Chapter 11
Viewers 12k

🎬 Chapter 11

Hot Search ထပ်တက်ခြင်း



[စုန့်ကျားကျား] ဒါရိုက်တာက ငါတို့ကို ဒုတိယအပိုင်းမှာ အချင်းချင်းလက်ဆောင်ပေးစေချင်တာ သိတယ်မလား...


[.] မသိဘူး...


[စုန့်ကျားကျား] လူတိုင်းအတွက် လက်ဆောင်ပြင်ရမှာလေ...နင် ဘာလိုချင်လဲ...


 [.] ……


[စုန့်ကျားကျား] လက်ဆောင်ပေးမယ်ဆိုမှတော့ တစ်ဖက်လူကြိုက်တာတစ်ခုခုကို ပေးရမှာပေါ့...


[.] ဘာပဲဖြစ်ဖြစ်...


[စုန့်ကျားကျား] နင်က တကယ်တုံးတာပဲ...


[.] ??


[စုန့်ကျားကျား] ငါက 'မင်းရော ဘာလိုချင်လဲ' လို့မေးလာဖို့စောင့်နေတာ မသိဘူးလား...


ထို့နောက် စုန့်ကျားကျားက လုဝမ်ရှင်းနှင့် ပြောထားသော chat ၏ စခရင်ရှော့ပုံကို ပို့လာခဲ့သည်။


သူမက တူညီသော အဖွင့်စာကြောင်းကို ပြောထားခဲ့သည်။


[စုန့်ကျားကျား] ဒါရိုက်တာက ငါတို့ကို ဒုတိယအပိုင်းမှာ အချင်းချင်း လက်ဆောင်ပေးစေချင်တာ သိတယ်မလား...


[အီးတီ] ကျွန်တော် မကြားရသေးဘူး...


[စုန့်ကျားကျား] လူတိုင်းအတွက် လက်ဆောင်ပြင်ရမှာတဲ့...နင် ဘာလိုချင်လဲ...


[အီးတီ] အစ်မကျားကျား ပေးသမျှကြိုက်ပါတယ်...


[အီးတီ] အစ်မကျားကျားရော ကြိုက်တာ တစ်ခုခုများရှိလား...


၎င်းကို ဖတ်ပြီးနောက် ကုယန်ရှန်းက အမူအရာမဲ့စွာ စာရိုက်လိုက်သည်။


[.] မင်းဘာလိုချင်လဲ...


[စုန့်ကျားကျား] အရမ်း ဝတ်ကျေတမ်းကျေဆန်တာပဲ...


[.] ……


[စုန့်ကျားကျား] ကောင်းပြီ ငါက နောက်တာပါ...



[စုန့်ကျားကျား] အာ ဒါနဲ့ လုဝမ်ရှင်းက ဘာကြိုက်လဲဆိုတာ သိလား...


ကုယန်ရှန်းက ၎င်းကို ဖတ်ပြီးနောက် ပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ 

ငါက လုဝမ်ရှင်း ကြိုက်တဲ့ဟာကို ဘယ်လိုလုပ် သိမှာလဲ...


ကုယန်ရှန်းက 'မသိဘူး' ဟု စာရိုက်ပြီး ပို့သည်ကို နှိပ်ခါနီးတွင် လုဝမ်ရှင်း၏ ပန်းရောင်ရေသုတ်ပုဝါကို သတိရသွား၍ ခဏတန့်သွားခဲ့သည်။


သူက ရိုက်ထားသောစာကို ပြန်ဖျက်ပြီး စကားလုံးနှစ်လုံးကို တစ်ဖန်ရိုက်ထည့်လိုက်သည်။


[.] ပန်းရောင် ?


စုန့်ကျားကျားက ကုယန်ရှန်း၏မေးခွန်းအမှတ်အသားကို လျစ်လျူရှုပြီး ပျော်ရွှင်နေသော မျက်နှာဖြင့် အခြားသူများကို လိုက်ပြောလိုက်သည်။


[စုန့်ကျားကျား] ရှင်းရှင်းက ပန်းရောင်ကြိုက်တာတဲ့...ဒါဆို ငါတို့အားလုံး ပန်းရောင်‌ ပေးကြရအောင်လေ...


စုန့်ကျားကျားက ဝမ်မင်ကို ပို့ပြီးနောက် ထိုစာကို ကော်ပီကူး၍ လီရှန်းမင်နှင့် ကျိုးဇီထုံတို့ထံ ပို့လိုက်လေသည်။


[စုန့်ကျားကျား] ရှင်းရှင်းက ပန်းရောင်ကြိုက်တာနော်...


