ကျီရှန်
ရန်ကျစ်၏အိပ်မက်ထဲရှိ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ဖြင့် မိန်းကလေးနှင့်
ဖြစ်ပျက်သည့်အကြောင်းများအား နားထောင်ဖို့ စိတ်မဝင်စားပေ။
ဒါသည်ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ဂေးနေသည့် သူ့လိုလူတစ်ယောက်နှင့်
မလိုက်ဖက်လွန်းပါ။
ကျီရှန်၏စိမ်းကားမှုများကြောင့်
ရန်ကျစ် တစ်ဖန်စိတ်ပျက်လက်ပျက်ဖြစ်၍ ဒီပရက်ရှင်ဝင်သွားရပြန်၏။
ကုရှောင်ရှမ်း၏ဆိုဖာသည်
အလွန်နူးညံ့လွန်းပြီး ရန်ကျစ်ထိုအပေါ်သို့ လှဲချလိုက်သောအခါ တိမ်ပေါ်သို့
ပြုတ်ကျသွားသလိုပင်။ မထင်မှတ်ပဲ သူကုရှောင်ရှမ်း၏နွေးထွေးမှုအား လွမ်းဆွတ်မိသွား၏။
'အရမ်းရှင်းလင်းတဲ့ အိပ်မက်ဆိုအုန်းတော့
ဒါပေမယ့် ဘာလို့နွေးထွေးမှုတွေကအစ သူခံစားနိုင်မှာလဲ?'
ထိုအရာများအား
လိုက်တွေးတောနေရင်း ရန်ကျစ် အတော်လေး စိတ်သောကရောက်နေမိတော့သည်။ ထို့နောက်
မျှော်လင့်ထားသည့်အတိုင်း သူအိပ်ပျော်သွားခဲ့၏။
ကုရှောင်ရှမ်း၏ တစ်ကိုယ်လုံးသည် ရူပ်ပွနေလေသည်။ သူခရီးမှ မောပန်းနွမ်းနယ်စွာဖြင့်
အိမ်ပြန်ရောက်လာချိန်တွင် သူ၏စိတ်ကြိုက်ဖန်တီးထားသော လက်လုပ်ဆိုဖာပေါ်၌
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ
ခြေကားရား လက်ကားရားဖြင့် အိပ်ပျော်နေသည့် ရန်ကျစ်အား တွေ့လိုက်ရ၏။ တီဗီသည်လည်း
ရုပ်ရှင်ချန်နယ်တစ်ခုအား ဖွင့်လျက်သား ဖြစ်နေကာ အစီအစဥ်နာမည်သည် ဝမ်ကျားဝေ့၏ရုပ်ရှင်များ
ဆိုတာပင်။ ကုရှောင်ရှမ်း သက်ပြင်းချလိုက်မိကာ-"ဒါကို ကြည့်ပြီး အိပ်ပျော်သွားတာ မဆန်းပါဘူး"
ကုရှောင်ရှမ်း
အခြားဆိုဖာပေါ်ရှိ စောင်တစ်ထည်အား ဆွဲယူကာ ရန်ကျစ်ကိုယ်ပေါ်သို့
လွှမ်းခြုံပေးလိုက်လေသည်။ ထို့နောက် သူရန်ကျစ်၏ ဖြဲကားထားသော ခြေလက်များအား စောင်အောက်သို့
ထိုးထည့်လိုက်၏။ သို့သော် ကုရှောင်ရှမ်းအတွက် စိတ်မကောင်းစရာပင်။
စောင်ကြောင့်ရန်ကျစ် ပူအိုက်လာသလို ခံစားလိုက်ရပုံပင် သူ့ခြေထောက်အား
ပြန်ဆန့်ထုတ်လိုက်ရာ အဆုံးတွင် ကုရှောင်ရှမ်း၏နှာခေါင်းသို့ ကန်မိသွားခဲ့သည်။
ကုရှောင်ရှမ်းသည်လည်း မထင်မှတ်ထားတာကြောင့် ရှောင်ချိန်မရခဲ့ပေ။
သူနှာခေါင်းအားပွတ်သပ်ရင်း သူ့နှာခေါင်းလေး သဘာဝအတိုင်းဖြစ်နေတာ ကံကောင်းသည်ဟု
တွေးလိုက်မိတော့သည်။ ထိုကန်ချက်နှင့်သာဆို နှာခေါင်းဆီလီကွန်သည် သူ့နားရွက်သို့
တန်းချိတ်သွားလောက်၏။
'ဒီလူ ငါ့ကို နှာခေါင်းနဲ့ ခရီးဦးကြိုပြုနေပြီပဲ!'
