Chapter 42
Viewers 3k

ထိုင်ခုံနေရာ



"အာ၊ ငါတို့တွေ ခုံထပ်ပြောင်းရဦးမှာပဲ"



ကျိရှူမော့က လက်ထဲမှ စာအုပ်ဖြင့် စားပွဲကိုရိုက်လိုက်ကာ တဖက်လှည့်ပြီး ရိချန်းလျန်ထံ ပြဇာတ်ဆန်ဆန် လက်လှမ်းကာ 



"အစ်ကိုရိ၊ငါ မင်းကို ထားမသွားနိုင်ဘူး!"



ရိချန်းလျန်ကတော့ သူ၏ မြည်တမ်းနေခြင်းကို အေးစက်စက် လျစ်လျူရှုကာ ရေသောက်ရန်ခွက်ကိုကောက်ကိုင်လိုက်သည်။



သူ့အစ်ကိုကြီး၏ နှလုံးသားကမာကြောလွန်းသည်ကို ကြည့်ပြီး ကျိရှူမော့မှာ ယွင်ဖန်းဘက်ကို လှည့်သွား၏။



"စာနတ်ဘုရားရေ!"



ယွင်ဖန်းက ခေါင်းငုံ့ကာ စာမေးပွဲစာရွက်တွင် စာရေးနေတာဖြစ်သည်။ သူက ခေါင်းပင်မော့မလာဘဲ ပြော၏။



"ခုံပြောင်းထိုင်ရတာက သာမာန်ပါပဲ"



ကျိရှူမော့က ဝမ်းနည်းချင်ယောင်ဆောင်ကာဖြင့်



"အစ်ကိုရိ၊ သူ့ကိုကြည့်ဦး! စာနတ်ဘုရား …….မင်း အစ်ကိုရိကို စွန့်ပစ်ရမှာကို သည်းခံနိုင်တယ်ပေါ့! မင်းတို့နှစ်ယောက်က အမြဲတမ်း ခွဲလို့မရခဲ့ဘူးလေ!"



စာရေးနေသည့် ယွင်ဖန်း၏ လက်က အနည်းငယ် တန့်သွားကာ ရိချန်းလျန်ကမူ ကျိရှူမော့၏ခေါင်းကို ရိုက်လိုက်၏။



"လစ်တော့၊ ဒီမှာ လာအူမနေနဲ့။ ဘောလုံး သွားကစားကြမယ်!"



"အယ်? အစ်ကိုရိ၊ မင်းလည်း သွားမှာလား?"



ကျိရှူမိုကမေးသည်။



"ဟုတ်တယ်"



ရိချန်းလျန်က သူ့အနွေးဂျာကင်ကို ချွတ်လိုက်ကာ



"မြန်မြန်လာ စကားကို လျှော့ပြော!"



"သောက်ကျိုးနည်း ၊ ငါ့ရဲ့ အစ်ကိုရိနောက်ဆုံးတော့ မေးခွန်းပင်လယ်ထဲကနေ ပြန်ရောက်လာနိုင်ခဲ့ပြီပဲ!"



ကျိရှုမော့က တက်ကြွသွားကာ သူ့အသင်းဖော်များကိုနှိုးဆော်လိုက်၏။



"သွားရအောင်၊ အစ်ကိုရိက ဘောလုံး ကစားမှာတဲ့။ ကစားကွင်းဆီ ဦးတည်ရအောင်ဟေ့!"



လူတစ်စု ဆူညံဆူညံဖြင့် စာသင်ခန်းထဲမှ ထွက်သွားလေကာ အတန်းတစ်ခုလုံးက ရုတ်တရက်ကြီး ငြိမ်ကျသွားလေသည်။



"ရိချန်းလျန် ဘောလုံးကစားမလို့တဲ့"



ကောင်မလေးတစ်ယောက်က သူ့အချစ်ဆုံးသူငယ်ချင်း၏ အင်္ကျီလက်ကို တိတ်တိတ်လေး တို့လိုက်၏။



"သွားကြည့်ရအောင်"



