57)
နှိုင်းယှဥ်မှု
ချန်ယွဲ့ကျင်းရဲ့
ပါးစပ်ထောင့်က အကြိမ်အနည်းငယ် လှုပ်ခတ်သွားခဲ့တယ်။ သူမက သွေးအားကောင်းစေဖို့အတွက်
စွံပလွန်သီးတွေဝယ်လာခဲ့တာလား။ ဒီလိုဆိုရင်တော့ နားလည်လို့ရပါတယ်။ အဆုံးမှာ
လင်းချွမ်က သွေးတွေအများအပြား ဆုံရှုံးထားခဲ့တာပဲလေ။
ထို့နောက်မှာတော့
ဆုဆုက ထိုအိတ်ထဲမှ အနီရောင်အသီးလေးတွေကြားထဲမှာရှိနေတဲ့ သေးငယ်တဲ့အထုတ်လေးကို
ထုတ်ယူလိုက်ပြီး ထိုအနီရောင် အစေ့အဆန်လေးတွေကို ခွက်ထဲသို့ထည့်ကာ
ရေအနည်းငယ်လောင်းထည့်လိုက်လေတယ်။ ချန်ယွဲ့ကျင်း အံ့အားသင့်သွားခဲ့ပြီး
လင်းချွမ်ဆီကို မော့ကြည့်လိုက်တော့ တစ်ဖက်လူရဲ့မျက်နှာက
တဖြည်းဖြည်းနီရဲလာပြီးနောက် အနက်ရောင်သို့ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်။
ချန်ယွဲ့ကျင်း
ချောင်းအသာဟန့်လိုက်မိပြီး ပြောလိုက်တယ်။
“ဒါဆို ကျွန်တော်
အရင်သွားလိုက်ပါဦးမယ် .. ဒီက တပ်ရင်းမှူး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
သူမက မင်းအတွက်
ဂိုဂျီသီးခြောက်တွေကိုတောင် ရေနွေးနဲ့စိမ်ပြီးနေပြီ။ ဒါကို မင်းက
သူမအထင်မလွဲဘူးလို့ ပြောချင်နေသေးတာလား?
ပြီးတော့
တစ်ဖက်မှာရှိနေတဲ့ လင်းချွမ်ကလည်း သူ့ရဲ့ဇနီးသည်က သူ့အတွက် ဂိုဂျီသီးတွေကို
ရေနွေးစိမ်ပေးနေတာကိုကြည့်ပြီး စိတ်မသက်မသာ ခံစားနေရတယ်။
“ဒါက……”
“ချီက
သွေးအတွက်ကောင်းတယ်လေ.. ရှင် သွေးအများကြီးဆုံးရှုံးထားတယ်လို့ ဆရာဝန်ဆီက
ကျွန်မကြားထားတယ်”
ဆုဆုက
သူမရဲ့လက်ထဲကဖန်ခွက်ကို လင်းချွမ်ထံသို့ ပေးလိုက်တယ်။
လင်းချွမ်တစ်ယောက်
ပါးစပ်ကိုဖွင့်လိုက်မိပေမဲ့ ဘယ်လိုမျိုးငြင်းဆန်ရမလဲဆိုတာ မသိတာကြောင့်
အနည်းငယ်လောက်သောက်လိုက်ရတယ်။
“သောက်ပြီးသွားရင်
ဒီစွံပလွန်သီးနဲ့ ဂိုဂျီသီးတွေကိုလည်းစားဖို့ မမေ့နဲ့နော်.. ဒါတွေက
အာဟာရအများကြီးဖြစ်စေတယ်.. ကျွန်မ အပြင်ဘက်မှာ ဆိုင်တော်တော်များများကို
လိုက်ရှာပြီးဝယ်လာခဲ့တာ”
“…”
ဇနီးလေး.. ကိုယ်
တကယ်ကြီး အဲဒီနေရာကို ကုစရာမလိုအပ်ပါဘူး။ မဟုတ်ရင် နောက်တစ်ခါ မတော်တဆ
ထပ်ဖြစ်လာလိမ့်မယ်။ အဲဒီနေရာမှာ ဒဏ်ရာရနေတာမဟုတ်ဘူးဆိုပေမဲ့လည်း အခုလို မကြာခဏ
ထကြွလာရတာက အဆင်မပြေဖြစ်စေပြီး ဒဏ်ရာကိုပါ နာကျင်စေတယ်နော်။
“ဘာဖြစ်လို့လဲ?
