Chapter 62.1
“တောင်ပေါ်သို့ ဝင်ရောက်ခြင်း”
လီဖုန်းက တောင်ပေါ်မှာ လမ်းလျှောက်ခဲ့သည်။ ယင်းက သူပုံမှန်လုပ်ရမည့်အလုပ်ဖြစ်သည်။ တောင်နက်ပိုင်းမှ အကောင်ကြီးတွေရောက်လာပြီး တောင်ပေါ်မှာ ဖျက်စီးခွင့်မပြုနိုင်ပေ။ ယခုဆိုလျှင် တောင်ပေါ်မှာ ခွေးတွေအများကြီးရှိနေခဲ့သည်။ သူတို့က ထန်ချွန်းမင်၏နောက်လိုက် ရှောင်ဟွာနှင့်မတူသော်ငြား တခြားခွေးတွေထက်တော့ ပိုတော်လေသည်။ ဦးလေးတာ၊ ဦးလေးထျဲနှင့် တခြားသူများက ပြောကြသည်မှာ တောင်ပေါ်ကရေနှင့်မြေဆီလွှာက အာဟာရဓာတ်ဖြစ်သည်ဟူ၍ပင်။ သူတို့ ဤနေရာကို ရောက်လာကတည်းက ရုပ်ပိုင်းဆိုင်ရာပိုကောင်းလာသလို ခွေးတွေကို သေချာပျိုးထောင်ထားသဖြင့် လူသားပိုဆန်လာခဲ့သည်။
ဦးလေးတာက လီဖုန်း၏မိသားစုကို အထူးကျေးဇူးတင်မိသည်။ သူ့လက်မောင်းကို ဟူလန်ကျုံးနဲ့ ကုသခဲ့ပေမယ့် ပြန်ကောင်းမလာခဲ့ပေ။ သို့သော် လီဖုန်းက သူ့ကို သမားတော်ဟဲဆီသို့ခေါ်သွားပြီး အပ်စိုက်ကုထုံးကို အချိန်အတော်ကြာခံယူပြီးနောက် သူ့လက်ထဲက ခွန်အားများတိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ၎င်းက သူနဲ့ သူ့မိသားစုကို ဝမ်းသာအားရ ငိုကြွေးစေခဲ့ပြီး သူက တောင်ပေါ်မှာ အလုပ်ပိုကြိုးစားခဲ့သည်။
တောင်အောက်ဆင်းနေချိန်မှာ ကောက်ရိုးဖျာတွေယက််နေသော ဦးလေးတာကို လီဖုန်းတွေ့ခဲ့ရသည်။ သိုးခြံအများစု၏အပြင်ဘက်မှာ ကောက်ရိုးဖျာကို ချိတ်ဆွဲထားသည်။ ဦးလေးတာက လီဖုန်းဆင်းလာသည်ကို မြင်သောအခါ အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။ လီဖုန်းက သူ ယခုရက်ပိုင်းဘာတွေလုပ်နေလဲသိသည်။ ရာသီဥတုပိုအေးလာချိန်တွင် ဤကောက်ရိုးဖျာက နှင်းခဲများကို ပိတ်ဆို့ပေးနိုင်သည်။ မွေးမြူရေးတိရစ္တာန်များကို ပြုစုစောင့်ရှောက်ရာတွင် ဦးလေးတာက သူနဲ့ မင်ကောအာထက်ပိုသိသည်။
အောက်ကိုထပ်ဆင်းသွားပြီး လီဖုန်းက လမ်းဘေးချုံပုတ်များကို ကြည့်လိုက်သည်။ တောင်ပေါ်တက်ခဲ့စဥ်က ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော လမ်းဘေးရှိ မူမမှန်မှုများကို နိုးးနိုးကြားကြားဖြင့် သူအလွယ်တကူရှာတွေ့ခဲ့သည်။ သူက ထိုနေရာကို မဆိုင်းမတွလျှောက်သွားပြီး ချက်ချင်းဆိုသလိုပင် ဆူညံသံတစ်ခုထွက်ပေါ်လာ၏။ မြက်များကို ဘေးသို့တွန်းပြီးနောက် လီဖုန်းက အချိန်မရွေး ခုန်အုပ်နိုင်သည့် နိုးနိုးကြားကြားရှိသော သားရဲလေး၏ ကြမ်းတမ်းခက်ထန်သော မျက်လုံးတစ်စုံကို တွေ့လိုက်ရ၏။
လီဖုန်းက စိတ်ထဲကနေ ရယ်လိုက်သည်။ ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်သလို ဟန်ဆောင်နေပါစေ သူ့မျက်လုံးထဲတွင် ရှက်ကြောက်မှုနှင့် မသက်မသာဖြစ်မှုကို ဖုံးကွယ်ထားဆဲဖြစ်သည်။ ဒါပေမယ့် ဒီကလေးက ဘာလို့ ဒီရောက်နေတာလဲ? သူက အားလင်းနဲ့ ထယွင်ကို စောင့်ကြည့်နေတာလား? ယခုကာလအတွင်းမှာ မင်ကောအာက အားလင်းကို တောင်ပေါ်လာခွင့်မပြုခဲ့ပေ။ သူက တောင်ပေါ်တက်လာတော့ အာရုံစိုက်ခဲ့ပေမယ့် ထိုကလေးကို ဤနေရာမှာ ထပ်မတွေ့ခဲ့ရပေ။ ကြည့်ရတာ သူ ဦးလေးထျဲနှင့် တခြားသူတွေကို စကားထပ်ပြောဖို့လိုပြီး သူတို့ ခွေးနဲ့အတူ ကင်းလှည့်သည့်အခါ ရွာထဲကတခြားလူတွေ တောင်ပေါ်တက်မလာစေရန် သတိထားဖို့ပြောရမည်။
