(24)
“ငါ့ရဲ့
ကျန်းမာရေးက ဘာမှမဖြစ်ပါဘူး၊ စိတ်မပူနဲ့...”
သူက စိတ်ပူနေသော
စုန့်စစ်ယွီနှင့် လီရှို့လီကို ခေတ္တမျှနှစ်သိမ့်ပေးပြီးလိုက်ပြီးနောက်
ဝမ်းနည်းကြေကွဲသည့်အမူအရာဖြင့် ရှိနေခဲ့သော လင်းရန်ဆီသို့ အမြန်လှမ်းကြည့်ခဲ့သည်။
“ငါ့အတွက်
အဆင်မပြေဖြစ်နေတဲ့ တစ်ခုတည်းသောနေရာက ငါ့နှလုံးသားပဲ”
“ရန်ရန်က သူ့အတွက်
ငါ့ရဲ့စိုးရိမ်ပူပန်မှုတွေကို အထင်လွဲပြီး ငါ သူ့ကို သမီးအရင်းလိုမျိုး
မဆက်ဆံဘူးလို့ သံသယဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး၊ သူမက
ဒီလိုစကားမျိုးတွေပြောလာတော့ ငါ့ရဲ့နှလုံးသားက အရမ်းနာကျင်သွားရတယ်!”
“ရှုလီ၊ ပြောပါဦး၊
မင်းတို့ သားအမိနှစ်ယောက်အပေါ် ဒီလောက်နှစ်တွေအကြာကြီးအတွင်း ငါဘယ်လိုဆက်ဆံခဲ့လဲ”
သူ၏မျက်နှာပေါ်မှ
ဝမ်းနည်းညှိုးငယ်နေသည့်အကြည့်ကို မြင်လိုက်ရချိန်တွင် လီရှို့လီ၏ နှလုံးသားက
သနားကြင်နာမှုများနှင့် ဝမ်းနည်းမှုများ ပြည့်သွားရသည်။
“သေချာပေါက် ရှင်က
ကျွန်မတို့နှစ်ယောက်စလုံးအပေါ် အရမ်းကြင်နာပေးခဲ့တာပေါ့!
ကျွန်မရဲ့ ဘဝမှာ
အပျော်ဆုံးနေ့တွေက ရှင်ကိုလက်ထပ်ပြီးတဲ့နေ့ရက်တွေပဲ ၊ ရှင့်ကြောင့်သာ မဟုတ်ရင်
ကျွန်မနှင့် လင်းရန်တို့ တိုင်းပြည်ရဲ့ အစွန်အဖျားလေးမှာပဲ ရှိနေရဦးမှာကိုတောင်
ကြောက်မိတယ်!”
လင်းရန်မှာ
သူမ၏ဘေးနားတွင်ထိုင်ကာ ခေါင်းကိုငုံ့ကိုင်းလျှက် ဝမ်းနည်းသလို
ဟန်ဆောင်နေသေးသော်လည်း လီရှို့လီ၏ ထိုသို့သောစကားများကို ကြားလိုက်ရအချိန်တွင်၊
အထူးသဖြင့် စုန့်ဝေ့ကိုလက်ထပ်ပြီးနောက် သူမ၏ဘဝမှာ
အပျော်ရွှင်ဆုံးအချိန်များဖြစ်ကြောင်း ပြောလာသည်ကို ကြားလိုက်ရချိန်တွင် သူမ၏
နှလုံးသားထဲတွင် မုန်းတီးမှုများ တစ်ဟုန်ထိုး မြင့်မားလာသည်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင်
သူမအနေဖြင့် ကျေးလက်တွင် ရှိနေခဲ့သည့် သူမ တစ်ခါမှမတွေ့ခဲ့ဖူးသေးသော အဖေလင်းအတွက်
မထိုက်တန်လှကြောင်း ရုတ်တရက် ခံစားလိုက်ရလေသည်။
စုန့်ဝေ့ကတော့
လီရှို့လီ၏ လေးနက်လွန်းသည့် စကားများကြောင့် အလွန် စိတ်ကျေနပ်သွားခဲ့ကာ လင်းရန်ကို
မသိမသာလှမ်းကြည့်လိုက်သည်။
လက်ရှိတွင်
သူ့အနေဖြင့် လင်းရန်၏ နောက်ကျောကိုသာ မြင်တွေ့နေရသော်လည်း သူ၏ လင်းရန်အပေါ်
နားလည်မှုအား အခြေခံလျှက် သူမ၏ ဒေါသစိတ်များက ဤအချိန်တွင်
ပျော့ပျောင်းသွားတော့မည်ဖြစ်ကြောင်း သိရှိနေခဲ့သည်။
“အင်း၊ ငါက
ငါကိုယ်ငါ မေးခွန်းထုတ်နေမိတာပါ၊ ငါ ဟိုးကအစကနေ အဆုံးထိ မင်းနှင့် ရန်ရန်အပေါ်
အမြဲတမ်းရိုးသားခဲ့တာပါ၊ ဒါပေမယ့် ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့်
ငါအမှားကြီးတစ်ခုလုပ်မိပြီး ရန်ရန် ငါ့ကို မုန်းသွားတဲ့အထိ ဖြစ်စေလိမ့်မယ်လို့
မထင်ထားခဲ့မိဘူး၊ ဒါတွေအားလုံး ငါ့ရဲ့အမှားပဲ!”
