Chapter 58.1
Viewers 21k

Chapter 58.1



ယခုဆိုလျှင် မြင်ကွင်းက အသက်ဝင်လာခဲ့သည်။ ရန်ပွဲမှာ ပါဝင်ခဲ့သော ကလေးမိဘများအပါအဝင် ရွာသူရွာသားများက လရောက်​ကြည့်ရှုခဲ့ကြသည်။ ချင်မိသားစု၏ကလေးက တခြားသူများအား အာမောင်းနှင့်အားလင်း၏အိမ်သို့ ဆွဲခေါ်သွားနေသည်ကိုတွေ့လျှင် အနောက်တောင်မှာ အတူကစားလေ့ရှိသော တချို့ကလေးများက သူတို့မိဘများကိုပါ ဆွဲခေါ်လာခဲ့သည်။ သူတို့သည် တရားမျှတမှုအတွက် ရ​ပ်တည်ပေးရန် ဤနေရာတွင် ရှိသင့်သည်ဟု ယုံကြည်ပြီး ကလေးများ၏စိတ်ထဲတွင် တရားမျှတမှုစံနှုန်းတစ်ခုရှိနေခဲ့သည်။



မူလက ချမ်သဲဖူသည် စွင်းကောအာ၏ ဝမ်းနည်းပူဆွေးနေသော အမူအရာကိုတွေ့ရသောအခါ စိတ်မကောင်းဖြစ်ခဲ့ရသည်။ အားကိုးလို့ရသော ဖခင်တစ်ယောက်၏ ပုံရိပ်ကိုပြရန် ယောကျာ်းတစ်ယောက်အဖြစ် ကလေးအရှေ့မှာ ရပ်တည်ပေးဖို့ လိုအပ်သည်ကို ခံစားမိသည်။ ထိုမှသာ ကလေးက သူ့ကို ယုံကြည်ကိုးစားလာပြီး မကြာခင်မှာ အဖေလို့ခေါ်နိုင်မှာဖြစ်သည်။ သို့သော် ထန်ချွန်းမင်က အားလင်း၊အာမောင်းတို့နှင့် ထွက်ပေါ်လာသည့်အပြင် သူတို့နောက်မှာ မီးခိုးရောင်စွန်းထင်းနေသော မြင်းဖြူလေးကို တွေ့လိုက်ရသောအခါ သူ့အမူအရာက ရှုပ်ထွေးလာခဲ့သည်။



ချင်မျိုးရိုးအမည်နှင့် အမည်ပြောင်ကုံးတန့်ဟုခေါ်သော စွင်းကောအာ၏သားလေးက အရိုက်ခံရ၍ ညိုမဲစွဲနေပုံပေါ်ပေမယ့် အာမောင်းနှင့် အားလင်းနှစ်ယောက်လုံးက တစ်ကိုယ်လုံးရွံ့များပေကျံကာ သူတို့မျက်နှာက ညစ်ပတ်နေခဲ့သည်။ ထို့အပြင် မြင်းကလည်း စျေးပေါသော တိရစ္ဆာန်မဟုတ်ပေ။ ဒဏ်ရာရသွားခဲ့လျှင် ငွေအများကြီးပေးရုံဖြင့် ပြီးသွားမည့်ကိစ္စမဟုတ်ပေ။ ထို့ကြောင့် ဤရန်ပွဲ၏တာဝန်ရှိသူကို ပြောရန်ခက်သည်။


ကျန်းရှို့က သူ့ကလေးငယ်များ ရန်ဖြစ်ခဲ့သည်ကိုကြားသောအခါ လွန်စွာဒေါသထွက်ခဲ့သည်။ သို့သော် မင်ကောအာထံမှ စာသင်ကာ ဖုန်းရှောင်ကျစ်နှင့်အတူ ကိုယ်ခံပညာလေ့ကျင့်ပြီးနောက် အာမောင်းက ရွာထဲကကလေးများနှင့် တွဲကစားခြင်း နည်းပါလာသလို ပြဿနာလည်းနည်းလာခဲ့သည်။ ကလေးနှစ်ယောက်ရန်ဖြစ်ခဲ့ပြီး တစ်ဖက်ကလေး ဒဏ်ရာရသွားတာကို ကြားသည့်အခါ သူက အာမောင်းကိုရိုက်နှက်ပြီး တစ်ဖက်မိသားစုကို တောင်းပန်လိုခဲ့သည်။ သို့သော် ကလေးနှစ်​​ယောက်၏ သနားစရာကောင်းသော အသွင်ပြင်နှင့် ရှောင်ယွင်၏အခြေအနေကို တွေ့သောအခါ သူ အပြစ်မပြောရပ်တော့ပေ။


