Chapter 46.4
အမှန်တော့ သူက လူဆိုးတစ်ယောက်ဖြစ်ခဲ့တယ်လို့ ပြောချင်တာမဟုတ်ပေ။ သို့သော် အင်ပါယာစာမေးပွဲဖြေဆိုပြီး နာမည်ရချင်လျှင် ထိုအကျင့်စရိုက်မျိုးက အရာရှိရာထူးအတွက် သင့်လျော်မည်မဟုတ်ပေ။ သူက သူ့ယောက်ဖကို ကောင်းကောင်းလေ့ကျင့်ပေးသင့်တယ်လို့ တွေးနေသည်။
သူတို့နှစ်ဦးက ဤကိစ္စနဲ့ပတ်သက်ပြီး စာမျက်နှာတစ်ခုတည်း၌ရှိသည်။ ထန်ချွန်းမင်က သူ့ညီငယ်လေးကို လိမ္မာပါးနပ်စွာ လမ်းပြပေးရန် ကြိုးစားနေသော်လည်း သူက ငယ်သေးသဖြင့် ဖိအားအများကြီးပေးလို့မရပေ။
ဒုတိယနေ့တွင် ထန်ချွန်းရုံက ဆက်နေချင်ခဲ့သည်။ ထိုစစ်သားများနှင့်အတူ တောင်ပေါ်လိုက်သွားဖို့ စိတ်ဝင်စားနေ၏။ သူတို့၏အဆိုအရ တောင်ပေါ်ရှိ တိရစ္ဆာန်ကြီးများကို ဦးစွာရှင်းလင်းသင့်သည်။ မဟုတ်ပါက တောရိုင်းတိရစ္ဆာန်ကြီးများသည် တောင်ပေါ်မှာစိုက်ပျိုးသမျှကို တူးထုတ်လျှင် ကြိုးစားအားထုတ်မှုက အလဟဿဖြစ်သွားလိမ့်မည်။
ထန်ချွန်းရုံက ထိုနေရာသို့သွားရန် စိတ်ထက်သန်နေသော်လည်း သူ့မှာ ခွင့်တစ်ရက်သာရှိ၍ လီဖုန်းက သူ့ကိုပြန်ပို့ခဲ့သည်။ သူက နောက်တစ်ကြိမ်ပြန်လာမှပဲ တောင်ပေါ်မှာ ဆော့ကစားဖို့တွေးလိုက်သည်။
တောင်ပေါ်မှာ အန္တရာယ်များတာကြောင့် သူ့အားမူက ဘယ်တုန်းကမှ တောင်ပေါ်သွားခွင့်မပြုခဲ့ပေ။ သူ့ယောက်ဖ (ကျောက်တာဟူ)ကလည်း တောင်ပေါ်မှာ အသက်ဆုံးရှူံးခဲ့ရတာမလား? သို့ပေမယ့် ယခုအခါ လီဖုန်းတွင် ကျွမ်းကျင်မှုတချို့ရှိနေခဲ့သည်။
လီဖုန်းက ရွာလူကြီးနဲ့စကားပြောခဲ့ပြီး ရွာလူကြီးက ချက်ချင်းဆိုသလိုပင် ရွာရှိ သန်မာသော လူငယ်တချို့ကို စည်းရုံးကာ တောင်ပေါ်သို့သွားရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့သည်။ ဟုတ်ပါ၏။ ဆန္ဒမရှိသည့် လူတစ်ယောက်မှမရှိပေ။ စစ်သားများနှင့် အမဲလိုက်ရမည့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံမှာလဲ? ထို့အပြင် အမဲလိုက်သော တောရိုင်းတိရစ္ဆာန်များကို လူတိုင်းဝေစုရရှိမည်ဖြစ်သည်။ သူတို့ သာမန်နေ့များမှာ တောင်ပေါ်တစ်ယောက်တည်းတက်လျှင် အပြင်ဘက်တစ်ဝိုက်မှာသာ လှည့်ပတ်ရဲသည်။
