Chapter 19
Viewers 2k




“ မင်းကို ဆက်တိုက်နမ်းချင်တာ။ အဆင်ပြေရဲ့လား”



____ “ယုံယုံ…..ငါ တကယ်ပဲ မင်းကို အိမ် ပြန်မပို့ချင်ဘူး။ ဘာလို့မှန်း မသိပေမဲ့ မင်းနဲ့အတူရှိနေရရင် အချိန်တွေက အကုန်မြန်နေသလိုပဲ။ ပိတ်ရက်က ဘာလို့ ဒီလောက်တိုရပါလိမ့်ကွာ။ နောက်တစ်ခေါက် ခရီးကျရင်ရော ငါနဲ့ အတူလိုက်ဦးမလားဟင်”



ထိုအသံကိုကြားတော့ ဟော့ယုံချင်းက နှုတ်ခမ်းလွှာကို ဖွင့်ဟလျက် ပြောလာ၏။



“အင်း”



သူဟာ အလွန်အမူးလွန်နေတာကြောင့် သူ့ကိုဖက်ထားသောလူ၏ ခန္ဓာကိုယ်က ရုတ်ချည်းတောင့်တင်းသွားတာကို သတိမထားမိလိုက်ချေ။ထို့နောက်မှာတော့ အရာအားလုံးက ခွဲခြားဖို့တောင်ခက်သွားသည်။ သူ့လျှာပေါ်က အယ်ကိုဟောလ်အရသာသည် အားပြင်းပြင်းဖြင့်စုပ်ယူခံလိုက်ရကာ အသက်ကောင်းကောင်းရှုမရတော့တာကြောင့် လက်သီးဆုပ်ရငိး တစ်ဖက်လူရင်ဘတ်ကိုထုကာ ရုန်းလိုက်သည်။



သူ ရုန်းမရသလို ခြေထောက်ပင် ကြမ်းပြင်နှင့် မထိပေ။



ကြည့်ရတာ သူ့ကို ပြတင်းပေါက်ဘေးက ခုံပေါ်ချီသွားပုံရသည်။ စောနက သူ့အား အရက်မသောက်တော့ဖို့ တားနေသောလူက ခုတော့ဖြင့် တစ်ငုံပြီးတစ်ငုံ တိုက်ကျွေးလာသည်။ ဟော့ယုံချင်းမှာ လုံးဝကို မူးယစ်သွားရရင်း လက်တစ်ချောင်းတောင် မလှုပ်နိုင်တော့ပေ။



သူ့ကိုချီထားသောလူက ပုလင်းကိုဘေးချ၍ အောက်ကနေ အပေါ်သို့ နမ်းရှိုက်လာလေသည်။



ပင်လယ်ပြင်ထက်မှာ ချိတ်ဆွဲထားသော လမင်းဝိုင်းစက်စက်ဟာ ရေပြင်ထက်မှာ ရောင်ပြန်ဟပ်နေသည်မှာ လက်ဖြင့် အချိန်မရွေး ဖမ်းဆုပ်နိုင်လောက်အောင် နီးကပ်လွန်းနေသည့်အလားပင်။



***


သူ ၁၈နှစ်အရွယ်သို့ ပြန်ရောက်လာပြန်သည်။



ဟော့ယုံချင်း အသားကျနေပြီဖြစ်သည်။ သူအိပ်ရာထဲကထကာ ဆေးကြောသန့်စင်လိုက်ပေမဲ့ သူသန့်စင်ခန်းထဲက ထွက်လာလာချင်းမှာ ကုန်းလန်က သူ့စာကြည့်ခုံကို မှီရပ်နေတာအား မြင်လိုက်ရသည်။ သူ့အမူအရာက ခဏမျှ တောင့်ခဲသွား၏။



ကုန်းလန်က သူ့အမူအရာပုံမှန်မဟုတ်တာကို သတိမထားမိပုံဖြင့် ပုံမှန်ပြောနေကျလို ပြောလာသည်။ 



"နောက်ကျနေပြီနော်။ မြန်မြန်လေး မနက်စာလာစားလှည့်”