ရှင်ဘာလို့ ကျွန်မက ရှင့်ကို အဆိပ်ကျွေးနေသလို ဖြစ်နေရတာလဲ”
ဆုဆုက အလွန်ကို
အကဲဆတ်လွယ်လွန်းတယ်။
“ဇနီးလေး
ကိုယ် မင်းကိုပြောစရာရှိတယ်”
“အမ်”
လင်းချွမ်ရဲ့
စရိုက်လက္ခဏာအရ အခုချိန်မှာ သူက အလွန်အရေးကြီးတဲ့အရာတစ်ခု
ပြောချင်နေတာဖြစ်လိမ့်မယ်လို့ ဆုဆု ခံစားမိတာကြောင့် သူ့ရဲ့ဘေးနားမှာ ရပ်လိုက်ပြီး
ဂရုတစိုက် နားထောင်ဖို့လုပ်လိုက်တယ်။
သူမရဲ့
ရေလိုကြည်လင်နေတဲ့ မျက်လုံးတွေကို မြင်တော့ လင်းချွမ် ပြောရမှာကို
ပိုပြီးရှက်ရွံ့လာရတယ်။ သို့ပေမယ့်လည်း သူမ ရှင်းမပြလို့
မဖြစ်တဲ့အခြေအနေဖြစ်နေတာကြောင့် ပြောကိုပြောရလိမ့်မယ်။
“အဲဒါက ..
ကိုယ့်ရဲ့ခြေထောက်ကို ဒဏ်ရာရထားတာ”
“ကျွန်မ သိပါတယ်
..ဆရာဝန်ပြောတယ်လေ”
ဒဏ်ရာက
သူ့ရဲ့ခြေထောက်မှာဖြစ်ပြီး သေစေနိုင်လောက်တဲ့နေရာနဲ့ အလွန်နီးစပ်တယ်။
ဆုဆုအနေနဲ့ ဒဏ်ရာက ဘယ်နေရာမှာလဲဆိုတာကို မသိဆဲပဲ ဆိုပေမဲ့ ဆရာဝန်က
ထိုသို့ပြောလာတာကြောင့် သူမကလည်း ပြောတဲ့အတိုင်းပဲ နားထောင်နိုင်ခဲ့တယ်။
သူမက
ထိုသို့ပြန်ပြောလာခဲ့ပေမယ့် သူမရဲ့မျက်လုံးတွေက ရှုပ်ထွေးမှုတွေနဲ့
ဝေးကွာနေဆဲဖြစ်နေတုန်းပဲ။
လင်းချွမ်တစ်ယောက်
သူတို့ရဲ့မင်္ဂလာဆောင်ပြီးနောက် နေ့ရက်တွေမှာ သူတို့ထိသင့်သမျှအရာအားလုံးကို
ထိတွေ့ခဲ့ကြပြီး သူမသည်လည်း မြင်ဖူးသင့်သမျှ အရာအားလုံကို
မြင်ဖူးခဲ့ပြီးလောက်ပြီလို့ တွေးလိုက်တယ်။
ဒါကြောင့်
သတ္တိကိုစုဆည်းပြီးဆုဆုရဲ့ လက်လေးကို ဖမ်းဆုတ်ကိုင်ခဲ့ကာ ဆုဆုရဲ့ လက်ကို
သူ့ရဲ့ညာဘက် ပေါင်ရင်းနားပေါ်သို့ ဆွဲယူလိုက်တယ်။
“ဒီနေရာမှာရှိတာ
ဒီဘက်မှာမဟုတ်ဘူး”
သူက ပြောရင်းနဲ့
သူ့ရဲ့အရှေ့ဘက်ကို သူ့ရဲ့ ကိုယ်ပိုင်လက်နဲ့ အသာပုတ်ပြီး
ရှက်ရွံ့စွာပြန်ကြည့်နေခဲ့တယ်။
ဆုဆုရဲ့
မျက်နှာသည်လည်း ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့ပြီး သူမရဲ့လက်ကို
အမြန်ပြန်ရုတ်လိုက်ကာ ကြောက်လန့်တကြားနဲ့ပြောလိုက်တယ်။
“ကျွန်မသိပါတယ်”
ဘုရားရေ!
