Chapter 66
“ဝတ်ပြုခြင်းအခမ်းအနား”
လီဖုန်းက ရွာလူကြီးနှင့် သူ့လူများကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ရခြင်းမှာ တောင်ပေါ်တက်ပြီးနောက် ဝံပုလွေခြေရာများကို တွေ့ခဲ့ရလို့ဖြစ်သည်။ ရွာနဲ့မနီးမဝေးရှိ တောင်ပေါ်မှာ ဝံပုလွေအုပ်စုပေါ်လာခြင်းက ရွာသားတွေအတွက် အန္တရာယ်များသည်။ သို့ဖြစ်၍ လီဖုန်းနှင့်သူ့လူတွေက လမ်းတစ်လျှောက် ဝံပုခွေခြေရာများအတိုင်း လျှောက်လာခဲ့ပြီး တခြားလမ်းကြောင်းမှ ဝင်လာသော ရွာလူကြီးနှင့် သူ့လူတွေကို တွေ့ခဲ့ရသည်။ မဟုတ်ပါက တောင်ပေါ်ဝင်ရောက်သည့် အချိန်ကွာဟချက်နှင့် မတူညီသောလမ်းကြောင်းဖြင့် လူနှစ်စုက တောင်ပေါ်မှာတွေ့ကြဖို့ မဖြစ်နိုင်ပေ။
ပြန်ရောက်လာပြီးနောက် လီဖုန်းက အလုပ်ရှုပ်နေသည်။ သူက တောင်ပေါ်တက်ဖို့ အချိန်ယူခဲ့ရသည်။ နှစ်သစ်ကူးမတိုင်ခင် တောင်ပေါ်သွားဖို့အချိန်မရှိသော်လည်း ယခုမူ ဝံပုလွေအုပ်စုပေါ်လာတော့ ရွာကို ကျူးကျော်တိုက်ခိုက်လာနိုင်သည့် တခြားဝံပုလွေများနှင့် သားရဲတိရစ္ဆာန်များမရှိဘူးလို့ မပြောနိုင်ပေ။ ဤမျှလောက်သော ဝံပုလွေများသည် ဝံပုလွေအုပ်စု၏ တစ်စိတ်တစ်ပိုင်းသာဖြစ်နိုင်ပြီး ဝံပုလွေများက အငြိုးကြီးတိရစ္ဆာန်များဖြစ်တာကြောင့် ရွာသားများ တောင်ပေါ်မှာ ချန်ရစ်ခဲ့သည့် ရနံ့ကိုရှူရှိုက်မိလျှင် အနံ့နောက်ကိုလိုက်မလာဘူးလို့ အာမခံချက်မရှိပေ။
ရွာလူကြီးက လီဖုန်းနဲ့ဆွေးနွေးပြီး တောင်ပေါ်မှာ ထောင်ချောက်ဆင်ကာ လူတွေကို နေ့စဥ်ကင်းလှည့်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ဝံပုလွေနှင့် တခြားသားရဲများ၏ ခြေရာခံမိသည်နှင့် လူငယ်နှင့်သတ်လတ်ပိုင်း အမျိုးသားများကို တောင်ပေါ်သို့စေလွှတ်ပြီး သတ်ခိုင်းလိုက်မည်။
ရွာမှာစီစဥ်မည့် လူတစ်ဦးမှမရှိလျှင်ပင် လီဖုန်းက အနောက်တောင်စွန်းမှာ ထောင်ချောက်အလွှာများဆင်ဖို့ ဆုံးဖြတ်ထားသည်။ သူက သူနဲ့မင်ကောအာ၏ ရေရှည်စီမံကိန်းကို တောရိုင်းသားရဲများ၏ ရုတ်တရက်ကျူးကျော်မှုကြောင့် အပျက်စီးမခံနိုင်ပေ။ ထို့အပြင် တောင်ပေါ်မှာနေထိုင်သော မိသားစုများစွာရှိ၍ သူတို့၏လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကိုလည်း ဂရုစိုက်ပေးဖို့လိုသည်။
ဦးလေးထျဲ၊ ဦးလေးတာနှင့် တခြားသူများက သူတို့လုပ်နေတာတွေကို ဘေးချကာ လီဖုန်းနှင့်အတူ ကြိုးစားပေးခဲ့သည်။ ဦးလေးကျောက်လျိုကလည်း ဝိုင်းကူလုပ်ပေးခဲ့သည်။ တာရှန်နှင့် တခြားသူတွေက ရွာလူကြီး၏တာဝန်ပေးမှုကြောင့် တခြားသော မုဆိုများနောက်ကိုလိုက်ပြီး တခြားနေရာများမှာ ထောင်ချောက်ဆင်နေကြသည်။
.
