ငါ့နာမည်က ချန်လွီ့ကျီ။
နာမည်အတိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဆုံးမနိုင်ပြီး လုံ့လဝီရိယရှိတဲ့ လူတစ်ယောက်ပေါ့။
( သူ့နာမည် လွီ့ကျီ( 律己 ) က တရုတ်လို ကိုယ့်ကိုယ့်ကိုယ် ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ် )
ငါ့ရဲ့ သက်တော်စောင့် အလုပ်မှာ ငါက သိတတ်ပြီး အလုပ်ကြိုးစားတဲ့ လူတစ်ယောက်လေ။ ဒီတော့ CEO လက်အောက်မှာ အလုပ်လုပ်တာ သုံးနှစ် မပြည့်သေးခင်မှာပဲ ထိပ်တန်း သက်တော်စောင့်တစ်ယောက် ဖြစ်လာတယ်။
CEO က ငါ့ကို အမြဲ ချီးကျူးတယ်။ ငါသာ သူ့ဘေးနားမှာ ရှိနေရင် ဘယ်သူမှ သူ့ကို လက်ဖျားနဲ့တောင် ထိနိုင်မှာ မဟုတ်ဘူးတဲ့။
သူ ပြောနေစရာတောင် မလိုပါဘူး။ ငါ သူ့ရုံးခန်းထဲမှာ တစ်နေ့လုံး ယင်ကောင်တွေကို ရိုက်နေတာနဲ့တင် သူ့ကို သက်ရှိတစ်ကောင်မှ ထိခိုက်အောင် လုပ်ခွင့်မပြုတာ ရှင်းနေတာပဲလေ။
ဒီလောက် နှစ်တွေ အကြာကြီး CEO ကို ရိုသေလေးစားပြီး ကာကွယ်ပေးခဲ့တဲ့ ငါ့ရဲ့ သံမဏိလို ဖြောင့်တဲ့ ယောက်ျား တစ်ယောက်၊ တတ်နိုင်သမျှကို ဖြောင့်တန်းနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ပုံရိပ်ရှိနေပေမဲ့ လူတွေက ငါနဲ့ CEO အကြောင်း လျှို့ဝှက်ဇာတ်လမ်းတွေ ဖန်တီးကြသေးတယ်။ ငါ့ကိုတောင် အောက်ထပ်ကို ပို့ပစ်တာ!
တကယ်လို့ ငါ့မိဘတွေ ဒါတွေကို တွေ့သွားရင် ငါသူတို့ကို ဘယ်လို မျက်နှာပြရမှာလဲ!
ငါ မွေးရပ်မြေကနေ ထွက်လာတဲ့ နှစ်နှစ်က ဒီလို မဟုတ်တမ်းတရား ကိစ္စတွေမှာ ပါဝင်ဖို့လေ!
လွန်လွန်းတယ်!
ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်! သူတို့ကို အပြစ်ကြီးကြီး ပေးဖို့ လိုတယ်!
ဒါက အသရေဖျက်တာလဲ! ဒါက ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ကြတာ!
ဒီအကြောင်းတွေ တွေးရင်း CEO အတွက် ကော်ဖီဖျော်ပြီး မကျေနပ်ချက်တွေကို တင်ပြဖို့ ဆုံးဖြတ်လိုက်တယ်။
ကုမ္ပဏီအပြင်ဘက်က ရှုပ်ထွေးနေတဲ့ ယဉ်ကြောကို ငေးကြည့်နေတဲ့ CEO ရဲ့ နောက်ကျောကို တွေ့လိုက်ရတယ်။
ငါ CEO နဲ့ ပထမဆုံး စတွေ့တုန်းက သူ့ဆီက ဝတ္ထုတွေထဲက CEO အငွေ့အသက်တွေကို ခံစားမိခဲ့တယ်။ သူ့ရဲ့ ရုပ်ရည်ဖြစ်ဖြစ်၊ စွမ်းရည်ဖြစ်ဖြစ် အဲတာတွေက ငါ့လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ငါကြွားလို့ရတဲ့ အချက်တစ်ခုပဲ။
ဘယ်လိုလုပ် ဒီလို အေးစက်တည်ကြည်ပြီး ခန့်ညားတဲ့ CEO ကို ငါ့လို ထူးချွန်ထက်မြက်၊ ထင်ရှားကျော်ကြား၊ ချောမောခန့်ညားတဲ့ လူနဲ့ တွဲပေးပြီး လူရယ်စရာဖြစ်အောင် လုပ်လိုက်ကြတာလဲ။
တရားမျှတတဲ့ စိတ်ဆိုးဒေါသတွေနဲ့ ငါရှေ့ကို တိုးသွားခဲ့ပေမဲ့ ငါမြင်လိုက်ရတဲ့ မြင်ကွင်းက ငါ့ကို ထိတ်လန့်သွားစေခဲ့တယ်။
ငါ ပါးစပ်ကို လက်နဲ့အုပ်လိုက်ပြီး နောက်ကို ဆုတ်သွားမိတယ်။
CEO က သူ...
