Chapter 23.1
“ကျွန်တော်ခင်ဗျားကိုမလိုချင်တော့ဘူး။”
[သတိပေးချက်/ သတ်သေရန်ကြိုးစားမှုနှင့် စိတ်ကူးတို့ပါဝင်သည်။]
ဆောင်းဦးညနှောင်းပိုင်းတွင် ကျန်ရှိသောနွေးထွေးမှုက ပျောက်ကွယ်သွားသည်။
ရှန်းယုဟန်က စိတ်ပျံ့လွင့်စွာ သူ့အခန်းကိုပြန်သွားပြီး ကုတင်ပေါ်ဘယ်လိုရောက်သွားမှန်းတောင် မသိပေ၊ စောင်ထဲကိုဘယ်လိုရောက်သွားမှန်းလဲမသိခဲ့ပဲ သူက အသက်ရှူရခက်နေပြီး သည်းမခံနိုင်ဖြစ်လာသည်။
ကြည့်ရတာ လေးစားထိုက်သောပုဂ္ဂိုလ်တစ်ဦးက သူ့ဘဝချောမွေ့နေတာကိုတွေ့သွားသဖြင့် ဤကဲ့သို့ ကံဆိုးမှုမျိုးကိုခံစားရစေဖို့ ဒီကမ္ဘာကိုခေါ်လာခဲ့တာ ဖြစ်ဖို့များသည်။
သူသေသွားရင်.. ဟုတ်တယ် သူသေသွားရင်..သေခြင်းတရားက ဒုက္ခအားလုံးကို ငြိမ်းချမ်းစေမှာပဲ.. သူက ဘာလို့သေရာကပြန်နိုးထလာရတာလဲ.. ပြီးတော့လည်း နှစ်ပေါင်းများစွာ နောက်ကျပြီး သူမသိတဲ့နေရာမျိုးမှာလေ။
သူက ခေတ်သစ်ကမ္ဘာကိုလုံးဝမကြိုက်ပဲ သူ့နားကလူတွေကိုလည်းမကြိုက်ပေ၊ ဘယ်သူကမှ မရိုးသားကြဘူး။
ရှန်ချီဟွမ်းက အရမ်းဆိုးတယ်..သူက သေချာပေါက် ထိုလူကို ရိုးရိုးသားသားဆက်ဆံခဲ့ပေမယ့် ထိုလူကတော့ သရုပ်ဆောင်နေတယ်လို့ထင်နေသည်။ ဒါပေမယ့် ထိုလူကသာလျှင် သူ့ကိုအကောင်းဆုံးဆက်ဆံပြီး အကောင်းဆုံးကိုပေးခဲ့ပေမယ့် အခုချိန်မှာ သူ့နှလုံးသားကို အနာကျင်ဆုံးဖြစ်စေခဲ့သည်။
သူက မူလရှန်းယုဟန်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ပေမယ့် သူဒီလောက်ဖော်ရွေတာကို ဘာလို့မမြင်နိုင်ရတာလဲ? အချိန်ကတိုလွန်းလို့လား?
အခုကစပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်တော့ပေမယ့် ခေါင်မိုးတစ်ခုအောက်မှာနေရမှာလား?
သူက ထိုလူကိုခင်ပွန်းလိုဆက်ဆံပေမယ့် ထိုလူကတော့ သူ့ကိုဝမ်းနည်းအောင်လုပ်ခဲ့သည်။
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ?
ဘုရားသခင်ကိုအပြစ်တင်ရမှာလား?