လူတိုင်းကို လိုက်ပြောပြီးနောက် စုန့်ကျားကျားက ကောင်းမှုတစ်ခုကို လျှို့ဝှက်စွာ လုပ်လိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ 


သူတို့ နောက်အပိုင်းတွေ့ချိန်တွင် ရှင်းရှင်း အလွန်ပျော်နေပေလိမ့်မည်။ 


ထိုအချိန်တွင် အဆောင်သို့ ပြန်သွားသော လုဝမ်ရှင်းကမူ 'surprise' များစွာရတော့မည်ကို မသိနေချေ။


*****


"အကန့်အသတ်မရှိတဲ့ ပိတ်ရက်" ထုတ်လွှင့်ချိန်ကို အတည်ပြုပြီးနောက် ပရိသတ်များက ၎င်းကို စောစီးစွာစောင့်နေခဲ့ကြသည်။


ရသစုံရှိုးများကြည့်ရခြင်းကို နှစ်သက်သော ပရိသတ်များစွာကလည်း ၎င်းကို မျှော်လင့်စောင့်စားနေသည်မှာ ကြာပြီဖြစ်၏။ ရသစုံရှိုးများက သူတို့အတွက် အလုပ်နှင့် စာလေ့လာခြင်းများပြီးနောက် အနားယူအပန်းဖြေရန် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။ ရှိုးစတင်မထုတ်လွှင့်မီ ပရိုဂရမ်အဖွဲ့က ထိုအပိုင်းအတွက် ဧည့်သည်သုံးယောက်ကို ဦးစွာမိတ်ဆက်ပေးခဲ့သည်။ အိုင်ဒေါများပါလာချိန်တွင် ပရိသတ်များက ကောမန့်များစတင်မန့်ပြီး လေးစားမှုပြုခဲ့ကြသည်။


ထို့နောက် ချစ်ရေးဆိုမှုများနှင့် ချီးမွှမ်းမှုအမျိုးမျိုးတို့က ဖန်သားပြင်ပေါ်ပြည့်နှက်သွားခဲ့သည်။ ကုယန်ရှန်းကို မိတ်ဆက်ပြီးနောက် ချီးမွှမ်းမှုများကြား ပရိသတ်ဟောင်းများထံမှ တည့်တိုးဆန်သော မှတ်ချက်အချို့ရှိလာခဲ့သည်။


[ငါ့ရဲ့ရှန်းကောအလှည့်ပဲ...ကျန်တဲ့ဖန်တွေ ကျေးဇူးပြုပြီး တန်းစီကြပါ...]


[အားးးးး ညီမက တိုက်ခိုက်တဲ့နေရာမှာ တော်ပါတယ် ကောကောရေ...အနီးကပ်ရိုက်ချက်တွေက ငါ့ကို ငိုအောင်လုပ်နေတာပဲ...]


[ရှန်းကောရဲ့ ပွဲဦးထွက်ရသစုံရှိုး...]


[ရှန်းကောရဲ့အေးစက်တည်ငြိမ်တဲ့ ပုံစံကြောင့် အရူးလုပ်မခံကြနဲ့...သူက တကယ်တော့ နွေးထွေးတဲ့သူတစ်ယောက်ပဲ...]


[အဲဒီအကြောင်းပြောရရင် ငါတို့ဖန်တွေက ရှန်းကောကို အသိအမှတ်ပြုပေးသင့်တယ်နော်...ရှန်းကောက ရသစုံရှိုးတွေကို စိတ်မဝင်စားဘူးလို့ထင်ပေမယ့်... ဘယ်တော့မှ ထုတ်မပြောကြနဲ့...]


[ဟုတ်တယ် ဟုတ်တယ်...ကျယ်ကျယ်ထုတ်မပြောကြနဲ့...ရှန်းကောက ကောမန့်တွေကို စစ်ကြည့်နိုင်လောက်တယ်... ဒါက သူ့ရဲ့ပထမဆုံး ရသစုံရှိုးဆိုတော့ ချီးမွမ်းတာတွေအများကြီးရှိရမယ်...]


[ဖန်အသစ်လေးမို့လို့ မေးချင်ပါတယ်... ဘာလို့ထုတ်ပြောလို့မရတာလဲဟင်...]


