Ch-20
Viewers 3k

Unicode


"မြင်မြင်ချင်းချစ်မိသွားတယ်"ပရိုဂရမ်မှာ မူလက A-listနာမည်ကြီးများကို ဖိတ်ကြားခဲ့ပြီး ထန်ယဲ့ပါဝင်ခြင်းကြောင့် ရှိုးကို ပို၍ပင်နာမည်ကြီးစေခဲ့သည်။ 


ကျိုးရှင်းယဲ့၊ ကျန့်ရှောက်ယွမ်၊ ဖုန်းဝေရန့်တို့ကအစ စုချီယွဲ့၏အခန်းဖော် ချင်ဟောက်ချူးနှင့် တခြားသူတွေအဆုံး သူတို့အားလုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြ၏။ 


ကျန့်ရှောက်ယွမ်နှင့် ကျိုးရှင်းယဲ့တို့ အလုပ်ကပြန်လာပြီးနောက် ဖုန်းဝေရန့်၏ကုမ္ပဏီသို့ အတူတူသွားခဲ့ကြသည်။ 


ဖုန်းဝေရန့်၏ရုံးခန်း၌ အရွယ်ရောက်ပြီးသားအမျိုးသားသုံးယောက်စုရုံးကာ ထန်ယဲ့နှင့် စုချီယွဲ့ကိုပြသနေသည့် စခရင်ကို ကြည့်နေကြရင်း အမျိုးသားသုံးယောက်လုံး မျက်မှောင်ကြုတ်နေကြလျက်။ 


ဖုန်းဝေရန့် : "ကျန်းဇီဖျင်က အဲဒီကို မသွားဘူးလား? ဘာဖြစ်နေတာလဲကွာ?" 


ကျိုးရှင်းယဲ့ : "ကျန်းဇီဖျင်က ထန်ယဲ့ကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်နေတာလား?" 


ကျန့်ရှောက်ယွမ် : "စုချီယွဲ့က သူ့အရင်ဘဝနဲ့ မတူတော့ဘူးလို့ မင်းတို့ထင်လား?" 


ကျိုးရှင်းယဲ့ : "ဘာမတူလို့တုန်း? ငါကတော့ အတူတူပဲလို့ထင်တာပဲ။ သူ့အရင်ဘဝတုန်းက ငါတို့အပေါ် တစ်ဆင့်ချင်းတစ်ဆင့်နင်းတက်သွားတာပဲလေ။ ဒီဘဝမှာတော့ သူ့အတွက် နင်းစရာဘယ်သူမှမရှိလို့ သူ့ကိုယ်သူ ထန်ယဲ့လက်မောင်းထဲ တည့်တည့်ပြေးဝင်တာပေါ့ကွာ။ သူက အမှိုက်ကောင်ပဲ၊ ပြီးတော့ သူ့သဘာဝက ပြောင်းလဲဖို့ခက်တယ်!" 


ဖုန်းဝေရန့် : "စုချီယွဲ့ကို မပြောင်းလဲနိုင်ရင် ငါတို့ဘာလုပ်သင့်လဲ?" 


ကျန့်ရှောက်ယွမ် : "ဒါဆို အမှားတွေမဖြစ်အောင်တားဆီးဖို့ ထန်ယဲ့ကိုပဲ သွားရှာကြတာပေါ့ကွာ" 


သုံးယောက်စလုံး အတော်ကြာဆွေးနွေးခဲ့ကြပြီး အစီအစဉ်ကို အပြီးသတ်လိုက်သည်။ 


... 


ထန်ယဲ့ သပ်သပ်ရပ်ရပ်နှင့် မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ပြီးနောက် များမကြာမီ စားပွဲပေါ်မှာ ဟင်းခြောက်မျိုးကို တည်ခင်းလိုက်တော့သည်။ 


ပုဇွန်ကြော်၊ ဝက်နံရိုးနှပ်၊ မာပိုတို့ဟူး၊ ရှီးဟူအမဲသားစွပ်ပြုတ်၊ အာလူးနုတ်နုတ်စင်းမွှေကြော်၊ ရွှေပဲသီးမွှေကြော်....