ဒီအရှက်မရှိတဲ့လူကတော့! သူမရဲ့လက်ကိုဆုတ်ကိုပြီး ပွင့်ပွင့်လင်းလင်းနဲ့
ထိနေရာဆီကိုသွားထိခိုင်းလုနီးပါးပဲ။ ဒါက သူမကို အသက်ရှူရပ်မတတ်ဖြစ်စေပြီး နှလုံးက
ခုန်ထွက်လုနီးပါးဖြစ်သွားစေတယ်နော်။
“ဒါကြောင့်
မင်းဂိုဂျီလက်ဖက်ရည်ကို ပြင်ပေးစရာမလိုဘူး.. ကိုယ့်ရဲ့အဲဒီနေရာက ကုသစရာမလိုအပ်ဘူး”
လင်းချွမ်ကတော့
သူသေသေချာချော မရှင်းလင်းရသေးဘူးလားလို့ သံသယရှိနေဆဲဖြစ်ပြီး သူ့ရဲ့ဇနီးသည်က
သူ့အတွက် နောက်ထပ် ဆေးတွေ ထပ်ပြီး ပြင်ဆင်ပေးမှာပို စိတ်ပူစွာ
ရှင်းပြနေတုန်းပဲ။
ထိုအချိန်ကျမှသာလျှင်
ဆုဆုတစ်ယောက် ဂိုဂျီသီးရဲ့နောက်ထပ်အသုံးပြုပုံကိုသိသွားရပြီး သူမရဲ့မျက်နှာက
နီရဲလာခဲ့တယ်။
“အမ် ဒေါက်တာက
ကျွန်မကို ရှင့်ကိုတိုက်ခိုင်းဖို့ပြောလို့ ဒါကို ဝယ်ခဲ့လိုက်တာ.. ဒါပေမယ့်
ချီနဲ့ သွေးကို ဘယ်လိုမျိုးဖြည့်ရမလဲဆိုတာ ဘယ်သူကသိမှာလဲ... အဲဒါက ဘယ်နေရာကိုပါ
ထပ်ပြီးဖြည့်ပေးနိုင်တာလဲ မသိဘူးလေ.. ရှင် ဒါကို သောက်ရတာ မကြိုက်ဘူးဆိုရင်
မသောက်နဲ့တော့”
လင်းချွမ်က
ဂိုချီသီးကိုကြည့်လိုက်ပြီး ရှက်ရွံ့စွာနဲ့ အင်္ကျီထောင့်ကိုလိမ်ဆွဲနေတဲ့
သူ့ရဲ့ဇနီးသည်ကို ပြန်ကြည့်လိုက်ကာ အသာလှမ်းပြောလိုက်တယ်။
“သောက်မယ်”
သူ့ရဲ့ဇနီးသည်က
သူ့အတွက် ဝယ်လာပေးတယ်ဆိုကတည်းက သူ သောက်နိုင်ရမယ်။ တကယ်လို့ သူမ
မပျော်မရွှင်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
ဆုဆုက
ထိုစကားကိုကြားတော့ ခေါင်းညိတ်ပြလိုက်တယ်။ ချီနှင့် သွေးတွေက
ဖြည်းဖြည်းချင်း ပြန်ကောင်းလာတတ်တာဖြစ်လို့ နောက်ထပ် ထပ်သောက်ရင်လည်း ဘာပြဿနာမှ
မရှိလောက်ပါဘူး။
ဒီတော့
လင်းချွမ်တစ်ယောက် တရုတ်သကြားသီးနဲ့ ဂိုဂျီလက်ဖက်ရည်ကို မနက်ကနေ ညနေလောက်အထိ
သောက်သုံးနေခဲ့ရတယ်။ ခန္ဓာကိုယ်ကို နွေးထွေးစေတာကလွဲရင် တခြား ဘယ်လိုတုံ့ပြန်မှုမှ