[ရှန်းကောက အပြင်ပိုင်းအေးစက်ပေမယ့် နွေးထွေးတဲ့သူပဲ...တကယ်ပါ...သူက အရည်အချင်းရှိတဲ့ သရုပ်ဆောင်ဆိုတာသိသာပေမယ့် အနုပညာရှင်တွေက အများအားဖြင့် သူတို့ပုံရိပ်ကိုသူတို့ အရမ်းသတိထားကြတယ်လေ...]


လုဝမ်ရှင်း ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် ဘေးတွင် သရဖူအီမိုဂျီပုံလေးများဖြင့် မှတ်ချက်အချို့ကို တွေ့လိုက်ရသည်။


၎င်းက 'ပုလင်ပုလင်' ဗီဒီယို၏ပရီမီယံအဖွဲ့ဝင်များအတွက် ထူးခြားသောလိုဂိုဖြစ်သည်။ သူတို့မှတ်ချက်များ၏ဖောင့်က သာမန်လုများထက် ပိုကြီးပြီး အရောင်ပိုနက်မှောင်၊တောက်ပကာ ရွေ့လျားသော အရှိန်ကလည်း နှေး၍ မှတ်ချက်များစွာကြားတွင် အထင်ရှားဆုံးဖြစ်နေခဲ့သည်။


အမှန်တွင် သူနှင့် ကုယန်ရှန်းကြား၌ အဆက်အဆံများစွာမရှိခဲ့ချေ။ ရသစုံရှိုးရိုက်ကူးရေးပထမညတွင် သူတို့နှစ်ဦး သီးသန့်စကား မပြောဖြစ်ခဲ့ကြချေ။ နောက်ရက် ရိုက်ကူးရေးတွင်မူ လုဝမ်ရှင်း ပေါ်ပင်မလာခဲ့ချေ။


သို့သော် လုဝမ်ရှင်း ထိုကောမန့်ကို သဘောတူသည်။ ကုယန်ရှန်းက အိုင်ဒေါပုံရိပ်အပေါ် သတိကြီးသော်လည်း သူကိုယ်တိုင်ပင် ၎င်းကို မရိပ်မိနေချေ။


ကုယန်ရှန်း ကရန်ငြင်းခဲ့ချိန်တွင် ကုယန်ရှန်း မကတတ်ဟု လုဝမ်ရှင်း ခန့်မှန်းခဲ့သော်လည်း သူက တကယ်မကနိုင်သော ကျိုးဇီထုံ၊ လီရှန်းမင်တို့နှင့် မတူချေ။


ထိုနှစ်ယောက် တွန့်ဆုတ်နေသည်မှာ သူတို့ မယှဉ်နိုင်ဘဲ ရှုံးလိမ့်မည်ဟု တွေးထားသောကြောင့်ဖြစ်ပြီး ကုယန်ရှန်းကမူ လုံးလုံးမကချင်နေပေ။


အစီအစဉ်က စတင်ထုတ်လွှင့်လာကာ နှင်းထူထပ်သော Gမြို့မြင်ကွင်းကို ပြလာပြီးနောက် မိသားစု နှစ်ထပ်အိမ်လေးသို့ ပြောင်းသွားခဲ့သည်။


ထို့နောက် ဆိုဖာပေါ်တွင် ရေသောက်နေသော စုန့်ကျားကျားကို မြင်လိုက်ရသည်။


[ငါ ဝန်ခံတယ်...အစ်မကျားကျားက တကယ် နတ်သမီးလေးလိုပဲ...]


[ငါက အစ်မကျားကျားရဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ...သူက အရမ်းလှလွန်းတယ်...]


[သူ့ဘေးနားက ကောင်မလေးက သူရွေးထားတဲ့ အသင်းဖော်လား...]


[သူက New4 အဖွဲ့က ဝမ်မင်ပဲ...သီချင်းဆိုတာတော်တယ်...]


[တံခါးပွင့်လာပြီ ငါ့ကောကောများလား...]


မြင်ကွင်းက အိမ်ရှေ့တံခါးသို့ လှည့်သွားခဲ့သည်။ ကင်မရာသမားက လူကို တိုက်ရိုက်မရိုက်သေးဘဲ အစိမ်းရောင်ခရီးဆောင်အိတ်ကို ကင်မရာချိန်ထားခဲ့သည်။


[လီရှန်းမင်လား မသိဘူး...လီရှန်းမင်သာ မဟုတ်ရင် အဲဒီလိုမျက်စိစူးစရာခရီးဆောင်အိတ်မျိုးကို သုံးမှာမဟုတ်ဘူး..]