လီဖုန်းက တာရှန်နှင့် ဝမ်မော့၏မိသားစုမှ အမျိုးသားများကိုလည်း ခေါ်ဆောင်လာပြီး ကျန်းရှို့နဲ့ဝမ်မော့အား မင်ကောအာကိုအဖော်ပြုပေးရန် အိမ်ပြန်ဖို့ပြောခဲ့သည်။ လူနှစ်ဆယ်သုံးဆယ်ကျော်ရှိသော အဖွဲ့တစ်ဖွဲ့က ခမ်းခမ်းနားနား တောင်ပေါ်တက်လာကြသည်။ ထိုကြောက်မက်ဖွယ် တောရိုင်းတိရစ္ဆာန်များက သတင်းကြားခဲ့လျှင် ဟိုးအရင်တည်းက ထွက်ပြေးသွားခဲ့မှာဖြစ်၏။
“မင်းကြားလိုက်လား? ငါတို့ ဒီနေ့ တောဝက်ကြီးတစ်ကောင်ကို ဖမ်းမိရင် တစ်ရွာလုံးကို ကျွေးမွေးဧည့်ခံမှာတဲ့။ တာရှန်နဲ့ သူ့လူတွေ တောဝက်ကြီး သယ်လာနိုင်ဖို့ မျှော်လင့်တယ်။” ကျန်းရှို့က မျှော်လင့်တစားပြောလိုက်သည်။ ဤရွာလေးမှာ အသက်ဝင်သော အခါသမယက ရှားပါးသည်။
ဟိုးအရင်တုန်းက တောင်ပေါ်တက်ဖို့ လူစုလျှင် ၎င်းက တောဝက်ကြီးများဆင်းလာပြီး ကောက်ပဲသီးနှံများကို ဖျက်စီးပစ်ခဲ့လို့ပင်။ ထိုအချိန်က လူတိုင်းသည် စိတ်အေးလက်အေးမရှိသလို လမ်းကိုဦးဆောင်ဖို့ သန်မာသော စစ်သားများလည်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ ကျန်းရှို့နှင့် သူ့လူများက တောင်ပေါ်တက်နေသည့် လူများ၏လုံခြုံရေးကို စိတ်မပူခဲ့ကြပေ။
“အို… ကျွန်တော်လည်းသွားချင်တယ်။” ထန်ချွန်းမင်က သက်ပြင်းချကာ သူ့ဗိုက်ကိုနောင်တရစွာကြည့်ရင်း သူဘယ်လောက်နှောင့်နှေးစေခဲ့လဲ တွေးနေ၏။
“မင်း….” ကျန်းရှို့နှင့် ဝမ်မော့က ဘာပြောရမလဲမသိပေ။ သူက တကယ်ကို (ကော)မဆန်ပေ။ ကံအားလျော်စွာ သူက ဗိုက်ကြီးတကားကားဖြင့် ထွက်ပြေးလို့မရခဲ့ချေ။
“ဟားဟား…. ကျွန်တော်နောက်တာပါ။” ထန်ချွန်းမင်က ရှက်ရှက်ဖြင့်ပြန်ဖုံးဖို့ ကြိုးစားခဲ့သည်။ ထို့နောက် သူက စုတ်တံနှင့် စာရွက်ယူကာ ဤတောင်ကုန်းကို သင့်တင့်လျောက်ပတ်အောင် ဘယ်လိုဖြန့်ကျန်ရမလဲ စီစဥ်နေ၏။
ကျန်းရှိူ့နှင့် ဝမ်မော့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။ ရွာထဲက ကောများက ထန်ချွန်းမင်လောက်မတော်ဘူးလို့ သူတို့ပြောခဲ့ကြသည်။
လူအုပ်စုက နေ့လည်မှာ ပြန်မလာတာကြောင့် ထန်ချွန်းမင်က သူငယ်ချင်းနှစ်ယောက်နှင့် တာမောင်း၊အာမောင်းတို့ကို နေ့လည်စာခေါ်ကျွေးခဲ့သည်။ မွန်းလွဲပိုင်းမှာ ပင်မအုပ်စုပြန်ရောက်လာသည်။ အဝေးရှိ ရွာ၏အော်ဟစ်အားပေးသံများကြောင့် သူတို့ ဤခရီးစဥ်မှာ အမြတ်အများကြီးရခဲ့တာ သိသာသည်။ ထန်ချွန်းမင်က စုတ်တံနဲ့စာရွက်ကိုချကာ စိတ်ဝင်တစားပြောလိုက်လေသည်။ “သူတို့ ဘာယူလာလဲ သွားကြည့်ရအောင်။ အားလင်းး…မင်းရောသွားချင်လား?”
