Ch-17
Viewers 3k

[Unicode]


barrageပေါ်၌ ကွန်မန့်များအဆက်မပြတ်တက်နေပြီး လူတိုင်းက စုချီယွဲ့ နိုင်ဖို့အခွင့်အရေးမရှိတော့ဘူးလို့ ခံစားမိနေကြလျက်။ ထို့ကြောင့် အဆုံးတွင် နှစ်ထပ်တိုက်မှာ မည်သူနေထိုင်နိုင်မည်လဲဆိုသည်ကိုကြည့်ရှုရန် အားလုံးပြေးလွှားနေကြသည်။ 


[ဝိုး... လာကြည့်ကြဦးဟဲ့၊ စုချီယွဲ့ရဲ့ မီးစစွဲနေပြီ။ မငြိမ်းသွားဘူးဟေ့၊ တစ်ကြိမ်တည်းနဲ့အောင်မြင်သွားတာပဲ] 


[ဖာ့ခ် ဖာ့ခ် တကယ်ကြီးပဲ သူဘယ်လိုလုပ်လိုက်တာလဲ?] 


[ဒီတော့ မကျော်ကြားတဲ့အပျော်တမ်းလေးက ပထမနေရာ ရသွားတာလား?] 


စုချီယွဲ့ တောက်လောင်နေဆဲမီးကိုကြည့်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရစွာပြုံးလိုက်လေ၏။ ငါလေးနှင့် လျှို့ဝှက်ဆန်းကြယ်ဧည့်သည်အတွက်ပဲ... 


[ရှောင်ကောကောရေ ဘာလို့အရမ်းကြည့်ကောင်းအောင်ပြုံးတတ်ရတာလဲကွယ်? လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ဒီညမအိပ်ဘဲ ရှောင်ကော​ကောကိုပဲကြည့်နေတော့မှာကို ငါစိုးရိမ်နေမိပါပြီနော်။ မနာလိုဖြစ်လိုက်တာ] 


အဆုံးတွင် စုချီယွဲ့ နှစ်ထပ်တိုက်အိမ်ကို ရွေးချယ်ခဲ့သည်။ အန်းလုနှင့် ဟယ်ဝမ်ကျောင်းတို့က အုတ်အိမ်ကို ရွေးခဲ့ပြီး ဖန်းမင်ရွှီနှင့် ယန်ယွဲ့ တို့က ရွှံ့အုတ်အိမ်ကိုရွေးလိုက်၏။ သို့သော် အစောပိုင်းမှာ အလျင်မြန်ဆုံးဖြစ်ခဲ့သည့် ထုန်ယန်နှင့် ကျန်းဇီဖင်းတို့က နောက်ဆုံးမှ တာဝန်ပြီးမြောက်ခဲ့သဖြင့် သစ်သားအိမ်ကိုသာရွေးချယ်နိုင်ခဲ့သည်။ 


လူတိုင်း မိမိတို့၏ယာယီနေအိမ်များကို စတင်ရှာဖွေကြလေပြီ။ မထွက်ခွာခင် ကျန်းဇီဖျင်က စုချီယွဲ့ကို စိုက်ကြည့်ခဲ့ပါသေးသည်။ 


ထုန်ယန် လက်ပိုက်ကာ ပွဲကြည့်နေလျက်၊ 


"သူက ကောင်းတယ်လို့ မင်းထင်ရင် ငါနှုတ်ထွက်ဖို့ ရွေးချယ်ပေးလို့ရတယ်နော်" 


သို့မှသာ ကျန်းဇီဖျင်က သူ့ကိုယ်သူအလွန်သိသာနေလွန်းမှန်း သဘောပေါက်သွားကာ အလျင်စလိုလက်ဝှေ့ယမ်း၍ 


"မဟုတ်ဘူး ထုန်လောင်ရှီး မင်းထင်သလိုမဟုတ်ဘူးနော်" 


စုချီယွဲ့က သူတို့နှစ်ယောက်နားမှဖြတ်သွားချိန်ဖြစ်ရာ သူလည်း ထုန်ယန်အား ပြောလိုက်၏။


"ထုန်လောင်ရှီးရေ သူ ကျွန်တော့်ကို ကြိုက်နေတာမဟုတ်ပါဘူးဗျာ။ ကျွန်တော်က သူ့ထက် ပိုချောတော့ သူမနာလိုဖြစ်နေတာဖြစ်မယ်ဗျ" 


ထုန်ယန် ထိုစကားကိုကြားသောအခါ ဟက်ဟက်ပက်ပက်ရယ်မော၍ သည်လူနှစ်ယောက်ကို သေသေချာချာကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းညိတ်လာကာ 


