့ ဒီကအိမ်ဈေးတွေကအရမ်းကြီးတယ် ကျွန်တော် ဆယ်နှစ်လောက် ထပ်ကြိုးစားမှ ဝယ်နိုင်မှာ…" 


ရွှီကျိမှာ ပြောစရာစကားမဲ့သွားခဲ့သည်။ ဤမြို့ရှိ အိမ်ဈေးများမှာ တကယ့်ကို နာမည်ကျော်လောက်အောင် မြင့်မားသည်၊၊ ထို့နောက် လိထျင်းတွင် အိမ်ရှိနေလျှင်ပင် ရွှီကျိက သူပြန်လာသည်ကို တားဆီးပိုင်ခွင့်မရှိပေ။ 


အဆုံးတွင်မူ လိထျင်းက သူ၏တရားဝင်ဇနီး ပင်။ 


ရွှီကျိက ဘာမှမပြောဘဲ စောင်ကိုယူပြီး သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သို့သော်လည်း သူပြန်မအိပ်နိုင်တော့ပေ။ ထိုအစား သူ၏ခရီးဆောင်အိတ်ကို ပြန်ထုတ်ပြီး ပြန်ယူလာခဲ့သော ပစ္စည်းများကို ထုပ်ပိုးတော့သည်။ 


သူက အနည်းငယ် စိတ်တိုနေသည်။ လိထျင်းကို စိတ်တိုခြင်းမဟုတ်‌ပေ။ လိထျင်းကို မမေးမမြန်းဘဲ အရာရာကို ကောက်ချက်ချပစ်သည့် သူ့ကိုယ်သူ စိတ်တိုနေခြင်းသာ ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက အရာအားလုံးကို ရှုပ်ထွေးစေခဲ့ပြီး ထွက်သွားလိုက် ပြန်လာလိုက် လုပ်နေရ၏။ 


ထို့အပြင် ဟန်ကျင်းနှင့် နှိုင်းယှဉ်ရလျှင် ဤနေရာက ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကာ သက်တောင့်သက်သာရှိသဖြင့် ဤနေရာတွင် နေထိုင်ရသည်ကို သူ ပိုသဘောကျသည်။ 


ခရီးဆောင်အိတ်တစ်လုံးတည်းက မလုံလောက်ပေ။ ရွှီကျိက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်နှာသစ်ကာ အဝတ်အစားလဲလိုက်သည်။ 


လိထျင်းက အခန်းထဲရှိ အရက်ပုလင်းဗီရိုငယ်လေးကို ကြည့်နေရင်း ယွမ်သောင်းချီတန်သော ပုလင်းက အဘယ်ကြောင့် ပြုတ်ကျသွားရသည်ကို စဉ်းစားနေမိသည်။ ထိုနေ့က အိမ်နီးချင်း G မြို့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားပုံရသည်။ ထို့နောက် သူ၏မျက်လုံးထောင့်မှ ရွှီကျိ ခရီးဆောင်အိတ်ကိုဆွဲကာ ထွက်သွားသည်ကို လှမ်းမြင်လိုက်သည်။ 


လိထျင်းက သူ့နောက်သို့ လိုက်သွားပြီး မေးလိုက်သည်။

"အခုထွက်သွားတော့မလို့လား…"


ရွှီကျိက ကိုယ်ကိုအနည်းငယ်ကုန်းညွှတ်ကာ ဖိနပ်စီးလိုက်ပြီးပြန်ဖြေသည်။

“အင်း...” 


