Chapter 25
Viewers 3k



နံရံကျော်တက်ခြင်း


ယွင်ဖန်းက စာရွက်လှန်သံ သဲ့သဲ့ကြောင့် နိုးလာခဲ့ရသည်။



သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ရိချန်းလျန်က ခေါင်းအုံးထက်စာရွက်တင်ကာ အိမ်စာလုပ်နေသည်ကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံးက စောင်ခြုံထဲ နစ်နေဆဲဖြစ်ကာ သူ့လက်ပေါ်ရှိ အမာရွတ်ရှည်ရှည်ကိုတော့ မြင်နေရသည်။



"မင်းကို နှိုးလိုက်မိတာလား?"


ရိချန်းလျန်က ခေါင်းလှည့်ကာ တိုးတိုးလေးမေးလာ၏။



"ဘယ်အချိန်ရှိပြီလဲ?"



ယွင်ဖန်းက သန်းလိုက်ကာ အကျင့်ပါစွာဖြင့် ဘေးစားပွဲပေါ်မှ မျက်မှန်ကို လှမ်းယူလိုက်သည်။



"လေးနာရီ လေးဆယ်လား "



ရိချန်းလျန်က ‌ပုစ္ဆာတွက်ရန် ခေါင်းငုံ့သွားပြန်၏။ 



"မင်း နည်းနည်းထပ်အိပ်လို့ရသေးတယ်"



ယွင်ဖန်း မျက်မှန်တပ်လိုက်မှ ကမ္ဘာကြီးတစ်ခုလုံးရုတ်တရတ် ကြည်လင်သွားတော့သည်။ သူက ‌တစ်ဖက်လှည့်လိုက်ကာ ရိချန်းလျန်၏ ခေါင်းအုံးပေါ်ရှိနေသည့် မေးခွန်းစာရွက်ကို တစ်ချက်ကြည့်လိုက်သည်။



"ဘယ်လောက် ကျန်သေးလဲ?"



"ဇီဝဗေဒမေးခွန်း တစ်ဝက်လောက်ပဲကျန်တော့တယ်”



ရိချန်းလျန်က အဖြေရှာဖို့ရန် စာအုပ်၏ စာမျက်နှာတစ်ချို့ကို လှန်လိုက်၏။ 



"မင်းအိပ်လိုက်ဦး၊ အချိန်ကျရင် မင်းကိုနှိုးပေးမယ်"



ယွင်ဖန်းက မှိန်းနေရင်းဖြင့် တုန့်ပြန်လိုက်ကာ ခေါင်းစောင်းလို့ ပြန်အိပ်ပျော်သွားလေသည်။




ရိချန်းလျန်က ကျန်သည့်မေးခွန်းအ‌နည်းငယ်ကို ခပ်မြန်မြန်လုပ်လိုက်ပြီးနောက် ခေါင်းအုံးအောက်ထဲ ထည့်လိုက်ကာ မျက်မှန်တပ်လျက်သားအတိုင်း အိပ်ပျော်သွားပြန်သည့် ယွင်ဖန်းကို တစ်ချက်ကြည့်လိုက်သည်။



သူက လက်ဆန့်ကာ ယွင်ဖန်း၏ နှာတံပေါ်မှ မျက်မှန်အား ဂရုတစိုက် ချွတ်လိုက်ပြီး ခေါက်လိုက်ကာ နှစ်ယောက်၏ ခေါင်းအုံးများကြား ချထားလိုက်သည်။



ထိုသူ့မျက်တော်များက အတော်လေးရှည်လှသည်ပင်။



ရိချန်းလျန်က ၎င်းကို ခဏလောက် စိုက်ကြည့်နေခဲ့ရင်းမှ သူ့မျက်ခွံများ တဖြည်းဖြည်းလေးလာကာ ခဏလောက် ရုန်းကန်နေခဲ့ပြီးနောက် အိပ်ပျော်သွားတော့သည်။



"ရိချန်းလျန်!မြန်မြန်ထစမ်း! မင်းနောက်ကျတော့မယ်!"