ဖျင်ရှန်တစ်ရွာလုံးက အလုပ်ရှုပ်နေစဥ် ထန်ချွန်းမင်၏ ဝတ်ပြုဆုတောင်းကာလကို ဖယ်ရှားရမည့်အချိန်လည်း ရောက်လာခဲ့သည်။
ထိုအချိန်တွင် ကျောက်မိသားစု၏ တတိယသားဖြစ်သူ ကျောက်ဖျင်ချွမ်က ပြန်ရောက်လာခဲ့သည်။
&&&
“မင်းရဲ့အကြီးဆုံးအစ်ကိုဘယ််မှာလဲ? သူ ဘာလို့ တခြားသူတွေနဲ့အတူ ပြန်မလာတာလဲ? အပြုံးကြီးတစ်ခုဖြင့်ပြန်လာသော ကျောက်လောင်စန်းကို မြင်လိုက်ရသောအခါ ဘိုးဘိုးကျောက်က အလွန်ပျော်ရွှင်သွားပေမယ့် သူက တုန်လှုပ်စွာ မေးလိုက်လေသည်။ “မင်းဘာလို့ပိန်နေတာလဲ?တာနျို မင်းကိုဂရုမစိုက်ဘူးလား?”
သူ့သား ဘာလို့စောစောပြန်ရောက်လာလဲသူသိသည်။ ၎င်းက ဒုတိယသားကြောင့်ဖြစ်သည်။ လူသေသွားလျှင်ပင် ဝတ်ပြုဆုတောင်းအခမ်းအနားက သူ့အတွက် အရေးမပါပေ။ တတိယဦးလေး သတိပေးမှသာ သူက ချီတုံချတုံဖြင့် ဝမ်းချွန်းဟွာကို ပစ္စည်းတွေပြင်ဆင်ခိုင်းခဲ့ရသည်။ ဝမ်ချွန်းဟွာက ယင်းအတွက် ငွေတောင်းခဲ့တာကို သူတွေးမိသောအခါ သူက ဒေါသတကြီး သွားကိုက်မိမလိုပင် ဖြစ်သွားခဲ့သည်။
“အစ်ကိုကြီးလား? သူပြန်မလာသေးဘူးလား? သူ စောစောပြန်ရောက်နေပြီထင်တာ။”
သူ့သား၏အပြုအမူကို အကဲခတ်ကာ ဉာဏ်ထိုင်းသော ဘိုးဘိုးကျောက်သည်ပင် တစ်ခုခုမှားနေမှန်းသိလိုက်သည်။ အထူးသဖြင့် အမြဲတမ်းစိတ်တိုင်းမကျဖြစ်နေသည့် ဝမ်းချွန်ဟွာလည်း ထိုနည်းအတိုင်းပင်။ မိသားစု၏အိမ်ထောင်ဦးစီးက သူ့ညီငယ်လေးကိုသွားတွေ့ဖို့ ခရိုင်မြို့ကိုသွားခဲ့ပြီး သူ့ကိုတော့ တစ်နေကုန် ဘိုးဘိုးကျောက်၏ အနိုင်ကျင့်ခံရစေရန် တစ်ယောက်တည်းထားခဲ့သည်။ သူက ကျောက်တာနျိုပြန်လာတာကို စောင့်နေပေမယ့် သူ စောစောပြန်လာတယ်ဆိုတာ ဘာကိုပြောတာလဲ? “ကျောက်တာနျိုက