"ကျွန်တော့်ကြောင့်လား…" 


ရွှီကျိ :"အင်း…" 


လိထျင်းက ဘေးတွင် တိတ်ဆိတ်စွာရပ်နေခဲ့သည်။ သူက ရွှီကျိ တံခါးဖွင့်သည်အထိ စောင့်ပြီးမှ မေးလာသည်၊၊ 


"ကျွန်တော့်အတွက်တော့ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးဘဲနေတာက အကောင်းဆုံးဆိုပေမဲ့ ကျွန်တော်တကယ်သိချင်တာကလေ ခင်ဗျားဘာလို့ ကျွန်တော့်ကို ဒီလောက်မုန်းနေရတာလဲ…" 


အဆုံးတွင် ယင်းက သူ၏မာနကို ထိပါးလာ၏။ သူ့စိတ်ထဲမှဆန်းစစ်ကြည့်မိချိန်တွင် လိထျင်းမှာ တစ်စုံတစ်ဦးထံမှ ထိုမျှအထိ အလွန်အကျူးအမုန်းမခံရဖူးပေ။


ရွှီကျိက ရပ်လိုက်ပြီး ခဏအကြာတွင် ထုတ်ပြောလာ၏။

"ငါမင်းကို မမုန်းတော့ပါဘူး…" 


ဤသည်မှာ အမှန်တရားပင်။ အတိအကျပြောရလျှင် လိထျင်းက လိကုမ္ပဏီကိုဝယ်ယူပြီး မိသားစုကို သူကိုယ်တိုင် ဖျက်ဆီးဖို့ရန် စီစဉ်နေကြောင်း သိရှိလိုက်ပြီးနောက် အစပိုင်း၌ သူ့တွင်စုပုံနေခဲ့သည့် အမျိုးမျိုးသောရွံရှာမှုများမှာ  ပျောက်ကွယ်သွားခဲ့၏။ လိထျင်း၏ ထိုအပြုအမူမှာ ရွှီကျိသဘောကျသည့်အရာပင်။ လိထျင်းနေရာတွင် သူသာဖြစ်နေလျှင်လည်း တစ်ထပ်တည်းလုပ်မိမည်သာ။ 


လူတစ်ဦး၏ အကျင့်စရိုက်တန်ဖိုးက သူနှင့်လုံးလုံးဆန့်ကျင်ဘက်ဖြစ်မနေသရွေ့  ရွှီကျိအနေဖြင့် ထိုသူအပေါ် အဆိုးမြင်လိမ့်မည်မဟုတ်ပေ။ အဆုံးတွင် လိထျင်းနှင့်သူ့ကြားတွင် ဆက်ဆံရေးတစ်ခုပင် မရှိသလို သူ့အတွက်အရေးပါသူလည်း မဟုတ်ချေ။ လိထျင်းက မည်သို့သောလူမျိုးပင်ဖြစ်ပါစေ သူနှင့်မဆိုင်ပေ။ သူ့ကိုအနှောင့်အယှက်မပေးသရွေ့ အဆင်ပြေ၏။ 


“ဒါဆို ကျွန်တော့်ကိုတွေ့တာနဲ့ပဲ ဘာလို့ထွက်သွားရတာလဲ” 

လိထျင်းက မေးလိုက်သည်။ 


“ငါက တခြားလူတွေနဲ့ အတူမနေဘူး သီးသန့်နေချင်ရုံပဲ…” 

ရွှီကျိက ဆို၏။ 


လိထျင်းက တစ်စုံတစ်ယောက်အား သူ၏ကိုယ်ပိုက်အိမ်မှ ထွက်သွားရအောင် လုပ်မိသည်ကိုသိသွားချိန်၌ လျှာတောက်လိုက်မိလေသည်။

“ဒါဆို ကျွန်တော်ပဲ ထွက်သွားပြီး အငှားအိမ်ရှာလိုက်ရင်ရော…” 


“ရတယ်မလိုဘူး…” 

ရွှီကျိက ထူးမခြားနားပင်ဆိုလာသည်။ 


ထို့ကြောင့် လိထျင်းသည်လည်း ပါးစပ်ပိတ်နေလိုက်ကာ ရွှီကျိအား ထွက်သွားခွင့်ပေးလိုက်၏။ ထို့နောက်တွင် နှစ်ဦးသားက ထပ်မံ၍ အဆက်အဆံမရှိကြပြန်တော့ပေ။ 