"ရေအရင်သွားဝယ်ကြမယ်၊ ဟီးဟီး"



သူငယ်ချင်းနှစ်ယောက်က တစ်ခစ်ခစ်ရယ်ကြလေသည်။



မိန်းကလေးနှစ်ယောက်က ယွင်ဖန်း၏ ရှေ့ မျက်စောင်းထိုးလောက်တွင် ထိုင်ကြတာဖြစ်ရာ နှစ်ယောက်သား၏ စကားသံများကို အတိုင်းသား ကြားနေရ၏။ သူက ခေါင်းငုံ့ကာ မေးခွန်းများကိုသာ ဆက်လုပ်နေလိုက်သည်။



သို့ငြား မေးခွန်းနှစ်ခု မှားသွားပြီးနောက်မှာတော့ ယွင်ဖန်းက အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရပြီး ဘောပင်ကို ချလိုက်တော့သည်။



"ထိုင်ခုံဇယားထွက်လာပြီ!"



အတန်းကိုယ်စားလှယ်က ‌အရှေ့တံခါးမှ ပြေးဝင်လာ၏။



"မြန်မြန်၊ မြန်မြန်၊ မြန်မြန်၊ သူငယ်ချင်းတို့ရွှေ့ကြတော့၊ လောင်ဖုန်းက အတန်းမစခင် ခုံနေရာတွေ အရင်ပြောထားဖို့ အမိန့်ပေးလိုက်တယ်!"



"ဟေး၊ လူတစ်ဖွဲ့က ဘောလုံးသွားကစားကြတယ်"



တစ်ယောက်ယောက်က အော်လာ၏။



"သူတို့ကိုအရင် ကူရွှေ့ပေးလိုက်၊ ငါ သူတို့ကို သွားခေါ်လိုက်မယ်"



အတန်းကိုယ်စားလှယ်က ထိုင်ခုံဇယားအား စင်မြင့်ထက်တွင် ကပ်ထားခဲ့ကာ ကစားကွင်းဆီသို့ ပျာယာခတ်စွာ ထွက်သွားလေ၏။



ယွင်ဖန်းက ထိုင်ခုံဇယားကို သွားကြည့်လိုက်သည်။ သူက လေးတန်းမြောက် အလယ်ပိုင်းကို ရွှေ့ရမှာဖြစ်ကာ ဘေးနှစ်ဖက်လုံးတွင်တော့ မရင်းနှီးသည့် နာမည်နှစ်ခုပါပင်။ ရိချန်းလျန်....ကတော့ သူ့မူလနေရာမှာသာဖြစ်ကာ ပြောင်းလာမည့် ထိုင်ခုံဖော်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်သည်။



"ယွင်ဖန်း၊ မင်း အကူညီလိုသေးလား?"



မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်က မေးလာ၏။



ယွင်ဖန်းက ထိုသူကို သိပ်မသိပေ။



“ကျေးဇူးတင်ပေမဲ့ ငါ့ဘာသာလုပ်နိုင်ပါတယ်”



ကောင်လေးက သဘောထားကြီးစွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်လာ၏။



"ငါ့နာမည်က ချင်ကျွင်းပါ၊ မင်းရဲ့ ထိုင်ခုံဖော်အသစ်လေ"



"ဟဲလို"



ယွင်ဖန်းက သူ့အား ခပ်ဖျော့ဖျော့ပြုံးပြလိုက်ပြီးနောက် သူ့စာအုပ်များနှင့် ကျောပိုးအိတ်ကို စတင် သိမ်းဆည်းလိုက်သည်။



“အာ…ငါကူညီပေးမယ်”



ချင်ကျွင်းက စားပွဲကိုကိုင်ပေးလာတာကြောင့် ယွင်ဖန်းမှာ ထပ်မငြင်းနိုင်တော့လေကာ စာရေးစားပွဲအား လေးတန်းမြောက် အလယ်နေရာသို့ အတူရွှေ့လိုက်ကြသည်။