စုန့်ဝေ့က
ချက်ခြင်းပင် ဝမ်းပန်းတနည်း အမူအရာကို ဖော်ပြလာချေသည်။
“ကြင်ဖက်တွေ့ဆုံမှုကို
ဖုံးကွယ်ပြီး လုပ်ခဲ့မိတဲ့အတွက် ရန်ရန်က ငါ့ကိုမုန်းတီးသွားလိမ့်မယ်ဆိုတာကိုသာ
ငါသိခဲ့ရင်.. ငါ ဒါကို ဘယ်တော့မှ လုပ်ခဲ့မိမှာမဟုတ်ဘူး... ရန်ရန်
မင်းရှင်းပြချက် လိုချင်နေတာမလား၊ အန်ကယ် အခု မင်းကိုပြောပြပေးမယ်”
လင်းရန်က
သူတို့သုံးယောက်ကို ကျောခိုင်းထားခဲ့ပြီး သူမ၏ မျက်လုံးများကို လှိမ့်လိုက်ပြီး
စုန့်ဝေ့ ဆက်လက်ပြောပြလာမည့် ဇာတ်လမ်းကို နားထောင်နေခဲ့သည်။
“အရင်တုန်းက ငါ
မင်းကို ဒီအကြောင်းကို မပြောခဲ့ဘူးဆိုတာက ရှုမိသားစုရဲ့ ကလေးအပေါ်
သိပ်ပြီးစိတ်ကျေနပ်မှု မရှိခဲ့လို့ပဲ၊ မင်းက ငါ့ရဲ့သမီးပဲလေ၊ မင်းကို
တခြားယောက်ျားလေးတစ်ယောက်ဆီ ဘယ်လိုလုပ်ပြီး လက်လွတ်စပယ် လွှဲပေးနိုင်ရမှာလဲ၊
ဒါကြောင့် ငါ
မင်းကို ဒီအကြောင်းတွေကို ဘာမှမပြောဘဲ ခေါ်သွားခဲ့တာပဲ၊ ငါက ရှုကျစ်ဝမ်ကို
စစ်ဆေးဖို့အတွက် ဒီအခွင့်အရေးကို ယူဖို့ တွေးတောခဲ့တာ”
“သူ့ရဲ့
စွမ်းဆောင်ရည်ကသာ မင်းနဲ့ ငါတို့ကို စိတ်ကျေနပ်စေမယ်ဆိုရင် ငါ မင်းကို
အမှန်အတိုင်းပြောပြမယ်၊ ဒါပေမယ့် မင်းကိုသာ စိတ်မကျေနပ်စေဘူးဆိုရင်တော့
ဒီကိစ္စကို တစ်ခါမှမဖြစ်ခဲ့ဖူးသလိုမျိုး ဟန်ဆောင်လိုက်မလို့လေ၊
အစတုန်းက
ငါ့ရဲ့အစီအစဉ်က တော်တော်လေးကောင်းပေမယ့် ဒါရိုက်တာရှုက မင်းကို သူတို့မိသားစုနဲ့
အလွန်အကျူးလက်ထပ်စေချင်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ သူက မင်းရှေ့မှာ
တမင်သက်သက်အဲဒီလိုစကားတွေကိုတောင် ပြောခဲ့တယ်”
ထိုစကားများကို
ပြောနေလျက် စုန့်ဝေ့၏လေသံက ဒေါသသံအဖြစ် နောက်တစ်ဖန် ပြောင်းလဲသွားပြန်သည်။
“ဒီတစ်ကြိမ်ဖြစ်ပျက်သွားခဲ့တာတွေက
ငါ့ကို အဲဒီရှုမိသားစုရဲ့ မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရအောင်
လုပ်လိုက်တာပဲ၊ ဒီလိုဖြစ်လာမှတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းကို
ရှုမိသားစုနဲ့ လက်ထပ်ပေးတော့မှာ မဟုတ်ဘူး!”