 အခန်းဖော်တစ်ယောက်က ဒါကိုကြားတော့ အရွှန်းဖောက်လာ၏။



“အားကျလိုက်တာဟေ့။​​ငါ့ကိုလည်း အိပ်ရာနိုးနိုးချင်း မနက်စာလာကျွေးမဲ့လူရှိစေချင်လိုက်တာ”



 ကုန်းလန်က သူ့အခန်းဖော်ကို မရယ်မပြုံးဖြင့် စိုက်ကြည့်လိုက်တော့ အခန်းဖော်က ချက်ချင်း တိတ်ဆိတ်သွားသည်။  သို့ငြား စာအုပ်တွေ ထည့်နေသည့် ချုံဝမ့်ဖေးက စကားဝင်ပြောလာ၏။



 "အားကျစရာ ဘာရှိလဲ။နေ့တိုင်း  ကိုယ်စားချင်တာတောင် ဆုံးဖြတ်ခွင့်မရှိတဲ့ ကိစ္စကို"



 ကုန်းလန်၏မျက်လုံးများက ချုံဝမ့်ဖေး ရှိရာဆီသို့ပြောင်းသွားသော်လည်း ဟော့ယုံချင်းက သူ့အနားသို့ လာနေပြီဖြစ်သောကြောင့် ချုံဝမ့်ဖေးအား သူ ဂရုမစိုက်တော့။ သူက ဟော့ယုံချင်းကိုသာ အာရုံစိုက်ပြီး ဒီနေ့ သူဘယ်လိုမနက်စာ ဝယ်လာကြောင်းနှင့် ၊ ဘယ်ကနေဝယ်လာကြောင်းအား တိုးတိုးလေး ပြောပြလိုက်သည်။



အိပ်ဆောင်က တခြားသူတွေ ထွက်သွားပြီးနောက် ဟော့ယုံချင်းက  တိုးတိတ်စွာ ပြောလိုက်၏။



"မနက်ဖြန် ငါ့ကို မနက်စာ လာမပို့နဲ့တော့။ ငါ့ဘာသာ ကန်တင်းကို သွားလိုက်မယ်။မင်းမှာ အတန်းလည်း တက်ရဦးမယ်။ကုမ္ပဏီကိစ္စတွေလည်း ရှိတယ်မလား။  အလုပ်ရှုပ်နေမှာပေါ့။"



 "ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မင်းကို ဂရုစိုက်ဖို့တော့ အမြဲတမ်း အချိန်ရှိပါတယ်ကွာ”



  ကုန်းလန်ကပြောရင်း အခန်းဖော်၏ ကုလားထိုင်ကို ယူကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။  သူက ဟော့ယုံချင်း မနက်စာ စားနေတာကိုကြည့်ကာ ရံဖန်ရံခါ ဖောင်းလာသည့် ဟော့ယုံချင်း ၏ပါးပြင်တွေကို စိုက်ကြည့်နေသည်။အချိန်အတော်ကြာအောင် သူထိန်းချုပ်ထားသော်လည်း တဖြည်းဖြည်း မနေနိုင်တော့ချေ။



 သူသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်သည်းခံနိုင်မှုများသည်ဟု အမြဲထင်ခဲ့သော်လည်း လတ်တလော ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက သူ့ကို အေးအေးဆေးဆေး ထိုင်မနေနိုင်အောင် ဖြစ်လာရသည်။  အကယ်၍ ပုံမှန်လိုသာဆိုလျှင်တော့ ဟော့ယုံချင်းအား သူငယ်ချင်းမှ ချစ်သူအဖြစ်သို့ ပြောင်းလဲသွားမည့် ဆက်ဆံရေးနှင့်ပတ်သက်ပြီး တဖြည်းဖြည်းညှိယူနိုင်ဖို့ အချိန်ပေးမိမည်ပင်။ 