ဟင်းပွဲတွေများပြားစုံလင်ပေမယ့် *portionသိပ်မများပေ။ ဘာပဲဖြစ်ဖြစ် ပရိုဂရမ်အဖွဲ့မှ ပြင်ဆင်ပေးထားတဲ့ပစ္စည်းအရေအတွက်က အကန့်အသတ်ရှိနေသည်လေ။ 

(*ဟင်းတွေများပေမယ့် တစ်ပွဲစီတိုင်းက လူနှစ်ယောက်စာပဲပါတာလို့ပြောချင်တာပါနော် portionကိုဘယ်လိုမြန်မာမှုပြုရမှန်းမသိတော့လို့ 😁) 


ဟင်းလျာရနံ့များ လွင့်ပျံ့လာသည်နှင့် စုချီယွဲ့၏ အစာအိမ်မှာ စတင်အော်ဟစ်လာလေပြီ။ 


နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။ ထန်ယဲ့က စုချီယွဲ့အတွက် ရှီးဟူအမဲသားစွပ်ပြုတ်ကို ပန်းကန်လုံးငယ်လေးနှင့် ထည့်ပေးလိုက်ပြီး 


"မြည်းကြည့်" 


"ကျေးဇူးပါဗျ" 


စုချီယွဲ့ တစ်ဇွန်းပြည့် ပါးစပ်ထဲထည့်လိုက်ရာ သူ့ပါးစပ်တစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်လျှမ်းသွားရလျက်။ 


"အရသာရှိတယ်" 


ထန်ယဲ့ သူ့ရှေ့မှာ ပုဇွန်တွေကိုယူလိုက်ပြီးနောက် တူဖြင့် ဝက်နံရိုးနှပ်တစ်ပိုင်းကို စားလိုက်သည်။ 


[တစ်ခါတုန်းက ငါ့မှာအိပ်မက်တစ်ခုရှိခဲ့တယ်၊ အဲဒါက ငါ့ကောကော ကမ္ဘာမြေပေါ် ဆင်းသက်လာတဲ့နေ့ကိုမြင်ရဖို့ပဲ၊ ဒီနေ့တော့ အမှန်ဖြစ်လာခဲ့ပြီ!] 


[စုရှောင်ကောကောကလေ အရင်ဘဝတုန်းက နဂါးငွေ့တန်းဂလက်ဆီကြီးကို ကယ်တင်ခဲ့တာများလားဟင်? ငါ့ကောကောချက်ပေးတဲ့စားစရာတွေကို စားနိုင်နေရုံတင်မကဘူး၊ သူ့ကို ကျွေးပါကျွေးနေသေးတာ၊ ဝူး ဝူး ဝူး.....] 


[ငါ တကယ်ကြီး ကောကောလက်ထဲက တူလေးဖြစ်ချင်လိုက်တာဟယ် ! ! ! ] 


[ထန်ကောက ပုဇွန်တွေအားလုံးကို သူ့ဘာသာယူထားတာ ဘာကိုဆိုလိုတာလဲဟင်? သူက စုချီယွဲ့ကို မကျွေးတော့ဘူးလား?] 


[ကောကောရေ  ပုဇွန်တွေကိုအခွံခွာဖို့ ရှင့်ရဲ့ ဆက်ဆီကျကျ၊ သွယ်လျလျ ကျောက်စိမ်းလိုလက်ချောင်းတွေကို မသုံးဘူးမလားလို့၊ တို့ခွင့်မပြုဘူးနော်!] 


ထန်ယဲ့ သူ့ရှေ့က ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် အခွံခွာလိုက်ပြီး စုချီယွဲ့ပန်းကန်ထဲ အားလုံးထည့်ပေးလိုက်ကာ 


"များများစား" 


ပွင့်ပွင့်လင်းလင်းပြောရပါလျှင် စုချီယွဲ့ အမှန်တကယ်ကြောက်ရွံ့နေမိသည်။ ထန်ယဲ့ သရုပ်ဆောင်နေတာဆိုရင်တောင်မှ သူက သူ့အပေါ် ကောင်းလွန်းနေတယ်လေ၊ သူ သရုပ်ဆောင်နေတာမဟုတ်ဘူးဆိုရင်တော့ သူ့အပေါ် ဘယ်လိုလုပ်ပြီးဒီလောက်ကောင်းနေပါ့မလဲနော်။ 


စုချီယွဲ့လည်း ဟင်းပွဲခပ်သည့်တူဖြင့် ပုဇွန်ကြီးတစ်ကောင်ကို ထန်ယဲ့ပါးစပ်ဆီ ခွံကျွေးလိုက်၏။ 


"ခင်ဗျားအရင်စားနော်" 


ထန်ယဲ့ ပြုံးလိုက်ပြီး တစ်လုတ်တည်းမျိုချလိုက်ရာ သူ့အာဒမ်ပန်းသီးတွေလှိမ့်သွားတဲ့အတွက် ဆက်ဆီကျလွန်းနေလေရဲ့။ စုချီယွဲ့ အလျင်အမြန်ခေါင်းငုံ့လိုက်ရသည်။ 


အချောအလှကို ကြည့်ပါများသွားရင် ပြစ်မှားမိသွားလိမ့်မယ်... 


