4:
များပြားလှစွာသောပစ္စည်းများ
“ကောင်းပါပြီ”
သူက တကယ်ကို
အလေးအနက်ပြောတတ်တဲ့သူပဲ။ ပြောရရင် သူ့ရဲ့အသက်က သူမနဲ့ရွယ်တူ
အသက်နှစ်ဆယ်ကျော်လောက်သာရှိနေသေးပေမဲ့ စကားပြောတဲ့ပုံက ဘာလို့
အဘိုးကြီးတစ်ယောက်လို ဖြစ်နေရတာလဲ။ ဒါပေမဲ့ သူကကြင်နာတတ်တဲ့သူဖြစ်မှာသေချာတယ်။
မဟုတ်ရင် သူမ အကယ်တင်ခံခဲ့ရမှာ မဟုတ်ဘူးလေ။
သူမ တကယ်ကို
ပင်ပင်ပန်းနေခဲ့ပြီ။ နောက်ပြီး သူမရဲ့ကျောပိုးအိတ်ကြီးက အထဲမှာ ပစ္စည်းတွေ
ပြောင်းလဲသွားသလိုခံစားရတဲ့အတွက် စစ်ဆေးချင်ပေမယ့်လည်း ဒီနေရာမှာ အလင်းရောင်ရော
ဓာတ်မီးရောရှိမနေဘူး။
ဒါကြောင့်
ခန်ပေါ်မှာပဲ လဲလျောင်းရင်း အချိန်အတော်ကြာအောင် မှောက်လိုက်လှန်လိုက်လုပ်ရင်း
ခဏလောက်အကြာမှာတော့ အိပ်ပျော်သွားခဲ့တယ်။
နောက်နေ့မနက်မှာတော့
ထင်းခုတ်တဲ့အသံတွေ၊ မီးဖိုထဲမှအသံတွေကြောင့် သူမ နိုးလာခဲ့ရတယ်။
သူမ
အချိန်တွေဖြတ်ကျော်လာတာကို ရုတ်တရက် ပြန်ပြီးသတိရမိလာတာကြောင့် ကပြာကယာထထိုင်ပြီး
ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ခဲ့ပေမဲ့ သူမပြန်မသွားနိုင်သေးဘဲ အရင်နေရာမှာရှိနေဆဲပဲ။
သေးငယ်နွေးထွေးတဲ့အိမ်လေးက
မှောင်မည်းနေပြီး အလင်းရောင်ဆိုလို့ ပြတင်းပေါက်အသေးလေးကနေဖြတ်သန်းလာတဲ့
ဝိုးတဝါးအလင်းရောင်သာရှိတဲ့အတွက် ဘယ်အချိန်ရှိနေပြီလဲဆိုတာ သူမ မသိနိုင်ဘူး။
သူမလက်ကို
မြှောက်ပြီး လက်ထဲက နာရီကို ကြည့်လိုက်တော့ မနက်ငါးနာရီခန့်သာရှိသေးပြီး သူမ
ဘယ်တုန်းကမှဒီလောက်အစောကြီးမထခဲ့ဖူးဘူး ။
အပေါ်ထပ်အင်္ကျီကို
ဝတ်ဆင်ခဲ့ပြီးနောက် သူမ ဂရုတစိုက်နဲ့ အပြင်ကိုထွက်လာခဲ့တယ်။ မီးဖိုချောင်မှာ
အလုပ်ရှုပ်နေတဲ့ အမေလင်းကိုမြင်တော့ သူမ ရှက်ရွံ့စွာနဲ့ နှုတ်ဆက်လိုက်တယ်။
“ဟဲလို အန်တီ”
“မနေ့ညက
အိပ်ရတာဘယ်လိုလဲ.. ခေါင်းကရော ကိုက်သေးလား”
“ထပ်ပြီးမနာတော့ပါဘူး”
ထိုအချိန်မှာပဲ
လင်းချူအန်း အခန်းထဲကိုဝင်လာကာ ရေတွေထည့်ထားတဲ့ ခေတ်ဟောင်းပုံစံ
သစ်သားပုံးတစ်ပုံးကိုဆွဲလာခဲ့တယ်။ သူမ ကပြာကယာနေရာဖယ်ပေလိုက်ပြီး ဒီနေရာမှာ
ဆက်ပြီးရှိမနေသင့်ဘူးလို့ ခံစားနေမိတယ်။
“မင်း
နေလို့မကောင်းသေးရင် အိမ်ထဲမှာသွားပြီး အနားယူလိုက်လေ.. အစာစားချိန်ရောက်မှ
လာစားလိုက်ပေါ့”
“ကောင်းပါပြီ”
သူမ
သဘောတူလိုက်ပေမဲ့ နေရာကနေတော့ မရွှေ့သွားခဲ့ဘူး။ လင်းချူအန်း ထွက်သွားချိန်ကျမှ