 သို့ငြား အခု မဖြစ်နိုင်တော့။



ဟော့ယုံချင်း၏ ခုခံလာမှုတွေကို သူသတိထားမိလာသည်။ ခုချိန်မှာ ဟော့ယုံချင်း ကို ဂရုစိုက်တင်းကြပ်လွန်းတာကိုလျှော့ပြီး သူ့ကိုယ်သူ ထိန်းချုပ်ထားတာက လက်ရှိအနေအထားကို အကောင်းဆုံးထိန်းသိမ်းထားခြင်း ဖြစ်သော်ငြား သူက ဟော့ယုံချင်းကို အလွန်အမင်း ဂရုစိုက်လွန်းနေပြီး ဟော့ယုံချင်း သူ့ကို ထားသွားမည့်အတွေးကို သည်းမခံနိုင်ပေ။



 ထို့ကြောင့်ပင် သူ့နည်းလမ်းတွေက အစွန်းရောက်လာတော့သည်။



ဟော့ယုံချင်းက သူ့ပါးပြင်သူ ဆတ်ခနဲအုပ်ကာ ကုန်းလန်ကို မကြည့်ဘဲ အကြည့်ရှောင်သည့်အလား မျက်တောင်ပုတ်ခတ်ပုတ်ခပ်လုပ်ကာ ပြောလိုက်သည်။ 



“ဝပြီ”



 သူထရပ်ပြီး မြန်မြန်ထွက်သွားဖို့ ဟန်ပြင်လိုက်ပေမဲ့ ကုန်းလန်က သူ့နောက်ကို လိုက်လာကာ သူ့ကျောပေါ်တင်မည့် အိတ်ကို ဆွဲယူလိုက်လျက်



 "မင်းကို လိုက်ပို့ပေးမယ်"



 ဟော့ယုံချင်း ရုတ်တရက် ရပ်လိုက်ပြီး ကုန်းလန် ကိုကြည့်သော်လည်း ကုန်းလန် သည် ဘာမှမဖြစ်သကဲ့သို့ မျက်ခုံးပင့်ကာ 



"ဘာဖြစ်လို့လဲ?"  



ချောမောသော သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက မပျက်မယွင်းပင်။ 



"မင်းအခုမသွားရင် မင်းနောက်ကျလိမ့်မယ်နော်"



•••••••••



 ဒီနေ့က အတန်းချိန်အပြည့်ရှိသောနေ့ပင် ဖြစ်၏။



ဟော့ယုံချင်းသည် စာသင်ခန်းထဲတွင် ထိုင်နေသော်လည်း သင်ခန်းစာကို နားထောင်လိုစိတ် မရှိပေ။  အတန်းချိန် ပြီးခါနီးလေ စာသင်ခန်းအပြင်ဘက်ကို မကြည့်ရမနေနိုင်ဖြစ်လာကာ ကုန်းလန်ရောက်လာမှာကို ကြောက်ရွံ့လို့လာသည်။



ကုန်းလန်၏ လက်တလေ အပြုအမူများဟာ သူ့ကို စိတ်မသက်မသာဖြစ်စေ၏။ သူသည် ဘောပင်ဖြင့် ရောက်တတ်ရာရာခြစ်နေရင်းမှ သူဘာလုပ်နေလဲ သတိထားမိသွားချိန်မှာမူ စာမျက်နှာတစ်ခုလုံးက မှင်ခြစ်ရာဗလပွဖြင့် ပေပွနေလေတော့သည်။



နေ့လည်ခင်းရောက်တော့ ကုန်းလန်ဟာ စာသင်ခန်းအပြင်ဘက်မှာ အချိန်ကိုက်ရောက်လာပြန်လေသည်။



 ဟော့ယုံချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် အမြန်အကြည့်လွှဲပစ်လိုက်သည်။  သူ အခန်းထဲက ထွက်လာချိန်၌ အမူအရာက အလွန်အေးစက်နေသော်လည်း ကုန်းလန်ကမူ မမြင်ချင်ယောင်ဆောင်လို့နေသည်။  သူက ဟော့ယုံချင်း၏လက်ကောက်ဝတ်ကို အတင်းဆွဲပြီး နေ့လည်စာစားဖို့ ခေါ်သွားတော့၏။