“အဖေ?!”
စုန့်ဝေ့၏
စကားကြောင့် လင်းရန်မှ သူမ၏သဘောထားကို မဖော်ပြရသေးခင် စုန့်စစ်ယွီမှ
ပထမဆုံး ထိတ်လန့်အံ့အားသင့်စွာအော်ခေါ်လာခဲ့သည်။
စုန့်စစ်ယွီ
စုန့်ဝေ့ဆီသို့ ထိတ်လန့်တကြားကြည့်နေခဲ့သည်။
သူမရဲ့အဖေက
ဘယ်လိုလုပ်ပြီးဒီလိုစကားတွေကိုပြောလာနိုင်ရတာလဲ?!
လင်းရန်ကို
ရှုမိသားစုထဲကို လက်ထပ်ခွင့်မပြုဘူးဆိုရင် သူမရဲ့အနာဂတ်အလုပ်အကိုင်နှင့်
အနာဂတ်တိုးတက်မဲ့ဘဝက ဘယ်လိုတွေဖြစ်သွားတော့မှာလဲ?!
စုန့်စစ်ယွီက
ဤမနက်တွင် အခန်းထဲမှ အပြင်သို့ မထွက်လာခဲ့သောကြောင့် ရှုမိသားစုအိမ်တွင်
သူတို့သုံးယောက် မည်သည့်အရာများဖြစ်သွားသည်လဲကို မသိခဲ့ချေ။
ယခုအချိန်တွင်
သူမ ဂရုစိုက်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ ဖခင်မှ သဘောထား ရုတ်တရက်
ပြောင်းလဲသွားမှုက သူမအပေါ် သက်ရောက်မှု ရှိလာတော့မည်ဆိုသည့် အချက်ကိုပင်။
စုန့်စစ်ယွီ၏
ပြန်လည်မွေးဖွားလာခဲ့သည့် ရက်အနည်းငယ်အတွင်း ဤအချိန်က သူမ၏လက်ထဲတွင်
အရာအားလုံးကိုဆုတ်ကိုင်ထားနိုင်သကဲ့သို့ အေးဆေးတည်ငြိမ်သည့် အမူအရာကို
မျက်နှာပေါ်တွင် မတပ်ဆင်ထားနိုင်သည့် ပထမဆုံးသောအချိန်ဖြစ်ပြီး သူမ
လုံးလုံးလျားလျား အထိတ်တလန့်ဖြစ်နေခဲ့ရသည်။
ယနေ့နံနက်တွင်
လင်းရန်မှ ကျေးလက်သို့ သွားတော့မည့်အကြောင်းကို သူမသိလိုက်ရသည့်အချိန်တွင်တောင်
စုန့်စစ်ယွီက အလျှင်အမြန် တည်ငြိမ်သွားခဲ့ရသည်။
လင်းရန်
ကျေးလက်သို့သွားလျှင်ပင် အရေးမကြီးပေ။ မည်သို့ပင်ဖြစ်စေ သူမက
စုန့်မိသားစုထံမှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
ကျေးလက်ဒေသ၏
ရက်စက်မှုကို သူမ တောင့်မခံနိုင်တော့သည့်အချိန်တွင် စုန့်မိသားစုအိမ်သို့
ပြန်ပြေးလာမှာ သေချာသည်။
ထိုအချိန်တွင်
သူမကို ရှုကျစ်ဝမ်နှင့် ကြင်ဖက်ချိန်းတွေ့ရန် စီစဉ်နိုင်မှာဖြစ်ပြီး ကိစ္စများက
နဂိုကထက် ပို၍ပင်ချောမွေ့သွားမည်ဖြစ်သည်။
သို့သော်လည်း
သူမက အရာအားလုံးကို ကောင်းစွာစီစဉ်ပြီးသည့်နောက်တွင် သူမ၏အဖေမှ ဆုံးဖြတ်ချက်အား
ပြောင်းလဲလိုက်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
“အဖေ၊ ရှုမိသားစုက
အရမ်းတော်တယ်၊ ရှုကျစ်ဝမ်ကလည်း အတော်ထူးချွန်တယ်၊ အဖေ ဘယ်လိုလုပ်ပြီး လင်းရန်ကို
သူနှင့် လက်ထပ်ခွင့် မပြုနိုင်ရတာလဲ!”
