အခန်း(၃၀)
Viewers 5k

အခန်း (၃၀) 


မြို့ကနေ ပြန်ရောက်ပြီးနောက်ရက်များတွင် ရှောင်ယွမ်နှင့် လုဖုန်းတို့သည် သူတို့၏ ခန်းကုတင်စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အလုပ်များနေကြသည်။ 


ရှောင်ယွမ်သည် မြို့ကနေ ဝယ်လာခဲ့သော စာရွက်ပေါ်တွင် ခန်းကုတင်၏ ပုံစံ၊ အရွယ်အစား၊ မီးခိုးခေါင်းတိုင် လမ်းကြောင်းများ၏ အသေးစိတ်ပုံစံကို စိတ်တိုင်းကျ ပုံကြမ်းဆွဲနေခဲ့သည်။ သူ၏ခေါင်းထဲတွင် ပုံဖော်ထားသော ခန်းကုတင်ပုံစံကို တိတိကျကျ ချရေးရန် သူ အချိန်အတော်ယူခဲ့ရသည်။ ညဘက်များတွင်ဆို လုဖုန်းနှင့်အတူ စာရွက်ပေါ်က ပုံကြမ်းများကို ထပ်မံဆွေးနွေးကြသည်။


"ဒီနေရာက မီးဖိုပဲ...ဒီကနေ မီးခိုးတွေဝင်မယ် 

ပြီးတော့ ဒီလမ်းကြောင်းတွေအတိုင်း ပတ်ပြီးတော့ ဟိုဘက်အဆုံးကနေ အပြင်ကို ထွက်သွားမှာ" 


ရှောင်ယွမ်က လက်ညှိုးထိုးပြရင်း ရှင်းပြသည်။ 


"ဒီလိုဆို တစ်ခန်းလုံး နွေးနေမှာပေါ့။"


လုဖုန်းက စိတ်ဝင်တစား နားထောင်ရင်း မေးခွန်းထုတ်သည်။ 


 "အင်း... စိတ်ကူးကောင်းသားပဲ

ဒါပေမယ့် ဒီနံရံရဲ့ အထူက 

ဘယ်လောက်လောက်ဆို အဆင်ပြေမလဲ" 


"အုတ်တစ်ချပ်စာလောက်ဆိုရင်​တော့ 

တော်တော်လေး ခံနိုင်ရည်ရှိမှာပဲ" 


သူတို့နှစ်ဦးသည် ခန်းကုတင်၏ အပူထိန်းသိမ်းမှု၊ လေစီးဆင်းမှု၊ တည်ဆောက်ရေးဆိုင်ရာ အသေးစိတ်များကို နာရီပေါင်းများစွာကြာအောင် ဆွေးနွေးညှိနှိုင်းကြသည်။ 


တစ်ခါတစ်ရံ ငြင်းခုန်ကြသော်လည်း နောက်ဆုံးတွင် အကောင်းဆုံးဖြစ်မည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် အနာဂတ်အတွက် စုပေါင်းစိတ်ကူးကာ အလုပ်လုပ်နေရခြင်းသည် နှစ်ဦးကြား ရင်းနှီးမှုကိုတိုး​စေကာ ဆက်ဆံ​ရေးခိုင်မာစေခဲ့သည်။


နောက်တစ်နေ့ မနက်တွင်မူ ရှောင်ယွမ်နှင့် လုဖုန်းတို့သည် အသေးစိတ်ဆွဲပြီးစီးနေပြီဖြစ်သော ခန်းကုတင်ပုံကြမ်းစာရွက်ကြီးကို ယူပြီး လက်သမားဆရာ ဦးကျင်းထံသို့ သွားခဲ့ကြသည်။ ဦးကျင်းက သူတို့ကို မြင်သည်နှင့် ဖော်ဖော်ရွေရွေ ကြိုဆိုပြီး ပြုံးစစဖြင့် မေးသည်။


"ကဲ၊ ကောင်လေးတို့ ဘာတွေများ 

တီထွင်လာပြန်ပြီလဲ"


