Chapter 40.1
Viewers 21k

Chapter 40.1




ညစာပြင်ပြီးနောက် လီဖုန်းပြန်ရောက်လာခဲ့သည်။ သူမပြန်ခင် ရွာလူကြီးကို အရင်လိုက်ပို့ခဲ့သည်။ သူ ရွာလူကြီးအိမ်ကိုရောက်တော့ နေ့လည်က ကျောက်မိသားစု၌ ဖြစ်ပျက်ခဲ့တာကို ရှန်းဖူလန်မှတစ်ဆင့် ကြားလိုက်ရသည်။ သူက ရည်ရွယ်ချက်ရှိရှိ နားထောင်ခဲ့တာမဟုတ်ပဲ အိမ်မှာရှိသော မင်ကောအာကိုစိတ်ပူကာ အမြန်ပြန်ချင်ခဲ့သည်။ သို့ပေမယ့် ရွာလူကြီးအိမ်မှာ လူပြည့်နေပြီး ရွာ၏အကြီးအကဲများနှင့် ကျောက်မိသားစုဝင်များက ရွာလူကြီးကိုစောင့်နေခဲ့သည်။

 

ကျောက်မိသားစုက ရွာလူကြီးကို အခေါ်လွှတ်ခဲ့ပြီး ထိုအချိန်က ရွာလူကြီးအပြင်ထွက်သွားတာ သူတို့မယုံခဲ့ပေ။ မနက်ခင်းက ရွာအနှံ့ နှုတ်ဆက်နေသည်ကိို တချို့လူတွေကမြင်သော်လည်း အသိဉာဏ်ရှိသူများက ရှန်းဖူလန်မလိမ်ဘူးဆိုတာ သိခဲ့သည်။

 

ရှန်းမိသားစုထွက်ခွာသွားပြီးနောက် သူတို့က ရွာလူကြီးအိမ်ကိုပြေးလာပြီး အခြေအနေအား တာဝန်ယူဖြေရှင်းပေးရန် သူ့အလာကို စောင့်ခဲ့ကြသည်။

 

ဘိုးဘိုးကျောက်က တံခါးဘောင်ပေါ်မှာမှီနေပြီး မထနိုင်ပေမယ့် ဝမ်ချွန်းဟွာနှင့် ကျောက်တာနျိုက သူ့ကို ရွာလူကြီးအိမ်သို့ ခေါ်လာကာ ရွာလူကြီးပြန်လာလျှင် သူတို့အတွက် တရားမျှတမှုရှာပေးရန် စောင့်ဆိုင်းခဲ့ကြသည်။ ရှန်းမိသားစုက တရားလွန်သွားပြီဖြစ်၏။

 

လီဖုန်းက ရွာလူကြီးအား လှည်းဖြင့်ပြန်လိုက်ပို့တာကိုတွေ့လျှင် ထိုလူတွေက ရွာလူကြီး တကယ်အပြင်ထွက်သွားမှန်း သိလိုက်ရသည်။ သူတို့က အရင်ကဖြစ်ပျက်ခဲ့တာကို အများကြီးမပြောနိုင်၍ ထိုအရေးကြီးသော အခိုက်အတန့်မှာ ရွာလူကြီးကို အပြင်ခေါ်သွားသည့် လီဖုန်းအား အပြစ်တင်လို့မရပေ။ ဖြစ်ချင်တော့ ရှန်းမိသားစုက ထိုအချိန်မှာ ပြဿနာလာရှာခဲ့ကြောင်း လီဖုန်းမသိခဲ့ပေ။

 

သို့သော် ကျောက်မိသားစုမှလူများက လီဖုန်းကို ဖော်ပြလို့မရသော မျက်လုံးများဖြင့် ကြည့်နေသည်။ လီဖုန်းက ထန်ချွန်းမင်၏အိမ်ကို​ ရောက်လာသော အောင်သွယ်တော်ကို နှင်ထုတ်ခဲ့ကြောင်း သူတို့အားလုံးသိသည်။ သူတို့မျက်လုံးထဲတွင် မင်ကောအာက ကျောက်မိသားစုဝင်ဖြစ်နေဆဲပင်။ လီဖုန်း၏လှုပ်ရှားမှုက ကျောက်မိသားစုကိုဆွပြီး ကျောက်မိသားစုအား မျက်နှာပျက်စေသည်မှာ သေချာသည်။

 

လီဖုန်းက သူတို့အကြည့်ကို လျစ်လျူရှုလိုက်၏။ စကားအနည်းငယ်နားထောင်ပြီးနောက် သူက ရွာလူကြီးနှင့် လီမိသားစုမှ ထိုက်သင့်သော လူတစ်ချို့ကိုနှုတ်ဆက်ကာ အလောတကြီးပြန်သွားခဲ့သည်။ သူ​ပြန်သွားပြီးနောက် တချို့လူတွေက သူနဲ့ မင်ကောအာကို ထေ့ငေါ့ပြောဆိုခဲ့သည်။ ဤလူများက သူ့ရှေ့မှာတော့ ဘာမှမပြောဝံ့ပေ။ အမှန်မှာ ထိုမျက်နှာက အလွန်ကြောက်စရာကောင်းပြီး သူ့စွမ်းရည်က လူသန်ကြီးယွိမုထက်ပင် ဆိုးသည်ဟုဆိုကြသည်။

 

သို့သော် ကျောက်မိသားစု၏ အရေးကိစ္စကြောင့် စုပြုံနေသော လူတွေက ရွာလူကြီးနဲ့ လီဖုန်းအကြောင်းကို မေးဖို့သတိမရခဲ့ပေ။ သို့ဖြစ်၍ လောလောဆယ်၌ မင်ကောအာ တောင်တစ်လုံးဝယ်မည့်ကိစ္စကို ဘယ်သူမှမသိခဲ့ပေ။