မရှိလာခဲ့တာကြောင့် လင်းချွမ်လည်း ငြင်းဆန်ဖို့ မကြိုးစားတော့ဘူး။
နေ့ခင်းဘက်ကိုရောက်တော့
စားသောက်ချင်စဖွယ်ကောင်းတဲ့ နေ့လည်စာဘူးကိုရရှိခဲ့တယ်။ ထမင်းဘူးထဲမှာ
ဟင်းနှစ်မျိုး နှင့် ထမင်းတို့ ပါဝင်ပြီး အလွန်ကောင်းမွန်တယ်လို့ဆိုနိုင်ပေမဲ့
လင်းချွမ်ကတော့ သူ့ဇနီးသည်ရဲ့ အစာစားချင်စိတ်က သေးလွန်းနေတာကြောင့်
ကြောင်ကိုအစာကြွေးရတာနဲ့ မကွာခြားဘူးလို့တွေးနေခဲ့လေတယ်။
သူတို့တွေ
အိမ်မှာရှိနေတုန်းကလည်း ထိုအတိုင်းပဲ။ ထိုအချိန်တုန်းက သူမက
တခြားလူတွေနဲ့အတူလုယက်ပြီး မစားချင်တာ ဒါမှမဟုတ်
အခြားလူတွေရဲ့အိမ်မှာရှိနေတာကြောင့် သက်သောင့်သက်သာမရှိဖြစ်နေခဲ့တာလို့
ထင်ခဲ့မိတယ်။ သို့ပေမယ့် သူတို့နှစ်ဦးတည်းသာရှိတဲ့အချိန်တွေမှာလည်း သူမက
များများစားစားမစားတတ်တာကိုမြင်တွေ့ခဲ့ရတယ်။ သူမ ဒီလောက်ထိ ပိန်သွယ်နေခဲ့တာ
အံ့ဩစရာမဟုတ်တော့ဘူး။
သူမက ထမင်း
ပန်းကန်လုံးအသေးလေးတစ်လုံးနဲ့ ဟင်းကိုလည်း ရေတွက်လို့ ရလောက်အောင်
အနည်းငယ်မျှလောက်သာ ပါးစပ်ထဲသို့ ထည့်ခဲ့တယ်။ လင်းချွမ်
မျက်မှောင်ကြုတ်မိသွားရကာ လှမ်းမေးလိုက်တယ်။
“ဒါတွေကို
မကြိုက်လို့လား”
“ကျွန်မ ကြိုက်တယ်”
ဆုဆု
စားသောက်ပြီးနောက် ထမင်းဘူးတွေကို ယူသွားပြီး ဆေးကြောလိုက်တယ်။ သူမ
ပြန်လာချိန်မှာတော့ လင်းချွမ်က တစ်စုံတစ်ခုကို တွေးတောနေတာကိုမြင်တွေ့လိုက်ရတယ်။
သူက သူမ
ဝင်လာတာကိုမြင်တော့ ပြောလာခဲ့တယ်။
“ခဏနေ
တစ်ယောက်ယောက်လာလိမ့်မယ်.. သူနဲ့စကားပြောနေတဲ့အချိန် မင်း အပင်ပန်းခံပြီး
စောင့်နေစရာမလိုဘူး”
“ကျွန်မ
မပင်ပန်းပါဘူး”
တကယ်တော့
သူမနည်းနည်းလောက်ပင်ပန်းနေတယ်ဆိုပေမဲ့ ဘယ်လိုလုပ်ပြီး လူနာကို စိတ်ပူစေလို့
ဖြစ်နိုင်မှာလဲ။
“မဟုတ်ရင် မင်း
ဘေးနားမှာရှိတဲ့ခုတင်ပေါ်မှာကို ခဏလောက် သွားပြီး အနားယူနေလို့ရတယ်”