နှစ်သစ်ကူးချိန်က နီးလာပြီဖြစ်သည်။ နှစ်ကူးအထူးအစီအစဥ်များစွာရှိလေရာ ရွှီကျိမှာ သေလောက်အောင် အလုပ်များတော့၏။ အတိအကျပြောရလျှင် နေ့စဥ်နေ့တိုင်း အလုပ်ပြီးသည်နှင့် သူ့အိမ်ကို တစ်နာရီခွဲကြာအောင် ကားမောင်းကာ ပြန်နေရလေသည်။ သူက အလုပ်ခန်းထဲ၌ အိပ်ရာဝယ်ကာသာ သွင်းထားလိုက်ချင်သော်ငြား စတူဒီယိုက အေးလွန်း၏။


Gမြို့ရှိအပူချိန်မှာ မနိမ့်ဘဲ အရိုးထိခိုက်အောင် စိုစွတ်ကာအေး၏။ 


တစ်နှစ်ပတ်လုံး နှင်းထဲတွင် လူးလှိမ့်ထားခြင်းကြောင့် ရွှီကျိမှာ G မြို့ရှိ လူအများစုထက် အအေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည်။ ယနေ့တွင် သူက အနက်ရောင် ကက်ရှ်မီးယားဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ လည်ပင်းနေရာအများစုမှာ ပေါ်နေခဲ့ရာ ညှပ်ရိုးသဏ္ဌာန်ကို ခပ်ရေးရေး မြင်နေရသည်။ 


ချူချီက အဖွားကြီးစတိုင် ဆောင်းအင်္ကျီအကြီးကြီး ဝတ်ဆင်ကာ အလုပ်တက်လာသည်။ သူက ရွှီကျိကို တွေ့သည်နှင့် ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ဘောင်းဘီကို ဆွဲကာပြောလာသည်။ 

"မင်း အသားကပ်ဘောင်းဘီရှည် မဝတ်ပြန်ဘူးလား မင်း ဒီအတိုင်း ဆက်လုပ်နေရင် မကြာခင် ဒုက္ခရောက်လိမ့်မယ်…" 


သူက ရွှီကျိ၏ အေးစက်နေသော လည်ပင်းကိုပါ ထိလိုက်ပြီး  ပြောသည်။

"မင်းကတော့လေ ပဝါတောင် မပတ်ထားဘူး မင်းသွေးတွေ မခဲသေးဘူးလား…" 


စတူဒီယိုမှာ ကျယ်ဝန်းပြီး လေဝင်လေထွက်ကောင်းသည်။ အေးစိမ့်သောလေများ ဝင်ရောက်လာသည်နှင့်အမျှ အပြင်ကထက် အမှန်တကယ်ပင် ပို၍အေးနေသည်။ ရွှီကျိက အအေးဒဏ်ကြောင့် တုန်ရီမနေသော်လည်း ချူချီ၏ ထိတွေ့မှုက သူ့ကို အနည်းငယ် တုန်ယင်သွားစေသည်။ 


"ဒီနေ့က ခြောက်ဒီဂရီပဲ ရှိတာ သိပ်မဆိုးပါဘူး…" 


အနုပညာရှင် ရောက်မလာသေးသဖြင့် လက်ရှိတွင် ရှိနေကြသူတိုင်းက ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စများကို လုပ်ရင်း  စိတ်အပန်းဖြေနေခဲ့ကြသည်။ 


ချူချီက ရွှီကျိ၏ နားနားသို့ တိုးတိုးကပ်၍ ပြောလာသည်။

"အမ်း... သူဌေး တို့တွေ တစ်ခုလောက် ဆွေးနွေးလို့ရမလား…" 


ရွှီကျိက ဇာတ်ညွှန်းကို ပိုကောင်းအောင် ပြုပြင်နေဆဲဖြစ်ပြီး သူ့ခေါင်းကိုပင် မော့မကြည့်ဘဲ "ဘာလဲ" ဟု မေးလိုက်သည်။ 


ချူချီတွင် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသည်။ 

"ဒီလိုရယ် ဒီနေ့ အလုပ်ဆင်းပြီးရင်... ညကျရင်လေ... မနက်ဖြန်က စနေနေ့ဆိုတော့လေ ဟဲဟဲ အဲဒါကြောင့် အမ်... မင်းငါနဲ့ ကလပ်ကို လိုက်ခဲ့ပေးလို့ရလား…" 


ရွှီကျိက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

“မလိုက်ဘူး...” 


