Ch 22
Viewers 10k

(22)

 

အမေရှုက တံခါးအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရပြီး စိတ်မရှည်စွာဖြင့် တံခါးဖွင့်ဖို့ ပြေးထွက်လာခဲ့သည်။

 

စုန့်မိသားစု၏အရေးကိစ္စကြောင့် သူမသည်ကား တစ်မနက်လုံး တိမ်မည်းတစ်ခုနှင့် ဖုံးလွှမ်းထားသည့်နှယ်ရှိနေခဲ့ကာ မျက်နှာထားကိုလည်း ကောင်းမွန်ရွှင်လန်းစွာ မထားနိုင်တော့ချေ။

 

သို့ရာတွင် အပြင်မှရောက်လာသည့် ဧည့်သည်များကို မခြောက်လှန့်မိစေရန်အတွက် သူမက တံခါးမဖွင့်မီ သူမ၏အမူအရာကို အတတ်နိုင်ဆုံး ချိန်ညှိလိုက်သေးသည်။

 

သို့သော်ငြား တံခါးဖွင့်လိုက်သည့်နောက်တွင် အပြင်ဘက်တွင် ရပ်နေသည်က လင်းရန်ဖြစ်နေကြောင်းကို သူမ တွေ့လိုက်ရချိန်တွင်တော့ သူမ၏မျက်နှာက နဂိုထက် ပို၍ပင် ရုပ်ဆိုးသွားခဲ့တော့သည်။

 

ဟေး၊ ဒါက ငါတို့ရဲ့ စက်မှုအိမ်ရာဝန်းထဲကနေ ကျေးလက်ဒေသကိုသွားဖို့အတွက် တက်တက်ကြွကြွလှုပ်ရှားခဲ့လို့ ဆုတံဆိပ်တွေတောင် ရထားတဲ့ လင်းရန်မဟုတ်ဘူးလား၊

 

အချိန်ရှိနေတုန်းမှာ ကျေးလက်ဒေသကို သွားဖို့အတွက် ခရီးဆောင်အိတ်တွေဘာတွေကို အလျင်စလိုမထုပ်ပိုးဘဲနှင့် ဘာလို့ ငါတို့အိမ်ကို ရောက်လာရတာလဲ

 

အမေရှုက လှောင်ပြောင်သရော်လာခဲ့ပြီး သူမ၏လေသံက ပိုလို့တောင် ရက်စက်နေခဲ့သည်။

 

ကံကောင်းထောက်မစွာဖြင့် လင်းရန်မှာ ရှုမိသားစုထံသို့ အမှန်တကယ် တောင်းပန်ရန် မရည်ရွယ်ခဲ့သည့်အတွက် အမေရှု၏  သဘောထားမှာ သူမအတွက် လုံးဝ စိတ်အနှောင့်အယှက်မဖြစ်စေခဲ့ပေ။

 

သို့သော်လည်း သူမ၏ ကြီးမားသည့်အစီအစဥ်ကြီးအကြောင်းကို တွေးတောကြည့်ပြီးနောက်တွင် သူမက နာကျင်ချင်ယောင် ဟန်ဆောင်ကာ ခေါင်းငုံ့လိုက်ပြီး  သနားစရာကောင်းစွာဖြင့် ပြောလိုက်ချေသည်။

 

အန်တီ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ အန်ကယ်ရှုကို တောင်းပန်ဖို့အတွက် ဒီကိုရောက်လာတာပါ

 

အမေရှုမှာ ထိုစကားကိုကြားပြီးနောက် သူမ၏မျက်လုံးများက ပို၍ပင် မထီမဲ့မြင်ဖြစ်သွားခဲ့ရသည်။

 

မင်းက အခုကျမှ ဒီကိုလာပြီး တောင်းပန်ရမှန်းသိနေတယ်ပေါ့? အစောပိုင်းတုန်းကကျတော့ ဘာလို့ မလုပ်သင့်မှန်း မသိခဲ့ရတာလဲ!