ရှောင်ယွမ်က စာရွက်ကြီးကို ဖြန့်ချပြရင်း ယုံကြည်မှုအပြည့်နဲ့ ရှင်းပြသည်။


"ဦးလေးကျင်း 

ဒါက ကျွန်တော်ပြောတဲ့ ခန်းကုတင်ပုံစံပါပဲ

ဒီပုံစံအတိုင်းသာ ဆောက်မယ်ဆိုရင် 

ဆောင်းတွင်းအတွက် အကောင်းဆုံးပဲ"  


ဦး​လေးကျင်းက မျက်မှောင်ကြုတ်ပြီး စာရွက်ပေါ်က ပုံကြမ်းများကို သေချာကြည့်သည်။ သူသည် လက်သမားဆရာတစ်ဦးဖြစ်သော်လည်း အုတ်နှင့် မြေဖြင့် ဆောက်လုပ်ရသော ဤသို့သောပုံစံကို တစ်ခါမျှ မမြင်ဖူး၊ မဆောက်ဖူးသေးပေ။


"ဒီလမ်းကြောင်းတွေက မီးခိုးခေါင်းတိုင်လိုပဲလား အပူက ဘယ်လိုပျံ့နှံ့မှာလဲ 

ပြီးတော့ မီးခိုးတွေက ဘယ်ကနေထွက်မှာလဲ"


ဦးကျင်က နားမလည်သည်များကို တစ်ခုပြီးတစ်ခု မေးသည်။ ရှောင်ယွမ်ကမူ စိတ်ရှည်လက်ရှည်ဖြင့် အသေးစိတ် ရှင်းပြလေသည်။ 


"ဒီနံရံအောက်ခြေကနေ မီးခိုးတွေ ဝင်လာပြီးတော့ 

ဒီလမ်းကြောင်းအတိုင်း ပတ်သွားမှာပါ 

လမ်းကြောင်းတွေက ကျယ်လောင်မှုမရှိအောင် 

ပုံစံထုတ်ထားတာမို့ အပူက တစ်ခုလုံးကို 

ညီညီညာညာ ပျံ့နှံ့မှာပါ 

ပြီးတော့ ဒီအပြင်ဘက်နံရံဘက်ကနေ 

မီးခိုးခေါင်းတိုင် အတုလေးတစ်ခု လုပ်ပြီး 

အပြင်ကို ထုတ်ပစ်မယ်ဆိုရင် အိမ်ထဲမှာ မီးခိုးအနံ့လည်း မနံ့တော့ဘူးပေါ့"


ဦး​လေးကျင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ရင်း သူကိုယ်တိုင်လည်း လက်တွေ့မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်နေသည်။ 


"အင်း... စိတ်ဝင်စားဖို့ ကောင်းသားပဲ

ဒါပေမယ့် ဒါမျိုးကို ဆောက်ဖို့က ပုံမှန်အိမ်ဆောက်တာထက် ပိုခက်လိမ့်မယ် 

အုတ်တွေ၊ မြေတွေ အများကြီးလိုမှာပဲ"


"မပူပါနဲ့ ဦးလေးကျင်း 

အုတ်တွေ မြေတွေက 

ရွာဘေးနားက မြေနီကုန်းတွေကနေ တူးလို့ရပါတယ်ရွာကလူတွေလည်း ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး နေရဖို့အတွက်ဆို ဒီခန်ကုတင်တွေကို လိုချင်ကြမှာ သေချာပါတယ် 

ဒါဆို ကျွန်တော်တို့ အများကြီးရောင်းနိုင်မှာပေါ့" 


လုဖုန်းက ဝင်ပြော​လေသည်။ 


ဦးကျင်းက စဉ်းစားလိုက်သည်။ ဤလူငယ်တို့၏ စိတ်ကူးများသည် ရဲရင့်သလို၊ လုပ်ငန်းအမြင်လည်း ရှိလှသည်။ ၎င်းတို့အား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ အလွန်ဆုံး သူ့တွင် ဆုံးရှုံးစရာ လုပ်အားသာရှိသည်။


