Chapter 49.4
Viewers 21k

Chapter 49.4

  





   

ဤတုံ့ပြန်မှုက လောဘမကြီးပဲ ကြည်လင်သောစိတ်ထားရှိသည့် ဟဲလောင်ကို ကျေနပ်စေတာကြောင့် သူက အကြံပေးလိုက်သည်။ “သူတို့နှစ်ယောက်လုံးက အခုချိန်မှာ ဒါကိုလုပ်ဖို့ အချိန်မရှိဘူး။ ငါမပြောပြရင် နှစ်ယောက်လုံးက ဆိုင်ဖွင့်ဖို့လည်း တွေးမှာမဟုတ်ဘူး။ အဲ့ဒါက ​ဖြန်းတီးရာကျတယ်။ အခု မင်းက သူတို့ကိုကူညီပေးနေတော့ သူတို့လည်းဝေစုရမှာမို့ အရှူံးမရှိတော့ဘူး။”

 

“မင်ကောအာရဲ့အဆိုအရ ဆိုင်က အနာဂတ်မှာ ကောင်းကောင်းမစီမံနိုင်ခဲ့ရင် ငှားတာဖြစ်ဖြစ် ရောင်းတာဖြစ်ဖြစ် လုပ်လိုက်လို့ရတယ်။ လုပ်ငန်းက နောက်နှစ်မှာအဆင်ပြေလာရင်တော့ ကျောင်းဆောက်ဖို့ပဲဖြစ်ဖြစ် တခြားတစ်ခုပဲဖြစ်ဖြစ် ရွာအတွက် ထုတ်သုံးလို့ရတယ်။ အတိုချုပ်ပြောရရင် ရွာက တခြားမိသားစုတွေလည်း အကျိုးအမြတ်ရနိုင်တာပေါ့။”

  

“ဒါက… “ ရွာလူကြီးက ချီတုံချတုံပြောလိုက်သည်။ “ကျွန်တော်တို့ အချင်းချင်းဆွေးနွေးကြရင်ရော?” ရွာလူကြီးက အတန်ငယ် သွေးဆောင်ခံလိုက်ရသည်။ သူ့သားနှစ်ယောက်ကလည်း ခရိုင်မြို့မှာ ကျောင်းတက်နေ၍ နှစ်စဥ်စရိတ်ကမနည်းပေ။ သူက သူတို့ကို ယခုချိန်မှာ ထောက်ပံ့နိုင်သေးပေမယ့် အနာဂတ်မှာ ဝန်ပိုလေးလာလိမ့်မည်။

   

မင်ကောအာ၏မိသားစု ပိုချမ်းသာလာတော့ သူအားကျမိပေမယ့် ဤသည်မှာ တခြားသူများ၏ ​အရည်အချင်းဖြစ်၍ သူ့မှာမှားယွင်းသော အကြံအစည်ရှိမှာမဟုတ်ပေ။

  



“မင်းတို့မြန်မြန်လုပ်မှရမယ်။ ရာသီဥတုက ပူလာတော့မှာ ရေခဲသုံးဖို့အချိန်သိပ်မရှိတော့ဘူး။ ငါတို့ဒီနှစ် ပိုက်ဆံရှာရမယ် နားလည်လား?” သမားတော်ဟဲက အပြုံးတစ်ခုဖြင့် အကြံပေးလိုက်သည်။

  



“ကောင်းပါပြီ” ရွာလူကြီးက အလျင်စလိုထွက်သွားပြီး ကိစ္စဆွေးနွေးရန် တခြားမိသားစုများကို သူ့အိမ်သို့ ခေါ်လိုက်သည်။ 

 .