 

ထိုအချိန်တွင် အခန်းတွင်းရှိ ဒါရိုက်တာရှုသည်လည်း အပြင်ဘက်မှ အသံကိုကြား၍ ထွက်လာခဲ့သည်။

 

တံခါးဝနားတွင် ရပ်နေသည့် လင်းရန်ကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာကလည်း ဇနီးသည်ဖြစ်သူကဲ့သို့ မည်းမှောင်သွားခဲ့ရသည်။

 

မင်း ဒီကိုဘာလာလုပ်တာလဲ

 

မူလတုန်းကတော့ လင်းရန်အား သူ၏ အနာဂတ်ချွေးမအဖြစ် မှတ်ယူထားသောကြောင့် သူမကို ကြင်နာပြခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်  သူမနဲ့ စုန့်ဝေ့ တို့က သူနဲ့ သူ၏သားဖြစ်သူအား တမင်သက်သက် လှည့်စားနေကြောင်းကို  သိလိုက်ရပြီးဖြစ်၍   ဒါရိုက်တာရှုက လင်းရန်အပေါ် အဘယ်ကြောင့် သဘောကောင်းနေဦးမည်နည်း။

 

 

  

ဒါရိုက်တာရှု၏ အေးစက်သောမျက်နှာအား မျက်နှာချင်းဆိုင်လျက် လင်းရန်က သူမ ပြောနေသည့်စကားကို ဆက်လက်ပြောခဲ့သည်။

 

အန်ကယ်ရှု ၊ ကျွန်မ အန်ကယ်ကို တောင်းပန်ဖို့ ဒီကိုလာခဲ့တာပါ

 

တောင်းပန်တာလား?!

 

ဒါရိုက်တာရှုက ဤလင်းရန်မှာ  ကိစ္စများကို အလွန်ရိုးရှင်းစွာ တွေးတောထားခဲ့ပြီး သူ့၏ စိတ်သဘောထားကလည်း ကောင်းမွန်လွန်းကြောင်း တွေးတောနေခြင်းဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။

 

ဘာလို့လဲ? သူတို့တွေက သူတို့မိသားစုအပေါ်ကို  ဒီလိုအမှုကိစ္စမျိုး လုပ်ပြီးတာတောင်မှ သူတို့က ခွင့်လွှတ်နေလိမ့်မယ်လို့ ဘာကြောင့်ထင်နေခဲ့တာလဲ။ သူတို့ကို အရူးတွေလို့ သတ်မှတ်ထားတာလား?!

 

အိပ်မက်မက်နေလိုက်!

 

မလိုပါဘူး၊ မင်းက ဘာလို့တောင်းပန်နေတာလဲ၊ မင်းက ဘာတစ်ခုမှ အမှားမလုပ်ထားဘူးလေ၊ ဒါကြောင့် တောင်းပန်စရာမလိုဘူး၊ အဲဒါက ရည်ရွယ်ချက်ရှိရှိ မဟုတ်...

 

မင်းတို့တွေက ကျေးလက်ကို သွားမယ့်ကိစ္စကို တမင်သက်သက် ဖုံးကွယ်ပြီး ငါ့သားနဲ့ ကြက်ဖက်ချိန်းတွေ့ခဲ့တာ..!

 

ဒါရိုက်တာရှုမှ စကားကို ဆုံးအောင်မပြောရသေးခင် လင်းရန်က သူ့ကို ရုတ်တရက် ကြားဖြတ်နှောင့်ယှက်လိုက်သည်။

 

သူမက ဒါရိုက်တာရှု၏  လှောင်ပြောင်သရော်သည့်လေသံများအား  မကြားသကဲ့သို့ သူ့၏မေးခွန်းကို လေးလေးနက်နက် ပြန်ဖြေခဲ့သည်။

 

သေချာပေါက်  အမှားလုပ်ခဲ့မိတာပေါ့၊ ကျွန်မက အထက်တန်းကနေ ဘွဲ့ရပြီး ဘာမှလုပ်စရာမရှိဘဲ  အိမ်မှာဘဲ  နေနေရတယ်ဆိုတာကို အန်ကယ်ရှုက သိတဲ့အတွက် ကျွန်မရဲ့အနာဂတ်အတွက် အလုပ်တစ်ခုခုကို ရှာပေးဖို့ တွေးနေခဲ့ပေမဲ့ ကျွန်မက မသိတတ်ဘဲ ကျေးလက်ကို သွားဖို့အတွက် လျှောက်လွှာတင်ခဲ့မိတယ်

 

လင်းရန်၏  လေသံထဲတွင် သူမကိုယ်သူမ အပြစ်တင်နေဟန်ရှိသည်။

 

  

ဒါတွေအားလုံးက ကျွန်မရဲ့အမှားပါ၊ တကယ်လို့ အန်ကယ်စုန့်ကသာ အန်ကယ်ရှုက ကျွန်မရဲ့အနာဂတ်အတွက် အဆင်ပြေစေဖို့ ကူညီပေးနေတဲ့အကြောင်းကို စောစောက ပြောခဲ့မယ်ဆိုရင် ကျွန်မလည်း ကျေးလက်ဒေသကို သွားဖို့အတွက် လျှောက်လွှာကို  ဖြည့်ခဲ့မိမှာ မဟုတ်ပါဘူး၊ အန်ကယ်ရှုက ကျွန်မကို ကူညီပြီးစီစဉ်ပေးဖို့ကို စောင့်နေခဲ့မှာ၊  ဒီလိုဖြစ်လာလိမ့်မယ်လို့  မမျှော်လင့်ထားခဲ့ဘူး

 

ဘာလဲ?

