(17)ကောကောက
ကျွန်တော့်ကိုစိတ်ပူနေတာလား?
“ရုန်ရုန်..
သားကိုကျေးဇူးတင်ရမယ်.. မင်းရဲ့အဖေ မနှစ်တုန်းက ခွဲစိတ်ခဲ့ရပြီး
ဆေးရုံကဆင်းလာကတည်းက သူ ဘာကိုမှခံတွင်းမတွေ့ဘူးဖြစ်နေတာ.. ဒီနေ့လိုမျိုး
ဆန်ပြုတ်တစ်ပန်းကန်လုံးကုန်သွားပြီး နောက်ထပ် တစ်ပန်းကန်ထပ်ယူတာက
ဘယ်လောက်ရှားပါးလိုက်သလဲ”
မနက်စာစားပြီးသွားတဲ့
ရုန်မားမားက ရုန်ရုန်ရဲ့ဘေးမှာ ဝင်ထိုင်လာတယ်။
အရင်တုန်းက
မစ်ရုန်က သူမသားငယ်က ဆေးရုံကဆင်းလာပြီးကတည်းက
အတော်လေးပြောင်းလဲသွားတယ်လို့ထင်ခဲ့တယ်။ အတိတ်တုန်းကဆို သူ
အားလပ်ရက်ရှည်ရတဲ့အချိန်တိုင်း တခြားလူတွေနဲ့ ဆုံတွေ့တာမျိုးတောင် သိပ်မရှိဘူးလေ။
သူ့ကိုယ်သူ
ဓာတ်ခွဲခန်းထဲမှာ ပိတ်ထားပြီး ရေးမွှေးတွေအကြောင်းကို လေ့လာချင် လေ့လာ၊ မဟုတ်ရင်
သူ့သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံးအပြင်ထွက်နေလေ့ရှိတယ်။
သူတို့တွေ
အိမ်ကိုပြန်ရောက်လာချိန်မှာ ထိုကောင်ငယ်လေးက အိပ်ပျော်နေပြီ။ ဒါမှမဟုတ်
သူ့ရဲ့ဓာတ်ခွဲခန်းထဲမှာ အမွှေးနံ့သာတွေနဲ့ ကစားနေတတ်ပြီ။ သူတို့တွေ
တစ်မိုးအောက်မှာ အတူနေတာတောင် အငယ်ဆုံးသားလေးကို တွေ့ဖို့ခက်တယ်။ အခုလိုမျိုး
သားအမိနှစ်ယောက် ဆိုဖာတစ်ခုတည်းမှာ အတူထိုင်ပြီး စကားပြောနေဖို့ကတော့
ထားလိုက်တော့။
ဒီတစ်ကြိမ်
ဆေးရုံကဆင်းလာကတည်းက သူက သူမ၊ ရုန်ဝေ့ရှန်တို့နဲ့ နေ့စဥ်နေ့တိုင်းအတူရှိနေပေးပြီး
စိတ်မရှည်မှုအနည်းငယ်လောက်တောင် မပြခဲ့ဘူး။
လုံးဝကို
နောက်တစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုမျိုး။
သူမရဲ့
အမွှေးလုံးလေးက တကယ်ပဲကြီးပြင်းလာခဲ့ပြီ။
ရုန်ရုန်က
ရုန်မားမားနဲ့သွေးသားမတော်စပ်ပေမဲ့ ဒီအချိန်မှာတော့ သူ့အမေရဲ့နှလုံးသားထဲမှ
ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတို့ကို သူ ခံစားမိနေသလိုပဲ။
အတိတ်ဘဝတုန်းက
ရုန်ရုန်တစ်ယောက် မိုးတွေယိုစိမ့်နေတဲ့အခန်းငယ်လေးထဲမှာ
သူ့ရဲ့ဘောင်းဘီရှည်ကိုလိပ်တင်ပြီး အိပ်ယာအောက်ခြေမှ မိုးရေတွေကိုခတ်ထုတ်ဖို့
လက်ဆေးဇလုံကြီးကို အသုံးပြုခဲ့ရတယ်။ ချမ်းသာတဲ့သခင်ငယ်လေး မဟုတ်တော့တဲ့အချိန်မှာ
သူနောင်တအရဆုံးက ကောင်းမွန်တဲ့အဝတ်အစားအသုံးအဆောင်တွေ၊ အရသာရှိတဲ့
အစားအသောက်တွေအတွက် မဟုတ်ခဲ့ဘူး။ သူ သူ့ရဲ့ မိဘတွေအပေါ်မှာ ဂရုစိုက်မှု အရမ်းကို
နည်းပါးလွန်းတာကိုသာ နောင်တကြီးစွာရခဲ့တယ်။ သူ့ရဲ့မှတ်ဥာဏ်ထဲမှာ သူ သူတို့အတွက်
ဂုဏ်ယူစရာဘာတစ်ခုမှ မလုပ်ခဲ့တဲ့ပုံပဲ။
ရုန်ရုန်
သူ့အမေရဲ့လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။
“မားကြိုက်ရင်
နောက်ကျရင် ကျွန်တော် မားနဲ့ ပါးအတွက် နေ့တိုင်းချက်ပေးမယ်လေ အိုခေ?”