“ဟုတ် သားသွားချင်တယ်…. ဦးလေးဖုန်း အရမ်းအစွမ်းထက်တာပဲ။” အားလင်းက လက်သီးဆုပ်ကာ သူ့အားမူကို အရင်ဆုံးတုံ့ပြန်ခဲ့သူဖြစ်သည်။
“သားတို့လည်း သွားချင်တယ်!” တာမောင်းနှင့်အာမောင်းက နောက်မှာမနေခဲ့ချင်ပေ။
“မင်းတို့ကောင်တွေ—” ကျန်းရှို့က ရယ်မောလိုက်သည်။ “မင်ကောအာ… မင်းလန့်သွားမှာ မစိုးရိမ်ဘူးလား?”
.
“မစိုးရိမ်ပါဘူး။” ထန်ချွန်းမင်က သူ့လက်ကို သဘောထားကြီးသယောင် ဝေ့ယမ်းလိုက်သည်။ “ဒီလိုစိတ်လှုပ်ရှားစရာကို ကြည့်လို့ရတဲ့အခွင့်အရေးက ရှားတယ်။ ကျွန်တော့်ကို စိတ်နုတယ်လို့ မထင်လိုက်နဲ့။ သွားရအောင်…” ထန်ချွန်းမင်က စိတ်မရှည်စွာပြေးထွက်သွားပြီး ကျန်းရှို့နဲ့ ဝမ်မော့က နောက်မှလိုက်သွားရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ယနေ့လို သာယာသောနေ့တစ်နေ့ရှိလာလိမ့်မယ်လို့ ရွာထဲက ဘယ်သူမှမမျှော်လင့်ခဲ့ပေ။ တောင်ပေါ်တက်ခဲ့သူများကို ကြည့်လိုက်တော့ တောဝက်ကြီးနှစ်ကောင်၊ သားပေါက်လေးတစ်ကောင်နှင့် အရွယ်အစားမျိုးစုံရှိသော သားရဲတိရစ္ဆာန်များကို သယ်ဆောင်လာသည်။
သူတို့တောင်ပေါ်တစ်ယောက်တည်းသွားခဲ့ရင် ဒီလိုအများကြီးဘယ်လိုရနိုင်မှာလဲ? ယနေ့မှာ မိသားစုအားလုံးနီးပါး ဝေစုရရှိခဲ့သည်။ လူကြီးနှင့် ကလေးအားလုံးက အသားစားနိုင်တော့မှာဖြစ်၍ ပျော်ရွှင်နေကြသည်။
.
ထန်ချွန်းမင်နှင့် သူ့အဖွဲ့ရောက်လာတော့ လူအုပ်စုက ရွာရင်ပြင်ကို ရောက်နေပြီဖြစ်၏။ ရွာလူကြီးက မောင်းထုပြီး ကျယ်ကျယ်လောင်လောင်အော်လိုက်သည်။ တောင်ပေါ်တက်သွားသော ရွာသားများသည် ရွှင်မြူးသောမျက်နှာများနှင့် တခြားသူများကို ဝမ်းသာအားရကြွားဝါနေ၏။
“အမလေး.. မင်းမသိပါဘူး.. အစ်ကိုယွိက အဲ့ဒီကောင်ကြီးကို ကျောက်ခဲနဲ့ပစ်ပေါက်ပြီး သတိလစ်အောင် လုပ်ခဲ့တာ။ နောက်မှာရှိတဲ့ငါတို့က သူအမဲလိုက်တဲ့ပုံကိုကြည့်ပြီး ကြက်သေသေသွားရော။ နောက်တော့မှ အစ်ကိုယွိက သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားလာမှန်းသိရတော့တယ်။ ဒီလောက်ကြီးတဲ့ကောင်ကိုသတ်ဖို့ အများကြီးအားမစိုက်ခဲ့ရဘူး။”