ဘေးဘက်မှ
ကုတင်ပေါ်မှာ ဘယ်တစ်ယောက်မှမရှိဘူး။ ဒီတော့ ခဏလောက်လှဲလျာင်းပြီးအိပ်နေလို့ရတယ်။
“ရပါတယ်”
ဆုဆု
ထမင်းစားပြီးနောက် အနည်းငယ် အိပ်ငိုက်နေသော်လည်း လင်းချွမ်အတွက် လိုအပ်တွေကို
အလေးအနက်ထားပြီး တာဝန်သိစွာ လုပ်ပေးနေခဲ့တယ်။
သူမ
အနားမယူခင်မှာ လင်းချွမ်အတွက်ရေထည့်ပေးတယ်။ သူမ ဝယ်လာတဲ့
အသီးအနှံတွေကိုဆေးကြောပေးတယ်။
ထို့နောက်
အဝတ်အစားတွေနှင့် ခြေအိတ်တွေကိုပါ လျှော်ဖွပ်ခဲ့ပြီး
အခြောက်သွားလှမ်းပြန်တယ်။
အကုန်ပြီးစီးသွားမှသာ
သူမရဲ့ ဖိနပ်ကို ချွတ်ပြီး ကုတင်ပေါ်မှာ လှဲကာအိပ်ကာ မျက်လုံးကို
ခဏလောက်မှိတ်ထားလိုက်မိတယ်။ ။ မထင်မှတ်ထားစွာနဲ့ ဆေးရုံက အလွန်ဆူညံနေခဲ့ပေမယ့်
မကြာခင်မှာပဲ သူမ အိပ်ပျော်သွားခဲ့တယ်။
သွေးအလွန်အကျွံဆုံးရှုံးထားခဲ့ရတဲ့
လင်းချွမ်သည်လည်း သူမနဲ့အတူ လဲလျောင်းပြီး အနားယူနေခဲ့တယ်။ နာရီဝက်လောက်ကြာတော့
စစ်တပ်ထဲမှ တစ်ယောက်ယောက်က သူနဲ့ စကားပြောဖို့ ရောက်လာခဲ့တယ်။
သို့သော်လည်း
ရောက်လာတဲ့ဧည့်သည်က ဘေးနားမှ ကုတင်ပေါ်တွင် လဲလျောင်းနေသော မိန်းကလေးကိုမြင်တော့
အသံတိုးတိုးနဲ့ပြောလာခဲ့တယ်။
“လင်းချွမ်
မင်းဆေးရုံရောက်နေတာကို အဲဒါလုပ်နိုင်သေးတာလား”
“
လက်ထပ်ချင်နေသေးတဲ့ လူငယ်တစ်ယောက်ဆိုရင် ဒီလိုစကားတွေကို ပြောမနေသင့်ဘူး”
ဘာပဲဖြစ်ဖြစ်
သူလည်း ထိုအရာကို လုပ်နိုင်သလို သူ့ရဲ့ဇနီးကလည်း အဆင်ပြေတယ်လေ။
(T/n__လင်းချွမ်ပြောတဲ့စကားရဲ့
အရှေ့ဘက်နားမှာ စာပြတ်ကျန်ခဲ့တာဖြစ်လိမ့်မယ် ရှိသမျှsite တွေအကုန်လိုက်ရှာကြည့်ပေမဲ့
မတွေ့လို့ ဖြည့်တွေးလိုက်ကြဦးနော်)
“ငါ့ရဲ့ ဇနီးက
ဘယ်သူ ဖြစ်လာမလဲဆိုတာကိုတော့ မသိဘူး.. အဲဒီအကြောင်းကိုထားလိုက်တော့.. စစ်တပ်က
မင်းအနေနဲ့ အဖွဲ့ထဲကို ချက်ချင်းပြန်မလာနိုင်ဘူးဆိုတာကိုသိထားတယ်.. ဒါကြောင့်