မင်းကိုစောင့်ရှောက်ဖို့ မြို့မှာနေနေတာမလား? မင်းက သူ့ကို အ်စ်ကိုလိုရော ဆက်ဆံရဲ့လား? အင်း… အခုမိသားစုတစ်ခုလုံး မင်းကြောင့်ပြိုကွဲသွားပြီလေ…ကျောက်လောင်စန်းရဲ့!” ဝမ်ချွန်းဟွာက ရူးသွပ်သွားသည်။
ကျောက်မိသားစုက ကျောက်လောင်စန်း၏ပြန်ရောက်လာမှုကြောင့် ဆူညံနေပြန်သည်။ တတိယဦးလေးနှင့် ထိပ်တိုက်တွေ့ပြီးနောက် တတိယဦးလေးနှင့် ဘိုးဘိုးကျောက်တို့ ကျောက်တာနျိုနဲ့ထည့်ပေးလိုက်သော ငွေတွေက ကျောက်လောင်စန်းဆီ မရောက်ခဲ့မှန်းသိလိုက်ရသည်။ သူ စာမေးပွဲအောင်ခဲ့စဥ်က စုဆောင်းထားသော လက်ကျန်ငွေကြောင့်သာမဟုတ်လျှင် ခရိုင်ကျောင်း ဒုတိယနှစ်ဝက်မှာ ခက်ခဲနေခဲ့မှာပင်။ ယင်းကို ပွင့်လင်းမြင်သာစွာ မဖော်ပြခဲ့သော်လည်း သိသင့်သိထိုက်သူများက သိကြသည်။ ကျောက်ဖျင်ချွမ်က ခရိုင်မော်ကွန်းထိန်းအား စော်ကားခဲ့ပြီး ခရိုင်တရားသူကြီးပင်လျှင် သူ့ကိုအကောင်းမမြင်တာကြောင့် သူက ဝိုင်းပယ်ခံခဲ့ရသည်။
ဘိုးဘိုးကျောက်က ကျောက်တာနျိုကို မရှာနိုင်တာကြောင့် သူက ဝမ်ချွန်းဟွာကို ဒေါသပုံချလိုက်သည်။ ဝမ်ချွန်းဟွာကလည်း ငြိမ်ခံမနေပဲ ကျောက်လောင်စန်းကို ဒေါသပုံချလိုက်ပြီး သူ့ကိုပြန်ခေါ်ပေးဖို့ ပြောလိုက်သည်။ ကျောက်တာနျိုက သူ့ကြောင့် ခရိုင်ကိုသွားခဲ့ရတာကြောင့် ကျောက်လောင်စန်းမရှာရင် ဘယ်သူသွားရှာမလဲ? ကျောက်လောင်စန်းက ကျောက်တာဟူကို သေအောင်တွန်းအားပေးခဲ့ပြီး ယခုလည်း သူက ကျောက်တာနျိုကို သတ်တော့မည်။
ကျောက်မိသားစုက အကြီးအကျယ် စကားများရန်ဖြစ်ခဲ့ပြီး ကျောက်တာနျို သေသလား ရှင်သလား သိရှိရန် ခရိုင်မြို့မှာ လူလွှတ်ရှာဖွေဖို့ မည်သူကမျှ မတွေးခဲ့ကြပေ။
.