ရလဒ်ကတော့ သမားတော်ဟဲ၏ မျှော်လင့်ချက်အတိုင်းပင်။ မိသားစုများက လက်ခံခဲ့ပေမယ့် တစ်ချို့က ၂၀ ရာခိုင်နှုန်းမှာ များလွန်းသည်ဟုဆိုကာ ငြင်းဆန်ချင်ကြသည်။

    

ထန်ချွန်းမင်က သဘောမတူပဲ ဆိုင်ဖွင့်ချိန်အတွင်း စည်းကမ်းချက်များကို လိုက်နာပြီး ငှားခကို ထန်ချွန်းမင်အား သီးသန့်ပေးဆောင်ကာ အမြတ်ဝေစုထဲမှာ ထည့်မတွက်ဟုပြော၍ ညှိနှိုင်းပေးလိုက်မှ သူတို့က လက်ခံခဲ့သည်။ ထန်ချွန်းမင်က ထပ်မငြင်းတော့ပေ။

 



ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကိစ္စကို ချက်ချင်းအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ တခြားလူတွေကတော့ ရေခဲလုပ်နည်းကို ဆက်လက်လေ့လာရန် ရွာမှာနေခဲ့သည်။ လီဖုန်းက ခရိုင်မြို့ကို မြင်းစီးသွားခဲ့ပြီး ဆိုင်တစ်ဆိုင်ရှာပေးရန် ထန့်ယွီအား အကူအညီတောင်းခဲ့သည်။ သူတို့၏အတွေးကရိုးရှင်းသည်။

    

သူတို့က ခရိုင်မြို့မှာ အဆက်အသွယ်မရှိ၍ ထန့်ယွီနှင့် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးက ရေတိုမှာ ပြတ်တောက်မည်မဟုတ်ပေ။

 .



ထန့်ယွီက ခရိုင်မြို့ရှိ ထင်ကျင့်စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည်ကို ထန်ချွန်းမင်သိပြီးသားဖြစ်၏။ သူ စစချင်းသိိလိုက်ရချိန်မှာ စိတ်ကသိကအောက်ဖြစ်သွားသော်လည်း မ​ကြာခင်မှာ လွှတ်ထားလိုက်တော့သည်။

    

စိုးရိ​ပ်စရာများကြောင့် သူက ချီတုံချတုံဖြစ်ခဲ့သည်။ ထန့်သခင်လေးက လီဖုန်းကြောင့် သူတို့နဲ့ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် ပိုကြိုးစားနေကြောင်း သူမြင်နိုင်သည်။ သို့ဖြစ်၍ ခရိုင်မြို့ရှိ သူတို့လုပ်ငန်းကိုထိန်းကျောင်းရန် တခြားအဆက်အသွယ်ကိုရှာဖို့ မလိုအပ်ခဲ့ပေ။ 

 



လီဖုန်း သူ့ကိုရှာပြီး တစ်ခုခုလုပ်ခိုင်းခဲ့လို့ ထန့်ယွီက အလွန်ဝမ်းသာနေသည်။ နှစ်ရက်အတွင်း တည်နေရာကောင်းသော ဆိုင်တစ်ဆိုင်ကို ထန်ချွန်းမင်မှ ပိုင်ဆိုင်ခဲ့ပြီး ရွာလူကြီးနှင့် တခြားလူများကလည်း ဆွေးနွေးပြီးနောက် အစီအစဥ်ကို ​အကောင်အထည်ဖော်ခဲ့သည်။

  

“ငါတို့ဆွေးနွေးပြီးပြီ။ ငါတို့မှာ အချိန်သိပ်မရှိတော့ စျေးကွက်ကိုစမ်းသ​ပ်ဖို့ မြို့ထဲကိုလူအရင်လွှတ်လိုက်မယ်။ အတွေ့အကြုံရသွားတာနဲ့ နောက်နှစ်မှာ ပို​ကောင်းတဲ့အစီအစဥ်တစ်ခု ပေါ်လာမှာပါ။ ပြီးတော့ ငါတို့အားလုံး စီးပွားရေးမလုပ်ဖူးလို့ ဘယ်လိုလု​ပ်ရမလဲမသိဘူး။ ဒီကာလအတွင်း ငါတို့ကို ဂရုစိုက်ပေးဖို့ သခင်လေးထန့်ယွီကို ပြောရမယ်ထင်တယ်။”