"ကောင်းပြီ ကောင်လေးတို့

ငါ မင်းတို့ စိတ်ကူးကို 

လက်တွေ့ဖြစ်လာအောင် ကူညီပေးမယ်

ပထမဦးစွာအနေနဲ့ ငါတို့ ခန်းကုတင်နမူနာတစ်ခု စမ်းဆောက်ကြည့်ရအောင် 

မင်းတို့အိမ်ကပဲ စဆောက်လုပ်ကြမယ်" 


ဦး​လေးကျင်းက ဆုံးဖြတ်လိုက်သည်။ ရှောင်ယွမ်နှင့် လုဖုန်းတို့ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့၏ ခန်းကုတင် အိပ်မက်သည် တကယ်ပင် အကောင်အထည် ပေါ်လာတော့မည် ဖြစ်သည်။


ဤအတောအတွင်းတွင် သူတို့၏ ခြံနောက်ဖေးက လျှို့ဝှက်စိုက်ခင်းလေးသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် အောင်မြင်နေခဲ့သည်။ 


နေရာလွတ်ထဲက စမ်းရေဖြင့် ပုံမှန်လောင်းပေးနေခြင်းကြောင့် အပင်လေးများသည် တစ်​နေ့က စိုက်ထားသည်ကဲ့သို့ မဟုတ်တော့ဘဲ အရွက်များ ဝေဆာလျက်၊ အသီးများလည်း သီးစပြုနေခဲ့​လေပြီ။ 


ခရမ်းချဉ်သီးများသည် နီရဲပြီး အလုံးလိုက်ကြီးနေပြီ။ သခွားသီးများသည်လည်း အဖူးအပွင့်များ ဝေဆာနေသည်။ ပဲတောင့်ရှည်များလည်း သီးလာခဲ့ပြီ။ ဤနှုန်းအတိုင်းသာဆိုလျှင် မကြာခင် စျေးတင်ရောင်းချနိုင်တော့မည် ဖြစ်သည်။ ဤစိုက်ခင်းလေးသည် သူတို့မိသားစု၏ လျှို့ဝှက်ချက်ဖြစ်ပြီး၊ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ဖြင့် အသီးအနှံများ ပြည့်နှက်နေသည်။


ညနေစောင်း အလုပ်များ နားပြီးသည့်အခါ လုဖုန်းက ခြံထဲကနေ အိမ်ထဲသို့ ဝင်လာသော ရှောင်ယွမ်နားသို့ ကပ်ကာ ခါးကို သိုင်းဖက်လိုက်ပြီး နဖူးအားနမ်ူလိုက်သည်။ ထို့​နောက်နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။


"​အရမ်း​တော်တဲ့ ဒီဇနီး​သေး​သေး​လေးကို 

အနမ်းနဲ့ ချီးမြှင့်ချင်လို့ပါဗျာ"


ရှောင်ယွမ်၏ ပါးပြင်များ နီရဲလာပြီး ရှက်ရွံ့စွာဖြင့် လုဖုန်း၏ လက်ကို ဖွဖွလေး ရိုက်လိုက်သည်။


 "ခင် ခင်ဗျား 

ဘယ်လို​တွေ လက်ရဲဇက်ရဲနဲ့

ဘာတွေပြောနေတာလဲ" 


"ကိုယ်တို့က လက်ထက်ထားတာ​လေကွာ 

ဒီထပ် လက်ရဲဇက်ရဲလို့​ရ​သေးတယ်​နော် 

ဟင်း ဟင်း" 


"အားး လုဖုန်း 

ခင်ဗျား ဖယ် ဖယ်"


လုဖုန်းက ပို၍ဖက်လိုက်ရင်း ထပ်စလိုက်တော့ 

ရှောင်ယွမ်က ရင်ဘတ်ကို တွန်းဖယ်ပြီး ပြေးထွက်သွားသည်။ 


"မင်း ရှက်နေတာ​လေးကိုက 

အရမ်းချစ်ဖို့ကောင်းတာ"  