သို့ဖြစ်၍ ထန်ချွန်းမင်က ကလေးနှစ်ယောက်ခေါ်ကာ ယစ်ပူဇော်မည့်ပစ္စည်းများကို ကျောက်တာဟူ၏အုတ်ဂူသို့ ယူဆောင်လာရာတွင် သူက ကျောက်မိသားစုမှ မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။ သို့သော် သူဂရုမစိုက်ပေ။ ကျောက်မိသားစုက သူ့ကိုအကြောင်းမကြားသလို သူကလည်း ကျောက်မိသားစုကို ဘာလုပ်ရမလဲမမေးခဲ့ပေ။ တခြားသူများက သူ့ကို အကြောင်းပြချက်အဖြစ် သုံးလာမည့်အရေးကို တားဆီးရန် သူက လိုအပ်သည့်လုပ်ရိုးလုပ်စဥ်များကို လုပ်ဆောင်ခဲ့သည်။
ထန်ချွန်းမင် ပစ္စည်းအစုံအလင်ဖြင့် ရွာကိုဖြတ်သွားသောအခါ လူအများစုက သူ့ကိုတွေ့ခဲ့ကြသည်။ သူတို့က ထန်ချွန်းမင်သယ်ဆောင်လာသော ပစ္စည်းများကိုကြည့်ပြီး ပြည့်စုံတယ်လို့ တွေးလိုက်သည်။ ၎င်းက ငွေအများကြီးကုန်ကျလိမ့်မည်။ အားလင်းက ယနေ့မှာ တောက်ပသော အဝတ်အစားများဝတ်ဆင်ထားသည်။ ဝမ်ယင်၏လက်ထဲက အားစန်းလေးကလည်း လေးစားမှုအမှတ်အသားအဖြစ် ဝတ်ပြုမည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ယနေ့မှာ သူသည်လည်း မွေးဖခင်၏အုတ်ဂူကို ကန်တော့ရမည်။ အနာဂတ်မှာတော့ သူတို့က မသက်ဆိုင်သူတွေ ဖြစ်သွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူက သူ့မွေးဖခင်ကို မြင်ဖူးတာလည်းမဟုတ်ပေ။
လီဖုန်းက အိမ်မှာနေပြီးထွက်မလာပေ။ သူက ကျောက်တာဟူကို အနှောင့်အယှက်မဖြစ်စေရန် ကျောက်တာဟူ၏အုတ်ဂူကို မသွားခဲ့ပေ။
အားလင်းက အားမူ၏အနားကို လျှောက်သွားလိုက်ပြီး ဝမ်ယင်က အားစန်းလေးကို ချီထားသော ထန်ချွန်းမင်နားသို့သွားကာ တိုးတိုးလေးပြောလိုက်သည်။ “ ကျောက်မိသားစုက ဘာလို့ ဘာမှမလုပ်တာလဲ? သူတို့က ကျောက်တာဟူဆုံးတဲ့နေ့ကိုတော့ သိတယ်မလား?”
“ ကျောက်လောင်စန်းပြန်လာလို့ထင်တယ်။ သူ နေ့စွဲကို မှတ်မိမှာပါ။ သူက တတိယဦးလေးရဲ့ မျက်နှာသာပေးခံထားရတဲ့သူလေ။ ကျောက်တာဟူက သူ့ရဲ့အစ်ကို.. တခြားသူတွေ ဝေဖန်လို့မရအောင် သူဒီကိစ္စကို သေချာလုပ်သွားလိမ့်မယ်။ ဒါပေမယ့် သူတို့က သူတို့ကိစ္စလုပ်၊ ကျွန်တော်က ကျွန်တော့်ကိစ္စလုပ်မယ်။” ထန်ချွန်းမင်က သာမန်ကာလျှံ ပြောလိုက်၏။ ကျောက်လောင်စန်းပြန်လာတာကို သူသိပေမယ့် ကျောက်လောင်စန်းအိမ်မှာ ဘာတွေဖြစ်နေလဲတော့ သူမသိပေ။ အဓိကအကြောင်းအရင်းမှာ ပစ္စည်းအပုံလိုက်က သူ့စွမ်းအင်များကို စုပ်ယူသွားသဖြင့် သူက တခြားသူများ၏ကိစ္စကို ဂရုစိုက်ဖို့ အားလပ်မနေပေ။