 သင်ကြားရေးအဆောက်အအုံတွင် လူများဖြင့် ပြည့်ကျပ်နေရာ ရုတ်ရုတ်သဲသဲလုပ်မိသွားပါက လူတွေ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်မိသွားမည်ပင်ဖြစ်သည်။  ဟော့ယုံချင်းမှာ အတင်းပြောစရာ အဖြစ် မခံချင်တာကြောင့် အနည်းငယ်မျှ ရုန်းကန်ကြည့်ပြီးနောက် လက်လျော့လိုက်တော့သည်။



°°°°°°°°


နေ့ခင်း စာသင်ချိန် စတင်ချိန်မှာတော့ ဟော့ယုံချင်းသည် သန့်စင်ခန်းသွားမလို့ဟူသော ဆင်ခြေကိုသုံးကာ စာသင်ခန်းမှ စောစော ထွက်လာခဲ့လိုက်သည်။  သူဝေးဝေးသွားတာ မဟုတ်ချေ။ ကျောင်းထဲကနေ ထွက်ကာ တစ်ယောက်တည်း ညစာစားပြီး အေးအေးဆေးဆေး လမ်းလျှောက်ချင်ရုံသာပင်။



သို့ငြား အပြန်လမ်း၌ လေကောင်းလေသန့်ရှုဖို့ လုပ်ရုံရှိသေး ကုန်းလန်နှင့် တိုးတော့သည်။

 


 ကျောင်းဂိတ်တံခါးကနေ ဟော့ယုံချင်းတို့ အိပ်ဆောင်သို့သွားရမည့်လမ်းက တစ်ခုသာရှိပြီး ထိုလမ်းပေါ်တွင် လမ်းမီးရောင် အနည်းငယ်သာရှိ၏။  ကျောင်းသားတော်တော်များများက လမ်းက အလွန်မှောင်ကြောင်း ကွန်းပလိန်းတက်ကြသော်လည်း ကျောင်းက မဖြေရှင်းပေးပါချေ။



 မတ်တပ်ရပ်နေသော ကုန်းလန်၏ ကိုယ်တစ်ဝက်လောက်က အမှောင်ထဲရောက်နေကာ မျက်နှာတစ်ခြမ်းသာ လင်းနေရာ အနည်းငယ် ကြောက်စရာတော့ကောင်းနေသည်။



ဟော့ယုံချင်း၏ နှလုံးက ဒိန်းခနဲဖြစ်သွားကာ နေရာကနေ လှည့်ပြေးဖို့လုပ်လိုက်ပေမဲ့ သူ ပြန်စဥ်းစားလိုက်သည်။ မဝေးလှသောနေရာမှာရပ်နေသော ကုန်းလန်ဟာ နှစ်ပေါင်းများစွာခင်ခဲ့သော သူ့ငယ်သူငယ်ချင်းဖြစ်သည်။ ကြောက်ရမည့်လူ မဟုတ်သလို ပြဿနာကနေ ရှောင်ပြေးစရာလိုသည့် လူလည်း မဟုတ်ပေ။  



 တစ်ခါနှစ်ခါ ရှောင်ဖို့ အဆင်ပြေပေမဲ့ နောက်ဆုံးမှာ ရင်ဆိုင်ရမှာပင် ဖြစ်၏။



 အတွေးနှင့်အတူ ဟော့ယုံချင်းက တလှမ်းချင်း လျှောက်လာခဲ့လိုက်သည်။  သို့သော်လည်း ကုန်းလန်အနား ရောက်သွားသည်နှင့် သူ့ပခုံးကို ဖမ်းဆုပ်ခံလိုက်ရသည်။ သူ့ထက် အနည်းငယ် အရပ်မြင့်သည့် ကုန်းလန် က မေးလာ၏။ 



"မင်းဘယ်သွားနေတာလဲ”



 ဟော့ယုံချင်း မဖြေရသေးခင်မှာပင် ကုန်းလန်က ဆက်ပြောလာသည်။



“ငါ မင်းကို ဘယ်နှစ်ခါတွေ ဖုန်းဆက်ပြီး ဘယ်နှစ်ခါတွေ စာပို့ထားလဲ သိရဲ့လား။ ငါရဲတောင် ခေါ်တော့မလို့ကွ!”