[ခရီးဆောင်အိတ် : ကောင်မလေး မင်းဘယ်သူ့ကို မျက်စိစူးစရာလို့ လာပြောနေတာလဲ...]


[ကုယန်ရှန်းဆိုရင်ရော ဘယ်လိုလုပ်မလဲ...]


[မဖြစ်နိုင်တာ ငါတို့ရဲ့ရှန်းကောကောက အဲဒီလို မျက်စိစူးစရာ ခရီးဆောင်အိတ်မျိုးကို သုံးမှာမဟုတ်ဘူး...]


ကင်မရာက ထိုလူ၏ခြေတံရှည်များဆီသို့ ရွေ့သွားပြီး မှတ်ချက်များကလည်း ချက်ချင်းလေသံပြောင်းသွားခဲ့ကြသည်။


[အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး...]


[အပေါ်ကတစ်ယောက်ရေ နင်က ငါ့မျက်လုံးတွေကို နှောင့်ယှက်နေတာပဲ...]


[ခြေတံရှည်ရှည်လေး အားးး စခရင်ကို ပြေးလျက်ချင်တယ်...]


[ပလပ် ပလပ်...]


[အားလုံးပဲ မင်္ဂလာပါ ငါက ဒီကောကောရဲ့ ဂျင်းဘောင်းဘီလေးပါ...]


[သူ့ခြေတံတွေ ဖြောင့်တန်းနေတာပဲ...ငါ့ထက်တောင် ပိန်သေးတယ်...ငိုနေပါပြီနော်...]


[ဒါပေမယ့် Gမြို့မှာ အရမ်းအေးနေတာ... ငါတောင် အအေးဒဏ်ကို စခရင်ကနေ ဖြတ်ခံစားလို့ရနေတယ်...]


တံခါးပွင့်လာပြီးနောက် မြင်ကွင်းက စုန့်ကျားကျား မျက်လွှာပင့်လိုက်သော အခိုက်အတန့်သို့ ပြောင်းသွားခဲ့သည်။ စုန့်ကျားကျား၏ဖန်များသာမက တခြားကြည့်ရှုသူများပါ ရင်သပ်ရှုမောဖြစ်သွားခဲ့ကြသည်။


[အားးးးးးးးးး အစ်မကျားကျား မျက်လွှာပင့်လိုက်တာက သေလောက်တယ်...]


[အရမ်းလှတယ် အရမ်းလှတယ်...]


ဖန်သားပြင်ပေါ်တွင် ချီးမွမ်းမှုများဖြင့် ပြည့်နှက်သွားပြီး မြင်ကွင်းကို ဖုံးလုနည်းပါးဖြစ်သွားသည်။ နောက်စက္ကန့်တွင် ကင်မရာက စုန့်ကျားကျား၏အကြည့်မှ လုဝမ်ရှင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ခြေထောက်မှ အပေါ်သို့တဖြည်းဖြည်းတက်သွားခဲ့သည်။ ကုတ်အင်္ကျီနောက်တွင် လည်ပိတ်ဆွယ်တာရှိပြီး ကင်မရာက လုဝမ်ရှင်း၏ မေးစေ့တွင် ရပ်သွားခဲ့သည်။


"ဟယ်လို..." 

စုန့်ကျားကျား၏အသံထွက်လာခဲ့သည်။


"ဟယ်လို အစ်မကျားကျား...ကျွန်တော်က ကုလောင်ရှီးရဲ့အသင်းဖော် လုဝမ်ရှင်းပါ..."


[ဝါး ဘယ်လိုတောင် ချိုလိုက်တဲ့ အသံလေးလဲ...]


[ဒီမောင်လေးရဲ့အသံက အရမ်းကောင်းတာပဲ...]


[အာ ဒါက ငါကြားဖူးသမျှ အောက်ပုဂ္ဂိုလ်တွေရဲ့အသံတွေထဲမှာ အကောင်းဆုံးအသံပဲ...]


[အပေါ်က ကျယ်မေ့ကို ထောက်ခံပါတယ်...]


[တကယ်ဆို အဲဒါက အထက်ပုဂ္ဂိုလ်ရဲ့အသံလို့ ငါ ထင်တယ်...]


[ကုယန်ရှန်းက သဘောတူမှာမဟုတ်ဘူး...]