ကုရှောင်ရှမ်း
စိတ်ပေါက်ပေါက်ဖြင့် တွေးနေမိသည်။ သူ့မှာတော့ စောစောပြန်လာဖို့အတွက် အလုပ်တွေ နင်းကန်လုပ်၊ ပြန်ရောက်တော့လည်း
ကြင်ကြင်နာနာနဲ့ စောင်လေး ခြုံပေးတာတောင်
နောက်ဆုံးတော့ မျက်နှာကို အကန်ခံလိုက်ရ၏။
ကောင်းလိုက်တဲ့ ကျေးဇူးဆပ်မှု!
သို့သော်
သူဒေါသထွက်နေလျှင်တောင် အိပ်နေသူအား ဆူလို့လည်း မရသလို၊ ရိုက်လို့လည်း မရချေ။
ဒါကြောင့် သူ ခရီးဆောင်အိတ်ကိုသာ
အိပ်ခန်းထဲသို့ ဆွဲသွင်းရင်း ဒေါသများအား မြိုသိပ်ထားလိုက်ရ၏။ သူ လမ်းတစ်ဝက်တွင်
အနောက်သို့ပြန်လှည့်ကြည့်လိုက်ရာ စောင်အပြင်သို့ တွဲလောင်းထွက်နေသေးသော
ရန်ကျစ်၏ခြေထောက်အား မြင်လိုက်ရလေသည်။ ကုရှောင်ရှမ်း သူ၏ OCDရောဂါထနေတာ ဟုသာ တွေးလိုက်ကာ အနားသို့ ပြန်လျှောက်သွား၍ ရန်ကျစ်ခြေထောက်အား
စောင်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
ဒီတစ်ခါတော့ စောင်အား သေချာခေါက်ကာ
ရန်ကျစ်ကို တင်းနေအောင်
ထုပ်ထားလိုက်တော့သည်။
ညဘက်တွင်
ကုရှောင်ရှမ်း ရန်ကျစ်၏ စွပ်ပြုတ်ထဲသို့
တရုတ်နံနံစေ့အား တိတ်တိတ်လေး ခိုးထည့်လိုက်၏။ နံနံစေ့အား အလုံပတ်အိတ်လေးထဲတွင်
ထည့်ကာ ချက်ပြုတ်ပြီးနောက်မှ ဖယ်ရှားလိုက်တာကြောင့် စွပ်ပြုတ်အား
ကြည့်ရုံနှင့်တော့ ဘာနံနံပင်အရိပ်အယောင်မှ မြင်ရမည်မဟုတ်။ ရန်ကျစ် ထိုစွပ်ပြုတ်အား သောက်ပြီး မျက်နှာကြီး
အစိမ်းရောင်ပြောင်းသွားချိန်မှသာ ကုရှောင်ရှမ်း သူ၏ဒေါသများအား ဖြေလျော့ လိုက်တော့သည်။
ရန်ကျစ် အရမ်းကြီး
သတိလက်လွတ်နေတတ်သူ မဟုတ်ပေမယ့်
အကြောင်းပြချက်တစ်ခုသည် ကုရှောင်ရှမ်း ထို ကလဲ့စားချေမှုအား အရမ်းသိုဝှက်စွာ လုပ်ထားတာကြောင့်ဖြစ်ပြီး
နောက်တစ်ခုကတော့ ရန်ကျစ်တစ်ယောက် စိတ်နဲ့လူနဲ့ မကပ် ဖြစ်နေလို့ပင်။
မကပ်ရခြင်းအကြောင်းအရင်းကလည်း
အရမ်းကို ရှင်းလင်းလွန်း၏။
သူနှင့် အိပ်မက်ထဲတွင် sexလုပ်ခဲ့သည့်
တစ်ဖက်လူသည် အခုသူနှင့်အတူ ညစာစားနေတာကြောင့်ပင်။ ထိုခံစားချက်သည် အတော်လေးကို
ထူးဆန်းလွန်းလှသည်။ အခုတော့ သူ ကုရှောင်ရှမ်းအား တည့်တည့်ပင် မကြည့်ရဲတော့ချေ။
သူ၏မျက်နှာပေါ်ရှိ သိသာထင်ရှားသည့် မလုံမလဲ ဖြစ်မှုကြောင့် ကုရှောင်ရှမ်းတစ်ယောက် စတင်သံသယဝင်လေပြီ။
"ဒီတစ်ခေါက်ရော
ဘာအမှားလုပ်ထားပြန်တာလဲ?"