ရှန်းယုဟန်က စောင်အောက်မှာ သူ့မျက်နှာကိုမြုပ်ထားပြီး အထိန်းအကွပ်မဲ့စွာ ငိုနေသည်။
သူ့မိသားစုကိုလွမ်းသည်၊ သူ့အမေက သူ့ကိုစည်းကမ်းတင်းကျပ်ပေမယ့် ဒီလိုကြမ်းတမ်းသောစကားမျိုး မပြောခဲ့ဖူးပေ၊ သူ့အဖေကလည်း သူ့ကိုအရမ်းချစ်ပြီး ဧကရာဇ်အမိန့်ပြန်တမ်းမရှိခင်က သူက သူ့လက်ထပ်ပွဲအတွက် စိတ်ပူနေခဲ့တာဖြစ်သည်။ သူ့အစ်ကိုတွေ… သူတို့မှာ ကိုယ်ပိုင်စရိုက်အသီးသီးရှိကြပေမယ့် ဘယ်သွားသွား ပြန်လာတဲ့အခါ သူ့အတွက် လက်ဆောင်ယူလာပေးလေ့ရှိသည်။
သူလက်မထပ်ခင်ညက သူ့အစ်ကိုအားလုံးငိုခဲ့သည်။
ဆိုရိုးစကားအတိုင်း ယောကျာ်းတစ်ယောက်က မျက်ရည်လွယ်လွယ်မကျပေမယ့် ယင်းမှာ ဝမ်းနည်းသည့်အဆင့်ကို မရောက်သေးသောကြောင့်ဖြစ်သည်။
အဝေးမှာအိမ်ထောင်ကျနေသော သူ့ကိုမြင်ရင် သူတို့အရမ်းဝမ်းနည်းကြမှာပဲ၊ သူကလည်းဝမ်းနည်းနေပေမယ့် သူတို့ထာဝရခွဲခွာရမယ်ဆိုတာကို ဘယ်တုန်းကမှမတွေးဖူးပေ၊ သူသာ ချီတိုင်းပြည်မှာရှိနေခဲ့ပြီး ဓားပြတွေရဲ့ လုယက်မှုကို မခံခဲ့ရရင် နောင်မှာ သူတို့မိသားစုပြန်ဆုံနိုင်ခဲ့မှာပဲ။
သို့သော်..သူကချမ်းနေပြီ ဗိုက်ဆာကာ ဝမ်းနည်းနေတာကို သူ့မိသားစုကမသိပဲ သူ့မှာ သူ့မိသားစုအခြေအနေကိုသိနိုင်တဲ့ နည်းလမ်းလည်းမရှိပေ။ သူတို့က ချီတိုင်းပြည်မှာ ရှိနေမှ တုံ့ပြန်နိုင်မှာဖြစ်သည်။
ကြောက်စရာကောင်းသော ချူနိုင်ငံ၏အာဏာရှင်ကို လက်ထပ်လိုက်တာကမှ ကောင်းဦးမည်၊ သူက အသက်ကြီးတော့ဘာဖြစ်လဲ..အနည်းဆုံးတော့ သူ့ခံစားချက်ကို အဲ့အဘိုးကြီးဆီ ထည့်ပေးလိုက်မှာမဟုတ်တာ။
မဟုတ်ဘူး..သူက တခြားသူ၏ခန္ဓာကိုယ်ထဲမှာ အသက်ရှင်နေဆဲဖြစ်ပြီး သူ့မိသားစုဝင်များက သေသွားတာကြာခဲ့ပြီ!
ထိုအကြောင်းပိုတွေးလေလေ သူပိုဝမ်းနည်းလာလေဖြစ်ပြီး ရှန်းယုဟန်က မျက်နှာကျက်ကို စိုက်ကြည့်ကာ တိတ်တဆိတ်ငိုနေသည်။ ခဏအကြာတွင် သူက ကျယ်လောင်စွာငိုကြွေးပြီး ပြောမပြတတ်အောင် ဝမ်းနည်းနေသည်။
အဆုံးတွင် ချောင်းဆိုးလာခဲ့သည်။
သူညနေကပြန်ရောက်စဥ် ချောင်းနည်းနည်းဆိုးနေခဲ့ပြီး အခုငိုလိုက်တော့ စိတ်မသက်မသာဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာပါ ပိုဆိုးလာခဲ့သည်။
ရှန်းယုဟန်၏မျက်နှာက ချောင်းဆိုးရာမှနီရဲလာပြီး အသက်ရှူကြပ်ကာ ထထိုင်လိုက်ရသည်။ သူ့လည်ချောင်းက ပိုယားယံကာ ချောင်းပိုဆိုးလာသည်။