နှစ်ယောက်သား အချင်းချင်းကျွေးမွေး(ဟင်းထည့်ပေး)နေကြရင်း စားသောက်ပြီးစီးသွားလေပြီ။ စုချီယွဲ့ မတ်တပ်ထရပ်လိုက်သည်။ ထန်ယဲ့က ချက်ပြုတ်ပေးတာကြောင့် သူက ထန်ယဲ့ကို ပန်းကန်ဆေးခွင့်မပြုနိုင်ဘူးလေ။ 


ထန်ယဲ့က သိသိသာသာကို စုချီယွဲ့အား ဒါတွေမလုပ်စေချင်သော်ငြား စုချီယွဲ့က သူ့လက်ကို ဆန့်ထုတ်ကာ သူ့ကိုတားလိုက်ပြီး 


"ခင်ဗျားက မင်းသားတစ်ယောက်လေ၊ ကိုယ့်ကိုယ်ကိုယ်သတိရှိဖို့လိုတယ်နော်။ ခင်ဗျားလက်တွေက ပန်းကန်ဆေးရမယ့်လက်တွေလား? မဟုတ်ဘူး! ကျွန်တော့်လက်တွေကတော့ရတယ်"  


ထန်ယဲ့ရှေ့မှာ လက်ဆယ်ချောင်းကို ဆန့်ထုတ်ပြလာကာ ဝှေ့ယမ်းပြနေပြီးနောက် လှည့်၍ ပန်းကန်တွေကို မြန်မြန်ဆေးကြောနေတော့သည်။ 


ထန်ယဲ့ ပတ်ပတ်လည်ကြည့်လိုက်ပြီး သူ မကူညီနိုင်တော့မှန်းသိလိုက်သောကြောင့် သူ့notebookကိုယူရန် အပေါ်ထပ်သွားလိုက်ပြီး ဆိုဖာပေါ်မှာ လဲလျောင်းနေရင်း ကိစ္စတစ်ချို့ကိုင်တွယ်နေလိုက်သည်။ 

(notebook = laptop) 


ထန်ယဲ့သည် "Red Earth"တီဗီစီးရီးကို ရိုက်ကူးနေဆဲပင်။ ဤရသစုံရှိုး၏recordingကို အမီရိုက်ကူးနိုင်ရန်အတွက် နောက်ရက်အနည်းငယ်အတွင်း ရိုက်ကူးရမည့်ဇာတ်ဝင်ခန်းအားလုံးကိုရွှေ့ကာ နှစ်ညဆက်တိုက်ရိုက်ကူးခဲ့ရသည်။ သို့သော် သူမထွက်ခွာခင် ကုမ္ပဏီမှာ ပြဿနာတစ်ခုခုဖြစ်ခဲ့သောကြောင့် ကုမ္ပဏီကိုပြန်ပြေးသွားခဲ့ရ၍ လေယာဉ်ပေါ်တက်ချိန်မှာ သူ့အဝတ်အစားလဲရန်ပင် အချိန်မရှိခဲ့။ 


စုချီယွဲ့ ရှင်းလင်းပြီးနောက် မီးဖိုချောင်မှထွက်လာသည့်အခါ ဆိုဖာပေါ်မှာ ထန်ယဲ့အိပ်ပျော်နေသည်ကို တွေ့လိုက်ရပြီး ကော်ဖီစားပွဲပေါ်ရှိ ဖန်သားပြင်မှာလည်း ပွင့်နေဆဲ။ 


စုချီယွဲ့ လမ်းလျှောက်လာကာ ထန်ယဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ အလင်းရောင်အောက်တွင် ထန်ယဲ့မျက်လုံးအောက်မှာ အနည်းငယ်မည်းနေကာ အလွန်ပင်ပန်းနေပုံရသည်။ 


စုချီယွဲ့ အနည်းငယ် စိတ်ဆင်းရဲသလိုခံစားလိုက်ရ၏။ သူ အလုပ်ကြိုးစားလွန်းလို့ ပင်ပန်းနေတာပဲဖြစ်ရမယ်... 