လီဖုန်းက ရှေ့တစ်လှမ်းတိုးလိုက်တော့ ကလေးကထိတ်လန့်ကာ မြေကြီးပေါ်ပြုတ်ကျသွားပြီးမှ ယုန်တစ်ကောင်လို ခုန်ထကာ ထွက်ပြေးဖို့ပြင်သည်။ မျက်နှာမှာ အမာရွတ်ရှိသော ဤလူက အင်မတန်ကြောက်ဖို့ကောင်းတယ်လို့ သူ ရွာသားများထံမှ ကြားဖူးခဲ့ပေမယ့် မတိုင်ခင်က သူမယုံကြည်ခဲ့ပေ။ သို့သော် ယခုမူ ဤလူနဲ့တွေ့ဆုံရာတွင် သူ၏တိရစ္ဆာန်လေးကဲ့သို့ အလိုလိုသိစိတ်က သူ့ကိုအမြန်ထွက်ပြေးဖို့ ပြောခဲ့သည်။
“ရပ်လိုက်!” လီဖုန်း၏အော်သံက ကလေးကို ပိုမြန်အောင် ပြေးသွားစေသည်။ သူက လမ်းဘေးချုံပုတ်များကို ဝင်တိုက်မိပြီး သူ့အင်္ကျီများပင် ပြဲသွားခဲ့သည်။ လီဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ခြေလှမ်းကြီးနှစ်လှမ်းတိုးကာ ကလေးကို ဇက်ပိုးမှ ချီမြှောက်လိုက်သည်။ ကလေးက ကိုယ်ကိုခါယမ်းနေပြီး လူကိုဆွဲကုတ်ကာ ကိုက်ချင်ပေမယ့် သူဟာ လီဖုန်း၏ ချီမြှောက်ခံထားရပြီး သူ့ကိုလုံးဝမမှီဖြစ်နေခဲ့သည်။ သူက လေပေါ်တွင် ရုန်းကန်နေသလိုသာ ဖြစ်နေ၏။
“မင်းဒီမှာ ဘာလုပ်နေတာလဲ?” လီဖုန်းက ကလေးကို အေးစက်စက်မေးလိုက်သည်။ သူက အားနည်းသူကို အနိုင်ကျင့်နေတာမဟုတ်ပေ။ အားလင်းကြောင့်သာမဟုတ်လျှင် သူက ဤကလေးမျိုးကိုကိုင်တွယ်ဖို့ စိတ်ဝင်စားမည်မဟုတ်ပေ။
“ခင်ဗျား.. လွှတ်ပေး… “ သူက တိရစ္ဆာန်ပေါက်လေးလို အံကြိတ်လိုက်ပေမယ့် သူ၏တုန်ယင်နေသောအသံက သူသတ္တိကိုထင်ရှားစေသည်။
“ဒီကိုထပ်မလာနဲ့။ မင်းအားလင်းကို ထပ်အနိုင်ကျင့်နေတာ ငါတွေ့ရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်” လီဖုန်းက မျက်လုံးကျဥ်းမြောင်းကာ ခြိမ်းခြောက်လိုက်သည်။ ကလေးက မထိန်းချုပ်နိုင်လောက်အောင် နှစ်ကြိမ်တုန်ခါသွားတာတွေ့တော့ သူက ကလေးကို အောက်ချပေးလိုက်ကာ ကလေးက ဝမ်းလျားတွားပြီး ထွက်ပြေးသွားသည်ကို သူကြည့်နေလိုက်သည်။ ထွက်ပြေးပြီးနောက် သူက ရပ်ကာ နောက်လှည့်ကြည့်လိုက်သည်။ လီဖုန်း ရပ်နေသေးတာကိုတွေ့တော့ သူက ထိတ်လန့်သွားပြန်သည်။ သူက လမ်းကြောင်းသို့ တံတွေးထွေးကာ ကျိန်ဆဲလိုက်သည်။ “ခင်ဗျားက သူတို့လို လူရိုင်းပဲ…လူရိုင်းတွေအားလုံးကဆိုးတယ်။” ထို့နောက် သူက ခုန်ပေါက်ကာ ထွက်ပြေးသွားခဲ့သည်။
လီဖုန်းက ၎င်းကိုရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး သူ့မျက်ခုံးက ပင့်တက်သွားသည်။ သူ ဤကလေးမျိုးကို အတိတ်မှာတွေ့ခဲ့လျှင် လေ့ကျင့်ပေးဖို့ စိတ်ဝင်စားမှာဖြစ်ပေမယ့် ယခုမူ ဤကလေးက အားလင်းနဲ့တခြားသူများကို မလိုမုန်းထားပြုနေခဲ့သည်။ သူက တခြားမိသားစု၏ ကလေးတစ်ယောက်ကြောင့် အားလင်းကို ဘယ်လိုအန္တရာယ်မှ မဖြစ်မခံနိုင်ပေ။
ထိုကလေး၏စကားလုံးကို လီဖုန်း နားမလည်ပေမယ့် အဖြေလည်းမရှာချင်ပေ။
လာမည့်နှစ်တွင် အပြင်လူတွေ တောင်ပေါ်တက်လာမည့် အခြေအနေက ပိုကောင်းလာလိမ့်မည်။ အစွန်အဖျားတွင် စိုက်ထားသော ဆူးချုံဝိုင်းသည် လာမည့်နှစ်တွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပြီး အနည်းဆုံးတော့ ဤကလေးမျိုးကို ဝေးဝေးထားနိုင်လိမ့်မည်။
&&&