“အမှန်ပဲ။ အဲ့ဒီအဘိုးကြီးက ရွံစရာအကောင်းဆုံးပဲ။” ဝမ်ယင်က သူ့တတိယဦးလေးကို အထင်မကြီးပေ။ သူ့အမြင်မှာ ဤအဘိုးကြီးက ဘိုးဘိုးကျောက်ထက်ပင် ရွံစရာကောင်းသည်။ ဘိုးဘိုးကျောက်က မျက်နှာသာရချင်လို့ဆိုးနေတာဖြစ်သည်။ သူ ရက်စက်သည့်အခါ တစ်ဖက်လူက ပြန်တိုက်နိုင်ပြီး ထိုအဘိုးကြီး ရက်စက်သည့်အခါမှာတော့ တစ်ဖက်လူက ချက်ချင်းမတုံ့ပြန်နိုင်ပေ။
ထန်ချွန်းမင်က နှာမှုတ်ကာပြောလိုက်သည်။ “သူဘာမှဖြစ်မလာမှာကိုပဲ ကျွန်တော်စိုးရိမ်တာ။ စောင့်ကြည့်လိုက်ပါ။” ကျောက်လောင်စန်း အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ တတိယဦးလေးက ဘာအကျိုးအမြတ်မှ ရမည်မဟုတ်ဟု သူပြောရဲသည်။ ကျောက်လောင်စန်းလိုလူမျိုးက အပေါ်တက်နိုင်သွားရင် သူ့မျိုးနွယ်ကလူကြီးတွေကို ကူညီပေးပါ့မလား? ထန်ချွန်းမင်၏အမြင်အရ ထိုလူသည် တစ်ကိုယ်ကောင်းအဆန်ဆုံးနှင့် အရက်စက်ဆုံးဖြစ်သည်။ သူ့က သူ့အစ်ကိုအရင်းကိုတောင် ဒီလိုဆက်ဆံနိုင်ရင် သူ့ဆွေမျိုးတွေကိုရော? သူ တတိယဦးလေးကို ကပ်တွယ်နေရခြင်းမှာ အသုံးဝင်နေသေးလို့ဖြစ်၏။
ထန်ချွန်းမင်က အပိုမပြောခဲ့ပေ။ အားလင်းက သူ၏အတွေ့အကြုံကြောင့် စောစောစီစီး ရင့်ကျက်နေပုံရသည်။ ထန်ချွန်းမင်က သူ့အရှေ့မှာ ကျောက်တာဟူအကြောင်း မပြောမိစေရန် သတိထားသည်။ သို့မှသာ ကျောက်မိသားစုဝင်တွေက သူတို့ဘဝကို ဝင်ရောက်မစွက်ဖက်နိုင်မှာဖြစ်၏။ ဤအခမ်းအနားပြီးလျှင် ကျောက်မိသားစုနှင့် ကျောက်တာဟူက သူတို့ဘဝထဲမှ ပျောက်ကွယ်သွားမှာဖြစ်သည်။
အုတ်ဂူကိုကန်တော့ကာ ကလေးနှစ်ယောက်နှင့် ထိုလူကြားရှိ သွေးသားတော်စပ်မှုကို ပြီးမြောက်စေခဲ့သည်။ ကျန်တာကတော့ ကလေးတွေကြီးပြင်းလာသည်အထိ စောင့်ရမည်။ သူနဲ့ လီဖုန်း ပျိုးထောင်မည့် ကလေးတွေက သူတို့ကိုမွေးပေးခဲ့သော အုတ်ဂူနှင့် သွေးသားဆက်ဆံရေးထက် ပိုအရေးကြီးသည်။
.