 


 ခဏတာ လွတ်လပ်ဖို့ရာအတွက် ဖုန်းပါဝါပိတ်ထားသော ဟော့ယုံချင်းမှာ  နီးကပ်လာချိန်၌ ကုန်းလန်၏ မျက်လုံးများက ရဲတွတ်နေတာကို တွေ့လိုက်ရသည်။  သူ ခဏလောက် တုံ့ဆိုင်းသွားပြီး ဝန်ခံလိုက်၏။



“ငါ တက္ကစီငှားပြီး မင်ချီကို ညစာသွားစားတာ”



“ဪ ဪ…ညစာသွားစားတယ်ပေါ့လေ”



ကုန်းလန်က ပြောရင်း ဟော့ယုံချင်းအား သစ်ပင်၌ ကျောကပ်သွားအောင်တွန်းကာ ခေါင်းကိုအနည်းငယ်ငုံ့လျက်



“မင်းဘယ်သွားမယ်ဆိုတာကို ဘာလို့ငါ့ကို မပြောရတာလဲ။ ဟမ် ! ယုံယုံ…မင်းငါ့ကို ဘာလို့မပြောရတာလဲ။ ငါက မကောင်းလို့လား! ပြောစမ်းပါ ငါ ကုန်းလန်က မင်းအပေါ် မကောင်းလို့လား!”


 

 ရာသီဥတုက အေးစိမ့်နေရာ ဟော့ယုံချင်း၏မျက်နှာပေါ်သို့ ကုန်းလန်၏ ခပ်နွေးနွေး အသက်ရှုသံက ကျဆင်းလာချိန်မှာတော့ သူ မတတ်သာစွာ ခေါင်းလှည့်ပစ်လိုက်သည်။



 အနှီရိုးရိုးစင်းစင်းလုပ်ရပ်က ကုန်းလန်အတွက်တော့ ဓါးထိုးခံလိုက်ရသလိုပင်။ ဟော့ယုံချင်းက သူ့အား ရှင်းပြဖို့ ကြိုးစားနေတာကိုတော့ ကြားလိုက်ရသည်။  ပုံမှန်ဆို သူကျေနပ်သွားသင့်တာ ဖြစ်သည်။ရှင်းပြသည်ဆိုကတည်းက ဟော့ယုံချင်းဟာ သူ့ကို ဂရုစိုက်သေးကြောင်း သက်သေဖြစ်နေသေးသည်ပင်။



 သို့ငြား ကုန်းလန်အသိစိတ်က အမှောင်ဖုံးသွားပြီဖြစ်သည်။



သူ့ခေါင်းက ကြည်လာချိန်၌မူ

 ဟော့ယုံချင်း ငိုသံကိုကြားလိုက်ရလေသည်။.



ဒေါသထွက်ကာ ကူကယ်ရာမဲ့သောရှိုက်သံဖြစ်ကာ ဟော့ယုံချင်းက သူ့ကို အသနားခံနေပုံရသည်။ သူ တောင့်ခဲသွားရင်း အိမ်မက်က နိုးလာသည့်အလား ဟော့ယုံချင်း ၏လည်ပင်းကို ကြည့်မိသွားသည်။ ချောမွတ်ကာ ဖြူသွယ်သော လည်တိုင်ထက်၌ မသင့်လျော်လှသော အမှတ်အသားတို့ဖြင့် ရဲပတောင်းခတ်နေလေသည်။



 ကုန်းလန် ချက်ချင်း သူ့လက်ကို လွှတ်ပေးလိုက်သည်။ ဟော့ယုံချင်းကမူ ချက်ချင်းပင် လည်ပင်းကို အုပ်ရန် လက်ကို မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို အခြားလက်ဖြင့် သုတ်လိုက်သည်။ သူ့ကိုကြည့်သော ဟော့ယုံချင်း ၏မျက်လုံးများထဲ၌လျစ်လျူရှုမှုများမရှိတော့။ ထိုအစား ကြောက်ရွံ့မှု၊ ဒေါသနှင့် ရွံရှာမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။