သူက!
သူက တကယ်ပဲ ပြုံးနေခဲ့တာပဲ!
ငါ အလုပ်ဝင်တာ သုံးနှစ်ရှိပြီ။
ဒါ ငါ CEO ပြုံးနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။
"CEO"
ငါစကားပြောလိုက်တော့မှ CEO က ငါ့ကို သတိထားမိသွားတယ်။ သူ့ရဲ့ အပြုံးက ပျောက်ကွယ်သွားပြီး သူ့ခြေထောက်နဲ့ ကုလားထိုင်ကိုဆွဲထိုင်လိုက်ပြီး မေးတယ်။
“ဘာလို့ တံခါးမခေါက်တာလဲ”
"ကျွန်တော် တံခါးခေါက်လွန်းလို့ လက်က ပြုတ်ထွက်တော့မလို ဖြစ်နေပါပြီ"
CEO က စဉ်းစားဟန်နဲ့ ခေါင်းငြိမ့်လိုက်တယ်။
“ဪ”
ငါက တစ်လှမ်းရှေ့တိုးပြီး မေးလိုက်တယ်။
“CEO.. ဘာတွေများ ဒီလောက်ပျော်ရွှင်နေရတာလဲ”
"ဘာမှ မဟုတ်ပါဘူး"
"ဒါဆို ဘာလို့ ပြုံးနေတာလဲ"
"ငါ့ပါးစပ်က ပင်ပန်းလို့ ခဏနားဖို့ အပေါ်ကို တက်သွားတာ"
"?"
သူ စကားပြောနေရင်းနဲ့ပဲ CEO က ထူးထူးဆန်းဆန်း ပြန်ပြုံးလိုက်ပြန်ပါတယ်။
ငါ ဝတ္ထုအကြောင်းပြောတော့မလိုလုပ်နေတုန်းမှာပဲ သူက လှည့်ပြီး ရုတ်တရက် မေးလာတယ်။
“ချန်လွီ့ကျီ၊ တစ်စုံတစ်ယောက်က ငါ့အာရုံကို ဖမ်းစားဖို့ အမြဲကြိုးစားနေတယ်ဆိုရင် အဲဒါ သူငါ့ကို ကြိုက်နေတာလား”
"ဘယ်သူက ခင်ဗျားအာရုံကို ဖမ်းစားဖို့ ကြိုးစားနေတာလဲ"
“ချန်လွီ့ကျီ မင်း ငါ့ရုပ်ရည်ကို ဘယ်လိုမြင်လဲ”
“အရမ်းကို CEO ဆန်ပါတယ်”
“ချန်လွီ့ကျီ မင်း ငါ့စရိုက်ကို ဘယ်လိုမြင်လဲ"
“အရမ်းကို CEO ဆန်ပါတယ်”
“ချန်လွီ့ကျီ ငါ ဘယ်လိုလူမျိုးကို ကြိုက်မယ်လို့ မင်းထင်လဲ”
“အရမ်းကို CEO ဆန်…”
ငါ မေးခွန်းကို သဘောပေါက်သွားပြီး ရုတ်တရက် ရပ်လိုက်ပြီး ပြောလိုက်မိတယ်။
“ဘာ... ဘာကြီး"
“CEO ခင်ဗျားမှာ… ကြိုက်တဲ့သူတစ်ယောက်ယောက် ရှိနေပြီလား၊ ဘယ်သူလဲ”
သူက ခေါင်းယမ်းပြီး ညင်ညင်သာသာ ပြုံးလိုက်တယ်။
“ငါနဲ့တွေ့ဖူးတဲ့ အရမ်းထူးခြားတဲ့ သူတစ်ယောက်ပဲ"
ငါ့နှလုံးသားက ရုတ်တရက် တင်းကြပ်သွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။
“အမျိုးသမီးလား”
"အမျိုးသမီးပေါ့၊ တခြားဘယ်သူ ဖြစ်နိုင်သေးလို့လဲ"
ကောင်မလေးတစ်ယောက်ပေါ့။
အဆင်ပြေသားပဲ။
ငါ သက်ပြင်းချပြီး စိတ်အေးလက်အေး ရင်ဘတ်ကိုပုတ်လိုက်တယ်။
ခဏလေး...