စုန့်ဝေ့မှာ
သမီးဖြစ်သူ၏ စကားကိုကြားချိန်တွင် ရှင်းပြချင်ခဲ့သော်လည်း
လင်းရန်၏ရှေ့တွင်တော့ ထိုစကားများကို မပြောနိုင်ခဲ့ပေ။
ရှုမိသားစုက
အလွန်ကောင်းကြောင်းကို သူသိထားသော်လည်း လက်ရှိတွင် သူက ဒါရိုက်တာရှုနဲ့
ကွဲကွာသွားခဲ့ရပြီပင်။
သူ့အနေဖြင့်
လင်းရန်အား မကြာခင် ပြန်ချော့နိုင်တော့မှာဖြစ်သော်လည်း ဤအချိန်တွင် သူ့၏သမီးဖြစ်သူ
စုန့်စစ်ယွီမှ ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး သူ့ ၏စကားကို ပြတ်တောက်သွားစေရန် လာရောက်
နှောင့်ယှက်လာခဲ့သည်။
အခု
သူဘယ်လိုဆက်ပြောရတော့မှာလဲ!
စုန့်ဝေ့
အနည်းငယ် စိတ်တိုသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မျက်မှောင်ကြုတ်လိုက်ကာ
စုန့်စစ်ယွီဆီသို့ အသံနက်ကြီးဖြင့် ပြောလိုက်လေ၏။
“ကောင်းပြီ၊
ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီ၊ နောင်အနာဂတ်မှာလည်း ရှုမိသားစုရဲ့
ကိစ္စတွေကို ထပ်မပြောနဲ့တော့!”
ဤသည်ကိုမြင်လိုက်ရချိန်တွင်
စုန့်စစ်ယွီ၏ နှလုံးသားက ရုတ်တရက် အေးခဲသွားရသည်။
သူမ စုန့်ဝေ့အား
အမူအရာမဲ့စွာကြည့်လိုက်ပြီး ဒေါသတရားနှင့် စိတ်ရှုပ်ထွေးမှုများကို
ခံစားနေခဲ့ရသည်။
အရင်ဘဝတုန်းက
အခြေအနေက ဒီလိုမဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဘယ်နေရာကများ မှားယွင်းသွားခဲ့တာလဲ!
သူမ အရင်
ဘဝတုန်းကလိုမျိုး ကျေးလက်ဒေသကို မသွားဖို့
ဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်များလား?
ဒါကြောင့်
အခုလိုမျိုးအပြောင်းအလဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တာလား?
ဤအခိုက်အတန့်တွင်
စုန့်စစ်ယွီ၏နှလုံးသားက မုန်တိုင်းလှိုင်းများဖြင့် ပြည့်လာခဲ့သည့်ပုံပင်။
မဟုတ်သေးဘူး။သူမ
ဒီကိစ္စတွေကို ထပ်ပြီး ဂရုတစိုက်တွေးရမယ် ။
စုန့်စစ်ယွီမှ
စကားပြောခြင်းကိုရပ်တန့်သွားသည်ကြောင့် စုန့်ဝေ့လင်းရန်ဘက်ကို လှည့်ကြည့်လိုပြီး
သူ့လေသံကို ဖြေလျှော့လိုက်ပြန်သည်။
“ရန်ရန်၊ အန်ကယ်
ရှင်းပြဖို့ လိုအပ်တာကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့ပြီးပြီ၊ ဒါကိုတောင် မင်း
အန်ကယ်စုန့်ကို ခွင့်မလွှတ်သေးရင် အန်ကယ်စုန့်လည်း ဘာလုပ်ရမလဲဆိုတာ မသိတော့ဘူး...”