သူ့အားမူ သူ့အား ရိုက်ဖို့မရည်ရွယ်ထားတာကိုတွေ့လျှင် အာမောင်းက သတ္တိရှိလာပြီး ကုံးတန့်ကိုလက်ညိုးထိုးကာ ဒေါသတကြီးအော်ပြောလိုက်သည်။ “သားတို့ သူ့ကို ပေးမကစားဘူးလို့ ပြောခဲ့တာကို သူက သားတို့မြင်းကို ဖမ်းဖို့ရောက်လာတယ်။ သူက အားလင်းကိုတွန်းချပြီး ရှောင်ယွင်ကိုရိုက်ဖို့ လုပ်ခဲ့တယ်။ ဒါကြောင့် သားသူ့ကိုရိုက်လိုက်တာ! ဒါတွေအားလုံးက သူ့အပြစ်ပဲ!”



“လူဆိုး! လူဆိုးကိုရိုက်!” အားလင်းက ထိုကောင်လေးကို မလိုမုန်းထားစိုက်ကြည့်ကာ ရှုတ်ချလိုက်သည်။ သူ့အတွက် သူတို့ပျိုးထောင်ထားသည့် ရှောင်ယွင်က မိသားစုဝင်ဖြစ်သည်။ ရှောင်ယွင်ကို အနိုင်ကျင့်ခဲ့သူက လူဆိုးဖြစ်ပြီး အားလင်းက ရှောင်ယွင်ကို ကာကွယ်ပေးဖို့ တာဝန်ယူရမည်။


“ငါက ကစားချင်တာကို မင်းတို့က ဘာလို့ ကစားခွင့်မပေးတာလဲ? ပြီးတော့ တိရစ္ဆာန်တွေက ရိုက်ပေးဖို့လိုတယ်။ ငါ့ကိုစီးခွင့်မပေးရင် ရိုက်ပစ်မှာပဲ!” ချင်ကုံးတန့်က သွားကြိတ်ကာ အားလင်းနှင့်အာမောင်းကို ကိုက်တော့မလို ဝံပုလွေတစ်ကောင်လို စိုက်ကြည့်လိုက်သည်။ သို့သော် သူ အနိုင်မရနိုင်တာကြောင့် နောက်ကလူကြီးများကို အားကိုးကာ မကြောက်မရွံ့ပြောလိုက်သည်။ “ဦးလေး…သားပြောတာမှန်တယ်မလား?”


ထိုစကားကြားတော့ ထန်ချွန်းမင်ဘေးက လူတိုင်း၏အမူအရာမှာ နက်မှောင်သွားခဲ့သည်။ ကလေးများကို စိတ်ရှည်သည်းခံနိုင်သော သမားတော်ဟဲပင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီကလေးက ဘာပေါက်ကရတွေပြောနေတာလဲ? ရှောင်ယွင်အပေါ်ထားသည့် အားလင်းနှင့် တခြားသူများ၏ ခံစားချက်ကို ဘေးဖယ်ထားလျှင်ပင် မွေးမြူရေးတိရစ္ဆာန်များကို တန်ဖိုးထားပြီး ဂရုစိုက်ပေးသင့်သည်။​


ပွဲလာကြည့်သော လူတွေကလည်း လက်မခံခဲ့ပေ။ တိရစ္တာန်တွေကို ရိုက်ပေးဖို့လိုတယ်ဆိုတာ ဘာပြောတာလဲ? ဘယ်သူက သူတို့ရဲ့မွေးမြူရေးတိရစ္ဆာန်တွေ အရိုက်ခံရမှာကို လိုလားလို့လဲ? ချမ်သဲဖူနှင့် စွင်းကောအာက သူတို့ကလေးကို ဒီလိုသွန်သင်ဆုံးမထားတာလား? အာမောင်းနဲ့ အားလင်းတို့ စိတ်ဆိုးသွားတာလည်း မဆန်းတော့ပေ။