   



ရွာလူကြီးက လီဖုန်းနှင့် လူကိုယ်တိုင် လာရောက်ဆွေးနွေးပြီး ထန်ချွန်းမင်က ဘေးမှာနားထောင်နေသည်။ ထန်ချွန်းမင်က စိတ်ကူးအများကြီးကို ဖန်တီးပေးသူဖြစ်ကြောင်း သူသိတာကြောင့် သူ၏ ယခင်က မလိုလားသောစိတ်ကို အရှက်ရမိသည်။ သူ့ဇနီးက သူ့ကို ခဏခဏ​ဆူခဲ့တာ မထူးဆန်းတော့ပေ။

  

“အိမ်မှာရှိသမျှလူတွေ ကူညီပေးလို့ရလား? ကျွန်တော် ဆိုင်ကိုကြည့်လိုက်တော့ စားစရာနဲ့ နေရေးထိုင်ရေးက ပြဿနာမရှိဘူး။” လီဖုန်းက စိုးရိမ်တကြီးပြောသည်။

  

“ကိစ္စမရှိဘူး။ ဝမ်မော့နဲ့ သူ့ခင်ပွန်းက နှစ်ယောက်လုံးအားနေပြီး တောင်ပေါ်သွားလို့ရတယ်။ မင်းရဲ့အားမော့နဲ့ ငါက အဲ့ဒီနေရာက အခြေအနေကို နေ့တိုင်းစစ်ဆေးဖို့သွားပြီး ကလေးနှစ်ယောက်ဆီကိုလည်း လမ်းကြုံဝင်လည်လို့ရတယ်။” ရွာလူကြီးက ပြန်ဖြေသည်။

 

မင်ကောအာ၏မိထွေးနှင့် ညီလေးကတော့ မင်ကောအာ၏ မိသားစုတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခံထားရ၍ သူတို့ကိုလွှတ်ဖို့အတွက် ဘယ်သူကမှမပြောခဲ့ပေ။ ထို့အပြင် သူတို့သားအဖနှစ်ယောက်က လူအင်အား အချည်းအနှီးမဖြစ်စေခဲ့ပေ။ ဝမ်ယင်က မင်ကောအာကို ဤနေရာတွင် ဂရုစိုက်ရဦးမည်။

 



ဝမ်​မော့က ပြောလိုက်သည်။ “ငါ့ကလေးက သူ့ဘိုးဘိုးရဲ့ ထိန်းကျောင်းမှုအောက်မှာပါ။ ငါတို့နှစ်ယောက်မှာ လုပ်စရာမရှိလို့ ငါတို့လည်း ခရိုင်မြို့ကိုသွားပြီး ကမ္ဘာကြီးကိုကြည့်လို့ရတယ်။ မင်ကောအာ​ကြောင့်သာ မဟုတ်ရင် ငါတို့ ဒီအခွင့်အရေးရမှာမဟုတ်ဘူး။”

    

ဝမ်မော့က ထန်ချွန်းမင်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။ ထန်ချွန်းမင်က သူတို့တို ဤမျှလောက်ကြီးမားသော အကျိုးအမြတ်ပေးမယ်လို့ မထင်ထားခဲ့ပေ။ သူတို့ငွေရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ ဤကြင်နာမှုတစ်ခုတည်းက သူတို့မိသားစု တစ်ဘဝလုံးသတိရနေဖို့ လုံလောက်သည်။

  