[ခဏလေး သူက ရှန်းကောရဲ့အသင်းဖော်လား...]


[ဂရုမစိုက်ဘူး...ငါတို့ ရှန်းကောက ဖျော်ဖြေရေးလောကမှာ ထိပ်တန်းအထက်ပုဂ္ဂိုလ်ပဲ...]


[ဗီဒီယိုက ရပ်နေတာလား...ငါစခရင်ရှော့ရိုက်ဖို့တောင် အသင့်ပြင်ထားတာကို မေးစေ့ပဲပြနေရလားဟ...]


[မြန်မြန်ပြပါဟ ဒီမှာပဲ ရပ်မနေနဲ့လေ...ဒီခြေတံရှည်ရှည်နဲ့ အသံကောင်းတဲ့ ကောင်လေးက သေချာပေါက် အရမ်းချောလောက်မှာ...]


ပရိသတ်များက အရူးအမူး မှတ်ချက်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် ကင်မရာက လုဝမ်ရှင်းကို ပြသလာပြီး စခရင်တွင် ကောမန့်များဖြင့် ပြည့်သွားခဲ့သည်။


[သူ့မျက်တောင်တွေက အရမ်းလှတာပဲ... အဲဒီမျက်တောင်တွေက အစစ်လား...]


[ကောင်းလိုက်တဲ့ အသားအရေ...အရမ်းဖြူတာပဲ...ဘယ်လိုတောင် လှလိုက်တဲ့ မျက်လုံးလေးလဲ.. လှလိုက်တဲ့ နှာခေါင်းလေးကွာ....နှုတ်ခမ်းလေးတွေကလည်း လှနေရောပဲ...]


[အပေါ်ကလူကို မူလတန်းကျောင်းပြန်ပြီး တရုတ်စာသင်တန်းပြန်တက်ဖို့ အကြံပေးချင်တယ်...]


[အားးး သူက အရမ်းလှတာပဲ...သူက ပွဲဦးမထွက်ရသေးဘူးမလား...]


[သူက ပွဲဦးထွက်ပြီးပြီ...မသိတဲ့သူတွေ Baidu search ကို သုံးဖို့ အကြံပေးချင်တယ်...]


[ငါ ရှာကြည့်တော့ ဘာပုံမှမတွေ့ဘူးရော်... wikiကိုလည်း စစ်ကြည့်ခဲ့သေးတယ်... စာလုံးနည်းနည်းနဲ့ ဝါးတားနေတဲ့ပုံပဲ တွေ့ခဲ့ရတယ်...]


[ရှန်းကောက အမြင်ကောင်းတာပဲ...]


[ရှန်းကောနဲ့ ရှင်းရှင်းရဲ့ အသင်းနာမည်ကို 'ရုပ်ချောတဲ့သူများ စုပေါင်းခြင်း' လို့ နာမည်ပေးမယ်... ပြန်ငြင်းတာတွေ လက်မခံဘူးနော်...]


ထို့နောက် ကုယန်ရှန်းနှင့် ဝမ်ယွီတို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကာ အချင်းချင်းနှုတ်ဆက်၍ စကားစမည်ပြောခဲ့သည်။ ထို့နောက် ပရိုဂရမ်အဖွဲ့က အိတ်များကို စတင်စစ်ဆေးခဲ့သည်။ ခရီးဆောင်အိတ်များကို စစ်ဆေးတော့မည်ဟု ကြားချိန်တွင် ကင်မရာသမားက အနုပညာရှင်အချို့ကို တမင်အနီးကပ် ဆွဲပြခဲ့သည်။


လီရှန်းမင်က တင်းနစ်ဘောလုံးကိုထုတ်လာချိန်တွင် မှတ်ချက်ဧရိယာတစ်ခုလုံး ဟားဟားဟားဟားများဖြင့် ပြည့်နှက်သွားခဲ့သည်။ ထို့နောက်တွင် လုဝမ်ရှင်း၏ ကြက်ဖလေးကို မြင်လိုက်ရပြီး မှတ်ချက်ဧရိယာတစ်ခုလုံး အခြားအနုပညာရှင်များ၏တုံ့ပြန်မှုအတိုင်း ဖြစ်သွားကြသည်။


[တကယ်ကြီး အဲဒီလိုနှိုးစက်မျိုးရှိတာလား...]