ကောင်းပြီ ဒါက ငါမျှော်လင့်ထားတဲ့ အဖြေပဲ…


ချူချီက တတွတ်တွတ်ဆိုလာ၏။ 

"ဒါတွေ အကုန်လုံး ငါ့အမှားပါ မနေ့က အရမ်းသောက်တာများသွားပြီး ကောင်လေးတစ်ယောက်ကို သောက်ရမ်းချောတဲ့ အထက်ပုဂ္ဂိုလ်ကို ငါသိတယ်လို့ ပြောမိသွားတယ်… သူလိုက်နေတဲ့ကောင်လေးထက်တောင် ပိုချောတယ်ဆိုပြီးပြောလိုက်တာ… အဲ့ကောင်လေးက မယုံဘူးလေ ပြီးတော့ ငါ့တို့ ရန်ဖြစ်အငြင်းပွားကြပါလေရော… ငါလည်းဒေါသထွက်ပြီး လိမ်ရင် ခွေးပဲကွာလို့ ပြောလိုက်တာ ပြီးတော့ မနက်ဖြန် အဲဒီကောင်လေးကို လာပြမယ်လို့လည်း ကတိပေးလိုက်သေးတယ်…" 


ရွှီကျိက သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်လာသည်။ 


ချူချီက သူ၏ လက်ဖဝါးနှစ်ဖက်ကို ခေါင်းပေါ်တွင် ပူးလျက် လက်အုပ်ချီကာ တောင်းပန်လာသည်။ 

"ဘော့စ်ရေ ငါ တောင်းပန်ပါတယ် ဒါက ဂုဏ်သိက္ခာနဲ့ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ ငါလေ သိက္ခာတော့မကျချင်ဘူး ဝူးဝူး…" 


ရွှီကျိ: "..." 


ချူချီ:  "မင်းကိုသာ အဲဒီကို ခေါ်မသွားနိုင်ရင် အခုချက်ချင်း ဒီကမ္ဘာကြီးက ထွက်သွားလိုက်တာပဲ ပိုကောင်းတယ်…" 


ရွှီကျိအနေဖြင့် အမျိုးသားများအတွက် ဂုဏ်သိက္ခာထက် ပိုအရေးကြီးသည့် အရာမရှိကြောင်း နားလည်ထားသည်။ သူတို့၏ လိင်စိတ်တိမ်းညွတ်မှုက မည်သို့ပင်ရှိစေကာမူ အမျိုးသားများကသူတို့၏ ဂုဏ်သိက္ခာကို သူတို့၏အသက်ထက် ပိုမိုတန်ဖိုးထားသည့် သတ္တဝါများ ဖြစ်ကြသည်။ 


ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာသည်။ ချူချီက ဝမ်းမြောက်ဝမ်းသာဖြင့်ပင် ရွှီကျိအားပြောလာ၏။ 

"ဟုတ်တယ် အဲဒီလို အဲဒါပဲ အဲဒီအေးစက်စက် မျက်နှာထားကို ထိန်းထားပေး သောက်ရမ်းချောတာပဲ…" 


ရွှီကျိ ကလပ်သို့ မသွားသည်မှာ အတော်ကြာပြီဖြစ်၍ သူက သက်ပြင်းချကာပြောလိုက်သည်။

"အနည်းဆုံးတော့ မင်းပြောနေတဲ့လူက  နာမည်ကြီးလေ  ငါ့ကို ခေါ်သွားရလို့ ပိုအရှက်မရနိုင်တာ သေချာလို့လား…" 