အမေလင်းအနီးကိုတိုးကပ်သွားကာ အိမ်သာဘယ်နားမှာလဲလို့ အသံတိုးတိုးနဲ့နေးလိုက်တယ်။
အမေလင်းက သူမကို
ကိစ္စဖြေရှင်းဖို့ ခေါ်သွားပေးပြီး ပြန်လာချိန်မှာတော့ လင်းချူအန်းက မီးဖိုအနီးမှ
နံရံနားမှာ ရေဇလုံတစ်ခုချထားပေးကာ ပြောလာတယ်။
“မင်းမျက်နှာကို
ဆေးကြောလိုက်လေ”
“ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်”
သူ့ရဲ့မျက်နှာက
ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ? သူမသာစာအုပ်ကိုမဖတ်ဖူးခဲ့ရင်
ဒီလင်းချူအန်းက သူမကို မကြိုဆိုဘူးလို့ သံသယရှိနေလိမ့်မယ်။ သို့ပေမဲ့
ထိုစာအုပ်ထဲမှာ လင်းချူအန်းကို အေးစက်စက်မျက်နှာနဲ့ နှလုံးသားနွေးထွေးတဲ့သူအဖြစ်
ဖော်ပြထားတယ်လေ။ မဟုတ်ရင် သူက သူမကိုတောင်ပေါ်ကနေ သယ်မပြီး ခေါ်လာမှာတဲ့လား။
သူမမျက်နှာသစ်ပြီးသွားတော့
လင်းမိသားစုနဲ့အတူ မနက်စာစားခဲ့ရတယ်။ ထိုမနက်စာကလည်း သူမ မနေ့ညတုန်းကသောက်ခဲ့ရသလို
ဂျုံယာဂုနဲ့ အရွက်ချဥ်ပဲဖြစ်ကာ သူမအနေနဲ့ သိပ်ပြီးမကြိုက်တာကြောင့်
အများကြီးမစားခဲ့ဘူး။
လင်းမိသားစုမှ
လူတွေက မနက်ပိုင်းမှာ တပ်မဟာဆီသို့သွားကာ အလုပ်မှတ်တွေရရှိဖို့အတွက်
အလုပ်ဆင်းရကြပြီး ခေါင်းဆောင် လင်းတုံဟဲအားလပ်ပြီး
ရောက်လာမဲ့အချိန်ကိုစောင့်နေခဲ့ကြတယ်။
သူမကိုတော့
လင်းမိသားစုရဲ့အိမ်မှာ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေဖို့ ချန်ထားခဲ့ကြတယ်။
သူမ
တစ်ယောက်တည်းနေရတဲ့အပေါ် အနည်းငယ်လောက် စိတ်မသက်မသာဖြစ်မိပေမဲ့လည်း
စိတ်သက်သာရာလည်းရသွားပြီး တဲထဲသို့ပြန်သွားကာ သူမ တစ်ယောက်တည်းရှိနေချိန်မှာ
ကျောပိုးအိတ်ကြီးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ အတော်ကြီးကို ပြောင်းလဲနေတာကို
တွေ့လိုက်ရတယ်။
ပထမဆုံးအနေနဲ့
သူမက ဂျာကတ်နှစ်ထည်၊ ဆွယ်တာသုံးထည်နဲ့ ချည်သားဘောင်းဘီတွေကို ယူလာခဲ့တာဖြစ်ပြီး
ထိုအဝတ်အစားတွေရဲ့ စတိုင်က
ယခင်ပုံစံအတိုင်းရှိနေတုန်းပဲဆိုပေမဲ့
အရောင်တွေကတော့ အနည်းငယ်ပြောင်းလဲသွားကာ ယခုခေတ်မှာ သိပ်ပြီး
မျက်စိဖမ်းမစားနိုင်တဲ့ အရောင်တွေဖြစ်နေခဲ့တယ်။
ပြီးနောက်
နွေဦးရာသီအတွက်ဝတ်စုံသုံးစုံကလည်း တူညီနေသေးပေမဲ့ စတိုင်ကတော့ ခုခေတ်မှ
ခေတ်စားနေတဲ့စတိုင်အဖြစ်ပြောင်းလဲသွားပြီ။ ပြီးနောက် အတွင်းခံအဝတ်အစားတွေ။ သူမ