'ဟေး 'ဒီတစ်ခေါက်ရော'ဆိုတာ ဘာကြီးလဲ?'
— ရန်ကျစ်
မကျေမနပ်ဖြင့် ခွန်းတုံ့ပြန်လိုက်၏။
"ငါက အမှားပဲ လုပ်နေတာ မို့လို့လား?”
ကုရှောင်ရှမ်း
တမင်ကြေကွဲဟန် သက်ပြင်းချပြလိုက်ကာ-"ဒါပေမယ့်လည်း ငါနဲ့ မသက်ဆိုင်တော့ပါဘူးလေ အခု မင်းနောက်မှာ မင်းကိုကူညီပေးမယ့် အစ်ကိုကောင်း တစ်ယောက်ရှိနေပြီပဲ
ငါ့ကိုမင်းမလိုအပ်တော့ပါဘူး"
ရန်ကျစ်
သူ့တွင်အစ်ကိုဖြစ်သူ ယွီယွင်ထောင် ရှိသည်ဆိုတာကို မကြားသေး မီနှစ်များကမှ သိရှိခဲ့ရတာပင်။ အဲမတိုင်ခင်
ကုရှောင်ရှမ်းကပဲ ရန်ကျစ်၏ အစ်ကိုကြီးနေရာအား
အမြဲယူလိုက်တာဖြစ်သည်။ ကုရှောင်ရှမ်းသည် မကြာခဏဆိုသလို သူ့အပေါ်လည်း
နောက်ပြောင်ကျီစယ်တတ်တာကြောင့် "ညီအစ်ကိုကောင်းတွေလို ချစ်ခြင်းမေတ္တာနဲ့
လေးစားမှုပြသခြင်း"လို့တော့ မယူဆနိုင်ပါ။
ရန်ကျစ်
ငါးစွပ်ပြုတ်အား မွှေလိုက်ရာ
နို့နှစ်ရောင် လှိုင်းလုံးများထလာသည်ကို မြင်လိုက်ရသဖြင့် သူစတင်၍ ငိုက်မျဥ်းလာပြန်သည်။ ရန်ကျစ်တစ်ယောက်
မျက်လုံးအားဖွင့်ရန် မနည်းရုန်းကန်နေတာကြောင့် ကုရှောင်ရှမ်း အံ့အားသင့်မိသွား၏။
"ငါတော့ မင်းကိုလက်လန်တယ်။ နေ့တစ်ဝက်လောက်
အိပ်ထားတာတောင် မင်းအိပ်ချင်နေတုန်းပဲ"
ရန်ကျစ်
သူ့အားမတရားပြောနေသည်ဟု ခံစားလိုက်ရကာ အသည်းအသန် ပြန်ရှင်းပြလိုက်လေသည်။
"အဲတာ
ငါအများကြီးအိပ်ထားလို့ လွယ်လွယ်ပြန်အိပ်ချင်နေတာ မင်းမကြားဖူးဘူးလား ပိုအိပ်လေ၊
ပိုအိပ်ငိုက်လေပဲတဲ့!"