"အင်း ဟုတ်ပါပြီ၊ ဆိုတော့ ဒီလိုဖြစ်နေတာကိုး၊ ဒါပေမယ့် မင်း ဇီဖျင်ကို အနိုင်ကျင့်လို့မရဘူးနော်။ အခု သူက ငါ့လူပဲ" 


စုချီယွဲ့ ဟန်မူပိုစွာဖြင့် 


"ဝိုး ခွေးစာတွေကျဲနေပြီဗျို့၊ စိတ်မပူပါနဲ့ဗျ ကျွန်တော် ဘယ်သူ့ကိုမှ အနိုင်ကျင့်မှာမဟုတ်ပါဘူးနော်" 


ကျန်းဇီဖျင် အလွန်ဒေါသထွက်နေလျက်။ ဒီဟန်ဆောင်တတ်တဲ့ကောင်က နေရာတကာ လိုက်ဖလစ်နေတော့တာပဲ! သူ အရင်ဘဝတုန်းက သူ့ကို အရမ်းချစ်ခဲ့မိတာနှမြောစရာပဲ... ဟမ့် လူတစ်ယောက်ရဲ့စရိုက်က ပြောင်းလဲဖို့ခက်လိုက်တာ၊ ဒီလူယုတ်မာကောင်ကတော့! 


စုချီယွဲ့လည်း သူကြိုးကြိုးစားစားအားထုတ်ထားပြီး ရရှိခဲ့သောအဆောက်အဦးသို့ သွားလိုက်၏။ သူ့မျက်လုံးများမှာ အပြုံးလေးကြောင့် လခြမ်းလေးလိုကွေးနေလျက်။ 


သူ အိမ်တွင်းအိမ်ပြင် လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပထမထပ်တွင် ဧည့်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့် နောက်ဘက်တွင် ဥယျာဉ်ငယ်လေးတစ်ခုပါရှိပြီး ဗီလာငယ်လေးနှင့်တူနေလေ၏။ 


ဒုတိယထပ်တွင် အိပ်ခန်းသုံးခန်းပါရှိပြီး တစ်ခန်းမှာ ရေချိုးခန်းပါသည့် မာစတာအိပ်ခန်းဖြစ်သည်။ ပထမထပ်တွင်လည်း ဧည့်ရေချိုးခန်းပါရှိသဖြင့် ရေချိုးနိုင်ပေသည်။ 


စုချီယွဲ့ လှည့်ပတ်ကြည့်ရှုပြီးနောက် လေအေးပေးစက်တစ်ခုတစ်လေမှမတွေ့ခဲ့၍ အလွန်အံ့အားသင့်သွားရ၏။ အပြင်မှာ အရမ်းပူနေပေမယ့် အဆောက်အဦးထဲမှာ လေအေးပေးစက်မရှိတာတောင်မှ အရမ်းအေးနေသေးတယ်။ ဒီမှာ လေအေးပေးစက်တွေမရောင်းရဘူးလို့ ထင်မိနေပါပြီနော်။ 


ရေခဲသေတ္တာထဲ မွှေနှောက်ရှာဖွေကြည့်လိုက်သောအခါ အထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသားနဲ့ ဥအမျိုးမျိုး အစုံအလင် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသော်လည်း အရေအတွက်ကိုကြည့်လိုက်သည့်အခါ လူနှစ်ယောက်စာအတွက် မနက်ဖြန်မနက်အထိသာလုံလောက်သည်ပင်။ 


စုချီယွဲ့က ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲမှာ ထားလိုက်ပြီး သူ့၏"လက်တွဲဖော်" ရောက်မလာသေးသောကြောင့် သူ အိပ်ခန်းကို အရင်ရွေးချယ်လို့မရသေးပေ။ 


သူ ကင်မရာကိုဖုံးကာ ရေချိုးလိုက်ပြီးနောက် စားသောက်ရန်အတွက် ရိုးရိုးရှင်းရှင်း ခရမ်းချဉ်သီးနှင့် ကြက်ဥခေါက်ဆွဲကိုသာ ချက်လိုက်၏။ 


ဟင်းရည်ပျစ်ပျစ်လုပ်ရန် ခရမ်းချဉ်သီးများကိုမွှေကြော်လိုက်ကာ ရေဆူဆူကိုထည့်ပြီးနောက် အပေါ်မှာ ခေါက်ထားသောကြက်ဥအရည်ကိုလောင်းချလိုက်၏။ ထို့နောက် နံနံပင်နှင့် ကြက်သွန်မြိတ်တို့ဖြူးလိုက်ရာ မွှေးပျံ့သော ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲတစ်ပန်းကန်မှာ အဆင်သင့်ဖြစ်နေချေပြီ။ 