ရုန်ကျန်း
တည့်မတ်စွာထိုင်ရင်း သူ့ရဲ့ညီငယ်လေးက သူ့ရဲ့ပါးနဲ့ သူ့အမေရဲ့ပါးကို ချစ်ခင်စွာနဲ့
ပွတ်တိုက်လိုက်တာကို ကြည့်နေခဲ့တယ်။ သူ ဝေဝေဝါးဝါးနဲ့ ရုန်သခင်မကြီး
အသက်ရှင်စဥ်ကာလတုန်းက နှင်းလိုဖြူဖွေးတဲ့ အမွေးတွေရှိပြီး အပြာရောင်မျက်လုံးတွေကို
ပိုင်ဆိုင်ထားတဲ့ ကြောင်တစ်ကောင်မွေးထားတာကို သတိရမိသွားတယ်။
သူ့ရဲ့နှုတ်ခမ်းတွေက
အနည်းငယ်ဖြောင့်တန်းသွားတယ်။
သူကလေးအရွယ်တုန်းက
ရုန်ရုန်က သူ့ရဲ့နောက်ကနေ လိုက်ရှုပ်ရတာကို အကြိုက်ဆုံးပဲ....
ရုန်ရုန်
သူ့ရဲ့အမေဆီမှာ သူကလေးအရွယ်တုန်းကလိုမျိုး အလိုလိုက်ခံထားရတဲ့ကလေးတစ်ယောက်လို
ဘာကြောင့်ပြုမူနေတာလဲဆိုတာကို သူမတွေးတတ်တော့ဘူး။
“ အဲလောက်ထိ
မလိုပါဘူး.. မင်းရဲ့လက်တွေက ရေမွှေးပညာရှင်တစ်ယောက်ရဲ့လက်တွေလေ”
သူမရဲ့သားငယ်လေးက
အနာဂတ်မှာ သူမအတွက် နေ့တိုင်းချက်ပေးမယ်ဆိုတာကိုကြားတော့ ရုန်မားမား ဘယ်လိုလုပ်
လက်ခံနိုင်မှာတဲ့လဲ။
သူမ
ရုန်ရုန်ရဲ့လက်တွေကိုကိုင်ပြီး ဂရုတစိုက်ကြည့်လိုက်တယ်။ သူမသားငယ်လေးရဲ့လက်တွေက
ဖြူဖျော့ပြီးရှည်သွယ်တယ်။
အမွှေးလုံးလေးရဲ့လက်တွေက
ရေမွှေးတွေဖန်တီးဖို့အတွက်ပဲ သင့်တော်တာ။
ရုန်ရုန်လည်း
သူ့ရဲ့လက်တွေကို ဂရုတစိုက် ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်လာခဲ့တယ်။
ဟုတ်တယ်။
ဟိုအချိန်တွေတုန်းကတော့ သူ့ရဲ့လက်တွေက ရေမွှေးတွေဖန်တီးဖို့အတွက်
မွေးဖွားလာတယ်ဆိုတဲ့အပေါ်မှာ သူ ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူး။
သူ့ရဲ့အတိတ်ဘဝတုန်းက
သူ့ရဲ့မိဘတွေအတွက် ဘယ်တုန်းကမှ မချက်ပေးခဲ့ဖူးသလို သူ့အစ်ကိုအတွက်လည်းရင်ထိုး
မထိုးပေးခဲ့ဘူး။
သို့ပေမဲ့
ဒီလက်တွေက ရေမွှေးတွေကိုဖန်တီးဖို့အတွက် ဘယ်နေရာမှာများ သင့်တော်ခဲ့လို့လဲ?
