Ch 1
မနေ့တုန်းကငါ့ရဲ့ငယ်သူငယ်ချင်းက အိမ်လာပြီး ငါ့ကိုလက်ထပ်ခွင့်တောင်းခဲ့တယ်။
ငါကိုယ်တိုင်ကလည်း သူ့ရဲ့ခန့်ညားချောမောတဲ့ရုပ်ရည်ကို အချိန်အကြာကြီးကတည်းက လိုချင်တပ်မက်နေခဲ့တာဆိုတော့ အခုငါ့ဆန္ဒတွေပြည့်သွားပြီလေ။
သူ စံအိမ်ကနေထွက်သွားတဲ့အချိန်မှာတောင် ဂိတ်တံခါးကနေပြီးတော့ငါ့ကိုညင်ညင်သာသာလေး ပြုံးပြခဲ့သေးတာ...
သူ့ရဲ့ အဲ့ဒီလို နူးညံ့တည်ကြည်တဲ့အသွင်အပြင်က ငါ့ကိုဘယ်လောက်ထိတောင်ဖမ်းစားထားခဲ့လဲဆိုရင် အဲ့ဒီညတစ်ညလုံးကို အချစ်ဇာတ်လမ်းတွေဖတ်ရင်းကုန်ဆုံးမိတဲ့အထိပဲ။
မနက်ဖြန်ရောက်တာနဲ့ငါတို့တွေချက်ခြင်း လက်ထပ်ကြရင်ကောင်းမှာပဲနော်။
ငါ့ရဲ့အစေခံလီကျိီကတောင် "မမလေး စာအုပ်တွေအဖတ်လွန်ပြီး စိတ်ကူးယဉ်နေပြန်ပြီ" လို့ စနေခဲ့သေးတယ်။
---
ဒီနေ့ငါနဲ့ချီယန်ချီတို့ လျှောက်လည်ကြမဲ့
အကြောင်းကိုစဉ်းစားပြီး သူ့လက်လေးကိုဘယ်လိုကိုင်ရမယ်ဆိုတဲ့အတွေးတွေနဲ့ မကူကယ်နိုင်စွာပဲ ပြုံးလိုက်မိတယ်။
ဒီအတွေးတွေနဲ့ မျက်လုံးမဖွင့်ရသေးခင်မှာတင် ငါ့နှုတ်ခမ်းထောင့်ကတွန့်ကွေးနေပြီလေ။
အဲ့ဒီအချိန်မှာပဲ နူးညံ့တဲ့လက်သေးသေးလေးက ငါ့ပါးပေါ်ကို ဖွဖွလေးထိလာပြီး ကလေးတစ်ယောက်အသံကိုလည်းကြားလိုက်ရတယ်
"မမ ဖြည်းဖြည်းလေးလုပ်နော် သူ့ကိုမနိုးစေနဲ့ ဖေဖေက သူ့ဆီကိုလာမလည်ရဘူးပြောထားတာ"
ဘာဖြစ်နေတာလဲ ? ဘာလို့ကလေးတွေကငါ့အခန်းထဲရောက်နေတာတုန်း ?
ငါမတုန့်ပြန်နိုင်ခင်မှာပဲ အခြားကလေးသံတစ်ခုထပ်ပေါ်လာပြန်တယ်။
"ဟုတ်ပြီ ဟုတ်ပြီ ဒါပေမယ့် နင်မမြင်လိုက်ဘူးလား သူအခုလေးတင်ပြုံးနေတာလေ ညင်ညင်သာသာလေးပြုံးနေတာ သူသာငါတို့ကိုအဲ့လိုလေးပြုံးပြရင်..."
"ကိုကိုလည်း သူ့ကိုထိနေတာပဲလေ"
ငါနားထောင်ပြီးနည်းနည်းလေး ခေါင်းရှုပ်သွားတယ် ဘယ်သူကဘယ်သူ့ရဲ့ကိုကိုလဲ ပြီးတော့ဘယ်သူကရောဘယ်သူရဲ့မမလဲ ?
ငါမျက်လုံးမဖွင့်ပဲ ဘယ်ကလေးတွေက ငါ့အခန်းထဲကို၀င်ရဲတာလဲဆိုတာ အသံနဲ့ပဲဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ပြီးတာနဲ့ နောက်လက်တစ်ဖက်က ငါ့ပါးကိုထိလာပြီး နူးနူးညံ့ညံ့နဲ့တီးတိုးပြောလာခဲ့တယ်။
"မေမေ"
မေမေ !?
ငါထပ်ပြီး မဟန်ဆောင်နိုင်တော့ဘူး။
ဘယ်သူကများငါ့ရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးဖို့ကြိုးစားနေတာလဲ ?
ချီယန်ချီနဲ့ငါက မင်္ဂလာတောင်မဆောင်ရသေးဘူးလေ။
ငါလည်း တုန်လှုပ်သွားပြီးချက်ခြင်းထရပ်လိုက်တော့ နုနယ်တဲ့ကြွေရုပ်လေးတွေနဲ့တူတဲ့ ငါးနှစ် ခြောက်နှစ်အရွယ်ကလေးနှစ်ယောက်ကအိပ်ယာဘေးမှာ ရပ်နေတာကိုမြင်လိုက်ရတယ်။
ငါ့ရဲ့ရုတ်တရက် လှုပ်ရှားမှုက ကောင်လေးကို လန့်လိုက်သလိုဖြစ်သွားပြီးသူလဲကျသွားလို့ နှုတ်ခမ်းစူလိုက်ရင်း ထိတ်လန့်တဲ့အကြည့်နဲ့ငါ့ကိုကြည့်လာခဲ့တယ်။
ငါဘာမှမမေးနိုင်ခင်မှာတင်အဲ့ကောင်လေးကချက်ခြင်းထရပ်ပြီး ကောင်မလေးကိုဆွဲပြီးထွက်ပြေးနှင့်ပြီလေ။
တံခါး၀မှာခဏရပ်ပြီးတောင့်တနေတဲ့အကြည့်တွေနဲ့လည်းကြည့်သွားသေးတယ်။
ဘာတွေဖြစ်နေတာလဲဟ !