“ဟုတ်တယ်…တာမောင်းနဲ့အာမောင်းက ငါနဲ့ရှိနေမှာမို့ အဲ့ဒီကိုသွားလို့မရဘူး။ မဟုတ်ရင် ငါလည်း သူတို့နဲ့သွားကြည့်ချင်တယ်” ကျန်းရှို့က ဝမ်းနည်းသည့်အမူအရာနှင့်ပြောသည်။ တကယ်တော့ ထန်ချွန်းမင်ကို တစ်ယောက်ယောက်က စောင့်ရှောက်ရမည့် တခြားအ​ကြောင်းပြချက်လည်းရှိ​သည်။ ဝမ်ယင်က ဤကာလမှာ တစ်ရက်ခြားပဲလာသည်။ သူ့​အိမ််မှာ တိရစ္ဆာန်များမွေးမြူထားတာ​​​ကြောင့် ၎င်းတို့အားလုံးကို ​တခြားမိသားစုများနဲ့ လွှတ်ထားခဲ့လို့မရပေ။

  

“ဒါ​ဆို အစ်ကို့ရဲ့ဦးလေးနဲ့ တစ်ရက်လောက် သွားကြည့်ပါလား? အချိန်မလောက်လို့လား? တာမောင်းနဲ့အာမောင်းက အခုသိတတ်နေပါပြီ။” ထန်ချွန်းမင်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ သူက ကျန်းရှို့၏ဆိုလိုရင်းကို အမြဲနားလည်သည်။

 



ကျန်းရှို့က ဘာမှမပြောပဲပြုံးလိုက်သည်။ သူနဲ့တာရှန်က ဆိုင်မှာအလုပ်ပြီးသွားလျှင် တာမောင်းနဲ့အာမောင်းကို ကျောင်းပို့ဖို့စီစဥ်ထားသည်။ ယခု သူတို့ဘဝက ပိုပိုသာယာလာခဲ့ပြီး စိတ်ပူစရာမရှိတော့ပေ။ သူနဲ့တာရှန်အလုပ်ရှုပ်လေ သူတို့ပိုပြီး တက်ကြွလာကာ သူတို့ဘဝလေး အာမခံချက်ရှိလာလေဖြစ်၏။

 

ဝမ်ယင်ကလည်း ထန်ချွန်းမင်၏ခံစားချက်ကို နားလည်ပြီး သူ့ကိုတွန်းထုတ်မည့်စကားမျိုး မပြောခဲ့ပေ။ သူလုပ်ခဲ့လျှင် သူက သူ့လင်ပါသားကို တွန်းထုတ်သလိုဖြစ်ပြီး ပြန်လည်သင့်မြတ်ခါစ သူတို့ဆက်ဆံရေး ထပ်မံပြိုလဲသွားလိမ့်မည်။

 



ဤနေရာမှာဆွေးနွေးပြီးနောက် ခရိုင်မြို့မှာ စတင်လှုပ်ရှားခဲ့သည်။ ထန့်ယွီက သူတို့ကိုဦးဆောင်ရန် သူ့ဘက်က ဆိုင်ရှင်တစ်ယောက်ကို ရွေးချယ်ပြီး စာရင်းကိုင်အဖြစ် ခန့်အပ်ခဲ့သည်။ ဆိုင်ရှင်ထွက်သွားတော့ လီဖုန်းက ခရိုင်မြို့ကိုတစ်ချက်သွားကြည့်ခဲ့ပြီး ထိုနေရာကကိစ္စများကို ဂရုမစိုက်တော့ပေ။ ထန်ချွန်းမင်လိုပင် သူသည်လည်း လက်ရှောင်ဆိုင်ပိုင်ရှင်ဖြစ်လာပြီး နောက်ဆုံးအမြတ်ဝေစုမှလွဲ၍ ဘာကိုမှဂရုမစိုက်တော့ပေ။

 