သူက
တစ်ပါးသူတစ်ယောက်ရဲ့ ဘဝကိုခိုးယူထားသူဖြစ်ကာ ပန်းထိုးအဝတ်အထည်တွေ၊
ကျောက်စိမ်းပန်းကန်နဲ့ထည့်ထားတဲ့ အစားအသောက်တွေရရှိနိုင်တဲ့ ဘဝကို ရခဲ့တယ်။
နောက်တော့လည်း
သူ့ရဲ့မူလပုံစံကိုရောက်အောင် ပြန်လည် ထုနှက်ခံလိုက်ရတာပဲ။
ဒီလက်တွေက
မီးဖိုချောင်ထဲမှာ ဆီပူဒဏ်တွေကို ခံခဲ့ရရုံတင်မဟုတ်ပဲ ဆောက်လုပ်ရေးဆိုဒ်ထဲမှာလည်း
ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်လာနိုင်ခဲ့တယ်။ ဒီလက်ဖဝါးတွေက
အသားမာအထပ်ထပ် တက်လာခဲ့ပြီးပြီ။
အရာအားလုံးကို
ထိတွေ့ကိုင်တွယ်ခဲ့ပေမဲ့ အနံ့စစ်ဆေးတဲ့စက္ကူနဲ့ ရေမွှေးပုံစံတွေကိုတော့
ဘယ်သောအခါမှ ထပ်မံထိတွေ့နိုင်ခဲ့ခြင်း မရှိတော့ဘူး။
“
မင်းမှတ်မိသေးလားမသိဘူး.. မင်း မူကြိုကျောင်းတက်တုန်းက မင်းရဲ့ဦးလေးက
မင်းကြီးလာရင် ဘာလုပ်မှာလဲလို့မေးပြီး စနောက်ခဲ့တယ်လေ.. မင်းက
အောင်မြင်တဲ့ရေမွှေးပညာရှင်ဖြစ်လာပြီး မင်းရဲ့ပါးနဲ့ မားကိုပေးမယ် .. နောက်ပြီး
မင်းရဲ့ကောကောကိုပေးမယ်.. လူတိုင်းကို ပြိုင်ဖက်ကင်းအမွှေးနံ့သာတွေရရှိစေရမယ်လို့
ဖြေခဲ့တယ်”
ထိုစကားကိုပြောရင်း
ရုန်းမားမားကပြုံးနေခဲ့တယ်။ မိဘတစ်ယောက်ရဲ့ ချီးကျူးလိုမှုတွေကလည်း ထိုစကားထဲမှာ
အပြည့်အဝပါနေခဲ့လေရဲ့။
သူမရဲ့ သားငယ်က
ရေမွှေးပညာရှင်တစ်ယောက်ဖြစ်လာမှာ သံသယဖြစ်စရာမလိုဘူး။
ရုန်ရုန်
ထိုစကားတွေကို မှတ်မိနေသေးတယ်။
ဒါတင်မကဘဲ သူ
အနာဂတ်မှာ ရေမွှေးဖြစ်ချင်ကြောင်း ပြောခဲ့ချိန်မှာ ထိုဦးလေးက
သူ့ရဲ့စရိုက်ကိုချီးကျူးသလိုမျိုးနဲ့ ချက်ချင်းပဲ ရယ်ခဲ့တာကိုလည်း
မှတ်မိနေတုန်းပဲ။
သူက
သူ့အမေချပေးထားတဲ့ သခွားမွှေးသီးကိုယူပြီး ဇနီးသည်ဘက်ကို လှည့်ကာ ဟာသလုပ်ခဲ့တယ်။
“ဝေ့ရှန်ရဲ့ သားငယ်က
တကယ်ရယ်ရတာပဲ.. ဒီကောင်လေးက ဘာတွေမှားနေတာလဲ? သူကြီးလာတဲ့အချိန်မှာ
ကောင်မလေးတွေလိုမျိုး အမွှေးနံ့သာအမျိုးအစားတွေကို
တစ်နေ့လုံးခွဲခြားပြီးအချိန်ကုန်ချင်နေတယ်.. တကယ်ကို ကြီးပွားချင်စိတ်ရှိတာပဲ
ဟားဟားဟားဟား
သူ့အစ်ကိုနဲ့
ယှဥ်ရင် တော်တော်ကြီးကိုဆိုးရွားလွန်းနေပြီ! ရှောင်ကျန်း သူ့အရွယ်တုန်းကဆို သူက
အနာဂတ်မှာ ဝေ့ရှန်ထက် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကိုပိုင်ဆိုင်နိုင်ရမယ်လို့
ဖြေခဲ့တာ.. ဒါကမှ ရုန်မိသားစုရဲ့သားပဲ.. ရှောင်ရုန် အာ... သူ့ရဲ့အစ်ကိုနဲ့ကတော့
မယှဥ်နိုင်ဘူး .. လုံးဝကို မယှဥ်နိုင်ဘူးပဲ”
ရုန်ရုန်
ထိုအချိန်တုန်းက ထိုစကားတွေရဲ့ ဆယ်ရာခိုင်နှုန်းလောက်ကိုတောင်
နားမလည်နိုင်ခဲ့ပေမဲ့ သူ့လေသံထဲက လှောင်ပြောင်သရော်မှုတွေကိုတော့
ခံစားနိုင်နေတုန်းပဲ။
သူ ထိုအချိန်တုန်းက
ရှက်ရွံ့ခဲ့ရတယ်။
သူ့အမေ
ထိုအချိန်တုန်းကပြုံးနေခဲ့တဲ့အပြုံးက အခုလိုနူးညံ့တဲ့အပြုံးထက်
ပိုမိုမှေးမှိန်နေခဲ့တာကို သူသတိမပြုမိခဲ့ဘူး။
သူ့အမေက
ဆိုဖာပေါ်မှာထိုင်နေရင်းမှာ သူ့ကို သူမရဲ့ပေါင်ပေါ်သို့ဆွဲတင်ပြီး
နူးညံ့သိမ်မွေ့စွာပြောခဲ့တယ်။
“အစ်ကိုကြီး.