ငါ ဘာလို့ စိတ်သက်သာရာရသွားတာလဲ။
CEO က ဝတ္ထုတွေထဲက ဇာတ်ကောင် မဟုတ်ဘူးမလား။ သူက ကောင်မလေးတွေကိုပဲ ကြိုက်မှာပေါ့။
“ငါ့မေးခွန်းကို ဖြေပါဦး”
CEO က ငါ့လက်ထဲက ကော်ဖီကိုယူပြီး ငါ့ကို မော့ကြည့်လိုက်ရင်း ငါ့အဖြေကို စိတ်အားထက်သန်ပြီး စောင့်နေပုံရတယ်။
ငါ ဒါကို တကယ်စဉ်းစားခဲ့ဖူးပါတယ်။
CEO လို ထူးချွန်တဲ့လူတစ်ယောက်အတွက် ဘယ်လိုအမျိုးသမီးမျိုးက သူနဲ့ထိုက်တန်မလဲ။
ဒီအကြောင်းကြောင့် ငါ အသက်သုံးဆယ်ကျော်ပြီဖြစ်တဲ့ CEO အတွက် အကောင်းဆုံးတွဲဖက်ကို ရှာဖွေပေးနေခဲ့တာပါ။
ဒါပေမဲ့ CEO ရဲ့ ဘေးမှာ လှပတဲ့ အမျိုးသမီးတွေ မရှိတာမျိုး မဟုတ်ပေမဲ့ ဘယ်သူမှ သူ့ဘေးမှာ ကြာကြာ မနေခဲ့ကြပါဘူး။
အရင်တုန်းကဆို CEO ရဲ့ တွဲဖက်အကြောင်း စဉ်းစားတဲ့အခါ CEO ဘေးမှာ မကြာခဏ တွေ့ရတတ်တဲ့ကျင်းကျယ်ကျဲကို အမြဲသတိရမိတယ်။
ဒါပေမဲ့ အခုလို CEO က ငါ့ကို မေးလာတဲ့အခါ ငါ့စိတ်ထဲမှာ မနေ့ညက ဖတ်ခဲ့တဲ့ ဝတ္ထုတွေအကြောင်းကို မသိစိတ်ကနေ သတိရမိလိုက်ပါတယ်။
!
မဖြစ်ဘူး။
ငါ CEO ရဲ့ ရှေ့မှာ ဒီလိုမသင်တော်တဲ့ အကြံအစည်မျိုး ဘယ်လိုလုပ် စဉ်းစားမိရတာလဲ။ ငါ ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် ပါးရိုက်လိုက်တယ်။
"ဟာကွာ”
CEO - ???
CEO က ငါ့အပြုအမူကို နားမလည်ပဲ သူ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေတယ်။
"မင်း ဘာလုပ်နေတာလဲ"
ငါ ပါးရိုက်လိုက်တဲ့ အရှိန်ကို သတိမထားမိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် မူးလဲမသွားအောင် ထိန်းထားရတယ်။
ခဏလောက် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ပြီး ခေါင်းခါလိုက်တယ်။
“ဘာမှ မဟုတ်ပါဘူး”
“ခင်ဗျားကြိုက်တဲ့ အမျိုးသမီးက ဘယ်သူလဲ၊ ကျွန်တော်တို့ကုမ္ပဏီကလား”
သူမအကြောင်းကို ပြောလိုက်တဲ့အခါ CEO ရဲ့ ပါးစပ်က ထိန်းမနိုင်သိမ်းမရ ကွေးတက်သွားပြီး ခေါင်းငြိမ့်လိုက်တယ်။
“သူက တကယ်ပဲ ကျွန်တော်တို့ကုမ္ပဏီကလား၊ ဘယ်သူလဲ”
ငါ့ရဲ့ တင်းကျပ်တဲ့ ကာကွယ်မှုအောက်မှာ CEO ကို ဘယ်သူကများ ဖမ်းစားနိုင်တာလဲ။
CEO က ရှက်ကိုးရှက်ကန်းနဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလိုက်တယ်။
"စုန့်ရန်ဟယ်"
“...”
ငါ ဘာမှမပြောဘဲ တိတ်ဆိတ်နေတာကို မြင်တော့ CEO က စိတ်ရှုပ်ထွေးသွားပါတယ်။
“ဘာဖြစ်တာလဲ၊ မင်း သူ(မ)ကို ရင်းနှီးလို့လား”
ငါ့မျက်နှာက မှောင်မိုက်သွားပါတယ်။
ရင်းနှီးရုံတင်မကပါဘူး။ သူ(မ)က ငါတို့အကြောင်း ဝတ္ထုရေးတဲ့အဖွဲ့ရဲ့ အက်မင်လေ။
~~~