တစ်ယောက်ယောက်က သူ့အား အားပါပါရိုက်လာ၏။



ရိချန်းလျန် ရုတ်ချည်းမျက်လုံးဖွင့်ကြည့်လိုက်တော့ ယွင်ဖန်းက အလျင်စလို အဝတ်အစားလဲနေသည်ကိုတွေ့လိုက်ရသည်။



သူနာရီကိုကြည့်လိုက်၏။ ခုနှစ်နာရီအတိအကျဖြစ်ကာ မနက်ပိုင်းစာဖတ်ချိန်ကစတင်သည်မှာ လွန်ခဲ့သည့် ဆယ့်ငါးမိနစ်ကပင်ဖြစ်သည်။



နှစ်ယောက်သားက အဝတ်အစားလဲကာ ထရပ်လို့ တံခါးဆီမှ အလျင်စလိုထွက်ပြီး တက္ကဆီငှားကာကျောင်းကို ပြေးခဲ့ကြလေသည်။ ခုနှစ်နာရီ သုံးဆယ်မိနစ်အတိက ကျောင်းသားများ၏ ကျောင်းတစ်ပတ် အပြေးလေ့ကျင့်ချိန်ပင်။



အတန်းပိုင်လောင်ဟဲက တင်ပါးတွင် ခါးထောက်လျှက် ရပ်နေကာ ကျောင်းသားများ လေ့ကျင့်ခန်းလုပ်နေသည်ကိုကြည့်နေပြီး လုံခြုံရေးဦးလေးကြီးကမူ လက်ကိုင်တုတ်ကိုကိုင်လျက် လျောက်ပတ်သွားနေ၏။



ရိချန်းလျန်က ကျောင်းဝင်ပေါက်ဆီ အလျင်စလိုဦးတည်နေသည့်  ယွင်ဖန်းအား ရုတ်တရက် ဆွဲလိုက်သည်။



"ပြန်လာခဲ့!"



ယွင်ဖန်းက ခေါင်းလှည့်ကာ သဘောမကျစွာ ကြည့်လိုက်သည်။



"ငါတို့အတန်းလစ်လို့မရဘူး"



"ကျောင်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ တောအုပ်လေးကနေ နံရံကိုကျော်တက်လို့ရတယ်။"



ရိချန်းလျန်က သူကို ဆွဲကာ ကျောင်း ညာဘက်ခြမ်းဆီ ပြေးသွားလိုက်သည်။



"ငါတို့နောက်ကျတာကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးက မိသွားရင် သေချာပေါက်ကို ကိုယ့်ကိုယ်ကိုယ်သုံးသပ်စာရေးရမှာပဲ"



ကိုယ်တိုင်သုံးသပ်စာရေးရမည့် အကြောင်းကြားပြီးနောက်မှာတော့ ယွင်ဖန်းမှာ ရိချန်းလျန်၏ နံရံကျော်တက်မည့် ဆုံးဖြတ်ချက်အား တိတ်တိတ်လေး သဘောတူလိုက်တော့သည်။



ကျောင်းက ဧရိယာနေရာများစွာ ပိုင်ဆိုင်ပြီး အလယ်တွင် ရင်ပြင်အသေးလေးတစ်ခုရှိကာ စာသင်ဆောင်ဆီသို့သွားသည့် လမ်းကျယ်တစ်ခုရှိ၏။ ပထမနှစ်ကျောင်းသားများက လေ့ကျင့်ခန်းကို ထိုလမ်းကျယ်ထက်တွင်လုပ်ကြတာဖြစ်သည်။ 



လမ်း၏ ညာဘက်၌ ဆက်ထားသည့် ရေကန်နှစ်ကန်ရှိပြီး ရေကန်၏အနောက်မှာက သစ်တောတစ်ခုရှိသည်ပင်။ မူလက ဘောလုံးကွင်းတစ်ခုတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း အချိန်ကြာသည်အထိ မစတင်နိုင်ခဲ့သေးလေရာ ထိုနေရာက ကျောင်းသားများ ချိန်းတွေ့နိုင်သည့် နေရာကောင်းတစ်ခု ဖြစ်လာခဲ့သည်ပင်။



အုတ်နံရံက မမြင့်လှပေမဲ့ အတွင်းဘက်၌ ပန်းခင်းတစ်ခုတည်ဆောက်ရန် စုပုံထားသည့် အုတ်ခဲများရှိလေပြီး ခြေကုတ်အဖြစ်သုံးလို့ရနိုင်လေသည်။ ရိချန်းလျန်က ယွင်ဖန်းကို ဆွဲတင်လိုက်ချိန်၌ ပထမနှစ်ကျောင်းဝတ်စုံဝတ်ထားသည့် ကျောင်းသားတစ်ယောက်ကလည်း ကျောင်းအပြင်မှနေ သူ၏ကျောင်းလွယ်အိတ်ကို ပစ်သွင်းလာ၏။ 



တစ်စုံယောက်ယောက်လာနေသည်ကို အာရုံခံမိပြီး ထိုသူက ခေါင်းလှည့်ကာ ချက်ချင်းဆိုသလို လေချွန်လိုက်သည်။



"ယို့၊ ထိပ်တန်းကျောင်းသားကလည်း နံရံကျော်တက်မလို့လား?"