ရှင်မသိမှာစိုးမိတယ်.. ရေမွှေးပညာရှင်တွေက အဆင့်အတန်းမြင့်မားလွန်းတယ်.. ရှင်သာ
ရေမွှေးပညာရှင်ဖြစ်ချင်မယ်ဆိုရင် အရည်အချင်းရော စွမ်းဆောင်ရည်ပါရှိနေရလိမ့်မယ်..
တစ်ခုမှ လျော့နည်းလို့မဖြစ်ဘူး.. ကျွမ်းကျင်ရေမွှေးပညာရှင်က တစ်သောင်းမှာ
တစ်ယောက်တောင်မဖြစ်နိုင်ဘူး
ထပ်ပြောရရင်
နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားတဲ့အမျိုးသားရေမွှေးပညာရှင်တွေက အမျိုးသမီးတွေထက်
ပိုပြီးနည်းပါးမနေဘူး.. လိင်အမျိုးအစားကိုအခြေခံပြီးခွဲခြားဆက်ဆံတာမျိုးက
တော်တော်ကြီး အမြင်ကျဥ်းလွန်းတယ်.. ရှင်ဘယ်လိုထင်လဲ”
အတိတ်တုန်းက
ရုန်ရုန် ကြေငြာလက်ကမ်းစာစောင်တွေ လိုက်ကမ်းပေးနေစဥ်မှာ လမ်းထောင့်မှ
ကြော်ငြာစခရင်ပေါ်မှ ရေမွှေးကြော်ငြာကိုမြင်တွေ့ခဲ့ရပြီး ထိုအချိန်တုန်းက
သူ့ရဲ့အမေ သူ့ဦးလေးကို ပြောခဲ့တဲ့စကားတွေကို ရုတ်တရက် သတိရမိသွားခဲ့တယ်။
သူ့အနေနဲ့
ထိုနေ့တုန်းက ဝက်ဝံဝတ်စုံကိုဝတ်ဆင်ထားခဲ့တာကို ကျေးဇူးတင်ရမယ်။ သူ
လှေကားပေါ်မှာထိုင်ရင်း အပြင်းအထန်ငိုကြွေးနေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူးလေ။
သူ
အကြိမ်ပေါင်းများစွာ နောင်တရခဲ့တယ်။
သူ့ရဲ့ဦးလေး
သူ့အပေါ်လှောင်ပြောခဲ့တာကိုပဲသတိရပြီး သူ့အမေ သူ့ဘက်က ကာကွယ်ပေးခဲ့တာကို
မေ့ပျောက်သွားခဲ့မိတဲ့အပေါ်မှာ နောင်တရတယ်။
သူက သူရဲ့မိဘတွေ
သူ့အစ်ကိုကိုသာ ပိုချစ်ခဲ့တယ်လို့ အမြဲတမ်း တွေးမိခဲ့တယ်။
နောက်ပိုင်းမှာ
ကျိုးယွီအတွက်ကြောင့် မိသားစုနဲ့ ပြသနာတက်ခဲ့တယ်။
ဒါကမှ
မျက်လုံးဖြူဝံသလွေလို့ခေါ်သင့်တဲ့သူပဲမလား?
ရုန်ရုန်
ရုန်မားမားကိုပွေ့ဖက်လိုက်ပြီး သူ့ခေါင်းကို
ရုန်မားမားရဲ့ပုခုံးပေါ်မှာတင်လိုက်တယ်။
“ကျွန်တော်
ကျွမ်းကျင်ရေမွှေးပညာရှင်တစ်ယောက်ဖြစ်လာရင် ကျွန်တော့်ရဲ့ရေမွှေးဖြန့်ဖြူးပွဲကို
မားနဲ့ ပါးရော ကောကောရော လာရမယ်နော် အိုခေ?”
မားမားရုန်
ပြုံးလိုက်ပြီး နူးညံ့စွာပြန်ပြောလာတယ်။
“သေချာတာပေါ့”
ရုန်ရုန်
အသံမထွက်လုနီးပါး တီးတိုးပြောလာပြန်တယ်။
“ ဒါဆို
ကျွန်တော်တို့ ကတိလုပ်ရအောင်လေ.. မား ပါးနဲ့ ကောကော သုံးယောက်လုံး
ဒီချိန်းဆိုမှုကို မမေ့သွားရဘူးနော်”
ရုန်မားမား
သူ့ရဲ့ဆံပင်တွေကို ပွတ်ပေးလိုက်တယ်
“ မားကတိပေးတယ်..