“မင်းဘာတွေပြောနေတာလဲ?” စွင်းကောအာက ဤခေါင်းမာသောကလေးကြောင့် ဒေါသထွက်လာပြန်သည်။ သူက မလုပ်ခိုင်းလေ ​ပိုလုပ်လေဖြစ်သည်။ သို့သော် ယခုမူ သူ့စကားတွေက လူအများ၏ဒေါသကို နှိုးဆွခဲ့ပြီး စွင်းကောအာက သူ့သားကို ဆူပူကြိမ်မောင်းလိုက်ရသည်။



ကလေးက ထိုစကားမျိုးပြောလာမယ်လို့ ချမ်သဲဖူ မထင်ထားခဲ့ပေ။ ကလေးက သူတို့နဲ့ ရက်အနည််းငယ်သာ အတူနေရသေးတာကြောင့် သူ့ကို ထိုစကားမျိုးသင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။ ကြည့်ရှုသူများ၏ ဖော်ရွေမှုမရှိသော အကြည့်များကို သတိပြုမိ၍ ချမ်သဲဖူက စိုးရိမ်လာပြီး ချင်ကုံးတန့်၏လက်မောင်းကိုဆွဲလိုက်သည်။ “ကုံးတန်… မြင်းတွေမှာလည်း စိတ်ရှိတယ်။ မင်းသူတို့ကို ရိုက်လို့မရဘူး….”


သို့သော် သူပြောလို့မဆုံးခင် ကလေး၏ဒေါသက ပိုဆိုးလာသည်။ သူက ချမ်သဲဖူကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။ “ဦးလေးပြောတော့ သားကိုကောင်းကောင်းဆက်ဆံမယ်ဆို! ဒါက ကောင်းကောင်းဆက်ဆံတဲ့ပုံစံလား? သားမြင်းနဲ့ကစားချင်တယ်! စီးခွင့်ပေးမလား မပေးဘူးလား? ကူညီမှာလား မကူညီဘူးလား?”


“မင်း….” ချမ်သဲဖူက စိတ်ရှည်သည့်​ယောကျာ်းမဟုတ်ပေ။ သူ၏အိမ်တွင်းအကြမ်းဖက်မှုမှတ်တမ်းက သက်သေဖြစ်သည်။ ကလေးက သူ့အား လှည့်ကန်လိုက်သဖြင့် သူက ဒေါသထွက်သွားခဲ့သည်။ ဒီကလေးက ဘာလို့အဲ့လောက်ဆိုးပြီး မနာခံရတာလဲ? သို့သော် သူက သူပေးထားသောကတိနှင့် စွင်းကောအာက ဤကလေးကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ တွေးလိုက်မိသည်။ သူက ဒေါသကိုဖိနှိပ်ကာ ချော့ဖို့ကြိုးစားလိုက်သည်။ “အရင်ဆုံးအိမ်ပြန်ရအောင်.. ဦးလေး မင်းအတွက် သကြားလုံးချိုချဥ်ဝယ်ပေးမယ်.. ဟုတ်ပြီလား?”


“လူလိမ်! ခင်ဗျားက လူလိမ်ကြီးပဲ…ပြီးတော့ ဖေဖေရောပဲ.. လူလိမ်တွေ နှစ်​​​​ယောက်လုံး! အား!”


ချမ်သဲဖူ မတုံ့​ပြနိုင်ခင်မှာ ကောင်လေးက သူ့လက်ကောက်ဝတ်ကို ကိုက်လိုက်သည်။ ချမ်သဲဖူက နာကျင်စွာအော်ဟစ်လိုက်သည်။ ကလေးက သူ့လက်ကောက်ဝတ်က အသားစိုင်ကို ကိုက်ဖြတ်မိလုနီးပါးဖြစ်သွားပြီး သွားရာကျန်နေခဲ့သည်။


စွင်းကောအာက ထိတ်လန့်သွားပြီး သူကိုင်ထားသောလက်ကိုင်ပုဝါကို ချမ်သဲဖူအား ပစ်ပေးလိုက်သည်။ “မြန်မြန်အုပ်ထားလိုက်..ကျုပ် ကုံးတန့်ကို သွားရှာလိုက်မယ်။ သူဘယ်ရောက်သွားမှန်းမသိဘူး!”