ဤသို့ဖြင့် သူက ကလေးတွေရဲ့ဖခင်မဟုတ်တော့ပေ။
ကျောက်တာဟူ၏အုတ်ဂူကို ကျောက်မိသားစု၏ ဘိုးဘေးအုတ်ဂူများနှင့်အတူ မြှုပ်နှံထားသည်။ သို့သော် ဤကျောက်မိသားစုဝင်များက ဖျင်ရှန်ရွာကိုပြောင်းလာတာ မကြာသေးသဖြင့် အုတ်ဂူအနည်းငယ်သာရှိသည်။ အနီးစပ်ဆုံးမှာ ကျောက်လောင်မာ၏အုတ်ဂူဖြစ်သည်။ သို့သော် လူမလာတာ နှစ်ဝက်ရှိပြီဖြစ်ပြီး အုတ်ဂူက မြက်များဖြင့်ဖုံးလွှမ်းနေသည်။ ထန်ချွန်းမင်က အုတ်ဂူရှိ ပေါင်းပင်များကို သန့်ရှင်းရေးအရင်ဆုံးလုပ်ရသည်။
မြေပြင်မှထိုးထွက်နေသော ကုန်းကိုကြည့်ကာ ထန်ချွန်းမင်က နှုတ်ခမ်းကိုကွေးညွတ်လိုက်သည်။ ထိုနေရာတွင် မြှုပ်နှံထားသော လူမှာ ကျောက်တာဟူမဟုတ်ပဲ ရှာတွေ့ခဲ့သော အရိုး၊အဝတ်အစားနှင့် အထည်စများသာဖြစ်၏။ တစ်နည်းဆိုရသော် ယင်းမှာ အထိမ်းအမှတ်အုတ်ဂူသာဖြစ်သည်။
ထန်ချွန်းမင်က သူ၏ဘဝနှစ်ခုတွင် စျာပနများစွာ ကြုံတွေ့ခဲ့ရသည်။ မူလကိုယ်၏ မှတ်ဉာဏ်များနှင့်နှိုင်းယှဥ်ကာ ရွာသားများနှင့် သူ့မိထွေးအား ကြိုတင်မေးကြည့်လိုက်တော့ သူလုပ်ခဲ့သည့် စျာပနနှင့် တခြားနေရာမှာပြုလုပ်တာက သိပ်မကွာခြားမှန်းသိခဲ့ရသည်။ အထူးသဖြင့် သူ့အတွက်တော့ ၎င်းက ထုံးထမ်းစဥ်လာတစ်ခုသာဖြစ်ပြီး ကြီးကြီးမားမားလုပ်ဖို့မလိုပေ။
အစပိုင်းမှာနှုတ်ခမ်းစူခဲ့တာကလွဲလျှင် ထန်ချွန်းမင်၏သဘောထားက အလွန်လေးနက်သည်။ သူက ၎င်းကို မူလကိုယ်အား ကျေးဇူးတင်ခြင်းအဖြစ် မှတ်ယူခဲ့သည်။ နောင်ဘဝသာရှိခဲ့လျှင် မူလကိုယ်နဲ့ သူ့ခင်ပွန်းက ပြန်တွေ့ခဲ့တာကြာလောက်လေပြီ။ အခြေအနေက ဘယ်လိုမျိုးလဲ သူစဥ်းစားလိုက်သည်။ သူ၏မူလကိုယ်က ကျောက်တာဟူအပေါ် စစ်မှန်သောခံစားချက်များရှိသည်။ မဟုတ်ပါက သူသည် ထိုမျှလောက်ဒုက္ခခံပြီး ဆုံးပါးသွားခဲ့မှာမဟုတ်ပေ။ သို့သော် ကျောက်မိသားစုက သူ့အပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာကိုတော့ သူမကျေမနပ်ဖြစ်ခဲ့သည်။ ကျောက်တာဟူကို လေးစားမှုပြုပြီး ထန်ချွန်းမင်က မူလကိုယ်ကိုလည်း