လေးတန်းမြောက်၏ အလယ်တွင် စားပွဲလေးလုံး အတန်းလိုက်ရှိကာ သူ့နေရာက ညာဘက် ဒုတိယမြောက်တွင် ဖြစ်သည်။ ချင်ကျွင်းက သူ၏ ဘယ်ဘက်မှာဖြစ်ကာ  ညာဘက်တွင်တော့ ဖရိုဖရဲလူအုပ်အလည်၌ ရွှေ့စရာမလိုဘဲ ကျန်ခဲ့သည့်ကောင်မလေးတစ်ယောက်ဖြစ်ကာ လက်ထဲရှိ စာအုပ်ကို လေးနက်သည့် အမူအယာဖြင့် ကြည့်နေလျက် အနည်းငယ်အင်ထရိုဗာ့ဆန်ပုံရပေသည်။



ယွင်ဖန်းက သူမနာမည်မှာ ရှန်ကျိုးကျိုးဟု ခေါ်ပုံရကြောင်း မှတ်မိလိုက်သည်။



ဘောလုံးကစားရန် ခေါ်သွားခံရသည့် လူတစ်စုမှာ အတန်းကိုယ်စားလှယ် ခေါ်ရာနောက်သို့ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူကာ ပြန်လိုက်လာကြရင်း ကျိရှုမော့က စင်ပေါ်အလျင်စလိုတက်၍ ထိုင်ခုံဇယားကိုကြည့်ကာ ရိချန်းလျန်ထံ‌ အော်ပြောလာ၏။



"အစ်ကိုရိ၊ မင်းနေရာက မပြောင်းရဘူး"



ရိချန်းလျန်က အေးစက်စက်အမူအယာနှင့် မျက်လွှာချထားတာ ဖြစ်သည်။ ထိုအသံကိုကြားတော့ မျက်လုံးပင့်ကြည့်လိုက်ရာ ချင်ကျွင်းအား ပြုံးပြနေသည့် ယွင်ဖန်းကို မြင်လိုက်ရလေသည်။



"ကျေးဇူးတင်ပါတယ်"



ယွင်ဖန်းက ချင်ကျွင်းကို‌ ခေါင်းညိတ်ပြကာ ခေါင်းကို မော့လိုက်ချိန် ရိချန်းလျန်၏ အကြည့်နှင့် ဆုံသွားသည်။



အကြည့်ချင်း ဆုံသွားကြသော်ငြား ဝင်လာသော လူအုပ်ကြီးကြောင့် အကြည့်ချင်း လွှဲလိုက်ကြ၏။ယွင်ဖန်းက သူ့စာအုပ်များကို ပုံလိုက်ကာ ခုံမှာ ဝင်ထိုင်လိုက်သည်။



ရိချန်းလျန်က သူ့ခုံရှိရာသို့ အေးစက်စက်မျက်နှာဖြင့် လျှောက်သွား၏။ သူ့ခုံဘေးရှိ ထိုင်ခုံဖော်အသစ်တွင် စာအုပ် အနည်းငယ် များလှကာ ပြိုလဲကျတော့မည့်ပုံပေါ်နေတာကြောင့် သူက လက်လှမ်းက ကူညီပေးလိုက်သည်။



ထိုင်ခုံဖော်အသစ်၏ နာမည်က ကျန်းယွဲ့ဖြစ်သည်။ သူမက ခါးထိစင်းကျနေသည့် ဆံနွယ်ရှည်များကို ပိုနီတေးစည်းထားသည့် မိန်းမလှလေးပင်။ သူမက ရိချန်းလျန်အား သဘောထားကြီးစွာ ကျေးဇူးတင်လာ၏။



"ကျေးဇူးတင်ပါတယ်။"



"ဒါက ဘာမှ မဟုတ်ပါဘူး"



ရိချန်းလျန်က လက်လွှတ်ပေးလိုက်ကာ ခေါင်းငုံ့လို့ စာအုပ်လှန်လိုက်သည်။



"ယွင်ဖန်း၊ မင်း ဘာတွေကြည့်နေတာလဲ။

မင်းရဲ့ ထိုင်ခုံဖော်အဟောင်းကို မခွဲနိုင်လို့လား”