ရုန်းရင်းဆန်ခတ်မှုများကြားမှာ ကျန်းရှို့၏မိသားစုနှင့် ထန်ချွန်းမင်၏မိသားစုကို တောင်းပန်ဖို့ရန် မေ့သွားခဲ့ပြီး ထိုမိသားစုက ပြေးထွက်သွားခဲ့သည်။ အထူးသဖြင့် ချန်သဲဖူက အရှက်ကွဲသွားခဲ့သည်။ သူ့မယားပါသားကို ကာကွယ်ပေးဖို့ ရောက်လာသော ချန်သဲဖူက နောက်တစ်ကြိမ် မျက်နှာပျက်သွားခဲ့ရသည်။ ယခင်တစ်​​ခါက်ကလိုပင် ထန်ချွန်းမင်၏အိမ်ရှေ့မှာ မျက်နှာပျက်ခဲ့ရသည်ကို ပြန်တွေးရင်း သူက သူ့မျက်နှာကိုအုပ်ပြီး နေရာမှာတင် ပျောက်ကွယ်သွားချင်မိသည်။


သိပ်မကြာခင်မှာ ကျန်းရှို့၏အသံထွက်ပေါ်လာသည်။ “သူတို့က ဘယ်လိုလူတွေလဲ?”



ထန်ချွန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ “အဲ့ဒီကလေးက သိုးရေခြုံထားတဲ့ ဝံပုလွေတစ်​ကာင်ပဲ။ အနာဂတ်မှာ သူတို့နဲ့ မပတ်သက်မိဖို့ အရေးကြီးတယ်။ တစ်ခုခုဖြစ်ရင် လူကြီးတွေကို ချက်ချင်းလာခေါ်… ဟုတ်ပြီလား?” သူက ယနေ့ရန်ပွဲမှာ အာမောင်းအနိုင်ရခဲ့လို့ စိတ်သက်သာရာရမိသည်။ မဟုတ်ပါက အားလင်းနှင့် အာမောင်း ယခုလိုကိုက်ခံရလျှင် ဘာတွေဖြစ်လာမလဲ တွေး​​တောင်မတွေးချင်ပေ။



“သား သူ့ကိုမကြောက်ဘူး!” အာမောင်းက ထိုပြဿနာအိုးကို အနိုင်ရခဲ့လို့ ယုံကြည်မှုရှိရှိ ဟစ်ကြွေးလိုက်သည်။



ကျန်းရှို့က ဒေါသထွက်သွားပြီး သူ့ခေါင်းကို အသာခေါက်လိုက်လေသည်။ “ဖေဖေ့စကားကိုနား​ထောင်စမ်းပါ! နားမထောင်ရင် မြင်းပေါက်လေးနဲ့ ဘယ်တော့မှ ပေးမဆော့တော့ဘူး။”


“သိပါပြီ…သားနားလည်ပြီ။” အာမောင်းက သူ့အားမူကို ပြန်မပြောရဲသဖြင့် ချီတုံချတုံ နားထောင်လိုက်လေသည်။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ တွေးနေခဲ့သည်။ အဲ့ဒီကလေး အားလင်းကို ထပ်အနိုင်ကျင့်ရင် ငါ သူ့ကိုရိုက်နှက်ပစ်မယ်!



လီဖုန်းက အားလင်းကိုကောက်ချီ​ကာ ထန်ချွန်းမင်ကိုပြောလိုက်သည်။ “ခရိုင်မြို့က ကိစ္စတွေ အကုန်ပြီးတော့မှာ။ နောင်မှာ ကိုယ်ခဏခဏသွားစရာမလိုတော့ဘူး။ အိမ်ကိစ္စတွေကို ဂရုစိုက်ပေးမှာမို့ စိတ်မပူပါနဲ့။” လီဖုန်းက ထန်ချွန်းမင် စိတ်ပူမှာစိုး၍ ယခုလိုပြောခဲ့တာဖြစ်သည်။ ထိုကောင်လေး၏ အကျင့်စရိုက်က ဝံပုလွေသားပေါက်နှင့်တူသည်ကို​ တွေ့လိုက်ရသဖြင့် အားလင်း ထိခိုက်သွားမှာကို ကြောက်မိသည်။ အာမောင်းက သိပ်စိတ်ပူစရာမလိုပေ။ သူက ငယ်ငယ်လေးထဲက ကိုယ်ခံပညာကို လေ့ကျင့်ထားသူဖြစ်တာကြောင့် သက်တူရွယ်တူများနှင့်ယှဥ်လျှင် သူ့လက်နှင့်ခြေက အားပိုသန်သည်။