စုချီယွဲ့ ထမင်းစားပွဲမှာထိုင်လိုက်ပြီး ပွဲတော်၌ သာမာန်ခေါက်ဆွဲတစ်ပန်းကန်ကို စားသောက်နေသကဲ့သို့ ပျော်ရွှင်စွာစားနေလေသည်။ 


[ဒီနေ့ အစားအသောက်ထုတ်လွှင့်တဲ့ရှိုးက အရမ်းမိုက်တာပဲလို့] 


[ကြည့်ကောင်းတဲ့လူတွေက စားတဲ့အခါမှာလည်း အရမ်းကြည့်ကောင်းတာကို ငါသိလိုက်ရပါပြီနော်] 


[ဒီရိုးရိုးခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲတစ်ပန်းကန်ကို ငါ ဘာလို့များအငမ်းမရဖြစ်နေမိပါလိမ့်?] 


[ငါ... တောင့်မခံနိုင်တော့ဘူး၊ ပါဆယ်မှာလိုက်တော့မယ်ဟယ်] 


[စုရှောင်ကောကော ဒီမှာ တစ်ယောက်တည်းစားနေတာ တကယ်ပဲအဆင်ပြေလို့လား? ကျန်တဲ့ဧည့်သည်တွေက မစားရသေးဘူးလေ] 


[အမှန်ပဲ၊ သူချက်ပြုတ်နိုင်ပေမယ့် ဘယ်သူ့ကိုမှပြောမပြခဲ့ဘူး။ တခြားသူတွေလည်း ဗိုက်ဆာနေတယ်လေ ဟုတ်တယ်မလား?] 


[*KYတွေက နေရာတိုင်းမှာရှိနေတာပဲနော်၊ ကိုယ့်ဘာကိုယ်မလုပ်တတ်ရင် မသင်ယူနိုင်ဘူးလား? ကမ္ဘာမြေကြီးမှာ ဆွဲငင်အားမရှိတာကြောင့် ငါ ဆွဲထုတ်လို့မရဘူး!] 


(*KYဆိုတာ အင်တာနက်ဗန်းစကားတစ်မျိုးပါ၊ စိတ်ရှုပ်စရာကောင်းတဲ့သူတွေ၊ လေထုနဲ့မကိုက်ညီတဲ့သူတွေကိုခေါ်ပါတယ်) 


တခြားအုပ်စုမှဧည့်သည်များက အမှန်ပင် အခုထိမစားသောက်ရသေးပေ။ အကြောင်းကတော့ ချက်စရာဘာမှမရှိလို့မဟုတ်ဘဲ မချက်ပြုတ်တတ်တာကြောင့်ပင်။ ခက်ခက်ခဲခဲကြိုးစားချက်ပြုတ်ခဲ့တဲ့အစားအသောက်တွေက ကြည့်ဖို့တောင်အဆင်မပြေဘူးလေ။ 


စုချီယွဲ့က တခြားသူတွေစားစရာမရှိ​​မှန်း ဘယ်လိုလုပ်ပြီးသိနိုင်ပါ့မလဲ? သူ စားသောက်ပြီးသည်နှင့် နေ့လည်ခင်း တစ်ရေးတစ်မောအိပ်စက်လိုက်သည်။ 


တံခါးခေါက်သံကြောင့် သူနိုးသွားရ၏။ မျက်လုံးဖွင့်လိုက်သည့်အခါ ပြတင်းပေါက်အပြင်ဘက်မှာ ကျန်းဇီဖျင်၊ ဟယ်ဝမ်ကျောင်းနှင့် ဖန်းမင်ရွှီတို့က ရပ်နေကြသဖြင့် သူ့ကိုထိတ်လန့်သွားစေလျက်။ 


စုချီယွဲ့ တံခါးကိုဖွင့်လိုက်ပြီး "ဘာဖြစ်လို့လဲဗျ?" 


သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး နောက်ဆုံးတွင်မူ ဟယ်ဝမ်ကျောင်း ထုတ်ပြောလာခဲ့သည်။ 


"မင်းထမင်းဟင်းချက်တတ်တယ်လို့ ငါတို့ကြားမိလို့လေ၊ ငါတို့ကိုသင်ပေးလို့ရမလား?" 


စုချီယွဲ့ တစ်ချက်ကြည့်လိုက်ပြီး 


"ခင်ဗျားတို့ နေ့လည်စာ ခုထိမစားရသေးဘူးလား?" 