ဒီရက်ပိုင်းတွင် သူတို့နှစ်ဦးကြားက ဤသို့ မထိတထိ စနောက်မှုလေးများ ရှိ​နေခဲ့သည်။ ကံ​ကောင်းသည်မှာ မူလကိုယ်က ၁၇နှစ်သာရှိ​သေးပြီး အသက်မပြည့်​သေး​ချေ။ ၎င်းက ​ရှောင်ယွမ်အား အလွန်စိတ်သက်သာရာရ​​စေသည်။


အမ​လေး​လေး

ငါ့လူပျို​ရည်​လေးကို ကာကွယ်ရမယ် 

ငါ​ရှောင်ယွမ်က ဘယ်​တော့မှ ​

အောက်ထပ်မဆင်းနိုင်ဘူးကွ


ဤရက်ပိုင်းအတွင်းတွင် လင်းဟန်တစ်ယောက် ရွာထဲက ကလေးများကြားတွင် တော်တော်လေး အဆင်ပြေနေသည်ကို တွေ့ရသည်။ 


မြို့ကနေ ပြန်ရောက်ပြီးနောက်ပိုင်း ချန်းမိသားစု၏ ဆိုင်ရှင်သားလေးနှင့် သူငယ်ချင်းဖြစ်သွားပြီး သူတို့အချင်းချင်း အဆင်ပြေပြေ ကစားတတ်လာသည်သာမက လင်းဟန်သည် အရင်ကထက် ပို၍ ပွင့်လင်းလာခဲ့သည်။ ရွာထဲက ကလေးများနှင့်လည်း အရင်ကထက် ပိုမိုရောနှောကာ ပျော်ပျော်ရွှင်ရွှင် နေတတ်လာသည်။


တစ်နေ့ ရွာအပြင်ဘက် မြစ်ကမ်းနားတွင် ကလေးများ ကစားနေကြသည်။ နေရောင်ခြည်က နွေးထွေးစွာ လင်းထိန်နေပြီး လေပြေက တဖြူးဖြူး တိုက်ခတ်နေသည်။ ကလေးများ၏ ရယ်သံများသည် မြစ်ရေစီးသံနှင့်အတူ ဆူညံနေသည်။ 


ထိုစဉ် လင်းဟန်တစ်ယောက် အားလုံးကို စုစည်းလိုက်ပြီး အော်​ပြောလိုက်သည်။


"ဟေ့ကောင်တွေ

ငါတို့ အခု ငါးဖမ်းတမ်း ကစားရအောင်!

ငါ မြို့က ကောင်လေးဆီက 

ငါးဖမ်းနည်းတွေ သိလာတယ်"


ကလေးများကလည်း လင်းဟန်၏ စကားကို စိတ်ဝင်တစား နားထောင်ပြီး သူပြောသည့်အတိုင်း လိုက်လုပ်ကြသည်။ မြို့က ကလေးတစ်ဦးနှင့် ခင်မင်ပြီးနောက်ပိုင်း လင်းဟန်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုများ ပိုမိုတိုးလာပုံရသည်။ 


သူသည် ရွာထဲက ကလေးများ၏ ခေါင်းဆောင်တစ်ဦးကဲ့သို့ ဖြစ်လာပြီး ကစားနည်းအသစ်များ၊ စွန့်စားခန်းအသစ်များကို အမြဲတမ်း ဦးဆောင်နေတတ်သည်။ တစ်ခါတစ်ရံ မြို့မှ ကြားသိခဲ့ရသော ပုံပြင်များကို ပြောပြတတ်ပြီး ကလေးများကို စိတ်ကူးယဉ် ကမ္ဘာထဲ ဆွဲခေါ်သွားတတ်သည်။


"ငါးဖမ်းတယ်ဆိုတာ ဘာမှ မခက်ဘူး

အဓိကက စိတ်ရှည်ဖို့ပဲ 

ငါးတွေက အစာလာစားပြီဆိုတာနဲ့ 

ငါးမျှားတံကို ဆွဲတင်လိုက်ရုံပဲ"