"ငါ့ဖင်ကြီးကိုပဲ အရှက်ရ…" 

ချူချီ၏ လက်သည်းနီအသစ်မှာ နီယွန်မီးရောင်အောက်တွင် ပိုမိုတောက်ပနေခဲ့သည်။

"အဲဒီလူ့အကြောင်းကို ငါတစ်ခါမှ မကြားဖူးဘူး သူက တကယ်ကိုနာမည်ကြီးမနေပါဘူးနော်… ပြီးတော့ ပုကလည်းပုသေး ရို့ရို့ဆိုပြီး ရက်ပ်လေးနည်းနည်းရွတ် လက်ဟန်အမူအရာလေးတွေလုပ်ရုံနဲ့ သူ့ကိုယ်သူ နာမည်ကြီးကြယ်ပွင့်လို့ ခေါ်နေတာ တကယ့် ကြယ်ပွင့်တွေက အဲဒါကို သဘောရောတူရဲ့လားပဲ သူက တကယ့်ကိုအတုအယောင်ကောင်ရယ်…" 


ရွှီကျိမှာ ရွေးချယ်စရာမရှိတော့ဘဲ ချူချီနောက်သို့ ခေါင်းမော့ကာ လိုက်ဝင်သွားခဲ့ရသည်။ 


ညနေ ရှစ်နာရီ သို့မဟုတ် ကိုးနာရီဝန်းကျင်မှာ လူအစည်ကားဆုံး အချိန်အခါ ဖြစ်သည်။ ကလပ်မှာ အပြင်မှ ကြည့်လျှင်သေးငယ်သလိုဟု ထင်ရသော်လည်း ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖြတ်လျှောက်လိုက်သည်နှင့် နားထူပူသွားလောက်အောင် ဆူညံလှသည့် ဂီတသံများ ရုတ်တရက် ပွင့်အံထွက်ပေါ်လာတော့သည်။ 


ဘားကောင်တာမှာ အရှေ့မျက်နှာစာတွင် တည်ရှိပြီး ချူချီနှင့် ရွှီကျိတို့ သီးသန့်ခန်း၊ယာယီခန်းများထံသွားလိုလျှင် လစ်လပ်နေသည့် နေရာလွတ်အနည်းငယ်ကို ဖြတ်သန်းသွားပေမည်။ ဆိုလိုသည်မှာ ရွှီကျိ ပေါ်ထွက်လာသည်နှင့် သူ့ကို မြင်တွေ့သွားသည့် မျက်လုံးအားလုံးက ချက်ချင်းဆိုသလို သူ့ထံ အာရုံစူးစိုက်လာကြခြင်းပင်။ 


ရွှီကျိမှာ ထိုကဲ့သို့ ပူပြင်းတောက်လောင်နေသည့် အကြည့်များကို ကျင့်သားရနေပြီဖြစ်၏။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုခြင်းအလျဥ်းမရှိပါဘဲ ချူချီနောက်မှ တည်ငြိမ်စွာပင် သီးသန့်အခန်းထဲသို့ လိုက်ပါဝင်ရောက်သွားသည်။ 


“ဟေး ချူချီ လူက ဘယ်မှာလဲ... မင်း မဟုတ်မှ…”

ရွှီကျိကို မြင်လိုက်သည့်အခါ ထိုအသံပိုင်ရှင်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ 


ရွှီကျိမှာ မူလကတည်းက အေးဆေးတည်ငြိမ်သူဖြစ်သော်ငြား ချူချီကို ကူညီရန်အတွက် ပို၍ပင် ခံ့ညားအေးဆေးဟန်ဆောင်ကာ “ဟယ်လို” ဟူ၍ နှုတ်ဆက်လိုက်လေ၏။ 