ထိုသူမှာ ယွင်ဖန်းနှင့် တခြားသူများနှင့်အတူ ယမန်နေ့ညက ညစာစားခဲ့သည့် ချီဟော့ပင်။



သူ့စကားမဆုံးခင် ရိချန်းလျန်က ခြေနှစ်လှမ်း သုံးလှမ်းတည်းဖြင့် နံရံထက် တက်သွားခဲ့ပြီဖြစ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ယွင်ဖန်းထံ လက်ကမ်းလိုက်သည်။



"ငါ မင်းကို ဆွဲတင်ပေးမယ်"



ယွင်ဖန်စကားပြောလာသည်အထိ မစောင့်ဘဲ ချီဟော့က ပြုံးကာ မျက်ခုံးတစ်ဖက်ပင့်လျှက် 



"မင်း ငါ့ကို အစ်ကိုကြီးလို့ခေါ်ရင် မတင်ပေးမယ်လေ"



ယွင်ဖန်းက ငတုံးတစ်ယောက်ကိုကြည့်သည့် အကြည့်မျိုးဖြင့် ထိုသူအား ကြည့်လိုက်ကာ ရိချန်းလျန်ဆီ၏ ဆွဲတင်ပေးတာကိုလည်း မခံလိုက်ပေ။ ခြေတစ်လှမ်းဖြင့် နံရံထက်ခုန်တက်လိုက်သည်မှာ သူဘယ်လိုမျိုး အင်အားသုံးပြီး တက်လာမှန်းပင် မသိရလိုက်။ သူ့ဘေးရှိ လူနှစ်ယောက်မှာ အံ့ဩစွာမှင်သက်သွားလေသည်။



"မဆိုးဘူး။ညီလေး"



ချီဟော့က လက်ခုပ် နှစ်ကြိမ်တီးလိုက်ကာ



"တကယ့်လူက သူ့မျက်နှာကို မပြတတ်ဘူးပဲ"



(TL: စွမ်းရည်နဲ့ ဂုဏ်ပုဒ်ရှိတဲ့ လူတွေက နှိမ့်ချတတ်ပြီး သိုသိုဝှက်ဝှက်နေတတ်ကြပြီး အလွယ်တကူ မကြွားဝါတတ်ကြ')



ယွင်ဖန်းနှင့် ရိချန်းလျန်တို့ အတူ ခုန်ချလိုက်ကြချိန် ချီဟော့လည်းပဲ နံရံပေါ်တက်လာခဲ့သည်။ ထိုအချိန်၌ သိပ်ပြီး မနီး မဝေးနေရာမှ အေးစက်စက်အသံတစ်ခု ထွက်လာခဲ့လေသည်။



"မင်းတို့သုံးယောက် ပထမနှစ် ဘယ်အတန်းကလဲ?"



ခြေလှမ်းအနည်းငယ်အကွာ သစ်ပင်အောက်ဆီမှ ဒုတိယနှစ်ကျောင်းဝတ်စုံဝတ်ထားသည့် ကျောင်းသားတစ်ယောက် ရပ်နေကာ သူ့ညာဘက်အင်္ကျီလက်တွင် ကျောင်းကောင်စီဥက္ကဋ္ဌတံဆိပ်လက်ပတ် ရှိနေပြီး လက်ထဲတွင် စာအုပ်ထူထူတစ်အုပ်ကိုင်ထားကာ စူးရှရှ မျက်လုံးများက သူတို့သုံးယောက်ထံ စွဲမြဲစိုက်ကြည့်နေလေသည်။



"သောက်ကျိုးနည်း!"



နံရံထက်တွင် ဆောင်ကြောင့် ထိုင်လျက်သား ရှိနေဆဲ ချီဟော့က ဒေါသတကြီး ဆဲရေးလိုက်၏။



"ဒီ ငကြောင်က ဘယ်ကနေ ရောက်လာရတာလဲ?"