သူအိမ်ပြန်ချင်သည်၊ ခေတ်သစ်မှာမနေချင်ပေ၊ ဒီမှာကပွင့်လင်းပြီး လူတိုင်းကလွတ်လပ်ကြသည်။ သူကဘာမှနားမလည်လို့ ဘာမှမသင်ယူနိုင်ချေ။ ခေတ်သစ်လူသားများက မွေးကတည်းက ဒီပတ်ဝန်းမှာနေလာခဲ့ပြီး အတတ်မြန်ကြပေမယ့် သူက မရင်းနှီးသော စကားကိုကြားသည့်အခါ အချိန်အတော်ကြာအောင် သေချာစဥ်းစားရသည်။ ဒီနေရာက ခေတ်သစ်လူသားအတွက်သာ အဆင်ပြေပြီး အမည်မသိ မျိုးဆက်တစ်ခုမှလာသော သူ့အတွက် မသင့်တော်ပေ။
ဤနေရာရှိလူများက သူတို့မကြိုက်သည့်သူများနှင့် ခွဲခွာခြင်းအပေါ် ကွဲပြားသောအမြင်ရှိကြပြီး အချိန်မရွေးကွာရှင်းနိုင်ကြသည်။ ရက်အနည်းငယ်အတွင်း လူသစ်များနှင့်တွေ့ကာ ထပ်ချစ်နိုင်ကြပြီး မိသားစုအသစ်ပြန်လည်ထူထောင်နိုင်သည်။
သို့သော် သူက.. သူကတော့မလုပ်နိုင်ပေ၊ ရှန်ချီဟွမ်းက မူလရှန်းယုဟန် တခြားတစ်ယောက်ကို လိုက်ခဲ့တယ်လို့ ထောက်ပြခဲ့ပြီး ထိုအကြောင်းကိုဂရုစိုက်လို့ သူနဲ့အတူမရှိချင်တော့ပေမယ့် သူကရော ဘယ်လိုလုပ်ရမလဲ.. သူတို့က ကုတင်တစ်ခုတည်းမှာ အိပ်ခဲ့ကြပြီး သူတို့လက်ထပ်ထားတာကို လူများစွာကသိကြသည်။
သူက အိမ်ထောင်မပြုဖူးသလို ရှန်ချီယွင်ကို လိုက်ခဲ့သူက သူမဟုတ်ပေမယ့် ရှင်းပြဖို့လည်း နည်းလမ်းမရှိချေ။
ဒါပေမယ့် ရှန်ချီဟွမ်းက သူ့ကိုဘာလို့ ဒီလိုဆက်ဆံနိုင်ရတာလဲ? သူက ခံစားချက်မရှိသလိုပင် လူတွေနဲ့ ပြတ်ပြတ်သားသားခွဲခွာကာ တိုက်ရိုက်လမ်းခွဲခဲ့သည်။
ဒါပေမယ့် သူက ခေတ်နောက်ကျနေတဲ့ ရှေးခတ်လူသားတစ်ဦးဖြစ်ပြီး ဒီမှာလည်းမနေချင်ပေ၊ ဒီကမ္ဘာမှာသူကအပြင်လူဖြစ်သည်။
သူက ဝမ်းနည်းဒေါသကြီးစွာတွေးလိုက်သည်။ မူလရှန်းယုဟန်က ဆွေမျိုးနှင့်သူငယ်ချင်းမရှိလို့ သူဒီကမ္ဘာက ထွက်သွားရင်တောင် သူ့အတွက်ဘယ်သူမှဝမ်းနည်းကြမှာမဟုတ်။
သူသေသွားရင် ထပ်ပြီးပြန်ရှင်လာနိုင်လား?
ဟုတ်တယ်၊ သူက သေရာကပြန်ရှင်လာသူပဲ၊ သူသေရာကပြန်ရှင်ပြီး ချီတိုင်းပြည်ကိုပြန်လို့ရတယ်!
အိမ်ပြန်ပြီးရင် ခေတ်သစ်အသိပညာကို နေ့တိုင်းလေ့လာစရာမလိုတာ့ဘူး၊ အထင်လွဲတာလည်း မခံရတော့ဘူး။ သူ့ခင်ပွန်းရဲ့မနှစ်မြို့မှုကို ခံရဖို့ဝေးစွ… သူကတစ်ကြိမ်သေပြီးတာကြောင့် ထပ်သေရလည်းဂရုမစိုက်ဘူး။
သူက ခေတ်သစ်မှာမနေချင်တော့ဘူး.. ဘာမှမလိုချင်တော့ဘူး!
ဒါပေမယ့် ဘယ်လိုသေရမလဲ?