တစ်နှစ်လောက်ကြာမယ်ဆိုတာကို သိထားတာကြောင့် လျှော်ဖွပ်ရန် ပြီး ဝတ်ဆင်ရန်အတွက်
၀တ်စုံငါးစုံ ၊ခြောက်စုံခန်း ယူလာခဲ့ပြီး ထိုအဝတ်အစားတွေရဲ့ စတိုင်နဲ့အရောင်ကတော့
ပြောင်းလဲသွားခြင်းမရှိဘူး။
ဆုဆုကတော့
ယခုချီန်မှ သူမရဲ့ပိုက်ဆံအိတ်အတွက် အစိုးရိမ်ဆုံးပဲ။သူမ တစ်ယောက်တည်း
ရှိနေတဲ့အချိန်မှာ ပိုက်ဆံတွေကိုတော့ ဆုံးရှုံးသွားရလို့ မရဘူးလေ။ တကယ်လို့
ပိုက်ဆံတွေကသူမရဲ့ခေတ်တုန်းက ပိုက်ဆံတွေအဖြစ် မူရင်းအတိုင်းရှိနေရင်တော့ သူမ
ငိုရတော့မှာပဲ။
ဒါပေမယ့် သူမ
အိတ်ရဲ့အတွင်းပိုင်းထဲမှာ ဝှက်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်ယူပြီး
ကြည့်လိုက်ချိန်မှာတော့ ကြောင်အမ်းသွားရတယ်။ သူမရဲ့ ပိုက်ဆံအိတ်က
အရမ်းဖောင်းပွနေတယ်လေ။ သူမ ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအကြွေစက္ကူလေးတွေ အများကြီး
ထွက်လာတာကြောင့် အနည်းငယ်အံ့သြသွားရတယ်။
ဟုတ်သားပဲ။
အခုခေတ်မှာ တစ်ရာတန် ငွေစက္ကူမပေါ်သေးဘူး။ စာအုပ်ထဲမှ ခေတ်ကာလက
၁၉၇၀နှောင်းပိုင်းနဲ့ ၁၉၈၀ကြားကို အခြေတည်ထားတာကြောင့်
ဘဏ်စာရွက်တွေလည်းရှိနေဦးမှာမဟုတ်ဘဲ အကြီးဆုံးငွေစက္ကူက ယွမ်တစ်ဆယ်တန်ဖြစ်လိမ့်မယ်။
ဒီတော့ မူလတုန်းက
သူမရဲ့အိတ်ထဲမှာရှိနေတဲ့ ယွမ်နှစ်ထောင်က လက်ရှိမှာ
ယွမ်တစ်ဆယ်တန်လေးတွေအဖြစ်ပြောင်းလဲသွားခဲ့ပြီး ဒါကြောင့်ပဲ ပိုက်ဆံအိတ်က
ဖောင်းကားနေခဲ့တာပဲ။
သူမ
ပိုက်ဆံတွေကို ထုတ်ယူပြီး ရေတွက်ကြည့်လိုက်တော့ မူလတုန်းကထက် နည်းပါးနေတာကို
တွေ့လိုက်ရတယ်။ အရင် နှစ်ထောင်ကျော်ရှိတဲ့ပိုက်ဆံက
တစ်ထောင်ကျော်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။ ကျန်ရှိနေတဲ့တစ်ထောင်က
ဘယ်ကိုရောက်သွားခဲ့တာခဲ။
သူမ
ပိုက်ဆံအိတ်ကို ထပ်ပြီးကြည့်လိုက်တော့ ဘေးတစ်ဖက်က ဖောင်းနေသေးတာကို
တွေ့လိုက်ရတတာကြောင့်ဖွင့်ကြည့်လိုက်ချိန်မှာ လက်မှတ် အမျိုးအစား နှစ်ဆယ်၊
သုံးဆယ်လောက် ထွက်လာခဲ့တယ်။
သူမ
သေသေချာချာစစ်ဆေးကြည့်လိုက်တော့ အဝတ်အထည်လက်မှတ်တွေ၊ စက်မှုလက်မှုလက်မှတ်တွေ၊
အစားအသောက်လက်မှတ်တွေ၊ ဖိနပ်လက်မှတ်တွေနှင့် Nတံဆိပ်
နို့မှုန့်လက်မှတ်တွေပါရှိနေခဲ့တယ်။
ဒါက
ဘာကိုပြောချင်တာလဲ? သူမကို ဒီမှာ အခြေချပြီး ကလေးပါယူခိုင်းချင်နေတာလား?