ဆုတောင်းပေးလိုက်သည်။ မူလကိုယ်က လူကောင်းတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားပြီး နောင်ဘဝမှာ ကျောက်တာဟူလိုလူမျိုးနဲ့ မဆုံရစေဖို့ သူမျှော်လင့်သည်။ သူက သားလေးနှစ်ယောက်ကို ကောင်းကောင်းပြုစုပျိုးထောင်ပါ့မယ်လို့ ကတိပေးလိုက်သည်။
မီးကတောက်လောင်ပြီး အခိုးအငွေ့က ကောင်းကင်ပေါ်တက်ကာ အုတ်ဂူအထက်မှာ အချိန်အတော်ကြာ တည်ရှိနေခဲ့သည်။ ၎င်းက ထန်ချွန်းမင်၏ အသံကိုကြားလိုက်ရသလိုပင် လေပြင်းတစ်ချက်တိုက်ခတ်ကာ မီးခိုးငွေ့များက ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ကြီးက ကြည်လင်နေပြီး ရာသီဥတုက အနာဂတ်ကို ဖော်ပြနေသလိုပင်။ မူလကိုယ်က သူ့သားနှစ်ယောက်ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်၏။
“လာ… ဒီမှာလာကန်တော့လိုက်။ ပြီးရင် အဝတ်အစားကို မီးပုံထဲပစ်ထည့်လိုက်။” ထန်ချွန်းမင်က မီးခိုးငွေ့ပျောက်ကွယ်သွားသော နေရာကိုညွှန်ပြကာ အားလင်းကိုပြောလိုက်သည်။
အားလင်းက ယနေ့မှာ ကောင်းကောင်းပြုမူခဲ့သည်။ သူ့အားမူက ပေါင်းပင်နှုတ်နေလျှင် သူက နောက်ကလိုက်ကာ ကူညီပေးသည်။ သူ့အားမူက အမွှေးတိုင်စိုက်နေလျှင်လည်း သူက ကူညီပေးသည်။
“ဟုတ်ကဲ့ဖေဖေ..” အားလင်းက သူပြောသည့်အတိုင်းလုပ်ခဲ့သည်။ ထန်ချွန်းမင်၏ပျိုးထောင်မှုကြောင့် ထွက်ပေါ်လာသော ပါးဖောင်းဖောင်းလေးနှင့်အတူ သူက အဝတ်စားထူထူကိုဝတ်ထားပြီး ထန်ချွန်းမင်ပြောသည့်အတိုင်း အလေးအနက်လုပ်ဆောင်နေပေမယ့် ခက်ခက်ခဲခဲပြီးအောင်လုပ်ခဲ့ရသည်။ ထန်ချွန်းမင်၏စိတ်က ချက်ချင်းကောင်းမွန်လာပြီး သူ့မျက်လုံးထောင့်မှာ အပြုံးတစ်ခုထွက်ပေါ်လာ၏။ အားလင်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားကို မီးပုံထဲပစ်ချကာ သူ့ဆီပြန်လာပြီး ချီးကျုးခံဖို့ စောင့်နေသဖြင့် ထန်ချွန်းမင်က ပြုံးကာ သူ့နဖူးကိုထိလိုက်သည်။
ဝမ်ယင်ကလည်း အားစန်းလေးကိုချီထားပြီး အုတ်ဂူကို ဦးညွှတ်ကာ အားစန်းလေးကိုယ်ပေါ်က အဝတ်အစားကို ချွတ်လိုက်သည်။
.