ထိုလူက အံ့အားသင့်သွားလျက် မနေနိုင်ဘဲ “သောက်ကျိုးနည်း” ဟူ၍ အာမေဍိတ်သံပြုလာသည်။ 


ဤကလပ်၏ ဖွဲ့စည်းပုံမှာ ပတ်လည်တွင် သီးသန့်အခန်းများ ဝန်းရံထားကာ အလယ်တွင် စားပွဲဝိုင်းများနှင့် စင်မြင့်တစ်ခု ပါရှိပြီး လေးထောင့်ကျလုနီးပါး ဖြစ်နေသည်။ သီးသန့်အခန်းများမှာ အပြင်ဘက်သို့ အပြည့်အဝ ဖွင့်ဟထားသဖြင့် အပြင်ဘက်ရှိ မြင်ကွင်းအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သည်။ 


ရွှီကျိက အစွန်ဆုံးနားတွင် ထိုင်နေစဉ် အစောပိုင်းက ချူချီ နှင့် လောင်းကြေးထပ်ခဲ့သူမှာ လက်ထဲတွင် အရက်ခွက်တစ်ခွက်ကို ကိုင်လျက် ချဉ်းကပ်လာ၏။ ထိုသူက ဆိုလာသည်။ 

“ကိုလူချော အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်… မင်းက တကယ်ကို ရုပ်ဖြောင့်တာပဲ ငါတို့ သူငယ်ချင်းလုပ်လို့ရလား…” 


ချူချီနှင့်ပတ်သက်၍ဆိုရလျှင် အခြေခံအားဖြင့် သူနှင့်အတူ ပါလာသူများမှာ သူတို့ကိုယ်သူတို့ တစ်ကိုယ်တည်းသမားများဟု ယူဆထားကြသည်။ ထိုသို့မဟုတ်လျှင် ပျင်းစရာကောင်းလွန်းလှ၏။ အမှန်တကယ်တွင် ရွှီကျိကိုလည်း သူ၏ အိမ်ထောင်စုစာရင်းတွင် ဇနီးတစ်ဦးရှိနေသည်မှလွဲ၍ တစ်ယောက်တည်းသမားဟု သတ်မှတ်နိုင်သည်။ 


ရွှီကျိက ချူချီကို စိတ်အနှောင့်အယှက်မဖြစ်စေချင်သဖြင့်  ယဉ်ကျေးစွာပင် ငြင်းဆန်လိုက်သည်။ 

“တောင်းပန်ပါတယ် ငါ့ဖုန်းနံပါတ်ကို ပေးလို့မဖြစ်လို့ပါ…” 


ရုတ်တရက် မီးများ ပို၍ မှိန်သွားပြီး MC တစ်ဦးက မိုက်ကိုင်လျက် စင်ပေါ်သို့တက်လာကာ ပရိသတ်ကို ဆွဲဆောင်၏။ 


တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့်အမျှ လေဆာမီးလုံးများစွာလည်ပတ်လာပြီး လူတိုင်း၏မျက်နှာထက်သို့ ရောင်စုံအလင်းများ ကျရောက်သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် လူအုပ်ထဲ၌ ရင်းနှီးသော ပုံရိပ်တစ်ခုကို ရွှီကျိ ဖြတ်ခနဲ မြင်လိုက်ရသည်။ 


သူက ကော့တေးတစ်ခွက်မှာပြီး ဖြည်းဖြည်းချင်း သောက်နေရင်း အပြင်ဘက်မှ လူတစ်ဦးချင်းစီ၏ မျက်နှာများကို တစ်ချက်ချင်း လိုက်ကြည့်နေသည်။ 


“ဟေး လူချောလေး ဒီလိုသောက်လို့ မရဘူးလေ…”

အကြည့်ကို ရုပ်သိမ်းလိုက်သည့်အခါ စကားပြောရန် နောက်ထပ်ချဉ်းကပ်လာသူတစ်ဦးကို ရွှီကျိတွေ့လိုက်ရသည်။ ထိုသူက ပြုံးရယ်ကာပင် ဆက်ပြောလာသည်။ 

“တစ်ကျိုက်တည်း မော့ချလိုက်…” 



🧶🧶🧶