ကုရှောင်ရှမ်း
ပြန်လည်ချေပလာ၏။
"အိပ်ရေးမဝလည်း
မင်းအိပ်ချင်တာပဲ အိပ်ရေးဝလည်း မင်းပိုအိပ်ချင်တာပဲ အများကြီးအိပ်မိသွားလည်း
မင်းအိပ်ငိုက်နေတုန်းပဲ မင်းကအိပ်လေ ငိုက်လေပဲ။ မင်းကြည့်ရတာ ဘယ်တော့မှ
တကယ်မနိုးတော့ဘူး"
ရန်ကျစ် အဖြေအတွက်
အရူံးပေါ်နေလေပြီ။
သို့သော်
ကုရှောင်ရှမ်း၏စနောက်မှုကြောင့် ရန်ကျစ် သူနှင့်ဆက်ဆံပုံသည် တဖြည်းဖြည်းနှင့်
ပုံမှန်အဖြစ်သို့ ပြန်ရောက်သွားကာ ထူးဆန်းနေသလို မခံစားရတော့ပေ။
ညစာစားပြီးချိန်တွင်
ကုရှောင်ရှမ်း ပန်းကန်ခွက်ယောက်များအားသိမ်း၍ ဘေစင်ထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးကြောသည့်အလုပ်သည် မနက်ဖြန်လာမည့် အချိန်ပိုင်းသန့်ရှင်းရေးသမား
ကိုင်တွယ်မည့်ကိစ္စပင်။ ကုရှောင်ရှမ်း လက်ဆေးပြီးနောက် မူလက ခပ်ကြာကြာလေး
အချိန်ဆွဲပြီးမှ ပေးမည်ဟု စီစဥ်ထားသည့် လက်ဆောင်လေးအား ထုတ်လာခဲ့၏။ — သူ ယခုပေးလိုက်ချင်တာက
ရန်ကျစ်၏မသာမယာဖြစ်နေသည့် စိတ်အခြေအနေအား ခံစားမိနေတာကြောင့် ဖြစ်လိမ့်မည်။
ကုရှောင်ရှမ်း တွေးတောလိုက်မိ၏။
'ဒါ ယန်းယိဟန်ကြောင့်များလား? သူက အဲလောက်ထိတောင်
တန်လို့လား? ထားပါတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်လ ၊နှစ်လဆို
ရန်ကျစ် သူ့ နောက်ဆုံးနာမည်တောင် မေ့သွားလိမ့်မယ်'
ကုရှောင်ရှမ်း
ခပ်ပေါ့ပေါ့လေးပင် စကားစလိုက်လေသည်။
"ယန်းယိဟန်အကြောင်း
တွေးမိနေသေးတာလား?"
ရန်ကျစ်
အံ့သြသွားတော့၏။ “ဘာဟန်?”
ကုရှောင်ရှမ်း
ကြောင်အမ်းအမ်းဖြစ်သွားရသည်။ ကြည့်ရတာ နှစ်လတောင် မလိုအပ်ပုံပင်...။
ထို့နောက်
ကုရှောင်ရှမ်း ရန်ကျစ်၏ပေါင်ပေါ်သို့ ကတ္တီပါ သေတ္တာဘူးကြီးအား
ပစ်တင်ပေးလိုက်ပြီး..."လက်ဆောင်!"
ရန်ကျစ်ကတော့
ကုရှောင်ရှမ်း၏ ပုံမှန်မဟုတ်သော လက်ဆောင်များနှင့် အသားကျနေပြီ ဖြစ်တာကြောင့်
သိပ်တော့ မအံ့သြချေ။ သို့သော် သူလက်ဆောင် ရနေသရွေ့တော့ အမြဲတမ်း
ပျော်မြူးနေမည်ပင်။ ရန်ကျစ် သူ၏ပူပန်သောကများကိုတောင် မေ့ကာ လက်ဆောင်အား
မြူးတူးစွာ ဖွင့်ကြည့်လိုက်လေသည်။ အထဲတွင်ရွှေပုံစံ တလက်လက်ဖြစ်နေသော
အရာတစ်ခုရှိ၏။ ထိုအရာသည် ပန်းကန်လုံးနှင့် တူသလိုလို ရှိသော်လည်း
သိပ်လည်းတူမနေချေ။ "ဒါဘာကြီးလဲ?"