ယွင်ဖန်းနှင့် ရိချန်းလျန်တို့က အချင်းချင်း ကြည့်လိုက်ကြကာ ဒုတိယနှစ်ကျောင်းသားက ချီဟော့ထံ ကြည့်နေတုန်းမှာ သူတို့က လွယ်အိတ်ကုန်းကောက်လိုက်ကြပြီး သစ်တောထဲ အလျင်စလို ပြေးဝင်သွားလိုက်ကြသည်။ နှစ်ယောက်သား၏ လှုပ်ရှားမှုက အံ့ဩစရာကောင်းလောက်အောင်ပင် ကိုက်ညီနေခဲ့လေသည်။



"မင်းတို့နှစ်ယောက်၊ ရပ်စမ်း!"



သူတို့နောက်မှလူက အော်လိုက်ပေမဲ့ ကံမကောင်းစွာပင် နှစ်ယောက်သားပျောက်သွားသည်မှာ လှစ်ခနဲ။



ထို့ကြောင့် သူက သူ့ဒေါသအားလုံးကို ချီဟော့ထဲ ပုံချလိုက်တော့ကာ  ရေခဲတုံးများတောင် ထွက်ကျလာတော့မတက် အလွန့်အလွန်အေးစက်စက်အသံဖြင့် ပြောလိုက်သည်။



"ဒီကအတန်းဖော်၊ မင်းအဲ့ဒီနေနေရာမှာ ဘယ်အချိန်ထိ ထိုင်နေမှာလဲ?"



ချီဟော့ အံကြိတ်ကာ နံရံပေါ်မှ ခုန်ချလိုက်ရတော့သည်။


••••••



ရိချန်းလျန်နှင့် ယွင်ဖန်းတို့က လေ့ကျင့်ခန်းလုပ်ပြီးသွားသော ‌လူအုပ်နှင့် ရောနှောလိုက်ကြကာ အမောတကောအသက်ရှူနေပုံက မသိလျှင် ယခုလေးပင် လေ့ကျင့်ခန်း လုပ်ပြီးကြသည့် ပုံစံအလား။



ရင်ပြင်ရှိ ဂုဏ်ပြုနံရံကို ဖြတ်သွားစဉ်မှာ ရိချန်းလျန်က ယွင်ဖန်းပခုံးကို ရုတ်တရက် ပုတ်လာသည်။



"မြန်မြန်ကြည့်၊ အလယ်တန်းက တတိယမြောက်က တစ်ယောက်က ခုနက ငါတို့ကို တားခဲ့တဲ့လူမလား?"



ယွင်ဖန်းက သူညွှန်ပြရာကို တဆင့်ကြည့်လိုက်ရာ သူ့မျက်လုံးများ တန့်သွားလေသည်။



ဒုတိယအတန်းက ဒုတိယနှစ်အတွက် ခွဲထားတာဖြစ်ကာ အနီရောင်နှင့် အနက်ရောင်ကျောင်းဝတ်စုံဖြင့်ဖြစ်ပြီး ၎င်းက ပထမနှစ်များ၏ အပြာနှင့်အဖြူရောင်ကျောင်းဝတ်စုံထက်ပို၍ စွဲမက်ဖွယ်ကောင်းလေသည်။ တတိယတန်းမြောက်က ထိုကျောင်းသား၏ မျက်နှာအမူအရာတစ်ခုချင်းက ထင်းထွက်နေကာ မျက်ခုံးတို့က ထူထဲ၍

စူးရှသည့်မျက်လုံးတစ်စုံရှိကာ သူ့နှုတ်ခမ်းတို့က ဖြောင့်တန်းစွာ စေ့ပိတ်နေပြီး အေးစက်လေးနက်သည့် သွင်ပြင်ဖြင့် ဖြစ်သည်။ အောက်တွင် သူ၏ ကိုယ်ရေးအချက်အလက်များ ပါရှိ၏။



ဒုတိယနှစ်၊ ကျောင်းသားကောင်စီ ဥက္ကဌ ချန်ကျစ်ချီး။



ယွင်ဖန်း ခဏလောက် ကြက်သေသေနေပြီးမှ သူ့ မှတ်ဉာဏ်၏ အနက်ဆုံးအပိုင်းတွင် မေ့လုနီးပါးဖြစ်နေသည့် ဤ ပုဂ္ဂိုလ်အကြောင်းကို တူး‌ထုတ်လိုက်သည်။ ချန်ကျစ်ချီး၏ အသက်သုံးဆယ်အရွယ်နှင့် ဆယ်ကျော်သက်အရွယ်တို့တွင် ကွာခြားချက် ကြီးကြီးမားမား ရှိပေမဲ့လည်း သူ၏ မျက်ခုံးနှင့် မျက်နှာကျကတော့ မပြောင်းလဲပါချေ။ 