 

ဒါရိုက်တာရှုနှင့်  အမေရှုတို့က လင်းရန်၏စကားကိုကြားလိုက်ရပြီးတောက် အံ့အားသင့်သွားခဲ့ကြသည်။

 

သူတို့နှစ်ယောက်စလုံးက တုံးအသည့်သူများမဟုတ်ကြပေ။

ဒါရိုက်တာရှု၏ ရာထူးအရ  သူယုံကြည်ရသည့် ဆက်ဆံရေးအမျိုးမျိုးမှ လူတစ်ချို့က သူတို့အတွက် မကြာခဏဆိုသလို တိကျသည့် ရာထူးနေရာပေးဖို့ တောင်းဆိုရန်အတွက် အကူအညီတောင်းခြင်းမျိုးကို တွေ့ကြုံခဲ့ကြဖူးသည်ပင်။

 

ထို့ကြောင့် လင်းရန် မတိုင်ခင်မှ ပြောလိုက်သည့် စကားတချို့က သိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိနေလျှင်တောင်  ဒါရိုက်တာရှု နဲ့ အမေရှုတို့က နားလည်သဘောပေါက်နိုင်သည်ပင်။

 

သူက အထက်တန်းကျောင်းပြီးတော ဘာမှလုပ်စရာမရှိဘဲဖြစ်နေတဲ့အတွက် သူမရဲ့အနာဂတ်အဆင်ပြေစေဖို့ နည်းလမ်းကို ရှာဖွေပေးနေတယ်?

 

သူတို့တွေက သူ ဘာတွေစီစဉ်ပေးဖို့ကို စောင့်နေကြတာလဲ?

 

   

ဘာလို့ လင်းရန်အတွက် ရာထူးမြင့်အလုပ်စီစဉ်ပေးဖို့လုပ်နေတယ်လို့ပဲ တိုက်ရိုက်  မပြောလာတာလဲ?!

 

ဒါပေမယ့် သူ စုန့်ဝေ့ကို  ဘယ်တုန်းက ကတိပေးခဲ့လို့လဲ?

 

သူကိုယ်တိုင်တောင် မသိလိုက်ရပါလား!

 

ဒါရိုက်တာရှုက မျက်မှောင်ကြုတ်လိုက်ပြီး  မည်သည့်အရာကို တွေးတောနေမှန်းမသိခဲ့ဘဲ လင်းရန်ကို တင်းမာစွာ ကြည့်ကာ မေးလာခဲ့သည်။

 

ဒါတွေကို ဘယ်သူ မင်းကိုပြောခဲ့တာလဲ

 

သူ့အနေဖြင့် လင်းရန်နှင့် သိပ်ပြီး အဆက်အသွယ် မရှိလှသော်လည်း သူမ၏ ဒေါသကြီးမားပြီး အထက်စီးဆန်လှသည့်အကြောင်းက ကျော်ကြားကြောင်းကိုတော့ သိနေခဲ့သည်ပင်။

 

သူမက အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့ လိမ်ညာပြောလာဖို့  လုံးဝမဖြစ်နိုင်ပါချေ။

 

  

 

ထို့ကြောင့် ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းပြချက်မှာ  တစ်စုံတစ်ယောက်မှ သူမကို ထိုကဲ့သို့ တူညီသည့်စကားမျိုး ပြောခဲ့ခြင်းသာဖြစ်လိမ့်မည်။

 

ဒါရိုက်တာရှုမှ ထိုမေးခွန်းကို မေးလာချိန်တွင် လင်းရန်မှ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိချေသည်။

 

အမေက ပြောခဲ့တာ!