နောက်ဆုံးမှာ ထန်ချွန်းမင်အလှည့်ရောက်လာသည်။
ထိုမှသာ အားစန်းလေးက ပေါ့ပါးသွားပြီး သူ၏လက်သေးသေးလေးကို ခါယမ်းကာ ရယ်လိုက်လေသည်။ သူတို့က သူ့ကို အေးနေချိန်မှာ အပြင်မခေါ်သွားတတ်သဖြင့် သူက ယနေ့လမ်းလျှောက်ထွက်ရတာပျော်နေသည်။
“သွားရအောင်… မင်းရဲ့ဦးလေးဖုန်းက အိမ်မှာစောင့်နေတယ်။” ထန်ချွန်းမင်က အားစန်းလေး၏နှာခေါင်းကိုထိကာ အားလင်းလက်ကိုဆွဲပြီး ပြောလိုက်သည်။ သူတို့က အုတ်ဂူ၏ဆန့်ကျင်ဘက်ကို လျှောက်ထွက်သွားခဲ့သည်။
သင်္ချိုင်းကုန်းမှထွက်ခါနီးတွင် သူတို့က ကျောက်မိသားစုကို တွေ့လိုက်ရသည်။ ထိုအုပ်စုက အတော်လေးများသည်။ ကျောက်လောင်စန်းနှင့် ဘိုးဘိုးကျောက်အပြင် တတိယဦးလေး၏မိသားစုလည်းပါသည်။ လူအို လူငယ်အားလုံးအပါ ဒါဇင်ကျော်ရှိ၏။ ထန်ချွန်းမင်က အားလင်းလေးကို ကောက်ချီကာ မိထွေးနဲ့အတူ ဘေးဖယ်ပေးလိုက်ပြီး လူများသည့် သူတို့အုပ်စုကို အရင်ဖြတ်ခွင့်ပေးလိုက်သည်။
ဤလူအုပ်စုက ထန်ချွန်းမင်ကိုတွေ့သောအခါ မတူညီသော အမူအရာများရှိနေသည်။ တချို့က သာမန်ဖြစ်ပြီး တချို့က ကိုက်ချင်နေကာ တချို့ကတော့ အားကျစိတ်ဖြင့် မျက်လုံးကတောက်ပနေသည်။ ရှက်လွန်းလို့ မျက်နှာအုပ်ထားချင်သူများလည်းရှိသည်။ ထန်ချွန်းမင်နှင့်ဝမ်ယင်က သူတို့ကို တစ်ချက်ကြည့်ပြီး မရယ်မောပဲ မနေနိုင်ခဲ့ပေ။
ဘိုးဘိုးကျောက်နှင့် ဝမ်ချွန်းဟွာ၏ အမူအရာများကိုမြင်ခဲ့သော တချို့မိသားစုများက ဤလူတွေကို ရှောင်သွားကြလေသည်။ သူတို့က သိသာအောင်မလုပ်ခဲ့သော်လည်း သူတို့၏ခြေလှမ်းများမှ ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ မင်ကောအာ၏ဘဝက ပိုပိုကောင်းလာသည်ကိုမြင်လျှင် သူတို့က အလွန်အားကျနေခဲ့သည်။ သူတို့အမြင်တွင် ကျောက်လောင်စန်း၏ မရေရာသော အနာဂတ်ကို စောင့်နေမယ့်အစား မင်ကောအာ၏နောက်သို့ လိုက်တာက ပိုကောင်းပေမည်။ အဘယ့်ကြောင့်ဆိုသော် အကျိုးကျေးဇူးများက သူတို့ရှေ့တည့်တည့်မှာရှိနေပြီး ချက်ချင်းရနိုင်လေသည်။ သို့ပေမယ့် တတိယဦးလေးက သူတို့ကို မင်ကောအာနှင့် မပတ်သက်ဖို့ မှာထားခဲ့သည်။
သို့ပေမယ့် မိသားစုတစ်ခုက ရွာလူကြီးထံ တိတ်တိတ်လေးသွားကာ ဂျုံစေ့တစ်ဧကဝယ်ခဲ့ပြီး သူတို့ဦးလေးကိုမပြောပြဖို့ အားလုံးကိုမှာထားသည်။ ကမ္ဘာကြီးဘယ်လောက်ကျယ်ကျယ် သူတို့ဦးလေးက သူတို့မိသားစု၏ စားဝတ်နေရေးနှင့် စပါးပြဿနာကို ဝင်စွက်ဖက်ခွင့်မရှိပေ။