နောက်တော့ သူမ
ကျောပိုးအိတ်ကြီးထဲကို ထပ်မံမွှေနှောက်လိုက်ချိန်မှာ သူမယူလာတဲ့
ရေချိုးခန်းသုံးပစ္စည်းတွေကလည်း ပြောင်းလဲသွားခဲ့ပြီး ယခုခေတ်ရဲ့
ထုပ်ပိုးမှုပုံစံတွေဖြစ်လာခဲ့တယ်။ သူမ ဖွင့်ကြည့်လိုက်တော့
မူလအနံ့အဖြစ်ရှိနေတုန်းပဲ။
နောက်ပြီး
အရေးပေါ်ဆေးဝါးတွေကလည်း ယနေ့ခေတ်ပုံစံတွေအဖြစ် ပြောင်းလဲနေခဲ့ပြီ။
ဆုဆု
သူမဝတ်ထားတဲ့ဘောင်းဘီကို ပင့်မပြီး လင်းမိသားစုမှ ယခင်ကပ်ပေးထားတဲ့
ဆေးပလာစတာကိုပြန်ဖြည်လိုက်ပြီး ရေနှင့်ဆေးချကာ ပိုးသတ်ဆေးဖြင့် ပိုးသတ်လိုက်တယ်။
ပြီးနောက် သူမယူလာတဲ့ ပတ်တီးနဲ့ ပြန်လည်စည်းနှောင်လိုက်တယ်။
ကံကောင်းထောက်မစွာနဲ့
သူမဆီမှာ အခြေခံအသုံးပြုနိုင်တဲ့ဆေးဝါးတွေပါရှိနေတာကြောင့် လက်ရှိမှာတော့
ဖျားနာမှုတွေ ဒါမှမဟုတ် ဒဏ်ရာအသေးစားများရရှိမှာတွေကို စိတ်ပူနေစရာမလိုအပ်သေးဘူး။
ဒီလိုမျိုး အချိန်တိုအတွင်း အသုံးပြုနိုင်တဲ့ ဆေးဝါးတွေကို သယ်ဆောင်လာခဲ့တဲ့အတွက်
သူမရဲ့ အမြော်အမြင်ရှိမှုကို ကျေးဇူးတင်ရမယ်။
သူမအနေနဲ့
အဝတ်အစားတွေကိုမလဲပဲ နှစ်ရက်ကြာအောင် မနေနိုင်တာကြောင့် ဆွယ်ဆာအရှည်နဲ့
ပြောင်းဝတ်လိုက်ကာ သူမရဲ့အဝတ်ဟောင်းတွေကို လင်းမိသားစုရဲ့ ရေဇလုံအနားမှာ
သွားပြီးလျှော်ဖွတ်လိုက်တယ်။
အဝတ်အစားတွေကို
အခြောက်ခံဖို့ လုပ်နေတဲ့အချိန်မှာပဲ သူမရဲ့လက်တွေက အေးခဲလာတာကိုခံစားမိတဲ့အတွက်
အနည်းငယ်ကြောင်အသွားတယ်။ အခုက ဆောင်းရာသီကိုတောင်မရောက်သေးဘူး မလား။
ဘာလို့ဒီလောက်တောင် အေးနေတာလဲ။
အဝတ်အစားတွေကို
လျှော်ဖွတ်ပြီးနောက် ကျောပိုးအိတ်ကိုလည်း စစ်ဆေးပြီးတာကြောင့်
ပြန်ပိတ်ထားလိုက်တယ်။ ဒါပေမဲ့ သူမရဲ့လက်ထဲမှာ
သူမကိုစောင့်ရှောက်ပေးတဲ့
လင်းမိသားစုကို ကျေးဇူးတင်တဲ့အနေနဲ့ပေးဖို့ ယွမ်နှစ်ဆယ်နဲ့ လက်မှတ်နှစ်စောင်ကို
ထုတ်ယူထားလိုက်တယ်။
နောက်ပြီး သူမ
တခြားနေရာတွေကိုတကယ်ပဲ မသွားချင်ဘူး။ ထိုနေရာတွေက လုံခြုံမှုရှိလိမ့်မယ်လို့
မခံစားရတဲ့အတွက် ဒီမှာပဲ ဆက်ပြီးနေချင်ခဲ့တယ်။
သူမတွေးတောနေတုန်းမှာ
ခြေသံသေးသေးလေးတစ်စုံကိုကြားလိုက်ရပြီး တစ်စုံတစ်ယောက်က တံခါးကိုဖွင့်ကာ
ဝင်လာခဲ့တယ်။ သူက ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်ခန့်သာရှိသေးတဲ့ ကောင်ငယ်လေးပဲ။
သူ့ရဲ့နောက်ကျောမှာ ဖာထေးထားတဲ့ ကျောင်းလွယ်အိတ်ကိုလည်း လွယ်ထားသေးတယ်။
သူက ဆုဆုကို