 

တကယ်လို့ အမေသာ ကျွန်မကို ဒီစကားတွေကို မပြောခဲ့ဘူးဆိုရင် အန်ကယ်ရှုက ကျွန်မကို နောက်ကွယ်ကနေ တိတ်တိတ်လေး ကူညီပေးဖို့လုပ်နေတယ်ဆိုတာကို ကျွန်မ ဘယ်လိုသိနိုင်မှာလဲ၊

 

ကျွန်မရဲ့အမေက ခုနတုန်းက ဒီအကြောင်းကို အန်ကယ်ရှုကို ထည့်မပြောပြသင့်ဘူးလို့ ပြောခဲ့ပေမယ့် ကျွန်မ ဒါကိုတွေးကြည့်တော့ အန်ကယ်ရှုအပေါ်ကို ပိုပြီးရိုးရိုးသားသားတောင်းပန်ဖို့လိုတယ်လို့ ခံစားမိနေတုန်းပဲ၊

 

ပြောရရင် အန်ကယ်ရှုလိုမျိုး လူတွေကို အကူအညီပေးတတ်တဲ့သူတွေက အများကြီးမရှိဘူးလေ

 

လင်းရန် ထိုစကားများကို ပြောပြီးနောက် ဒါရိုက်တာရှု၏ မျက်နှာက ပိုပို၍ ရုပ်ဆိုးလာခဲ့ရသည်။ နောက်ဆုံး လင်းရန်၏ပါးစပ်မှ သူမ၏အမေဖြစ်သူက သူ့အား ဤစကားလုံးများကို ပြန်မပြောဖို့ ပိတ်ပင်ထားကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရပြီးနောက်တွင် သူ၏မျက်နှာက လုံးဝမည်းမှောင်သွားရတော့သည်။

 

သူ ဤသည်ကို မမျှော်လင့်ထားခဲ့ပါချေ။ သူ၏  ရှုမိသားစုက စုန့်ဝေ့နှင့် လီရှို့လီ၏လက်ထဲသို့ ကျဆင်းသွားခါနီးဖြစ်သွားခဲ့ရသည်!

 

စုန့်ဝေ့က ဘယ်မှာ သူတို့မိသားစုနှင့် လက်ထပ်ပွဲစီစဥ်ချင်လို့လဲ?

 

သူက  သူ့သမီးအတွက် အလုပ်ရှာဖို့ သူ့ရာထူးကို အသုံးချချင်ရုံသက်သက်ပဲဆိုတာ ထင်ရှားတယ်!

 

ထိုကလိမ်ကကျစ်ကောင်မှ သူ၏  ရုံးခန်းဆီသို့ရောက်လာကာ သူ၏သားရှုကျစ်ဝမ်နှင့် လင်းရန်တို့၏ ကြင်ဖက်တွေ့ဆုံပွဲအကြောင်း ဆွေးနွေးချိန်၌ ထိုသူက လင်းရန်အား ကြင်ဖက်တွေ့ဆုံသည်ဟု မပြောဘဲ သူ၏သားဖြစ်သူနှင့် မတော်တဆတွေ့ဆုံသည့် ပုံစံပြုမူရန် အထူးတလည် တောင်းဆိုခဲ့သည်က မထူးဆန်းတော့ပါချေ ။

 

အကယ်၍ လူသိရှင်ကြားဖြစ်သွားပါက သူ၏သမီးဖြစ်သူ လိုချင်သည့် အလုပ်ရာထူးအား ရရှိသွားပြီးနောက်တွင် အရှက်မဲ့စွာ လွတ်မြောက်နိုင်ရန် အဘယ်သို့ ဖြစ်နိုင်တော့မည်နည်း။

 

ဤကလိန်ကကျစ်ကောင်က သူ့ခေါင်းကို ပေသီးနဲ့ ခေါက်ဖို့အတွက်ပင် သတ္တိရှိနေခဲ့သည်။

 

စုန့်ဝေ့မှ လင်းရန်အား သူ၏အစီအစဉ်ကို အဘယ်ကြောင့် ကြိုမပြောခဲ့သည်လဲဟူသည်ကိုတော့ ဒါရိုက်တာရှုက သဘာဝကျကျပင် သိနိုင်ပေသည်။

 

  

အဆုံး၌ လင်းရန်၏ ပါးစပ်သည်ကား တံခါးပိတ်ထားနိုင်သည့် ပါးစပ်မျိုးဖြစ်မနေခဲ့ချေ။

 

သူမ၏ အမေဖြစ်သူမှ  ဤအကြောင်းအရာများကို မပြောဖို့ တောင်းဆိုခဲ့သော်လည်း သူမကတော့ ပဲစေ့များကို ဖိတ်စင်စေခဲ့သည်။

 

အကယ်၍  စုန့်ဝေ့နှင့် လီရှို့လီတို့က သူမအတွက် အလုပ်စီစဉ်ပေးရန် ကြင်ဖက်တွေ့ဆုံမှုအဖြစ် ဟန်ဆောင်မှုကို အသုံးချနေမှာဖြစ်ကြောင်း လင်းရန်ကို ပြောလိုက်မိပါက သူမက  ချက်ချင်းဖော်ထုတ်လိုက်မည်ဖြစ်ကြောင်းကို သိနေပုံရသည်။

 