ဒီပြဿနာကိုတွေးကြည့်လိုက်တော့ ရှန်းယုဟန်၏မျက်ရည်များက ချက်ချင်းရပ်သွားပြီး ကုတင်ပေါ်မှခြေဗလာဖြင့်ခုန်ချကာ လသာဆောင်ကိုပြေးသွားသည်။ တချို့လူတွေက အဆောက်အဦး၏ထိပ်ဆုံးကိုတက်ပြီး ခုန်ချကာ သတ်သေလေ့ရှိသည်ဟု သတင်းမှာတွေ့ဖူးသည်။ ဆယ်လွှာအထက်ဆိုရင်ရှင်ဖို့မလွယ်ပေ.. ဒါက သတ်သေဖို့ပထမနည်းလမ်းဖြစ်ပေမယ့် ဤနေရာက သုံးလွှာပဲရှိပြီး အများဆုံးမှ ခြေကျိုးပြီး ခြေလက်အင်္ဂါချို့တဲ့ရုံသာရှိပြီး သေတာထက်ပိုဆိုးမှာမို့ လက်မခံနိုင်ပေ။
သတ်သေဖို့ဒုတိယနည်းကတော့ ကားတိုက်ခံဖို့ဖြစ်ပေမယ့် ဟိုက်ဝေးလမ်းမပေါ်မှာ သေဖို့ကလွယ်သော်လည်း ဤနယ်မြေမှာ ကားမရှိပဲ အပြင်လမ်းများက အနှေးယာဥ်များသာ ပြည့်နေပြီး လမ်းကိုလည်းမသိပေ။ ဒီနည်းနဲ့သေတာက ယုံလို့မရပဲ ခြေလက်သာကျိုးရင် ရှေ့နည်းနှင့်ဆင်တူကာ သေတာထက်ဆိုးမည်ဖြစ်၍ လက်မခံနိုင်ပေ။
သတ်သေဖို့တတိယနည်းက ရေနစ်တာပဲ၊ မူလရှန်းယုဟန်က ရေထဲတွန်းချခံရတာကို သတိရသွားပေမယ့် သူက အနီးနားမှာ ရေကန်ရှာမတွေ့သဖြင့် မသေနိုင်ပဲ ကြင်နာတတ်သော ဖြတ်သွားဖြတ်လာတစ်ယောက်က လာကယ်တာမျိုးလည်း ဖြစ်နိုင်၍ ဒါကိုလည်း လက်မခံနိုင်ပေ။
သတ်သေဖို့စတုတ္တနည်းက သူ့သွေးကြောကိုလှီးဖြတ်ဖို့ပင်။ မီးဖိုချောင်မှာဓားတွေရှိတယ်!
ရှန်းယုဟန်က ချမ်းစိမ့်သောလသာဆောင်မှ အိမ်ထဲပြန်ရောက်လာကာ အငိုရပ်သွားပေမယ့် သူ့ကုတ်ကိုမယူလာပဲ ခြေဗလာနဲ့အောက်ဆင်းသွားသည်။ ထို့နောက် ဓားရှာရန် မီးဖိုချောင်ကိုတန်းသွားခဲ့သည်။
–
ဘေးခန်းက ရှန်ချီဟွမ်းကလည်း စိတ်မသက်မသာဖြစ်နေသည်။
သူက တစ်ညလုံးတွေးခဲ့ပြီး ဒီလိုအေးစက်တဲ့ စကားမျိုးပြောရင် ရှန်းယုဟန်ဘာဖြစ်သွားမလဲဆိုတာကို သိခဲ့သည်၊ သူက ငိုရတာအလွန်ကြိုက်ပြီး ဝမ်းနည်းတိုင်း ငိုတတ်သည်။
သူက ဒီတစ်ကြိမ် ရှန်းယုဟန်ငိုလိုက်တာ ကောင်းတယ်လို့ တွေးလိုက်သည်။ ဒါမှ အနာဂတ်မှာ သူ့စကားကြောင့် မငိုတော့မှာပင်။
တကယ်တော့ ရှန်းယုဟန်က သူတွေးထားသလို မဆိုးပဲ စိတ်ထားလည်းအတော်ကောင်းကာ သူဒေါသထွက်တာကို တစ်ခါမှမမြင်ဖူးပေ။ သူက အနည်းငယ်နူးညံ့ပြီး ချွဲရတာကြိုက်ကာ ငိုရတာလည်းကြိုက်သည်။ သူရှေ့မှာ အရမ်းနာခံပြီး သူပြောသမျှလုပ်ကာ အလွန်အကျွံတောင်းဆိုတာမျိုးလည်း မရှိပေ။
ဒါဆို ရှန်းယုဟန်က ဘယ်လိုလုပ်တိုက်ခိုက်တာ၊ ရန်ဖြစ်တာ၊ ဆဲဆိုတဲ့နေရာမှာ တော်နေတာလဲ? သူ့မိဘတွေဆုံးသွားတာက သူ့စိတ်နေသဘောထားကို ပြင်းပြင်းထန်ထန် ပြောင်းလဲစေခဲ့တာဖြစ်နိုင်သည်။ အခု သူ့အဘိုးကလည်း ဆုံးသွားတော့ ထောက်ပံ့သူမရှိတော့ပဲ တည်ငြိမ်သွားကာ အရင်ပုံစံကိုပြန်ပြောင်းသွားသည်ဟု နားလည်လို့ရသည်။