အသက်သုံးဆယ်အရွယ် ချန်ကျစ်ချီးက ပိုပြီးရင့်ကျက်ကာ လေးနက်ပြီး ခရိုင်၏ အကြီးဆုံးအင်တာနက် ကုမ္ပဏီပိုင်ရှင်ဖြစ်ကာ ငယ်ရွယ်သည့်အချိန်မှာတောင် သူ့၏ ချမ်းသာမှုက တိုင်းတာမရပါချေ။



သို့ပေမဲ့ သူ့ကို အထင်ကြီးစေတာက ချန်ကျစ်ချီး၏ ကြွယ်ဝမှုများမဟုတ်ဘဲ သူ့ချစ်သူအား အလဲလဲအပြိုပြိုနှင့် အရူးအမူးရှာဖွေမှုကြောင့် ဖြစ်၏။ ဝတ်စုံပြည့်နှင့် လည်သာဖိနပ်စီးထားကာ ကော်လာကို ဆွဲတင်လို့  ပြင်းပြင်းထန်ထန် ဟိန်းဟောက်တတ်သည့် အထက်တန်းစား စီအီးအို၏ မျက်လုံးထဲ စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုတို့ အပြည့်ရှိခဲ့ဖူးသည်ပင်။



ဤအဖြစ်အပျက်က ကြာလှချေပြီ။ သူ့ချစ်သူနာမည်က…..။



ယွင်ဖန်းမှာရုတ်တရက် သစ်တောအုပ်ဘက်သို့ ခေါင်းလှည့်ကြည့်ရင်း အံ့အားတသင့်ဖြစ်သွားရတော့သည်။



"ယွင်ဖန်း…ဘာဖြစ်လို့လဲ?"



ရိချန်းလျန်က သူ့မျက်နှာ ပျက်ယွင်းနေတာကို မြင်တော့ ဝေဖန်ခံရမည်ကို စိုးရိမ်နေသည်ဟု ထင်လိုက်ကာ ပြောပြလာသည်။



"သူက ကျောင်းသားကောင်စီ ဥက္ကဌဆိုရင်တောင် ငါတို့ ဘယ်အတန်းက ဆိုတာ မသိလောက်ပါဘူး”



"အင်း"



ယွင်ဖန်းက ခေါင်းလှည့်လိုက်ကာ စိတ်ကို ငြိမ်ငြိမ်ထားလိုက်ပြီး ရိချန်းလျန်နှင့်အတူ လူအုပ်ကြီးထဲရောနှောလျက် အပေါ်ထပ်သို့ အတူ တက်သွားလိုက်သည်။



သူက သူ့အတိတ်အား နှုတ်ဆက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကာ နောက်ပိုင်း ဆယ်စုနှစ်တစ်ခုထက် ကြာပြီးမှဖြစ်လာမည့်အရာများကိုတော့ သည်အတိုင်းထားလိုက်တော့မည်ပင်။ 



(မူလ)ရိချန်းလျန်ဟာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုမှာ အသက်ရှင်ဖို့ အပြင်းအထန် ရုန်းကန်ခဲ့ရသည့် အရေးမပါသည့် ဇာတ်ကောင်သေးသေးလေးသာပင်။  လက်ရှိကိုပြန်ရောက်သွားလျှင်တောင် တစ်ခြားသူများအား ကူညီရန် ကြင်နာနေမည်မဟုတ်။



သူ မည်သူ့ကိုမှ ကူညီမှာ မဟုတ်ပေ။သို့မဟုတ် မည်သည့်လမ်းကြောင်းကိုမှ ပြောင်းလဲလိမ့်မှာမဟုတ်ပါချေ။ ‌--အတွက်မှ လွဲ၍။