မင်းကို ဆေးရုံကဆင်းပြီးရင် ပြန်ပြီးနလန်ထဖို့အတွက် အိမ်ကို
ခဏလောက်ပြန်နေစေချင်တယ်တဲ့..မင်း အကုန်ကောင်းသွားပြီးမှပဲ ပြန်လည်လျှောက်ထားပြီး
ဝင်လို့ရတယ်”
“မဟုတ်ဘူး
..ကျွန်တော့်ရဲ့ဒဏ်ရာက အအဲလောက်ထိ မကြီးပါဘူး”
“မင်းဒဏ်ရာက
မကြီးဘူးပေါ့လေ.. ဒါပေမယ့် မင်းက လမ်းတောင်လျှောက်နိုင်လို့လား.. ဓားက ဘယ်နေရာကို
ထိုးသွင်းလာတာလဲဆိုတာကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ဘူးဆိုရင် အဲဒီနေရာက
အမှိုက်တစ်ခုဖြစ်သွားလိမ့်မယ်နော်”
“အဲဒီတုန်းက
ကျွန်တော် တွက်ချက်လိုက်ပါတယ်.. ကျွန်တော်က ကျွန်တော့်ရဲ့ဇနီးနဲ့
မကြာခင်ကမှလက်ထပ်ထားတာ.. ဘယ်လိုလုပ်ပြီး အဲဒီကိုမတော်တဆအဖြစ်ခံနိုင်မှာလဲ”
“အိုး ဒီတော့
အဲဒီနေရာကိုကာကွယ်ဖို့ မင်းရဲ့ခြေထောက်ကို လက်လျှော့လိုက်တာလား”
“...”
လင်းချွမ်
ရှက်ရွံ့သွားခဲ့တယ်။ သူ အဲဒီအချိန်တုန်းက တကယ်ပဲ အဲလိုတွေးတောခဲ့တာလေ။ သူ့ရဲ့
ပေါင်ထက် တတိယခြေထောက်ကို ပိုလိုချင်ခဲ့တယ်။ အဆုံးမှာ သူက
အိမ်ထောင်ကျပြီးကာစပြီးပြီး သူ့ရဲ့ဇနီးလေးက ဘယ်လိုအရသာလဲဆိုတာကိုတောင်
မမြည်းစမ်းရသေးဘူး။ သူက သူ့ရဲ့ချွေးမကို မထွေးပွေ့နိုင်ခဲ့သေးဘူးလေ။
“မင်းရဲ့
အလားအလာမကောင်းတဲ့ အမူအယာကိုကြည့်လိုက်ဦး.. ဒါပေမယ့် မင်း
ခွင့်ရက်ယူပြီးပြန်မယ်ဆိုရင် မင်းရဲ့ဇနီးကို ရက်နည်းနည်းလောက်
ဂရုစိုက်ပေးလို့ရတယ်လေ.. ကိုယ်ဝန်ဆောင်နေတဲ့ ပထမလအနည်းငယ်မှာ
ကိုယ်ဝန်ပျက်ကျတာမျိုးတွေ ဖြစ်ဖို့ အလွယ်ကူဆုံးပဲလို့ ငါ တခြားလူတွေဆီက ကြားဖူးတယ်”
နိုင်ငံရေးရာထောက်ပံ့ရေးအရာရှိက
သူ့ကို တိတ်တိတ်လေးထွက်သွားဖို့ လာပြောချင်ခဲ့တာ။ အဆုံးမှာ စစ်တပ်အတွင်းမှ
စစ်သားတွေအတွက် ဇနီးသည်က ကိုယ်ဝန်ဆောင်နေရစဥ်အချိန်အတွင်းမှာ
ဂရုစိုက်စောင့်ရှောက်ခွင့်ရမဲ့အခွင့်အရေးဆိုတာက ရှားပါးလွန်းတယ်လေ။
“ဘာလဲ?”