စကားပြောနေသူသည် စိတ်လှုပ်ရှားစွာ ကခုန်နေ၏။ တောင်ပေါ်မတက်ခင်က သူက သူ့ကို သခင်ယွိလို့ခေါ်ပေမယ့် တောင်ပေါ်ကဆင်းလာသည်နှင့် အစ်ကိုယွိလို့သာခေါ်ခဲ့သည်။
“အစ်ကိုလီဖုန်းလည်းမဆိုးဘူး။ စာအုပ်ထဲမှာပြောထားတဲ့အတိုင်းပဲ မီတာတစ်ရာအဝေးက ပစ်မှတ်ကို ပစ်နိုင်တဲ့သူ တစ်ယောက်ရှိတယ်တဲ့။ အစ်ကိုလီဖုန်းက အဲ့ဒီအတိုင်းပဲ။ ကြည့် ဒီသမင်က အစ်ကိုလီဖုန်း မြှားတစ်ချောင်းနဲ့ သေအောင်ပစ်ခဲ့တာ။ ဟေး.. ဒီနေ့ငါအမြင်ကျယ်သွားပြီ။” ပြောနေသူက တောက်ပသောမျက်လုံးအစုံရှိနေသည်။
ရွာသားများက တောင်တက်ခဲ့သော လူများကို ဝန်းရံထားပေမယ့် လီဖုန်းကမော့ကြည့်လိုက်တာနဲ့ ထန်ချွန်းမင်ကို မြင်သွားခဲ့သည်။ သူက လူအုပ်ကြီးကို ကမန်းကတန်းတွန်းကာ လျှောက်သွားပြီး ဆယ်လှမ်းအကွာမှာရပ်လိုက်သည်။. “မင်ကောအာ.. မင်းဘာလို့ဒီရောက်နေတာလဲ? ဒီမှာသွေးတွေရှိနေတယ်။ ငါ့ကိုယ်ပေါ်မှာရောပဲ။ ငါနောက်မှ တောရိုင်းတိရစ္ဆာန်အချို့ ယူလာပေးမယ်။”
“ရပါတယ်… ကျွန်တော်အဆင်ပြေပါတယ်.. ကျွန်တော်က သူရဲကောင်းတွေကိုကြည့်ဖို့ လာခဲ့တာ။ ခင်ဗျား ကိုယ့်အလုပ်ကိုယ်သွားလုပ်ပါ။ ကျွန်တော်တစ်ချက်ပဲကြည့်မယ်… အဆင်ပြေတယ်။” ထန်ချွန်းမင်က လမ်းလျှောက်ထွက်လာတာဖြစ်၍ စောစောပြန်ဖို့ တွန့်ဆုတ်နေသည်။ သူက ပုံမှန်အားဖြင့် အိမ်မှာနေသည်မှာ လူတွေကိုတွေ့ရမှာ ရှက်လို့ဖြစ်၏။
သူက ဗိုက်ကြီးနေသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး တခြားသူများ၏အမြင်တွင် သာမန်ဖြစ်သော်လည်း သူ့အနေနဲ့ ထူးဆန်းတယ်လို့ခံစားရတာကြောင့် သူကအပြင်မထွက်ခဲ့ပေ။ ယခု သူက အချိန်နှင့်တပြေးညီ ညှိယူပြီးပြီမို့ အပြင်ထွက်ဖို့ အခွင့်အရေးယူခဲ့သည်။
“စိတ်မပူပါနဲ့။ လီဖုန်း… ဝမ်မော့နဲ့ ငါက သူ့ကိုစောင့်ကြည့်နေပါတယ်။ တစ်ခုခုဖြစ်သွားရင် ငါတို့ချက်ချင်းပြန်ပို့ပေးပါ့မယ်” ကျန်းရှို့က ကမန်းကတန်းပြောလိုက်သည်။
လီဖုန်းက သဘောတူရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေမယ့် မင်ကောအာကို အနီးကပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူသည် တခြားသူများနှင့် မနီးကပ်ရဲပေ။ ယင်းမှာ သူ၏သွေးများက သူများကို စွန်းထင်းသွားမှာစိုး၍ဖြစ်၏။