ရှန်ချီဟွမ်းက အိပ်ဖို့အာရုံမစိုက်ပဲ ကုတင်ပေါ်မှာလှဲကာ ဖုန်းထဲက ဗီဒီယိုကိုလည်း မဖွင့်ရဲပေ။ ဘေးခန်းက ငိုသံကိုကြားနေရပြီး မျှော်လင့်ထားသလိုပင် သူက ဆိုးဆိုးရွားရွားငိုကြွေးကာ ချောင်းဆိုးနေသည်။ ဒီနေ့ အဝတ်အစားလည်း သေချာမဝတ်ခဲ့၍ အအေးမိနေပြီလား မသိချေ။
သူက စောင်ကို အကြိမ်အနည်းငယ် မြှောက်ဖို့လုပ်နေပေမယ့် အဆုံးမှာ စောင်ကိုကိုင်ကာ ပြန်ချလိုက်သည်။
သူက စောင်ကိုမြှောက်ထားသောလက်ကို ငါးကြိမ်မြောက်ချလိုက်ပြီး ဘေးခန်းက ငိုသံကလည်းရပ်သွားသည်။ ထို့နောက် ရှန်းယုဟန် ကုတင်ပေါ်မှဆင်းကာ လသာဆောင်တံခါးဖွင့်နေတာကို ကြားလိုက်သည်။ ဘေးအခန်းက လသာဆောင်နှင့်နီးတာကြောင့် အသံကရှင်းနေသည်။
ညသန်းခေါင်မှာ ပြတင်းပေါက်ကိုဘာလို့ဖွင့်တာလဲ?
သူက ပြတင်းပေါက်ပိတ်တာလား ဖွင့်တာလားမသိပေမယ့် ရှန်ချီဟွမ်းက ရှန်းယုဟန် တံခါးဖွင့်ကာ အောက်ထပ်ဆင်းသွားသည်ကို ကြားလိုက်သည်။
သူဘာလုပ်ပြန်ပြီလဲ?
ရှန်ချီဟွမ်းက သူ့စိတ်ကိုမတားနိုင်တော့တာကြောင့် စောင်ကိုမကာ အပြင်ထွက်ရန် တံခါးဖွင့်လိုက်သည်။
ဟုတ်တယ် သူက ရေသောက်ဖို့အောက်ဆင်းတာ။ ရှန်းယုဟန် ညသန်းခေါင်မှာ ဘာလုပ်နေလဲဆိုတာကို ကြည့်ဖို့မဟုတ်ဘူး။
သူက အောက်ထပ်ကိုဆင်းသွားတော့ လမ်းတစ်လျှောက်မီးတွေက မဖွင့်ထားပဲ မှောင်မဲနေသည်။ လှေကားထစ်မှာ ညအလင်းရောင်ရှိပေမယ့် လင်းထိန်မနေချေ။ ရှန်းယုဟန် အောက်ဆင်းသွားတာ သိသာတာကို ဘာလို့အောက်ထပ်ကမီးကို ဖွင့်မထားတာလဲ.. သူဘာလုပ်နေတာလဲ?
သူက ဒေါသထွက်ကာ ငိုနေတော့ ဧည့်ခန်းကိုသွားပြီး တီဗီကြည့်မှာတော့ မဟုတ်.. ကြည့်ချင်ရင် ဖုန်းထဲမှာ အလွယ်တကူကြည့်လို့ရတယ်မလား ဒါမှမဟုတ် အပြင်မှာ လေညင်းခံနေတာလား?
ရှန်းချီဟွမ်း၏အတွေးက သေချာပေါက်မှားနေသည်။ ဧည့်ခန်းထဲက တီဗီကပိတ်ထားသည်။
ဒါဆို ရှန်းယုဟန်က ရေသောက်ဖို့ဆင်းသွားတာလား?
ခုနလေးတင်ငိုနေတဲ့သူက ရုတ်တရက် အောက်ထပ်ဆင်းကာ ရေသောက်ဖို့က ယုတ္တိမရှိဘူး။
ထို့နောက် ရှန်ချီဟွမ်းက မီးဖိုချောင််မှ ချောင်းဟန့်သံကိုကြားလိုက်ရပြီး ဓားသံထွက်ပေါ်လာသည်။
မီးဖိုချောင်မှာဓားနဲ့ဘာလုပ်နေတာလဲ?
ရှန်ချီဟွမ်းက ဧည့်ခန်းထဲက မီးကိုအရင်ဖွင့်လိုက်ပြီး မီးဖိုချောင်အသံလာရာကို သွားကာ မီးဖိုချောင်မီးကိုလည်း ဖွင့်လိုက်သည်။