လင်းဟန်က ပညာရှင်ကြီးတစ်ယောက်လို ရှင်းပြသည်။


ကလေးများကလည်း ဝါးလုံးလေးများ၊ ကြိုးလေးများနှင့် ချည်ထားသည့် ငါးမျှားတံအတုလေးများကို ကိုယ်စီကိုင်လျက် မြစ်ကမ်းဘေးတွင် တန်းစီ ထိုင်နေကြသည်။ ငါးစာအဖြစ် သူတို့ မနက်စာ စားပြီး ကျန်ခဲ့သော ထမင်းလုံးလေးများကို အသုံးပြုကြသည်။


မကြာခင်မှာပင် လင်းဟန်၏ သူငယ်ချင်းတစ်​ယောက်က သူ၏ငါးမျှားတံကို ရုတ်တရက် ဆွဲတင်လိုက်သည်။ 


"ဟေး! ရပြီ ထင်တယ်!"


သို့သော် ရေထဲကနေ တက်လာသည်မှာ ငါးမဟုတ်ဘဲ ဖားတစ်ကောင်ဖြစ်​နေသည်။ ဖားက သူ၏ငါးစာကို ကိုက်ပြီး အငြိမ်မနေဘဲ ရုန်းကန်နေသဖြင့်လန့်သွားပြီး ငါးမျှားတံကို လွှတ်ချလိုက်သည်။ ဖားက ရေထဲကို ပြန်ခုန်ဆင်းသွားပြီး ကလေးများမှာ ရယ်မောသံများဖြင့် ဆူညံသွားသည်။


"ဟားဟားဟား! ငါးဖမ်းပါဆို ဖားဖမ်းမိတာလားကွ"

တစ်ယောက်က လှောင်သည်။


"ငါးဖမ်းတာဆို ငါးပဲ မိရမှာပေါ့!"

နောက်တစ်ယောက်က ထပ်ဖြည့်သည်။

​ကောင်​​​လေးက မျက်နှာနီရဲသွားပြီး ပြန်ခံ​ပြော​လေသည်။


"သူ့ဘာသာ ငါးစာကိုမှားပြီး လာကိုက်တာလေ!

​ရေထဲက ငါးလား ဖားလား ဘယ်သိမလဲကွ" 


ထို့နောက် မကြာမီတွင် ကလေးတစ်ယောက်ကလည်း သူ၏ငါးမျှားတံကို ဆွဲတင်လိုက်သည်။ 


"ငါလည်း ရပြီ!"


ယခုတစ်ခါ တကယ်ကို ငါးမျှားတံရဲ့ အဖျားမှာ တစ်ခုခု ချိတ်နေသည်။ ငါးမဟုတ်ဘဲ ရေညှိတွေနဲ့ ရောနေတဲ့ ဖိနပ်အဟောင်းတစ်ရံ ဖြစ်နေခဲ့သည်။


"ဟားဟားဟား! ငါးအစား ဖိနပ်မိတယ်!"


လင်းဟန်က အော်ရယ်သည်။


"ဒါကတော့ ငါးစားပြီးသား ဖိနပ်ပေါ့

အိမ်မှာကင်စားဖို့ ယူသွား" 


နောက်က ကလေးတစ်ယောက်က နောက်လိုက်ပြန်သည်။


"မင်းပဲစား မင်းတို့ တစ်မိသားစုလုံးစား

ငါက မစားဘူး"

​ကောင်​​လေးက ပွစိပွစိ ပြောရင်း 

ဖိနပ်ကို မြစ်ထဲ ပြန်ပစ်ချလိုက်သည်။


လင်းဟန်သည် သူတို့ သူငယ်ချင်းများကို ကြည့်ရင်း ရယ်မောနေခဲ့သည်။ 


ရှောင်ယွမ်နှင့် လုဖုန်းတို့ကလည်း လင်းဟန်၏ ပြောင်းလဲတိုးတက်လာမှုကို ကြည့်ပြီး စိတ်ချမ်းသာနေခဲ့ကြသည်။