မား ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ”
ရုန်ရုန်
သူ့နှုတ်ခမ်းကို ကိုက်လိုက်မိတယ်။
ဟုတ်တယ်။
သူ့အမေက
ဘယ်တုန်းကမှ ကတိမဖျက်ခဲ့ဘူး။
သူ့ရဲ့အိပ်မက်ထဲမှာကလွဲလို့။
သူ့ရဲ့အိပ်မက်ထဲမှာ
သူ သူ့အမေနဲ့ ကတိလုပ်ခဲ့တယ်။ မနက်ဖန်ကျရင်လည်း သူ့ရဲ့အိပ်မက်ထဲကို
လာခဲ့ပေးမယ်ဆိုပြီးတော့။
ဒါပေမဲ့ သူ့ရဲ့အမေက
ထိုကတိကို အမြဲတမ်းအတွက် ချိုးဖျက်သွားခဲ့တယ်။
****❤
ရုန်ကျန်း
ရုန်ရုန်ရဲ့ကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးဖို့ရန်အတွက် ဒေါက်တာကွမ်းနဲ့
ဒီမနက်မှာချိန်းဆိုထားတာ။
သို့ပေမဲ့ သူ
ဒီမနက်အလုပ်မသွားခင် မနက်ခင်းပြေးရာမှ ပြန်လာချိန်မှာ ရုန်ရုန်ကို ဧည့်ခန်းထဲမှာ
မတော်တဆတွေ့မိခဲ့တယ်။ ဒီတော့ ရုန်ရုန်နဲ့ အချိန်အကြာကြီးအတူရှိနေပေးဖို့အတွက်
ရုန်ကျန်းတမင်တကာအချိန်ဆွဲနေခဲ့တာ။ သို့ပေမဲ့ ဒါတာကွမ်းနဲ့ ချိန်းဆိုချိန်က
နီးလာလာပြီဖြစ်လို့ ရုန်ကျန်းနောက်ကျနေရန် မသင့်တော်ဘူး။
ရုန်ကျန်း
ဆိုဖာပေါ်ကထရပ်လိုက်ပြီး :
“မား ကျွန်တော်
အလုပ်သွားတော့မယ်”
“ကောကော”
ရုန်ရုန်လည်း
ထရပ်လာတယ်။
“ကောကော
ကုမ္ပဏီကိုသွားမလို့လား.. ကျွန်တော် ဆံပင်သွားညှပ်ချင်လို့ ကောကောနဲ့
လိုက်ခဲ့လို့ရမလား”
သူဆေးရုံကနေ
ဆင်းလာပြီးကတည်းက ရုန်ရုန် သူ့ရဲ့ဆံပင် အရှေ့ဘက်ဆံမြိတ်တွေက
အရမ်းရှည်နေသလိုခံစားရပြီး အဆင်မပြေဖြစ်နေခဲ့တယ်။ သူ့ရဲ့အတိတ်ဘဝတုန်းက
ဒီလိုဆံပင်ကေများကို ဘယ်လိုမျက်လုံးနဲ့များ ချောမောသလိုခံစားခဲ့ရတာလဲဆိုတာကို
ရုန်ရုန် သံသယဖြစ်မိတယ်။ နောက်ပြီး ဒီလို စိတ်မချမ်းမြေ့စရာဆံပင်ကေကို
တစ်နှစ်ပတ်လုံးထားခဲ့ပြီး မျက်လုံးတွေကိုလည်း အမြဲဖုံးကွယ်ထားခဲ့သေးတယ်။
သူ အရင်ကတည်းက
ဆံပင်ညှပ်ချင်နေတာဖြစ်ပေမဲ့ “အိပ်ပျော်နေတဲ့အလှလေး”အတွက် အလုပ်ရှုပ်နေခဲ့ပြီး မသွားဖြစ်ခဲ့ဘူး။
ဒီနေ့မှာတော့ ဒါကိုသတိတရရှိနေတုန်းမှာ ဆံပင်သွားညှပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ဆံပင်နည်းနည်းလောက်တိုသွားသရွေ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အဆင်ပြေလိမ့်မယ်။
ရုန်မားမားက
ထူးဆန်းစွာမေးလာတယ်။
“မင်းရဲ့ကားကရော..
ထိန်းသိမ်းခံထားရတာလား”
ရုန်ပါးပါးသည်လည်း
မနက်စာစားပြီးပြီးဖြစ်တာကြောင့် ပါးစပ်ကိုသုတ်ရင်းထွက်လာပြီး ဝင်ပြောတယ်။
“ဂိုထောင်ထဲမှာ
တခြားကားတွေရှိသေးတယ်လေ.. ကားသော့မရှိလို့လား.. ကိုယ်တိုင်မမောင်းချင်လို့လား?
ဘယ်ကိုသွားချင်တာလဲ.. ဒရိုက်ဘာ ဒီနေ့ အိမ်မှာရှိတယ်လေ...”