ပွဲလာကြည့်သော ရွာသားများကို နှုတ်ဆက်ပြီးနောက် ထန်ချွန်းမင်က ခြံတံခါးပိတ်ပြီး အာမောင်းကို အထဲခေါ်သွင်းလာခဲ့သည်။ သူတို့က ရေနွေးတည်ပြီး ရေချိုးဖို့ပြင်လိုက်သည်။ သို့သော် ကလေးနှစ်ယောက်က မြင်းပေါက်လေးကို ရေအရင်ချိုးပေးဖို့ပြောလာသည်။ သူတို့က လီဖုန်းကိုလည်း မချိုးခိုင်းခဲ့ပေ။ သူတို့က အလွန်တာဝန်သိတတ်သည်။ ကလေးတွေက အစောပ်ိုင်းဖြစ်ရပ်ကို စိတ်ထဲမထားတာ တွေ့လိုက်ရသော် ထန်ချွန်းမင်က သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်သည်။

တာမောင်းရောက်လာ​တော့ ကလေးတွေက မြင်းကိုရေချိုးပေးရင်း အလုပ်ရှုပ်နေ၏။ ချင်မိသားစုကလေးက ပြဿနာရှာခဲ့တာကို သူသိလိုက်ရပြီး သူက ကလေးနှစ်ယောက်ကိုပွေ့ဖက်ကာ ခိုင်မာသောလေသံဖြင့် တစ်ခုခုကို တီးတိုးပြောလိုက်သည်။


ထိုစဥ် ရေနွေးတည်ဖို့ မီးမွှေးနေသော ကျန်းရှို့က ပြောလို​က်သည်။ “အဲ့ဒီကလေးက ဒီလောက်ရိုင်းမယ်လို့ မထင်ထားဘူး။ ဒီ​နေ့ဖြစ်ခဲ့တာကို အားလုံးတွေ့သွား​တော့ သတင်းမြန်မြန်ပြန့်သွားမှာပဲ။ ဘယ်သူက ဒီလိုကလေးမျိုးနဲ့ ကစားရဲမှာလဲ? သူက ကျောက်သုန့်ထက်တောင် ပိုဆိုးတယ်။”



ဤရက်တွေမှာ ကျောက်သုန့်က တာမောင်း၊အာမောင်းနှင့် အားလင်းတို့ကို မချဥ်းကပ်ရဲခဲ့ပေ။ သူတို့လမ်းမှာဆုံတိုင်း ကျောက်သုန့်က သူတို့ကို ရှောင်သွားခဲ့သည်။

ကျောက်သုန့် ရှောင်ဖယ်နေသည်မှာ သူတို့အနားမလာရဲလို့မဟုတ်ပဲ သူကြောက်နေလို့ဖြစ်သည်။ ထိုနေ့က ဟွမ်စစ်ကုံး၏ခြေထောက်ကို အားပြင်းပြင်းတက်နင်းခဲ့သော လီဖုန်းက သေမင်းနတ်ဘုရားနှင့်တူသည်။ လူအုပ်ကြားထဲမှာ ချောင်းကြည့်နေခဲ့သော ကျောက်သုန့်က သေးပေါက်ချမိသည်အထိ ကြောက်လန့်သွားခဲ့သည်။ ယနေ့မှာလည်း ချင်ကုံတန့်နဲ့ အာမောင်း၊အားလင်းတို့ ရန်ဖြစ်နေစဥ် သူက အဝေးကနေပဲ ကြည့်ရဲခဲ့သည်။ အရင်တုန်းက တစ်ယောက်ယောက် အားလင်းအား အနိုင်ကျင့်နေသည်ကို သူမြင်လျှင် သူပါအနိုင်ကျင့်ဖို့​ နှစ်ခါမတွေးပဲ ပြေးလာမည်ဖြစ်သည်။