ဤအရာများကို ပေါင်းစပ်လိုက်သည့်နောက်တွင် ဒါရိုက်တာရှုမှာ  အရာအားလုံးကို အဖြေရှာတွေ့သွားနိုင်ခဲ့ပြီ။

 

ဤအချိန်၌  ဒါရိုက်တာရှု၏ မျက်လုံးများက ရှင်းရှင်းလင်းလင်းပင် မီးများတောက်လောင်နေခဲ့ပြီး တစ်စုံတစ်ဦးကို အလွန်မုန်းတီးကြောင်း ပြသနေခဲ့သည်။

 

လင်းရန်ကတော့ တိတ်တဆိတ် ထိတ်လန့်သွားသကဲ့သို့ ဟန်ဆောင်လိုက်လေ၏။

 

သူမက လီရှို့လီ မတိုင်ခင်က ပြောခဲ့သည့်စကားကို အတိအကျ ပြန်ပြောခဲ့ခြင်းဖြစ်ပြီး မီးထဲကို လောင်စာထည့်ခြင်း သို့မဟုတ် စကားလုံးများ ပြောင်းလဲဖို့ လုံးဝမလုပ်ခဲ့ချေ!

 

သို့မဟုတ်ပါက စုန့်ဝေ့၏  စကားများကို နားထောင်နေကျဖြစ်သည့်  လူများမှ ထိုစကားကို ကြားရချိန်တွင် ဤသို့ ပြောလာကြလိမ့်မည်:   မင်း အထင်မှားတာဖြစ်ရမယ်...

 

 

သို့သော်လည်း ဒါရိုက်တာရှု၏ ဒေါသထွက်နေသော အမူအရာကို မြင်လိုက်ချိန်တွင် လင်းရန်၏  နှလုံးသားထဲမှ သေးငယ်သော ပုံတူအရုပ်လေးက မခုန်ပေါက်ဘဲ မနေနိုင်တော့ချေ။

 

စုန့်ဝေ့ နဲ့ ဒါရိုက်တာရှုတို့ကြားမှ ပဋိပက္ခကို ပြန်မလှည့်နိုင်သည်အထိ ပြင်းထန်အောင်လုပ်ဖို့ အစီအစဉ်_  အောင်မြင်ပြီ။

 

ဤအခိုက်အတန့်တွင် အလွန်လျှင်မြန်စွာ ချဉ်းကပ်လာသောပုံရိပ်နှစ်ခုကို မြင်လိုက်ရပြီး ၎င်းတို့မှာ စုန့်ဝေ့နှင့် လီရှို့လီတို့မှ လွဲ၍ တခြားလူများမဟုတ်နိုင်တော့။

 

စုန့်ဝေ့နှင့် လီရှို့လီတို့၏ ပိုမိုရှင်းလင်းလာနေသော မျက်နှာများကို မြင်လိုက်ရချိန်တွင် ဒါရိုက်တာရှု၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

 

စုန့်ဝေ့ကတော့ ဒါရိုက်တာရှု၏ အပြုံးကိုမြင်သော်  အလွန်အမင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

 

လင်းရန်၏  တောင်းပန်မှုက ဒါရိုက်တာရှုကို စိတ်ပြေလျော့သွားစေရန် လုပ်နိုင်ခဲ့ပုံရသည်။ သို့မဟုတ်ပါက ဒါရိုက်တာရှုက သူ့ကို ပြုံးပြမှာ မဟုတ်ပေ။

 

ထိုကောင်မလေးက အနည်းငယ်လောက်တော့အသုံးဝင်နေသည့်ပုံရသည်။

 

ရလဒ်အနေဖြင့် သူ စိတ်သက်သာရာရသွားသည့်  နောက်တစ်စက္ကန့်အတွင်း ဒါရိုက်တာရှုက ရုတ်တရက် မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုနဲ့ မေးလာလေသည်။

 

ရဲဘော်စုန့်ဝေ့၊ မင်း ငါ့ကို ရှင်းပြပေးနိုင်မလား၊ ငါတို့ အစပိုင်းမှာ ဆွေးနွေးထားတာက ကလေးနှစ်ယောက်ကို လက်ထပ်ပွဲလုပ်ဖို့အတွက် ကြင်ဖက် တွေ့ဆုံခိုင်းခဲ့တာလေ မဟုတ်ဘူးလား၊ ဒါက ဘယ်လိုဖြစ်ပြီး ငါက လင်းရန်အတွက် အလုပ်နေရာတစ်ခု စီစဉ်ပေးဖို့လုပ်နေတယ်ဆိုပြီး ပြောင်းလဲသွားရတာလဲ

 

**