“မဟုတ်ဘူး ကျွန်တော်
ကုမ္ပဏီလမ်းပေါ်မှာရှိနေတဲ့ Barberဆိုင်ကိုပဲဝင်မှာ..
ကောကော ကျွန်တော့်ကိုလမ်းမှာချထားခဲ့လို့ရတယ်”
“ဒါဆို
ဘယ်လိုပြန်လာမှာလဲ”
“ပါး ဒီကမ္ဘာပေါ်မှာ
တက္ကစီခေါ်တဲ့ ဆော့ဝဲလ်တွေအများကြီးရှိပါတယ်”
ရုန်ပါးပါးက
တစ်ခုခုထပ်ပြောချင်နေသေးပေမဲ့လည်း ရုန်ရုန်က ကြားဖြတ်ပြောလိုက်တယ်။
“ပါး မား ကျွန်တော်
ကောကောနဲ့အတူ အရင်သွားနှင့်တော့မယ်.. မဟုတ်ရင် ကောကော အလုပ်နောက်ကျနေတော့မှာ”
ပြီးနောက် သူက
တခြားအကြောင်းပြချက်တွေပေးမနေတော့ပဲ ရုန်ကျန်းကို တံခါးဆီကို
တွန်းခေါ်သွားတော့တယ်။
ရုန်ပါးပါးက
ရှုပ်ထွေးနေသလိုပဲ။
“ကျန်းအာက အလုပ်ကို
အချိန်မှီရောက်စရာ မလိုဘူးမလား ဘာလို့နောက်ကျရမှာလဲ”
ရုန်မားမား
ပြုံးလိုက်တယ်။
“ရှင်မမြင်နိုင်ဘူးလား..
ကလေးတွေက ရှင့်ကို လေကြောရှည်တယ်လို့ ထင်နေကြတာလေ”
ရုန်ပါးပါး:????!!!!
လျို့ရှင်းတစ်ယောက်ကတော့
သူ ထွက်မလာခင်မှာ ဘောစ့်ဖြစ်သူထံမှ သူ့ကို နောက်ကျမှ လာကြိုပေးဖို့ခေါ်လာတဲ့စာကို
လက်ခံရရှိခဲ့တယ်။
လျို့ရှင်း:......
မစ်စတာရုန်ကတော့
အလုပ်ပျက်ရုံတင်မကဘဲ အလုပ်နောက်ကျဖို့အတွက်ပါ သင်ယူနေခဲ့ပြီဟ!
နောက်ကြည့်မှန်မှ
ညီအစ်ကိုနှစ်ယောက်ဗီလာထဲမှထွက်လာတာကို မြင်လိုက်ရတော့ လျို့ရှင်းရဲ့မျက်ဝန်းထဲမှာ
အံ့သြမှုအရိပ်အယောင်တွေဖြတ်သန်းသွားတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ
နားလည်သွားဟန်လည်း ပေါ်လာပြန်တယ်။
အံ့ဩစရာမရှိတော့ဘူးပဲ။
မစ်စတာရုန်
အရင်တုန်းက ကုမ္ပဏီကိုမလာခဲ့တာကလည်း ရုန်မိသားစုရဲ့သခင်ငယ်လေးနဲ့ပတ်သက်နေတာပဲလေ။
ဒီနေ့လည်း
အလုပ်သွားခါနီးမှာ ဒီသခင်ငယ်လေးနဲ့ အတူသွားဖို့အတွက်
စောင့်ဆိုင်းနေခဲ့တာဖြစ်လိမ့်မယ်။
“လျို့ကော..