ယွင်ဖန်းက ရှေ့မှလျှောက်နေကာ သူကိုပါ‌ဆွဲခေါ်နေသည့် ရိချန်းလျန်ကို ကြည့်လိုက်သည်။



ရိချန်းလျန်အတွက်မှ လွဲ၍ပင်။



သူ့အား ထိုသို့သော အရှုပ်ထုတ်များနှင့် ဝေးရာတွင် နေစေကာ သန့်ရှင်းလုံခြုံစွာ ကြီးပြင်းစေမည်ဖြစ်ပြီး ပုံမှန် တက္ကသိုလ်တစ်ခုသို့ ဝင်ရောက်ကာ ရိုးရှင်းသည့် ရိုမန့်တစ်ဇာတ်လမ်းလေးများ ရှိစေမည်။ ပြီးလျှင် အသက်ကြီးလာချိန်၌ လက်ထပ်ကာ ကလေးများရှိလာလိမ့်မည်ဖြစ်ပြီး နေ့စဉ်လိုအပ်ချက်များနှင့်အတူ ဘဝအား တည်ငြိမ်စွာ ရှင်သန်စေရမည်ပင်။



ယွင်ဖန်းမှာ သူကိုယ်တိုင်၏ ကြင်နာမှုနှင့် တကိုယ်ကောင်းမဆန်မှုကြောင့် တခဏလောက်  စိတ်လှုပ်ရှားသွားရသေးသည်။



"ဒါက ဘယ်လိုအကြည့်မျိုးလဲ?"



ရိချန်းလျန်က မသိစိတ်ဖြင့် ခြေလှမ်းဆုတ်ကာ သူ့လက်ကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။



ယွင်ဖန်းက နားမလည်ပေ။



"ဘယ်လိုအကြည့်မျိုးမို့လဲ?"



"မကောင်းမှုတွေပြည့်နေတဲ့ လူယုတ်မာတစ်ယောက်က ရုတ်တရက်ကြီးနောင်တရပြီး သူ့လက်ကို ရွှေဘေစင်မှာ ဆေးကြောဖို့ ဆုံးဖြတ်ချက်ချလိုက်သလိုမျိုးလေ"



ရိချန်းလျန်က တစ်ကြောင်းထဲတွင် စကားသုံးလုံးသုံးသွားခဲ့ကာ အနှစ်သာရကို ထောက်ပြလာလေသည်။



ယွင်ဖန်းမှာ ဤ တိကျလှပါသော အကဲဖြတ်မှုကြောင့် မတိုးသာ မဆုတ်သာ ဖြစ်သွားရသည်။ တစ်ခဏအကြာ၌ သူက ထိုသူ့လည်ပင်းအနောက်ကို ဆုပ်ကိုင်ကာ မကောင်းသည့်လေသံဖြင့်ပြောလိုက်သည်။



"မင်းကို ရှုပ်ထွေးတဲ့ တီဗွီဒရာမာတွေ လျှော့ကြည့်ပါလို့ ပြောထားတယ်လေ" 


****


"သောက်ချီး၊ မင်းတို့က ချန်ကျစ်ချီးဆီမှာ အဖမ်းခံရပြီးတော့ ထွက်ပြေးလာကြရဲတယ်ပေါ့!?"



ကျိရှူမော့က ရိချန်းလျန်နှင့် ယွင်ဖန်းအား အထိတ်တလန့်ဖြင့်ကြည့်လာ၏။



"မင်းတို့နှစ်ယောက်တော့ သွားပြီ"



"မင်းက ချန်ကျစ်ချီးကို သိတာလား?'



ရိချန်းလျန် မေးလိုက်သည်။



"အစ်ကိုရိ၊ မင်းက ကျောင်းဖိုရမ်ကိုလည်း မဝင်။‌အတန်းဖော်တွေနဲ့လည်း စကားမပြော။ ပြီးတော့ အတင်းအဖျင်းလည်း မပြောတော့ မင်းရဲ့ မျက်လုံးတွေနားတွေကပိတ်မိနေပြီးတော့ အမှားကြီးကြီး လုပ်မိတာပဲ!"



ကျိရှူမော့က သောကရောက်စွာ ဝမ်းနည်းပူဆွေးငိုကြွေးပြလာသည်။



ယွင်ဖန်းက အားလပ်ချိန်အတွင်း မေးခွန်းအမှားများကို ပြင်ရင်းဖြင့် သူတို့ပြောနေတာကို နားထောင်နေခဲ့လေရာ ကြားဝင်ပြောလိုက်သည်။



"အဓိကအချက် ကိုပြောစမ်းပါ"



"အဓိကအချက်က မင်းလို ချောမော၊ ကြည့်ကောင်းတဲ့ စာနတ်ဘုရားကိုတောင် တစ်ကျောင်းလုံးက မသိနိုင်လောက်ပေမဲ့  သူတို့က ကျောင်းမြက်လေး ချန်ကျစ်ချီးကို မသိတာတော့ မရှိဘူး ဆိုတာပဲ!"