သို့သော် မြို့မှ သတင်းကောင်းထွက်ပေါ်လာခဲ့သည်။ ချမ်းသာသောမိသားစုများက ရေခဲအများကြီးလိုအပ်နေ၍ ငွေပြတ်လတ်မှုမရှိခဲ့ပေ။ ထန့်ယွီ၏အကူအညီဖြင့် လုပ်ငန်းက လျင်မြန်စွာ လည်ပတ်ခဲ့သည်။ ရံဖန်ရံခါလာလည်သော ကျန်းရှို့က အမြဲတမ်း အပြုံးတစ်ပွင့်ဖြင့် ပြန်လာလေ့ရှိသည်။ ပြောစရာပင်မလိုအပ်…သူတို့က ငွေအများကြီးရှာနိုင်ခဲ့သည်လေ…

 

အချိန်လျင်မြန်စွာကုန်ဆုံးခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာ အားစန်းလေးက တစ်လပြည့်သွားခဲ့သည်။ ထန်ချွန်းမင်၏ မီးဖွားကာလကလည်း ပြီးဆုံးသွားခဲ့သည်။ သူက ရေနှစ်ပုံးသုံးကာ သူ့ခန္ခာကိုယ်ပေါ်ရှိ အစွန််းအထင်းများကို အရေခွံမကွဲမချင်း ပွတ်တိုက်ပစ်လိုက်သည်။ သူက ရေနှစ်ပုံးသုံးပြီးနောက် ပေါင်များစွာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

 



သို့သော် ထန်ချွန်းမင်က သူ့ဗိုက်သားပျော့ပျော့ကိုညှစ်ရင်း လီဖုန်းကို အံကြိတ်ကာ​ပြောလိုက်လေသည်။ “ခင်​ဗျားစကားကိုတော့ မမေ့သွားပါဘူးနော်။ နက်ဖြန်ကစပြီး ဒီအဆီတွေကို ဖယ်ရှားပြီး ကြွက်သားထွက်အောင် ကျွန်တော် ခင်ဗျားနဲ့ ကိုယ်ခံပညာလေ့ကျင့်မှာ။”

 

လီဖုန်းက နေရခက်စွဲမျက်နှာလွှဲလိုက်သည်။ သူ ဆက်ကြည့်နေလျှင် ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ မင်ကောအာ၏ဝတ်ပြုကာလကို မစောင့်နိုင်မှာ ကြောက်မိသည်။ “ကိုယ် မမေ့ပါဘူး။ ဒါပေမယ့် သမားတော်ဟဲကို အရင်မေးရမယ်။” ပြောပြီး​နောက် သူက ထိတ်လန့်တကြား ပြေးထွက်သွားလေသည်။

  

ထန်ချွန်းမင်က သူ့တုံ့ပြန်မှုကို သဘောပေါက်သွားပြီး သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။ သူ ဒီလောက်အဆီတက်လာတာကို ဘယ်လိုစားနိုင်သေးတာလဲ?

 

ဤလအတွင်းမှာ သူက ဝက်တစ်ကောင်လို စားသောက်ခဲ့ပြီး လီဖုန်းက ဘာမှမပြောသည့်အတွက် ဝမ်ယင် ဝင်ပါလာရသည်။ သူ့မိထွေးက အချိန်အတော်ကြာအောင် ပြုတ်ထားသော စွတ်ပြုတ်ကို အေးစက်သောမျက်နှာဖြင့် ယူလာကာ “မင်းစားမလား မစားဘူးလား”ဟူသော အကြည့်ဖြင့် ခြိမ်းခြောက်လာ၍ ထန်ချွန်းမင်က မငြင်းရဲတော့ပေ။

    

နောက်တော့ တခြားသူများသိသွားသောအခါ သူတို့က ထန်ချွန်းမင်၏ အစားအသောက်အတွက် ဝမ်ယင်ကိုသာ ပုံအပ်လိုက်တော့သည်။ ထန်ချွန်းမင်က ဝက်များအတွက် ရည်ရွယ်ထားသော စားစရာကို ကျည်ဆံကိုက်ကာ မျိုချလိုက်ရသည်။ ယခုမူ သူသည့် ကြက်စွပ်ပြုတ်ကိုမြင်သည်နှင့် အန်ချင်လာခဲ့လေသည်။