လင်းရန် သူမ၏
မျက်နှာကိုပြန်လှည့်ကြည့်လာခဲ့ကာ သူမ၏ မျက်နှာက သနားစဖွယ်ဖြစ်နေခဲ့ပြီး
စုန့်ဝေ့အား ယုံရမည်လား၊ မယုံကြည့်ရမည်လား မသဲကွဲသည့် မျက်နှာထားဖြင့်
ကြည့်လာခဲ့သည်။
‘အန်ကယ်စုန့် ၊
အန်ကယ်ပြောတဲ့ဘယ်စကားက အမှန်ဖြစ်ပြီး ဘယ်စကားက အမှားလဲဆိုတာကို ကျွန်မ မသိတော့ဘူး”
စုမ့်ဝေ့မှာ
ထိုစကားကိုကြားလိုက်ရချိန်တွင် အလွန်စိုးရိမ်ထိတ်လန့်ကာ ကျိန်ဆဲချင်စိတ်များ
ဖြစ်ပေါ်လာရသော်လည်း လင်းရန်ကိုကြည့်ရှုနေသည့် သူ့မျက်နှာပေါ်တွင်
ချစ်ခင်ပြီး အလိုလိုက်သည့် အမူအရာများရှိနေဆဲပင်။
“ကိစ္စမရှိပါဘူး၊
အချိန်က အရာအားလုံးကို သက်သေပြသွားပါလိမ့်မယ်၊ ရန်ရန် မင်းဒီနေ့
ကိစ္စတွေအများကြီးကို ဖြတ်သန်းခဲ့ရတာပဲ၊ ဒါကြောင့် ဒီအချိန်ခဏလောက်အတွင်းမှာ
အဖြေမထုတ်နိုင်ဖြစ်နေတဲ့အပေါ် အန်ကယ်စုန့်က မင်းကို အပြစ်မတင်ပါဘူး ၊
ဒါပေမယ့် မင်းရဲ့
အမေပြီးရင် အန်ကယ်စုန့်က မင်းအပေါ် အကောင်းဆုံးပဲဆိုတာကိုတော့ မင်း သိထားရမယ်၊
အန်ကယ်စုန်က မင်းကို ဘယ်တော့မှ ဒုက္ခပေးမှာမဟုတ်ဘူး”
မည်သို့ပင်ဆိုစေ
လင်းရန်၏ စဥ်းစားတွေးခေါ်မှု မရှိသည့် စိတ်ထားကြောင့် သူမက သူ့အပေါ်
ခြွင်းချက်မရှိ ယုံကြည်ပြီး သူ့အမိန့်ကို သဝေမတိမ်းနာခံသည့် ယခင်အခြေအနေသို့
ပြန်မရောက်ခင် အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်ပင်။
သူ့အနေဖြင့်
နှစ်ပေါင်းများစွာ ကြာမြင့်အောင် စောင့်ဆိုင်းခဲ့ပြီးပြီ။ ဤကဲ့သို့
ရက်အနည်းငယ်လောက်ကို မစောင့်ဆိုင်းနိုင်ခဲ့ဘဲ နေမည်တဲ့လား။
ဒီစုန့်ဝေ့ဆိုတဲ့
မြေခွေးအိုကြီးက စကားကို သီချင်းဆိုတာထက်တောင် နားထောင်လို့ ကောင်းအောင်
ပြောတတ်တာပဲ။
ဒီဘက်ခေတ်မှာ
ဖြစ်နေတဲ့အတွက် အော်စကာဆုအတွက် ယှဉ်ပြိုင်နိုင်ခွင့်မရှိတာကတော့ နှမျောစရာတောင်
ကောင်းလိမ့်မယ်။
လင်းရန်
သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ်တွေးတောကာ မျက်လုံးလှန်လိုက်မိသည်။
**