လှမ်းမြင်သွားပုံရပြီး အအေးဒဏ်ကိုသက်သာစေဖို့ လက်ကိုပွတ်သပ်ပြီးပြောလာတယ်။
“ကျွန်တော့်အမေက
အစ်မကိုသွားကြည့်ဖို့မှာလိုက်တယ်..ဘာတွေလိုအပ်သေးလဲ.. ခဏနေရင်
ကျွန်တော့်အကိုက အစ်မအတွက် ထမင်းယူလာပေးလိမ့်မယ်”
“မင်း
နေ့လည်စာစားပြီးပြီလား”
အခုက
နေမွန်းတည့်ခါနီးနေပြီ။ ဒီကောင်ငယ်လေးက အနာဂတ်မှာ တိုင်းပြည်အတွင်း လူသိများတဲ့
လူဆိုးတစ်ယောက်ဖြစ်လာပြီး ထောင်ထဲကိုသုံးကြိမ်လောက် ဝင်ထွက်နေလိမ့်မယ်ဆိုပေမဲ့
အခုကတော့ ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်ပဲလေ။
“ကျွန်တော်
ဗိုက်မဆာဘူး”
“ခဏစောင့်ဦး”
ဆုဆု
အိမ်ထဲသို့ပြန်ပြေးဝင်ပြီး သူမရဲ့ ကျောပိုးအိတ်ကြီးကို ဖွင့်လိုက်ကာ
ကိတ်မုန့်တစ်ထုပ်ကို ထုတ်ယူလိုက်တယ်။ မူလတုန်းက သူမ အဆာပြေမုန့်တွေ
မျိုးစုံယူလာခဲ့ပေမဲ့ အခုချိန်မှာတော့ ထိုမုန့်တွေအားလုံးက ကိတ်မုန့်တွေ
ဖြစ်လာခဲ့တယ်။ မက်မွန်ကိတ်မုန့်တွေ၊ အသီးခြောက်တွေ နောက်ပြီး
ချောကလက်နှစ်ဗူးကလွဲလို့ တခြားအရာတွေအားလုံး ကိတ်ခြောက်အဖြစ်ပြောင်းလဲသွားခဲ့တာ။
သူမ
ကိတ်မုန့်ခြောက်ကို လင်းကျန်းဆီကိာပေးလိုက်တော့ သူက ဆုဆုကို အံ့အားသင့်စွာ
ကြည့်လာပြီး ချက်ချင်းပဲ လက်ခါယမ်းလာတယ်။
“အစ်မတို့
မြို့ကလူတွေက ဒီလောက် ဈေးကြီးတာတွေကို စားကြတာလား.. ကျွန်တော် မစားဘူး”
ဒါပေမယ့် သူ
စကားပြောပြီးတဲ့အချိန်မှာ သူ့ရဲ့ လည်ချောင်းက သိသိသာသာ လှုပ်ရှားနေခဲ့ပြီး
အတော်လေး စားချင်နေဟန်ရှိနေခဲ့တယ်။
ဒီကလေးက ဘယ်လို
ဆရာကောင်းမျိုးနဲ့တွေ့ထားပြီး အသင်ပြခံထားခဲ့ရတာပါလိမ့်?
ဆုဆု
တွေးတောမနေတော့ဘဲ ကိတ်ကို သူ့ရဲ့လက်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်တယ်။
“အတန်းကို
ပြန်သွားတော့နော် ဟုတ်ပြီလား”
လင်းကျန်းက ခဏမျှ
တုံ့ဆိုင်းသွားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကိတ်မုန့်ကို ဘေးမှာချထားပြီး
အပြင်ကိုထွက်ပြေးသွားတော့တယ်။ ဆုဆု အနောက်ကနေ
ခြေလှမ်းနှစ်လှမ်းလောက်ပြေးလိုက်ခဲ့ပေမဲ့ ခြေထောက်တွေနာကျင်နေတာကြောင့်
ရပ်တန့်လိုက်ရတယ်။
ဒီမိသားစုက
ဆင်းရဲပေမဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုက အလွန်အားကောင်းတဲ့ပုံပဲ။ သူမ သူတို့ကို
ပစ္စည်းတွေပေးဖို့အတွက် အတော်လေးခက်ခဲလောက်လိမ့်မယ်။
သူတို့ရဲ့အိမ်မှာဆက်နေရဖို့
သူမ ဘာတွေလုပ်သင့်လဲ။