“ဒီကလေးရဲ့စိတ်ထားကို ကျွန်​တော်မသိပေမယ့် သူနောက်တစ်ခါ ကျွန်တော့်က​လေးတွေကို အနိုင်ကျင့်ရင် ဒီလိုလွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး။” ကလေးဖြစ်နေပါစေ သူ့အကျင့်စရိုက်၏နောက်ကွယ်မှာ အကြောင်းတစ်ခုခုရှိနေသည်ဖြစ်စေ သူနဲ့မဆိုင်ပေ။ သူ့ကို ယခုလိုဖြစ်အောင် ပျိုးထောင်ခဲ့သည့် လူတွေမှာပဲ တာဝန်ရှိသည်။ တခြားဘယ်သူကမှ ၎င်းကို ထည့်တွေးပေးစရာမလိုပေ။

“ဒါပေါ့.. ဒါကြောင့် ငါ အာမောင်းကို အပြစ်မတင်ခဲ့တာလေ။ ပြောရမယ်ဆိုရင် စွင်းကောအာ လက်ထ​ပ်လိုက်ပြီဆိုတော့ သူ့ရဲ့အကျင့်စရိုက်နဲ့ဆိုရင် ချမ်မိသားစုက ဘယ်​တော့မှ ​​အေးချမ်းမှာမဟုတ်ဘူး။” ကျန်းရှို့က ပြောရင်းဖြင့် ခေါင်းခါလိုက်သည်။


ထန်ချွန်းမင်က တခြမ်းစောင်းပြုံးလိုက်သည်။ ယနေ့မှာ ချမ်သဲဖူ၏အပြုအမူကို သူပို၍ အထင်သေးလာခဲ့သည်။ သူ့အရင်ဘဝ၌ ရွာရှိ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူအချို့ကိုသိခဲ့ပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုယောကျာ်းမျိုးက အိမ်မှာသာ အနိုင်ကျင့်တတ်ပြီး အပြင်မှာတော့ သူရဲဘော​ကြောင်သူများဖြစ်ကြသည်။


ရေပွက်ပွက်ဆူလာတော့ ထန်ချွန်းမင်က တာမောင်းအပါအဝင် ကလေးသုံးယောက်ကို ရေချိုးပေးလိုက်သည်။ သူက အားလင်းကိုဖက်ပြီး ထပ်ခါတလဲလဲ အနမ်းပေးလိုက်၏။ အားလင်း၏ ယနေ့အပြုအမူက သူ့ကို အံ့အားသင့်စေခဲ့ပြီး ဤကလေးက သူ့သားဖြစ်ထိုက်၍ ဂုဏ်ယူမိသည်။


တစ်ဖက်မှာတော့ အားလင်းက ရှက်သွားသည်။ သို့သော် သူရင်ထဲမှာ ပျော်နေသည်။ သူက သူ့အားမူ၏လည်ပင်းကိုချိတ်ပြီး လွှတ်မပေးခဲ့ပေ။ ထိုစဥ် အားစန်းလေးက သူ့အဖေ၏ရင်ခွင်ထဲမှာ လက်ချောင်းစုတ်နေပြီး သူတို့ကို မနာလိုစွာစိုက်ကြည့်နေသည်။



ညစာစားပြီးနောက် တာမောင်းနှင့်အာမောင်းက အိမ်ပြန်သွားပြီး ကလေးနှစ်ယောက်နှင့် သမားတော်ဟဲက အိပ်ရာဝင်ခဲ့ကြသည်။ လီဖုန်းက ခရိုင်မြို့မှယူလာသော မင်္ဂလာဝတ်စုံနှစ်စုံကိုပြရန် ထန်ချွန်းမင်အား အိမ်အသစ်သို့ ခေါ်ဆောင်လာခဲ့သည်။ 