ကုရှောင်ရှမ်း
ရယ်လိုက်ကာ-"အဲတာမင်းလေ!"
ရန်ကျစ်
မျက်မှောင်ကြီးကြုတ်လျက်-"ငါက ပန်းကန်လုံးကြီးလား?"
"မင်းက ယွီမိသားစုရဲ့
ရွှေဖလားကောင် မဟုတ်ဘူးလား?"
ရန်ကျစ်
ရှော့ရသွားတော့သည်။
"အာ? ဒါဆိုဒါရွှေဖလားပုံစံပေါ့?"
ကုရှောင်ရှမ်း
ခေါင်းညိမ့်လိုက်ကာ-"တကယ်တော့ ငါလည်းရွှေဖလားအစစ်ကို အခုမှ ပထမဆုံးမြင်ဖူးတာ
ငါပြတိုက်တစ်ခုသွားရင်းနဲ့တွေ့တာ တွေ့တွေ့ချင်း မင်းကိုပဲ ပြေးမြင်မိလို့ စျေးလည်း
အရမ်းမကြီးတာနဲ့ ဝယ်လာခဲ့တာ မင်းကြိုက်ရင် အဲခွက်ထဲတောင်
ဝိုင်ထည့်သောက်လို့ရသေးတယ်"
ရန်ကျစ်
ထိုဒဏ္ဍာရီဆန်ဆန် ရွှေဖလားကြီးကြောင့် အတော်လေး ကျေနပ်နေသည်ပင်။
အရုပ်အသစ်တစ်ခုရသည့် ကလေးတစ်ယောက်ကဲ့သို့ပင် သူထိုခွက်နှင့် မရပ်မနားကစားရင်း
ပျက်စီးသွားခဲ့၏။ ရွှေဖလား၏အစွန်းများသည် အပွင့်အခက်များဖြင့် သပ်သပ်ရပ်ရပ်
ထွင်းထုထားပြီး ရွှေသည်လည်း ပျော့ပြောင်းနေလေသည်။ ရန်ကျစ် ဂရုမထားမိဘဲ
ထိုအစွန်းအားဖိလိုက်ရာ အနားများ ကွေးသွားခဲ့၏။ ထိုမှသာ သူခေါင်းကြီးသွားတော့သည်။
∵ ရွှေဖလားကြီးကွေးသွားပြီ
ဒါဆို ∵ ငါ = ရွှေဖလား
∵ ငါရော ကွေးနေတာလား?
'ဒါ နိမိတ်ပြနေတာများလား?'
ရန်ကျစ်၏အတွေးများသည်
ရုပ်ဝါဒနှင့် စိတ်ကူးယဥ်ဝါဒများကြား ဗျာများနေရ၏။
ကုရှောင်ရှမ်း
တီဗီကြည့်နေရင်း ရန်ကျစ် မျက်နှာပေါ်မှ ငေးငိုင်နေသည့် အကြည့်များအား
မြင်လိုက်ရသည်။ ထို့ကြောင့် သူရန်ကျစ်အား အာရုံစူးစိုက်လိုက်ချိန်
ရွှေဖလား၏အစွန်းများ ပျက်စီးသွားသည်ကို သတိပြုမိလိုက်တော့၏။ ကုရှောင်ရှမ်း
သက်ပြင်းချလိုက်မိကာ ရန်ကျစ်အား နှစ်သိမ့်ပေးလိုက်ရသည်။
"ရတယ်
ဒီတစ်ခုက စျေးအရမ်းမကြီးဘူး။ ငါတို့ နောက်တစ်ခုဝယ်လို့ရတယ်"
ရန်ကျစ်
ခေါင်းမော့လိုက်ကာ-"ဘယ်လောက်ပေး ရတာလဲ?"