ကျိရှုမော့က ယွင်ဖန်းထံ စပ်စုလိုစွာ တစ်ချက်ကြည့်ကာ သူဆက်မပြောခင် စာနတ်ဘုရားကြီးက စိတ်ဆိုးရန် အလားအလာမရှိသည်ကို သေချာအောင်လုပ်လိုက်၏။ 



"အဓိကအထက်တန်းကျောင်းတစ်ကျောင်းအနေနဲ့ ကျောင်းက ဝန်ထမ်းနဲ့ ကျောင်းသားတွေကို ထူးချွန်အောင် သင်ကြားနိုင်တာတင်မကဘူး အရမ်းလည်းချမ်းသာသေးတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းက ဘာလို့အရမ်း ချမ်းသာနေတာလဲဆိုတာ မင်းသိလား?"



ရိချန်းလျန် ခေါင်းယမ်းလိုက်သည်။



"ချန်ကျစ်ချီးကြောင့်ပေါ့"



ကျိရှူမော့ အတန်းထဲရှိ အသစ်စက်စက် လေအေးပေးစက်၊ ဤခေတ်ဤ အခါမျိုးမှာ သာမာန်မဟုတ်သော သင်ကြားရေးအထောက်အကူပစ္စည်းများနှင့် ကြီးကျယ်ခမ်းနာသော စာကြည့်တိုက်၊ မကြာခင်တည်ဆောက်တော့မည့် ရင်ပြင်ထက်မှ ဘောလုံးကွင်းတို့အား ညွှန်ပြလာကာ



"သူ့အဖေက ဒီခရိုင်ရဲ့ အိမ်ခြံမြေလုပ်ငန်းတွေထဲမှာ ခေါင်ပဲလေ။သူ အထက်ကျောင်းဝင်ခွင့်စာမေးပွဲဖြေဖို့ စီစဉ်တော့ သူ့အဖေက ကျောင်းကို အဆောက်အဦးတစ်ခုနဲ့ စာကြည့်တိုက်တစ်ခု လှူခဲ့သေးတယ်။ ဒါပေမဲ့ ချန်ကျစ်ချီးက တစ်မြို့လုံးမှာ အဆင့်သုံးတောင် ရခဲ့သေးတယ်လေ။ သူကျောင်းကိုဝင်ပြီးတဲ့နောက်မှာ စာမေးပွဲဖြေလိုက်တိုင်း ထိပ်ဆုံးသုံးနေရာမှာပဲ အမြဲရှိနေတာ။ ကျောင်းသားကောင်စီ ဥက္ကဌလည်း ဟုတ်သလို၊ ခရိုင် သင်္ချာစွမ်းရည်ပြိုင်ပွဲဆုကိုရထားပြီးသား၊နိုင်ငံရဲ့ ဒုတိယအဆင့် အားကစားသမားလည်း ဟုတ်တယ်"



"ချောတယ်၊ စာတော်တယ်၊ ပြီးတော့ အရမ်းလည်း ချမ်းသာသေးတယ်။ ဒီလူကို အစကနေအဆုံးထိ စာလုံးကြီီးကြီး နှစ်လုံးထဲနဲ့ ပြောရရင်--"



ကျိရှူမော့က လက်မထောင်ပြလာကာ



"ပြီးပြည့်စုံချက် (Perfect)!"



ရိချန်းလျန်က မျက်နှာထက် သဘောကျမှုအပြည့်နှင့် နားထောင်နေခဲ့ကာ အချိန်အတော်ကြာအောင် မိန်းမောနေပြီးမှ ထုတ်ပြောလာသည်။



“ဘုရားရေ…”



ယွင်ဖန်း:"....."



မင်းက ဘာတွေ သဘောကျနေတာတုန်း!