[ငါလည်း ပထမဆုံးသိတာပဲ... နှိုးစက်နာရီက ဝိညာဉ်ဖြစ်သွားတာကျနေရော...]


[စုန့်ကျားကျားရဲ့အမူအရာက အက်ကွဲသွားသလိုပဲ...]


[ကောင်းကောင်း တံခါးပိတ်ထားကြဟေး...အဲဒါမှ လုဝမ်ရှင်းရဲ့ ကြက်ကလေး ခိုးမဝင်လာနိုင်မှာ...]


[ကုယန်ရှန်းရဲ့အမူအရာကို သတိထားမိလိုက်တဲ့သူရှိကြလား...ငါတော့ ရယ်သေတော့မယ်...]


[ကုယန်ရှန်း : အိုး ကလေးဆန်လိုက်တာ...]


ကြက်ကလေး ပြေးထွက်သွားချိန်တွင် ဒါရိုက်တာအဖွဲ့နှင့် ဝန်ထမ်းများ လိုက်ဖမ်းခဲ့သည်ကိုလည်း ထည့်သွင်းရိုက်ကူးခဲ့ရာ မှတ်ချက်ဧရိယာတစ်ခုလုံး "ဟားဟားဟားဟား" များဖြင့် ပြည့်သွားခဲ့သည်။


ကုယန်ရှန်း ပိုစတာမှားယူခဲ့သော အပိုင်းကိုမူ ရှင်သန်လိုစိတ်ပြင်းပြသော ဒါရိုက်တာအဖွဲ့က ဖြတ်ချခဲ့လေသည်။ မဟုတ်လျှင် ၎င်းက ခေါင်းစဉ်ကြီးဖြစ်လာပြီး အတင်းအဖျင်းမီဒီယာကို ဆွဲဆောင်ရန် လွယ်ကူသွားပေလိမ့်မည်။ ဒါရိုက်တာအဖွဲ့က အကောင်းအဆိုးချိန်ဆပြီးနောက် ထိုအပိုင်းကို တည်းဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။


ပရိသတ်များက ကုယန်ရှန်း၏ပထမဆုံး ခရီးဆောင်အိတ် ဖွင့်ပြသည်ကိုသာ မြင်ခဲ့ရပြီး ၎င်းတွင် ထူးထူးခြားခြားဘာမှမရှိနေချေ။ 


ဒါရိုက်တာအဖွဲ့က မစ်ရှင်ကို မကြေညာသေးသဖြင့် အနုပညာရှင်များလည်း စကားစမြည်ပြောနေခဲ့သည်။ ကုယန်ရှန်းက အလယ်တွင် အမူအရာမဲ့သော မျက်နှာဖြင့် ထိုင်နေခဲ့သည်။ မည်သူမှ သူ့ကို အာရုံမစိုက်နေစဉ် သူက စားပွဲပေါ်ရှိ ကြက်ဖလေးကို ဆွဲယူလိုက်သည်။


[ရှန်းကောက ရသစုံရှိုး တစ်ခါမှမသွားဖူးတာ သိသာလိုက်တာ...ကင်မရာတွေ နေရာတိုင်းမှာ ရှိတယ်ဆိုတာ သူ မသိဘူးလား...]


[ရှန်းကောတောင် မလွတ်ဘူးဟေး ဟားဟား...]


[အားလုံးပဲ ဘယ်လောက် ရယ်စရာကောင်းနေပါစေ ကျေးဇူးပြုပြီး ရှန်းကောရဲ့ memeတွေ မလုပ်ကြနဲ့နော်...]


[ငါတော့ မနေနိုင်လို့ ဖန်ဂရုတွေမှာ တိတ်တိတ်လေးရှဲမယ်...ဒါပေမယ့် အွန်လိုင်းပေါ်ကိုတော့ တင်မှာမဟုတ်ဘူး ဘယ်သူမှမမြင်စေရဘူး...]


လုဝမ်ရှင်း ထိုကောမန့်ကို မြင်ချိန်တွင် သိချင်စွာဖြင့် ဘာလို့လဲဟု မေးလိုက်သည်။


[ရှန်းကောက သူ့ရဲ့အိုင်ဒေါပုံရိပ်ကို အရမ်းဂရုစိုက်တာ... အနုပညာရှင်တွေ hot search က အတင်းအဖျင်းတွေကို ဖယ်ဖို့ ငွေသုံးတာ မြင်ဖူးပေမယ့်... hot searchတက်နေတဲ့ memeတွေကိုလည်း ဖျက်ချနိုင်တယ်ဆိုပြီး သိတာကတော့ ပထမဆုံးအကြိမ်ပဲ...]