 သူ့ကို အမြဲယုံကြည်သော ဖီးနစ်မျက်လုံး တစ်စုံဟာ ယခုတော့ သနားစဖွယ်ဖြစ်လို့နေပြီး ငိုထားမှုကြောင့် နီရဲလို့နေသည်။ ကုန်းလန်သည် နောက်ဆုံးတော့ သူ့အပြုအမူတွေက ဘယ်လောက်တောင် ဆိုးရွားသလဲကို သဘောပေါက်သွားတော့သည်။  သူက ဟော့ယုံချင်း၏လက်ကို ဖမ်းကိုင်လိုက်ပြီး သူ့မျက်နှာသူ ရိုက်လိုက်၏။  ဟော့ယုံချင်း ရုန်းကန်နေတာကို မြင်တော့ ကုန်းလန်က သူ့ကိုယ်သူသာ ထပ်ခါထပ်ခါ ရိုက်တော့သည်။



သူ့ကိုယ်သူ အပြစ်ပေးရာမှာ ညှာတာမှုမရှိချေ။ လေးငါးဆယ်ချက် ရိုက်ပြီးနောက် သူ့မျက်နှာက ယောင်ကိုင်းလာသည်။ သူ့ကိုယ်သူ ရိုက်နေရင်းမှပင် သူကဆက်တိုက်တောင်းပန်နေ၏။



“တောင်းပန်ပါတယ်…ငါ စိတ်လွတ်သွားလို့ပါ…ငါ စိတ်မတိုသင့်ဘူး…ငါမလုပ်တော့ပါဘူးကွာ။ ဒီတစ်ခါလေးပဲ ခွင့်လွှတ်ပေးပါ ဟုတ်ပြီလား”



ကုန်းလန် မသိလိုက်တာကတော့ သူ့ကိုယ်သူ ရိုက်နှက်ပြီးအပြစ်ပေးသော လုပ်ရပ်က ဟော့ယုံချင်းအား ပိုလို့ကြောက်ရွံ့သွားစေကြောင်းကိုပင်။



 ယောင်ကိုင်းကာ သွေးစို့နေသောမျက်နှာနှင့်အတူ ပြင်းထန်သော အနှီအကြည့်။


 

ဟော့ယုံချင်း၏နှုတ်ခမ်းလွှာက တုန်ယီသွားကာ ဘာမှမပြောဘဲ လှည့်ထွက်သွားတော့သည်။



 ကုန်းလန် သူ့နောက်ကို လိုက်ဖို့ပြင်လိုက်ပေမဲ့ ခြေနှစ်လှမ်းလောက် လှမ်းပြီးနောက် အခုလိုဆက်လိုက်နေခြင်းက ဟော့ယုံချင်းအား ပိုကြောက်လန့်သွားစေမည်ဟု သူခံစားလိုက်ရတော့ ရပ်တန့်လိုက်လေသည်။



 ဟော့ယုံချင်းက အိပ်ဆောင်သို့ မပြန်ခဲ့ပေ။  သူ အခု ဘယ်လိုပုံစံလဲဆိုတာ မသိပေမဲ့ အိပ်ဆောင်ကို ပြန်ရောက်ပါက  မေးခွန်းထုတ်ခံရမှာ သေချာသည်။  လည်ပင်းကို တတ်နိုင်သမျှ ဖုံးကွယ်ဖို့ ကြိုးစားရင်း သူက ကျောင်းတံခါးကနေ အမြန်ထွက်လာခဲ့လိုက်သည်။



 လမ်းတစ်ဝက်လောက်၌ ပိန်ပိန်ရှည်ရှည်နှင့် ယောက်ျားတစ်ယောက်ဟု ထင်ရသော အရိပ်နောက်တစ်ခုက သူ့နောက်ကနေ လိုက်လာကြောင်းအား ရုတ်တရက်ကြီး သတိပြုမိသွားတော့သည်။