ကျေးဇူးပြုပြီး လျို့နင်လမ်းပေါ်က barberဆိုင်မှာ
ကားရပ်ပေးပါဦး”
ရုန်ရုန်က
ထိုင်ခုံခါးပတ်တပ်ရင်း ဒရိုက်ဘာခုံမှာရှိနေတဲ့ လျို့ရှင်းကိုလှမ်းပြောလိုက်တယ်။
“ကောင်းပါပြီ
ဒုတိယသခင်လေး”
တကယ်တမ်းမှာ
ရုန်ရုန်အနေနဲ့ လျို့နင်လမ်းပေါ်မှ Barber ဆိုင်မှာ
ဆံပင်ညှပ်ချင်တာမဟုတ်ဘူး။ သူ့ရဲ့မူလတုန်းက ဆံပင်စတိုင်တွေ အားလုံးကို
ထိုဆိုင်မှာပဲလုပ်ခဲ့တာလေ။
သူ
ပြန်လည်မွေးဖွားမလာခင်တုန်းက ထိုဆိုင်မှာ ပိုက်ဆံတွေအများကြီးသွင်းထားပြီးသား
မဟုတ်ခဲ့ဘူးဆိုရင် သူတကယ် ထိုနေရာကိုသွားမှာမဟုတ်ဘူး။
လက်ရှိအချိန်က
အလုပ်သွားချိန်ဖြစ်နေတာကြောင့် ဖူချန်ရဲ့လမ်းမက မျှော်လင့်ထားသလိုမျိုး
ပိတ်ဆို့မှုတွေများနေခဲ့တယ်။
ရုန်ရုန်ရဲ့ဇီဝနာရီကြောင့်
အလိုအလျောက်နိုးလာခဲ့တာဖြစ်ပေမဲ့တစ်နှစ်ပတ်လုံးနောက်ကျမှ အိပ်ယာထတတ်တဲ့
ခန္ဓာကိုယ်ကတော့ ဒါကို ကျင့်သားမရနိုင်ခဲ့ဘူး။
ရုန်ရုန်တစ်ယောက်
အိပ်ပျော်လုနီးပါးဖြစ်နေချိန်မှာ သူ့အနောက်မှ ကားရဲ့ဟွန်းသံက
အကျယ်ကြီးထွက်လာခဲ့ပြီး ထိပ်လန့်တကြားဖြစ်သွားရကာ သူ့ရဲ့နဖူးက
ဘန်းခနဲအသံနဲ့အတူကားပြတင်းပေါက်နဲ့
တိုက်မိသွားတော့တယ်။
“ဖူး..”
လျို့ရှင်းတစ်ယောက်ရယ်ချင်မိပေမဲ့
ဒါက အတော်လေးမသင့်တော်လှကြောင်း သတိပြုမိတာကြောင့် လမ်းတစ်ဝက်လောက်မှာ အတင်းအကြပ်
ပြန်လည်ချုပ်တည်းလိုက်ရတယ်။
ရုန်ကျန်းက
ကားပေါ်ကိုရောက်လာပြီးကတည်းက သူ့ရဲ့ iPadပေါ်မှ
ကုမ္ပဏီရဲ့တိုးတက်မှုအသစ်တွေအကြောင်း 3Dနဲ့တင်ပြထားတာကို
ဖတ်ရှုနေခဲ့တာ။ ဒါကြောင့် ရုန်ရုန် အိပ်ငိုက်နေတာကို သတိမပြုမိခဲ့ဘူး။
ထို
ထိခိုက်မိတဲ့အသံကိုကြားမှiPadထဲမှ မျက်နှာလွှဲကာ
ရုန်ရုန့်ကိုလှည့်ကြည့်လာတယ်။
သူက
ဖြစ်စဥ်တစ်ခုလုံးကို မမြင်တွေ့ခဲ့ရရင်တောင် ရုန်ရုန်တစ်ယောက်
သူ့ရဲ့နဖူးကိုပွတ်နေပြီး အနည်းငယ် ကြောင်အအဖြစ်နေဆဲဆိုတာကို မြင်လိုက်ရရုံနဲ့
ဘယ်လိုလုပ် နားမလည်ပဲရှိနေနိုင်မှာပဲ။
“အိပ်ငိုက်နေတာလား”
“ ခုနတုန်းက
တော်တော်လေးအိပ်ငိုက်ပြီး အိပ်ပျော်သွားတာ ..ခုတော့ လန်းသွားပါပြီ”
ရုန်ရုန်
သူ့ရဲ့ရှေ့ဆံပင်တွေကိုမ,ရင်း အပြုံးတစ်ခုနဲ့ သူ့ရဲ့နဖူးကို လက်ညိုးထိုးပြလာတယ်။
ရုန်ကျန်း
ရုန်ရုန်ရဲ့နဖူးက အနည်းငယ်နီရဲနေဆဲဖြစ်ကြောင်းကို ရိပ်ခနဲသာ တွေ့လိုက်ရတယ်။
“မလှုပ်နဲ့ ..
ငါကြည့်ပေးမယ်”
သူက လက်ထဲမှ iPadကို ဘေးမှာချထားလိုက်ပြီး
ရုန်ရုန်ရဲ့ရှေ့ဆံမြိတ်ကို ဂရုတစိုက်နဲ့ဖယ်ကြည့်လိုက်တယ်။
ရုန်ရုန်
ရုန်ကျန်းမြင်နိုင်စေဖို့ သူ့ရဲ့လက်တွေကို ပြန်ချပေးထားလိုက်တယ်။ သေချာတာပေါ့။
နီရဲပြီး အဖုတောင်ထနေပြီ။
ရုန်ကျန်း အနည်းငယ်
ဒေါသထွက်လာရတယ်။ ရုန်ရုန်က ဒီလိုအခြေအနေမျိုးမှာ ရယ်မောနိုင်နေသေးတာလား။
ဒီလိုကိစ္စမျိုးကိုတောင်
မင်းက ရယ်မောနိုင်နေသေးတာလား။
မင်း
ဘယ်အချိန်ကတည်းက နာကျင်မှုတွေကို ကျင့်သားရလာတာလဲ။ ဒါမှမဟုတ် မင်းရဲ့
ခန္ဓာကိုယ်အကြောင်းကို လုံးဝဂရုမစိုက်တော့ရုံပဲလား။
ရုန်ရုန်ရဲ့
အမျိုးမျိုးသော ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ညှင်းဆဲတတ်မှုတွေကိုပြန်တွေးရင်း
ရုန်ကျန်းလေသံနက်နက်နဲ့ မေးလိုက်တယ်။
“မင်း မနာဘူးလား”
ရုန်ရုန်
ရှင်းမပြနိုင်စွာ ပြန်ပြောလာတယ်။
“ဟမ်?