[ဟားဟားဟား အဲဒီတုန်းကဆို မြင်လိုက်တဲ့ တစ်စက္ကန့်မှာတင် နှိပ်လိုက်ပေမယ့် နောက်တစ်စက္ကန့်ကျတော့ ပျောက်သွားရော...]


လုဝမ်ရှင်း : "..."


လုဝမ်ရှင်းက သူ ကုယန်ရှန်းကို လျှော့တွက်မိခဲ့သည်ဟု ခံစားလိုက်ရသည်။


လုဝမ်ရှင်းက အမှန်တွင် ထိုအရာများကို ဂရုမစိုက်သလို ဖန်သားပြင်ပေါ်လည်း တစ်ခါမှ မပါဖူးချေ။ ယခင်တစ်ခေါက်ကသူ ဝေ့–ကံကောင်းသော ခိုအီ–ဇယ်၏ ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး hot search အမြီးဖျားကိုတက်ခဲ့ရသော်လည်း တစ်နာရီမပြည့်မီ ဖယ်ရှားခံခဲ့ရသည်။


နောက်ပိုင်းတွင် ပရိုဂရမ်အဖွဲ့က ဗီဒီယိုကို နှစ်ပိုင်းဖြတ်ကာ တည်းဖြတ်ထားခဲ့သည်။ တစ်ဖက်ခြမ်းတွင် အနုပညာရှင်များက ရုပ်ရှင်ခေါင်းစဉ်ခန့်မှန်းရန် ကြိုးစားနေပုံကိုပြထားကာ နောက်တစ်ဖက်တွင် ဒါရိုက်တာက တကယ့်မစ်ရှင်ကိုကြေညာပြီးနောက် ဖြစ်သွားသော အမူအရာများကို ပြထားသည်။ မှတ်ချက်ဧရိယာတွင် ရယ်မောမှုများဖြင့် ပြည့်နေခဲ့သည်။


ရှိုးထုတ်လွှင့်ပြီးနောက်တွင် သူဖျော်ဖြေခဲ့သော house dance ကြောင့် hot search တက်သွားလိမ့်မည်ဟု လုဝမ်ရှင်း တစ်ခါမှ မမျှော်လင့်ခဲ့ချေ။ hot search တက်ရသော အကြောင်းရင်းက လုဝမ်ရှင်း ဖျော်ဖြေခဲ့သော အကကြောင့်မဟုတ်ဘဲ လုဝမ်ရှင်း ပြောခဲ့သော စကားကြောင့်ဖြစ်သည်။


 #နည်းနည်းသင်ခဲ့ဖူးတယ်#


၎င်းကို နှိပ်ကြည့်လိုက်လျှင် လုဝမ်ရှင်းက အကကို မိနစ်အနည်းငယ်အတွင်း သင်ယူပြီး ကကွက်တစ်ခုလုံးပြန်ကပြခဲ့သည့် ဗီဒီယိုကို မြင်ရလိမ့်မည်ဖြစ်သည်။ တစ်ယောက်ယောက်ကလည်း လုဝမ်ရှင်းနှင့် ကုယန်ရှန်းတို့ကြားရှိ စကားဝိုင်းကို ဖြတ်ညှပ်ကပ်လုပ်ပြီး လှုပ်ရှားနေသောပုံလုပ်ခဲ့သည်။


"မင်း ကနိုင်လား..."


"ကျွန်တော် နည်းနည်းသင်ခဲ့ဖူးတယ်..."


[တခြားသူများ နည်းနည်းသင်ထားပုံ VS ငါ နည်းနည်းသင်ထားပုံ...]


[ဒါက ထိပ်ဆုံးကျောင်းသားနဲ့ ဘိတ်ချေးကျောင်းသားကြားက ကွာခြားချက်လား...]


[ဒီမောင်လေး ကြည့်ရတာ ရင်းနှီးနေသလိုပဲ...]


[သူ့ကြည့်ရတာ ဟိုတစ်ခါက ပွဲဦးမထွက်ရသေးတဲ့ အဖွဲ့တစ်ဖွဲ့ထဲက ကောင်လေးနဲ့ တူသလိုပဲ...]


[ကောမန့်ထဲကသူတွေ ဘာတွေပြောနေကြတာလဲ...ဒီမှာ ငါတော့ တိကျတဲ့ သက်သေလိုနေပါပြီနော်...]