စုချီယွဲ့ အပေါ်ထပ်မှာ စောင်ထူထူတစ်ထည် သွားယူလိုက်သည်။ သူ့ကို ဆိုဖာပေါ်မှာဆိုလည်း အတတ်နိုင်ဆုံး သက်တောင့်သက်သာလှဲခိုင်းရမယ်လေ။ ထို့နောက် ထန်ယဲ့ လုပ်လက်စများကို saveနှိပ်လိုက်ပြီး notebookကိုပိတ်ကာ ဘေးမှာထားလိုက်၏။ 


ညနောက်ကျမှ ပရိုဂရမ်အဖွဲ့က အပန်းဖြေစခန်းတွင် မီးပုံပွဲရှိကြောင်း ရုတ်တရက်ပြောလာပြီး လူတိုင်း သွားမလား၊ မသွားဘူးလားဆိုတာ မိမိသဘောပင်ဖြစ်သည်။ 


စုချီယွဲ့ ဤရှိုးကိုလာစဥ်က မည်သည့်ဇာတ်ညွှန်းမှမရခဲ့ပေ။ ဒါရိုက်တာအဖွဲ့ကလည်း မူလက သူတိူ့ပျော်သလိုနေလို့ရကြောင်း ပြောထားသဖြင့် သွား၏၊ မသွား၏က ပြဿနာမရှိပါချေ။ 


စုချီယွဲ့ သူ့တက်ဘလက်ကိုယူကာ တစ်ဖက်ကဆိုဖာကို မှီလိုက်ရင်း ပုံစဆွဲတော့သည်။  


ဒီနေ့တော့ သူ ယခင်က ကျောင်းတွင်းကာတွန်းစီးရီးကို ဆက်မဆွဲတော့ဘဲ ထန်ယဲ့၏ Q ဗားရှင်းကို ဆွဲခဲ့သည်။ 


ထန်ယဲ့၏ Q ဗားရှင်းမှာ ယနေ့ သူဝတ်ထားသည့်ပုံစံအတိုင်း အနက်ရောင်ဘောင်းဘီရှည်နှင့် အနက်ရောင်ရှပ်အင်္ကျီနှင့်ဖြစ်ပြီး ဆိုဖာပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေသောမြင်ကွင်းဖြစ်နေလေရဲ့။ 


@စုဇီယဲ့ : ဒီနေ့ရဲ့ ထန်လောင်ရှီး [picture.jpg] 


[ကောကော အရမ်းပင်ပန်းနေပုံရတယ်နော်၊ ငါစိတ်မကောင်းလိုက်တာ...] 


[သူ ဇာတ်ကားရိုက်ကူးရေးလုပ်နေရင်းတန်းလန်း ဒီကိုအမြန်လာတာပဲဖြစ်ရမယ်] 


[စုရှောင်ကောကောရေ ကျေးဇူးပြုပြီး ငါ့ကောကောကို ကောင်းကောင်းဂရုစိုက်ပေးပါနော်။ သူက အရမ်းအလုပ်ကြိုးစားနေတာ] 


[စုချီယွဲ့ ဘာလုပ်နေတာလဲ? ဂိမ်းကစားနေတာလား?] 


barrageတွင် ထန်ယဲ့ကို သနားနေကြသော Fanများဖြင့်ပြည့်နှက်နေလျက်၊ တစ်ဖက်တွင်လည်း စုချီယွဲ့တင်ပေးလိုက်သည့် ထန်ယဲ့၏ Q ဗားရှင်းမှာ ကွန်မန့်အများအပြားရရှိနေ၏။ 


[လတ်စသတ်တော့ ပန်းချီဆရာ*တာ့တာ့ဖြစ်နေတာကိုး၊ မင်းရဲ့ပန်းချီတွေကအရမ်းမိုက်] 

(*တာ့တာ = ဆရာကြီး) 


[လာပါ၊ များများဆွဲပေးပါဦး၊ အလုပ်ကြိုးစားတဲ့ တာ့တာ့ဖြစ်ပါစေနော်! ] 


[တာ့တာ့ကိုမေးပါရစေ၊ ကောကောကို ခေါ်သွားလို့ရမလားဟင်? ]


xxx