ချင်ကျွင်းက သူ့ပုခုံးကို ပုတ်လာသည်။



ယွင်ဖန်းက ခေါင်းလှည့်ကာ ပြုံးပြလိုက်သည်။



"မဟုတ်ပါဘူး"



ရိချန်းလျန်က ခေါင်းမော့လို့ ယွင်ဖန်းထံကြည့်လိုက်ချိန် ထိုင်ခုံဖော်အသစ်နှင့်လိုက်လျှော‌ညီထွေဖြစ်ကာ ရယ်မောပြောဆ်ိုနေသည့် ထိုသူ၏ နောက်ကျောကိုသာ မြင်လိုက်ရလေသည်။



ယခင် သူတို့ထိုင်ခုံဖော်များ ဖြစ်ကြစဉ်က နေ့တိုင်းနီးပါး အချင်းချင်း တွေ့ဆုံ စကားပြောဖြစ်ခဲ့ကြ၏။ ကြည့်ရသည်မှာ သူတို့၏ဘေးတွင် ထိုသို့သောလူမျိုး ရှိနေသည်ကို အသားကျနေသည်ကြောင့်ဖြစ်နိုင်ပေသည်။



 သို့ပေမဲ့ ထိုင်ခုံနေရာများက အမှန်တကယ်ကို ပြောင်းလဲသွားချိန်၌မူ သူတို့က စာသင်ခန်းတစ်ခုတည်းမှာ ရှိနေကြဆဲပေမဲ့လည်း တစ်ယောက်ကို တစ်ယောက် တမင်တကာ ကြည့်တာမှ မဟုတ်ပါလျှင် သူတို့ ဆုံနိုင် စကားပြောနိုင်သည့် အကြိမ်ရေမှာ သနားစရာကောင်းလောက်အောင်ပင် နည်းသွားပေလိမ့်မည်ပင်။



ဆရာက မေးခွန်းမေးရန် နာမည်ခေါ်ချိန်မှသာလျှင် သူတို့၏အကြည့်အား တစ်ခြားသူ၏မျက်နှာထက် သင့်တော်ရိုးသားသည့် အကြည့်ဖြင့် ကြည့်ခြင်းဟူ၍ မိမိကိုယ်ကိုယ် အယုံသွင်းကာ ကြည့်နိုင်တော့မည်ဖြစ်ကာ ထို့နောက်တွင်တော့ အကြည့်များကို အလျင်စလို ပြန်ရုတ်သိမ်းရမည်ဖြစ်ပြီး ယင်းက အနည်းငယ်တော့ ခံပြင်းစရာအကောင်းသားပင်။



နောက်ဆုံးစာမေးပွဲဖြေရန် တစ်ပတ်သာ လိုတော့သည်မို့ အတန်းက ပြန်လှန်လေ့ကျင့်ခန်းထဲ နစ်မြုပ်ခံထားရပြီး ကိုယ်ပိုင်စာလေ့လာချိန်အတန်းများ ပိုပိုများလာလေသည်။



“ယွင်ဖန်း..နင် ငါ့ကို ဒီမေးခွန်းလေး ရှင်းပြပေးလို့ရမလား?"



ရှန်ကျိုးကျိုးက တစ်ပတ်ကျော်ကြာပြီးချိန် နောက်ဆုံးမှာတော့ သတ္တိတချို့မွေးကာ ယွင်ဖန်းအား ပထမဆုံးအကြိမ်စကားစပြောလာသည်။



"ကြည့်ရအောင်"



ယွင်ဖန်းက သူမပေးသည့်စာရွက်ကိုယူလိုက်ကာ မေးခွန်းကိုကြည့်လိုက်ပြီး သူမ၏ အကြမ်းစာရွက်ထက် တစ်ဆင့်ခြင်း အသေးစိတ်ကျကျရေးချပေးလိုက်၏။



" နင် နားမလည်သေးရင် ငါ့ကို ထပ်မေးလို့ရတယ်"



"ကျေးဇူးပါ"