သွေးတောင်မထွက်ဘူးမလား”
ရုန်ရုန်
ခေါင်းငုံ့ပြီး သူ့ရဲ့လက်တွေကို ပြန်ကြည့်လိုက်တယ်။
ဒီအချိန်မှာ
သူ့ရဲ့လက်တွေက သန့်ရှင်းစင်ကြယ်ပြီး ကျောက်စိမ်းတွေလိုရှိနေဆဲဖြစ်ကာ
အမာရွက်တွေတောင်မရှိသေးဘူး။ သွေးရဲ့အရိပ်အယောင်လည်း အနည်းငယ်လောက်တောင် မတွေ့ရဘူး။
ရုန်ကျန်းရဲ့ခန္ဓာကိုယ်ထဲမှ
သွေးတွေက ဆူပွတ်လာခဲ့တယ်။
မင်းက သွေးထွက်လာမှ
နာကျင်တယ်လို့တွေးနေတာလား?
“ ခဏနေဦး
ဆံပင်ညှပ်ဆိုင်ကို မသွားနဲ့ဦး.. ကုမ္ပဏီကိုအရင်သွားရအောင် မင်းရဲ့ဒဏ်ရာက
ရေခဲကပ်ဖို့လိုနေတယ်”
ရုန်ရုန်
အနည်းငယ်ကြောင်အမ်းသွားတယ်။
“ကောကော မလိုပါဘူး
.. ဒါက နည်းနည်းလေးဆတ်မိသွားရုံလေးပါ”
ရုန်ကျန်း
သူ့ကိုကြည့်ပြီး လေးနက်တည်ကြည်စွာ မေးလာတယ်။
“ရုန်ရုန် ..
မင်းအတွက်က ဘယ်လိုအနာတရမျိုးကမှ “ရုံလေး” မဟုတ်မှာလဲ.. မင်းရဲ့
ခေါင်းကွဲသွားတဲ့အချိန်ကျမှလား”
ဒီတစ်ကြိမ်က
ရုန်ကျန်း ဒေါသထွက်နေတာလား မထွက်ဘူးလားဆိုတာကို ခန့်မှန်းဖို့ အနည်းငယ်လွယ်ကူတယ်။
ပုံမှန်အားဖြင့်ဆိုရင် ရုန်ကျန်းက သူ့ရဲ့ဒေါသကို မျက်နှာပေါ်မှာ မပြတတ်ဘူးလေ။
ရုန်ရုန်ကတော့
သူ့ရဲ့အစ်ကို ဘာကြောင့်ရုတ်တရက်ကြီးဒေါသထွက်သွားတာလဲဆိုတာကို တကယ်နားမလည်ခဲ့ဘူး။
ဒီဒဏ်ရာက
အရင်ဘဝမှာတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့စာရင် ဘာမှမဖြစ်ခဲ့သလောက်ပဲလေ။
သွေးမထွက်နေသရွေ့၊
သွေးထွက်နေခဲ့မယ်ဆိုရင်တောင် သွေးလေးတွေ ရပ်သွားမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်
ပိုးသတ်ပြီး ပတ်တီးစည်းလိုက်လို့ရတယ်။ ဒါက တကယ့်ကိုပြသနာမရှိဘူး။
ရုတ်တရက်ဆိုသလို
သူမျက်တောင်ခတ်လိုက်မိတယ်။
နောက်ထပ်
မျက်တောင်ခတ်မိပြန်တယ်။
ထူထဲနေတဲ့မျက်တောင်လေးတွေက
ယပ်တောင်အသေးလေးနှစ်ခုလိုမျိုးပဲ။
လှပတဲ့မျက်ခုံးနဲ့
မျက်လုံးဝိုင်းဝိုင်းတွေက အပေါ်ကိုပင့်,မလာပြီး သူ့ရဲ့မျက်ဝန်းထဲမှာ
ကြယ်စင်တန်းလေးတွေရှိနေသလိုမျိုးပဲ။
သူ့ရဲ့လျှာဖျားလေးက
ကျားစွယ်လေးကို အသာလျက်လိုက်မိပြီး အသာပြုံးကာ မေးလိုက်တယ်။
“ကောကော ..
စိတ်ပူနေတာလားဟင်