"မင်းအခု ပတ်ထားတဲ့နာရီအစုတ်နဲ့
စျေးတူတူပဲ"
ရန်ကျစ်
သူ့လက်ကောက်ဝတ်ရှိ ဒေးတိုနားနာရီအား ငုံ့ကြည့်ကာ အံ့သြသွားတော့သည်။
"ဘာ? ဒီဖလားစုတ်က ယွမ်တစ်သန်း? နောက်ပြီး ချာတူးလန်နေရော?!"
ကုရှောင်ရှမ်း
အထင်သေးဟန် ချေပလာ၏။
"မင်းနာရီအစုတ်ကိုလည်း
ကြည့်အုန်း ကြည့်ရလည်းဆိုးသေးတာတောင် တစ်သန်းပေးရတာ ဒီရွှေဖလားက အနုပညာကွ ငါ စျေးဆစ်ဖို့တောင်
မတန်ဘူးထင်တာ"
ရန်ကျစ်တစ်ယောက်
ထိုအရာအား လက်သင့်မခံနိုင်ချေ။ သူ ဒီဒေးတိုနား သက်တံ့ရောင်နာရီကို
သူ့လက်ပေါ်တင်ထားရသည်ကို သိပ်ကို ဂုဏ်ယူနေခဲ့တာပင်။ သူအွန်လိုင်းပေါ်တွင် ရှာကာ
ထိုနာရီ၏ အမိုက်စားအဆင့်reviewများအား ကုရှောင်ရှမ်းကြားအောင် အော်ဖတ်ပြပြီး
ဖင်ခေါင်းကျယ်လိုက်ချင်သေး၏။ သို့သော် ထို"သက်တံ့ရောင်"ဟူသည့်
စကားလုံးနေရာသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက်တည်း "သက်တံ့အလံ"ဟူသည့်
စကားလုံးပါဝင်လာကာ နောက်မှ"လိင်တူဆက်ဆံခြင်း"ပါ တစ်ဆက်တည်း
ဝင်လာခဲ့လေသည်။ ရန်ကျစ်၏ ဒဿနိကဗေဒဆိုင်ရာ အတွေးများ တစ်ဖန်ပြန်ရောက်လာတော့၏။
'ငါ့နာရီက တကယ် လိင်တူဆက်ဆံတာကို
ကိုယ်စားပြုတာလား...?'
'ဒါတင်ပဲ မဟုတ်သေးဘူး..သူအခုလေးတင်
ရွှေဖလားကြီးကိုလည်း ကွေးလိုက်ပြီ နောက်ပြီး သူ့အစ်ကိုရော
သူ့သူငယ်ချင်းရောလည်းကွေး၊ သူကိုယ်တိုင်လည်း အိပ်မက်ထဲမှာ
ကွေးနေတာဆိုတော့...ဒါကောင်းကင်ဘုံက ငါ့ကို တစ်ခုခု ပြောချင်နေတာများလား...'
'ငါကံကြမ္မာအရ ဂေးနေတာလား?'
ထင်ထားသည့်အတိုင်းပင်
အတွေးတစ်ချို့ဖြတ်သန်းသွားပြီးနောက် ရန်ကျစ် အိပ်ပျော်သွားပြန်သည်။
ကုရှောင်ရှမ်း
ရန်ကျစ်ဦးနှောက်တွင် တကယ် ပြဿနာအချို့ရှိနေသည်ဟု သံသယဝင်လိုက်မိ၏။ သို့သော်
သေချာပြန်စဥ်းစားကြည့်လျှင် သူကိုယ်တိုင်သည်လည်း ဦးနှောက်နှင့်ပတ်သတ်ပြီး
ပြဿနာရှိလို့ ထိုလိုလူမျိုးကို အမြဲအလိုလိုက်နေတာ ဖြစ်နိုင်သည်။
ဒါလည်း
ဝဋ်တစ်မျိုးပဲထင်တယ်။