"လန့်စရာအကောင်းဆုံးအရာက သူက သူ့ကိုယ်သူ တင်းကျပ်ရုံတင်မကဘူး တခြားသူတွေကိုပါ လိုက်ကြပ်တတ်သေးတာပဲ"



ကျိရှူမော့ တံတွေးမျိုချလိုက်ကာ



"ချန်ကျစ်ချီးရဲ့ မျက်လုံးထဲ သံတစ်မှုန်စာတောင် မလွတ်သွားတတ်ဘူး။ မင်းနောက်ကျပြီး နံရံကျော်တက်တာကို သူ ဖမ်းမိသွားကတည်းက သေချာပေါက် မင်းကိုရှာလိမ့်မယ်။ တနင်္လာနေ့ အလံလွှင့်တဲ့အခမ်းအနားကျရင် တစ်ကျောင်းလုံးရှေ့မှာ သုံးသပ်ခံရပြီးတော့ အတန်းက အမှတ်လျှော့ခံရလိမ့်မယ်”



ကျိရှူမော့က သိသာစွာပင် အတင်းအဖျင်းများနှင့် ဇာတ်ကြောင်းပြောရသည်တို့အား အတော်လေး ဝါသနာကြီး၏။ ဖွင့်ထားသည့် စကားပြောစက်ကဲ့သို့ပင် သူက စကားစပြောပြီးလျှင် မဆုံးတော့ပေ။



"ပြောကြတာက သူအထက်တန်း ပထမနှစ်တုန်းက မိန်းကလေးတစ်ယောက်က သူ့ကို  ချောကလက်နဲ့ ရည်းစားစာပေးဖူးတယ်တဲ့။ သူက ကောင်မလေးကို 

နေ့စဉ်စာလေ့လာတာနဲ့ ဘဝရဲ့ သဘောတရားခံယူချက်တွေအကြောင်း ဝေဖန်လိုက်တယ်တဲ့လေ။ 



သူက ကောင်မလေးကို နာရီဝက်လောက် လက်ချာရိုက်ပြီးတော့မှ နောက်ဆုံးမှာ ဆရာကို ပြေးတိုင်သတဲ့။ အဲ့ဒီကတည်းက သူက နာမည်ကြီးလာတာပဲ။ ကျောင်းမြက်လေးပေမဲ့ သူ့ကို သွားဝန်ခံတဲ့မိန်းကလေးအရေအတွက်ကတော့ ကျောင်းမြက်လေးဖြစ်ခဲ့ဖူးတဲ့ သမိုင်းတလျောက်လူတွေထဲမှာ သူအနည်းဆုံးပဲ”



ရိချန်းလျန်က နှစ်ကြိမ်လောက် စုတ်သပ်လာသည်။



"ကြောက်စရာပဲ"



"အဲ့ဒီ ကြောက်စရာက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး"



ယွင်ဖန်းက အင်္ဂလိပ်မှတ်စုစာအုပ်ကို သူ့ဆီ ပစ်ပေးလိုက်ကာ



"မင်းက သူ့ဆီ သွားပြီး ချစ်ရေးဆိုမှာလည်း မဟုတ်ပဲနဲ့"



ရိချန်းလျန်က အင်္ဂလိပ်မှတ်စုစာအုပ်ကို ယူလိုက်ကာ သဘာဝတကျ ကျွမ်းကျင်စွာ ကူးရေးလိုက်ကာ၊ဆန်းကြယ်စွာပြောလာ၏။



"ဒါပေမဲ့ သူ ငါတို့ကို ဖမ်းမိသွားမှာတော့ ငါကြောက်တယ်လေ"



"....အဲ့လိုထူးဆန်းတဲ့ စကားလုံးတွေ မသုံးစမ်းနဲ့"



ယွင်ဖန်းက D ကို ဝိုင်းလိုက်ရင်းဖြင့်



"လေသံက အိမ်ထောင်ရေး ဖောက်ပြန်တာကို ဖမ်းမိသွားတာနဲ့ တူနေတယ်"



သူတို့က စာလုပ်နေရင်း တစ်ချိန်တည်း စကားပြောနေနိုင်ကြသည်ကို ကျိရှုမော့မြင်တော့ ရုတ်တရက် ဖယ်ကြဥ်ခံလိုက်ရသလို ခံစားလိုက်ရသည်။



ထို့နောက် နည်းနည်းလည်း လိပ်ပြာမလုံဖြစ်သွား၏။



ထို့ကြောင့် သူက သူ့ခုံဆီပြန်သွားကာ တရုတ်စာအုပ်ကို ဆွဲထုတ်လိုက်ပြီး အိမ်စာစလုပ်တော့လေသည်။



ထူးဆန်းသည့် သင်ယူမှုလေထုက အမြဲတမ်းလို လူများအား မလွယ်ကူဟု ခံစားစေရသည်ပင်။