ရှန်ကျိုးကျိုးက နူးညံ့စွာပြောသည်။



"ရပါတယ်"



ယွင်ဖန်းက ပြုံးလိုက်ပြီး ရိချန်းလျန်သည်လည်း ပုစ္ဆာဖြေရှင်းသည့်အဆင့်များက အတော်လေး အသေးစိတ်ကျကြောင်း မကြာခဏပြောခဲ့ဖူးသည်ကို သတိရသွားကာ မထိန်းနိုင်ဘဲ နောက်လည့်ကြည့်လိုက်မိသည်။



ရိချန်းလျန်က ကျန်းယွဲ့ ကမ်းပေးလာသည့် နို့လက်ဖက်ရည်ကို လက်ခံလိုက်ပြီး ခေါင်းငုံ့ကာ တစ်ခုခုကို လေ့လာနေခဲ့၏။ ကျန်းယွဲ့က ပျော်ရွှင်စွာရယ်လိုက်ကာ သူ့ပုခုံးကိုပါ ထုလိုက်သေးပြီး လက်ထဲရှိ ပိုက်ကိုပါ ကမ်းပေးလာသည်။



ယွင်ဖန်းက အကြည့်ရုတ်ကာ တစ်ဖက်ကိုပြန်လှည့်လိုက်ပြီး မေးခွန်းသာ ဆက်လုပ်နေလိုက်တော့သည်။



သူငယ်ချင်းအသစ်ထားတာလည်း ကောင်းပေသည်။သူက ထိုသို့တွေးရင်း လက်ထဲရှိ ခဲတံကိုဖိလိုက်မိရာ ခဲဆံကျိုးသွားလေသည်။



ချင်ကျွင်းက သူ့အားခဲဆံကမ်းပေးလာကာ စောဒကတက်လာ၏။



"မင်းရဲ့ ခဲဆံက အရည်အသွေးမကောင်းဘူးလား? ခဏခဏကျိုးနေတာပဲ"



"နောက်နေ့ကျရင် လဲလိုက်မယ်"



ယွင်ဖန်းက ခဲဆံကိုဆွဲယူကာ အသစ်လဲလိုက်၏။



"အရည်အသွေးက မကောင်းဘူး"



ယွင်ဖန်းက ညနေပိုင်းတွင် ပြိုင်ပွဲအတန်းသို့ သွားရမည်ဖြစ်ကာ ဆယ်နာရီမထိုးခင်အထိကြာမည်ဖြစ်ပြီး ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်က ကိုးနာရီ ငါးဆယ်တွင် ပြီးမှာဖြစ်သည်။ သူနှင့် ရိချန်းလျန်တို့က ရက်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်သလို စကားမပြောဖြစ်ခဲ့ကြပေ။



ရိချန်းလျန်က သူ့ကို တမင်ရှောင်နေခဲ့ပြီး သူသည်လည်း ရိချန်းလျန်ထံ ချည်းကပ်ရန် အကြောင်းပြချက်ရှာမတွေ့နိုင် ဖြစ်နေမိသည်။ သူတို့နှစ်ယောက်က ကျောင်းတွင် အတော်လေး ကသိကအောက်နိုင်နေခဲ့ပြီး သန့်စင်ခန်း၌ မတော်တဆ တွေ့ခဲ့ကြလျှင်တောင် ပြောစရာမလိုစွာ တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြသည်ပင်။



ညနက်ချိန်ရောက်မှသာလျှင် တိတ်ဆိတ်နေချိန်မှာမှ မျက်နှာချင်းဆိုင်ပြတင်းပေါက်ဆီမှ မီးဖွင့်ခြင်း ထို့နောက် မိီးပိတ်ခြင်းများကို ကြည့်ကြလိမ့်မှာဖြစ်ပြီး ထိုသို့သောလူက သူတို့၏ မျက်လုံးအောက်တွင်သာရှိ နေသေးကြောင်း အသိစိတ်ဝင်လျက် တစ်ရက်တာကုန်ဆုံးသွားပြီဆိုခြင်းအား

ခံစားမိကြလေသည်။