လုဝမ်ရှင်း၏ hot searchကို အခွင့်ကောင်းယူပြီး ပရိုဂရမ်အဖွဲ့က ကျော်ကြားမှုကို စီးနင်းရန် လုပ်ခဲ့သည်။ အနုပညာရှင်အချို့က ထိုဗီဒီယိုကို ပြန်လည်မျှဝေကြ၍ ရှာဖွေမှုက အလယ်နားမှ ရှေ့ဆုံးသို့ တက်သွားခဲ့သည်။ hot search ထိပ်ဆုံးသို့ တက်သွားပြီးသည်နှင့် အင်တာနက် အသုံးပြုသူများ လုပ်သောအရာမှာ လုဝမ်ရှင်းယူလာသော ကြက်ဖနှိုးစက်လေးကို သွားမေးခြင်းဖြစ်သည်။


အင်တာနက်သုံးစွဲသူများက လုဝမ်ရှင်း၏ Weibo သို့သွားပြီး လုဝမ်ရှင်း၏ယခင် Weiboပို့စ်များတွင် ကောမန့်မန့်ခဲ့ကြသည်။


ထို့အပြင် လုဝမ်ရှင်း၏ 'နည်းနည်းသင်ခဲ့ဖူးတယ်' မှ memeများလည်း ရှိနေခဲ့သည်။


နာရီအနည်းငယ်ကြာပြီးနောက် လုဝမ်ရှင်းနှင့် သက်ဆိုင်သော နာမည်ကြီးရှာဖွေမှုများအားလုံး နားမလည်နိုင်စွာ ပျောက်သွားခဲ့လေသည်။


လုဝမ်ရှင်းက ရုတ်တရက် ဝေ့ဇယ်၏ အသင်းဖော်ပို့ခဲ့သော WeChat မက်ဆေ့ချ်ကို သတိရသွားခဲ့သည်။


—— ဘာလို့ ဒီhot searchက ကျသွားတာမဟုတ်ဘဲ ဖယ်ခံလိုက်ရတာလို့ ခံစားနေရပါလိမ့်...ဒီလောက် မြန်မြန်ပျောက်သွားတာ အရမ်းထူးဆန်းတယ်...


အကယ်၍ အောက်ဆုံးရောက်နေသော hot search ဖြစ်ပါက လုဝမ်ရှင်း မည်သည့်အမှားအယွင်းကိုမျှ သတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့သော် hot search က ထိပ်ဆုံးဆယ်ခုတွင် ရှိနေပြီး ရုတ်တရက် ကျသွားရန် မဖြစ်နိုင်ဘဲ ဖယ်ရှားခံလိုက်ရခြင်းသာ ဖြစ်နိုင်သည်။


လုဝမ်ရှင်း ယခုတွင် hot search က အမှန်တကယ် ဖယ်ရှားခံလိုက်ရသည်ကို သေချာသွားပြီဖြစ်သည်။


၎င်းက ဝေ့ဇယ်နှင့် တခြားသူများကြောင့် မဟုတ်ဘဲ သူ့ကြောင့် ဖြစ်သည်။


သို့သော် ထူးဆန်းသည်က သူနှင့်သက်ဆိုင်သော ကြက်ဖနှိုးစက်လေးကမူ ဖယ်ရှားမခံရသေးသလို offical weiboမှ တင်ထားသော ပထမဆုံးရိုက်ကူးရေး၏ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလည်းရှိနေဆဲဖြစ်သည်။


နောက်ဆုံးတွင် လုဝမ်ရှင်းက ၎င်းကို ဝတ္ထုလောက၏အလိုလျောက်ပြင်ဆင်မှုဟု သတ်မှတ်ခဲ့သည်။


ငါက အမြှောက်စာဇာတ်ကောင်ဖြစ်နေလို့လား... အဲဒါကြောင့် ငါကျော်ကြားနိုင်မယ့် အခွင့်အရေးမှန်သမျှ ပိတ်ဆို့ခံနေရတာလား...


ဆိုတော့ ဒီလိုကိုး...


ဒါဆို ငါ့ကို ဘာလို့ ရှိုးမှာမပါအောင် မတားခဲ့တာလဲ...


ထိုမေးခွန်းကိုမူ သူ လောလောဆယ် အဖြေမရှာနိုင်သေးချေ။


 

🎬🎬🎬