လီဖုန်းက ထန်ချွန်းမင်၏ ယခင်သရုပ်မှန်ကို ထည့်သွင်းစဥ်းစားခဲ့တာကြောင့် မင်္ဂလာဝတ်စုံကို စိတ်ကြိုက်ပြင်သည့်အခါတွင် စကတ်ကို မရွေးချယ်ခဲ့ပေ။ ထိုအစား ထန်ချွန်းမင်၏ပုံစံနှင့်လိုက်ဖက်သည့် ဆင်တူဝတ်စုံနှစ်စုံကို ရွေးချယ်ခဲ့သည်။ လီဖုန်း၏ဝတ်စုံက အနီရောင်ဖြစ်ပြီး ထန်ချွန်းမင်က အနီရောင်တောက်တောက်ဖြစ်သည်။ လီဖုန်း၏ဝတ်စုံမှာ ခမ်းနားကြီးကျယ်သော လင်းယုန်တစ်ကောင်ရှိပြီး ထန်ချွန်းမင်၏ဝတ်စုံမှာ​တော့ ရိုးရာငှက်ကလေးတစ်ကောင်ရှိသည်။


“ဖြုန်းတီးလိုက်တာ တစ်ခါပဲဝတ်မှာကို ငွေအများကြီးသုံးခဲ့ရတယ်။ ဒါပေမယ့် ပန်းထိုးလက်ရာက အရမ်း​လှတယ်။” ထန်ချွန်းမင် သူရှေ့ကဝတ်စုံကိုထိကာ ​ပြောလိုက်သည်။


လီဖုန်းက ငွေအကြောင်းပြောခဲ့သည့် ထန်ချွန်းမင်၏ပထမဆုံးတုံ့ပြန်မှုကို စိတ်ထဲမထားပေ။ သူက ရယ်မောလိုက်မိသည်။ “မင်းကြိုက်ရင်ရပါပြီ။ မင်ကောအာ… ငွေဆိုတာသုံးဖို့ပဲလေ။”


“ကြည့်ပါဦး ခင်ဗျားက ပျော်နေလိုက်တာ။” ထန်ချွန်းမင်က လီဖုန်းကို မျက်စောင်းထိုးလိုက်သည်။ ယင်းမျက်စောင်းတစ်ချက်က လီဖုန်း၏နှလုံးသားကို အရည်ပျော်သွားစေပြီး သူ့အတွင်း၌ အလွန်ပူပြင်းလာကာ ကိုယ်ကိုယ့်ကို စည်းမကျော်မိအောင် မနည်းထိန်းလိုက်ရသည်။ သူက ထန်ချွန်းမင်နှင့်အတူ အဝတ်စမ်းဝတ်ကြည့်ခဲ့သည်။ အဆင်မ​ပြေတာရှိလျှင် ခရိုင်ကိုပို့ပြီး မင်ကောအာ၏ စိတ်ကြိုက်ပြင်ဆင်ခိုင်းမည်ဖြစ်သည်။


တကယ်တော့ ထန်ချွန်းမင်က စိတ်ချမ်းသာနေသည်။ သူ့နှလုံးသားအောက်ခြေက ပူဖောင်းများ ပွက်ပွက်ထနေသည်။ သူ့အရင်ဘဝမှာ သူသဘောကျသည့်လူ ရှိခဲ့လျှင်ပင် ချစ်သူရည်းစားဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ရသည်။ သို့ဖြစ်၍ သူ့မှာ သူငယ်ချင်းနှင့် မိသားစု၏ကောင်းချီးကို လူသိရှင်ကြားလက်ခံနိုင်သည့် အခွင့်အရေးမရှိခဲ့ပေ။ ထိုအချိန်က သူသည် တခြားသူများ၏မင်္ဂလာပွဲကို မြင်ရသောအခါ သူ့စိတ်ထဲတွင် အားကျခဲ့ရသည်။ သို့သော် ယခုဘဝမှာမူ သူ့မှာ မင်္ဂလာဝတ်စုံဝတ်ပြီး သူချစ်သူနဲ့လက်ထပ်ဖို့ အခွင့်အရေးရခဲ့သည်။ သူ့အမူအရာက လီဖုန်းအပြုံးလိုပင် ​တောက်ပနေခဲ့သည်။


လီဖုန်းက သူတို့အိမ်အသစ်ကို ဂရုတစိုက် အလှဆင်ထားသဖြင့် ထန်ချွန်းမင်က သူတို့အနာဂတ်ကို ပိုမိုမျှော်လင့်လာခဲ့သည်။