သုံးယောက်သား ခေါင်းညိတ်ပြလာကြ၏။ 


စုချီယွဲ့ သူတို့လက်ထဲမှာ ပါဝင်ပစ္စည်းများကိုကိုင်ဆောင်ထားဆဲဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ 


"ကျွန်တော် ခင်ဗျားတို့ကို ကူညီပေးမယ်လေ။ အန်းလောင်ရှီးနှင့် တခြားသူတွေကို အတူတူလာစားဖို့ခေါ်လိုက်နော်" 


ဖန်းမင်ရွှီ ထပ်ခါတလဲလဲခေါင်းညိတ်ပြလျက်


"ဒါဆို ငါ သူတို့ကို အခုပဲသွားခေါ်လိုက်မယ်" 


ကျန်းဇီဖျင် တုန့်ဆိုင်းနေသော်ငြား ဗိုက်ဆာနေသည်ကြောင့် ထုန်ယန်ကိုသွားခေါ်ရုံမှတစ်ပါးရွေးချယ်စရာမရှိတော့ပေ။ 


"ဘယ်သူလဲ?" 


ရင်းနှီးနေပေမယ့် ပုံမှန်ထက်ပိုမိုအေးစက်နေသောအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ 


စုချီယွဲ့ မျက်လုံးတွေပြူးကျယ်သွားရလျက်၊ တံခါးဝမှာရပ်နေသူဟာ ပြိုင်ဘက်ကင်းပုံပန်းသွင်ပြင်နှင့်မျက်နှာရှိသောထန်ယဲ့ မဟုတ်ပါလော။ 


"ထန်လောင်ရှီး?" 


စုချီယွဲ့ မသေချာသေးချေ။ သူရိုက်ကူးရေးလုပ်နေတာမဟုတ်ဘူးလား? ဆိုင်းထိုးဓာတ်ပုံတွေကိစ္စကြောင့်နဲ့ သူ့ဆီ စာရင်းရှင်းဖို့ရောက်လာတာများဖြစ်နေမလား? ဒုက္ခပါပဲ သူ အခုထိ ဘယ်လိုလုပ်ရမှန်းမသိသေးဘူးလေလို့။ 


"ကိုယ်ပဲ" 


ဟယ်ဝမ်ကျောင်းနှင့် အခြားသူများလည်း ထန်ယဲ့ကို မြင်လိုက်ရသည့်အခါ သရဲတစ္ဆေမြင်သွားသကဲ့သို့ဖြစ်သွားကြကာ စုချီယွဲ့အား ပြောလိုက်၏။ 


"မင်းတို့ ဆက်လုပ်၊ ဆက်လုပ်ကြ..." 


စုချီယွဲ့က လူတွေထွက်ပြေးသွားသည်ကိုကြည့်ကာ လည်ပင်းဆန့်တန်း၍ အော်ပြောလိုက်သည်။ 


"ဟေး အတူတူလာစားကြဖို့ ​မမေ့နဲ့ဦးနော်" 


အနှီလူအုပ်က အသိတရားရှိကြသည်မို့ ထန်ယဲ့ လွန်စွာကျေနပ်သွားရသည်။ 


ထန်ယဲ့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာသည့်အခါ စုချီယွဲ့လည်း တစ်လှမ်းပြီးတစ်လှမ်း နောက်ပြန်ဆုတ်သွားရလျက်၊ သူက အသံတိုးတိုးလေးဖြင့် 


"အမ်း... ထန်လောင်ရှီး ဆိုင်းထိုးဓာတ်ပုံ..." 


စုချီယွဲ့ နောက်ပြန်ဆုတ်စရာနေရာမရှိတော့သဖြင့် ဆိုဖာပေါ် တိုက်ရိုက်လဲကျသွားရသည်။ ထန်ယဲ့က သူ့အနားကိုင်းညွှတ်လာကာ ကြည့်နေလျက် 


"ကိုယ်တို့ အခုလက်ရှိကိစ္စကိုပဲ အရင်ရှင်းကြတာပေါ့" 


စုချီယွဲ့ လုံးဝနားမလည်ပါချေ။ 


"အခု ဘာဖြစ်လို့လဲဟင်?" 


ထန်ယဲ့: "မင်းက ကိုယ်နဲ့ ဒိတ်လာလုပ်တာလေ၊ အိမ်မှာမီးသီးလုပ်ခိုင်းဖို့ လူခြောက်ယောက်ကိုဖိတ်ချင်နေတယ်ပေါ့!"


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


စုချီယွဲ့: ဝူး ဝူး ဝူး ထန်လောင်ရှီးပြောင်းလဲသွားပြီဗျို့...။ 


xxx


ကဲ တို့တွေတော့ ခွေးစာတွေစားရပါတော့မယ်ရှင် 😋