လင်းချွမ်က
တစ်ဖက်လူပြောတာကို နားမလည်ခဲ့ဘူး။
“ဘာကိုပြန်မေးနေတာလဲ..
မင်းရဲ့ဇနီးကို သွားကြိုလာခဲ့တဲ့တစ်ယောက်က သူမ ကားထဲမှာ
အော့အန်နေတယ်လို့ပြောခဲ့တယ်.. သူမဆီမှာ ကိုယ်ဝန်ရှိနေတာဖြစ်နိုင်တယ်လေ..
မင်းမသိဘူးလား”
“မဟုတ်ဘူး
မဟုတ်ဘူး မဖြစ်နိုင်ဘူး”
သူက
သူ့ရဲ့ဇနီးသည်ကို မထွေးပွေ့ရသေးဘူးလေ။ ကိုယ်ဝန်ရှိနေဖို့ဆိုတာ ဘယ်လိုလုပ်ပြီး
ဖြစ်နိုင်မှာလဲ။
“ဒုတပ်ရင်းမှူးချန်ကလည်း
ပြန်ရောက်လာတော့ မင်းရဲ့ဇနီးမှာ ကိုယ်ဝန်ရှိနေလောက်တယ်လို့ပြောခဲ့တယ်”
“မဟုတ်ဘူး.. လုံးဝ
မရှိလောက်ဘူး”
“ဘာလို့ဒီလောက်တောင်သေချာနေရတာလဲ..
မင်း အဆင်ပြေရဲ့လား”
နိုင်ငံရေးရာ
ထောက်ပံ့ရေးအရာရှိက လင်းချွမ်ကို နားမလည်နိုင်လောက်တဲ့အဓိပ္ပါယ်မျိုးနဲ့
စိုက်ကြည့်ခဲ့ပြီး နောက်တဖန် သူ့ရဲ့အောက်ဖက်သို့ငုံ့ကြည့်လိုက်ပြန်တယ်။
လင်းချွမ်ရဲ့နောက်ကျောဘက်ဆီမှ
ချွေးအေးတွေ ထွက်လာရပြီး ပြန်ပြောလာခဲ့တယ်။
“အဲဒီနေရာက
ဘာတစ်ခုမှ လုံးဝကို မှားယွင်းမနေပါဘူး.. ဒါက စစ်.. စစ်ဆေးထားပြီးပြီ”
“အိုး..ဒါဆိုလည်း
ဒီတစ်ကြိမ် မင်း ပြန်သွားရင် ငါ့အတွက် နောက်ထပ်မျိုးဆက်သစ်တွေ ပျိုးထောင်ရေး
တာဝန်ကို ပြီးအောင် ထမ်းဆောင်ခဲ့လိုက်.. ငါပြောတာကို ကြားလား”
နိုင်ငံရေးရာထောက်ပံ့ရေးအရာရှိက
ထိုအကြောင်းကိုပြောပြီးနောက် မတ်တပ်ထရပ်ပြီး ဆက်ပြောလိုက်တယ်။
“ဆရာဝန်ပြောတဲ့အတိုင်းဆို
မင်းရဲ့ဒဏ်ရာက မနက်ဖြန်လောက်ဆို သက်သာလာလိမ့်မယ်.. ပြီးတော့
နောက်ထပ်လေးငါးရက်နေရင် ဆေးရုံကဆင်းလို့ရလိမ့်မယ်.. ဒီအတောအတွင်း အိမ်ကိုပြန်ပြီး
အနာယူလိုက်ဦး”
**”