 



ထန်ချွန်းမင် ညစာချက်နေစဥ် ကျန်းရှို့က လာကူပြီး ကျောက်မိသားစုအကြောင်း ပြောပြခဲ့သည်။ နားထောင်ပြီးနောက် ထန်ချွန်းမင်က သူ ကျောက်မိသားစုအား စာနာသင့်သလားပင် မသိတော့ချေ။ ကျောက်မိသားစုဟာ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ကြသည့် အနိုင်ကျင့်သူအုပ်စုဖြစ်ကြောင်း ကျောက်တာဟူသေဆုံးပြီးနောက် သိခဲ့ရသည်။ ကျောက်တာဟူ အသက်ရှင်နေသေးလျှင် နေ့ခင်းဘက်က ရှန်းမိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရာမှာ သူတို့ဘက်က လုံးဝဥဿုံ ရှုံးနိမ့်ခဲ့မှာမဟုတ်ပေ။ တကယ်တော့ ကျောက်တာဟူက သန်မာသော လူတစ်ဦးဖြစ်ပေမယ့် ယခုမူ ကျောက်မိသားစု၌ အားနည်းသူနှင့် အသက်ကြီးသူသာရှိတာကြောင့် အခြေအနေက ရှန်းမိသားစုဘက်သို့ အားသာသွားခဲ့သည်။

 

လီဖုန်းအိမ်ပြန်လာတော့ ထန်ချွန်းမင်က ထမင်းဟင်းများကို စားပွဲပေါ်တင်နေဆဲဖြစ်၏။ လီဖုန်းအိမ်နားရောက်တော့ သူပြန်လာပြီဖြစ်ကြောင်း အကြောင်းကြားရန် အပြင်ဘက်က လူတွေနဲ့သတိပေးခိုင်းခဲ့သည်။ ထို့ကြောင့် ပြန်လာပြီးနောက် သူက လက်ဆေးကာ စားပွဲပေါ်မှာထိုင်လိုက်သည်။ တာမောင်းနှင့်အာမောင်းက မြင်းပေါက်စလေးကို စောင့်ချင်ပေမယ့် ကျန်းရှို့အိမ်ပြန်သောအခါ သူ့သားနှစ်ယောက်၏နားရွက်ကိုဆွဲ၍ တစ်ခါတည်းပြန်ခေါ်သွားခဲ့သည်။ 

  

“ဦးလေးဖုန်း…. မြင်းပေါက်စက ဘယ်မှာလဲ?” အားလင်းက သူ့နောက်လိုက်လာကာ မြင်းပေါက်စကိုမတွေ့တော့ စိတ်ပျက်သွားသည်။ သူ ဦးလေးလီဖုန်းကို ချက်ချင်းမေးသင့်တယ်လို့ အာမောင်းမပြန်ခင် ပြောသွားခဲ့သည်။ သူ မြင်းပေါက်စကိုတွေ့လျှင် သူလည်းပဲ တူတူလာကြည့်မလို့ဖြစ်၏။

  

လီဖုန်းက လက်ပေါ်ကရေကိုခါကာ အဝတ်စနဲ့သုတ်လိုက်ပြီး အားလင်းကိုချီကာ ပြောလိုက်သည်။ “ဦးလေး မြင်းကိုရွေးပြီးပြီ။ စရံလည်းပေးပြီးပြီ။ မနက်ဖြန် သွားယူလို့ရပြီ။ မင်းရဲ့ဦးလေးဖုန်းက ရွာလူကြီးကို အမြန်လိုက်ပို့ပေးခဲ့ရလို့ အားလင်းအတွက် မြင်းပေါက်လေး ခေါ်မလာနိုင်တာ။ မနက်ဖြန်နေ့လည်မြင်စေရမယ်လို့ ဦးလေးဖုန်း ကတိပေးတယ်။”

 

အားလင်းက သူကြားခဲ့တာကို တစ်ဝက်ပဲနားလည်သော်လည်း သူ တစ်ခုတော့ သေချာနားလည်သည်။ ဦးလေးဖုန်းက မြင်းပေါက်စလေးဝယ်လာမှာ ဆိုပေမယ့် သူမနက်ဖြန်ထိစောင့်ရလိမ့်မယ်။ အားလင်းက ဦးလေးဖုန်းကို သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မံပျော်ရွှင်လာ၏။ သူက လီဖုန်းကို ပွတ်သပ်လိုက်ပြီး လီဖုန်းကလည်း အားလင်းကို အမာရွတ်ရှိသောမျက်နှာဖြင့် ပွတ်သပ်လိုက်သဖြင့် အားလင်းက တခစ်ခစ်ရယ်သွားလေ၏။

 

ထန်ချွန်းမင်က ခါးထောက်ကာ တံခါးဝမှာရပ်နေပြီး သူတို့နှစ်ယောက်အား အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ သူက လီဖုန်း၏ရှင်းပြချက်ကို ယခုလေးတင် ကြားခဲ့ရသည်။ သူတို့က ခရိုင်အစိုးရရုံးကိုသွားခဲ့ပြီး ခရီးကအရမ်းဝေးသည်။ သူတို့က ကတိမတည်တာမဟုတ်ပဲ မြင်းပေါက်လေးကို ပြန်မခေါ်လာနိုင်တာဖြစ်၏။

 

ထို့အပြင် ထိုလူသည် ကလေးများအား ကြောက်လန့်စေမည့် လူကြီးလေသံနှင့်ပြောမယ့်အစား စိတ်ရှည်သောလေသံဖြင့် အားလင်းကို ရှင်းပြခဲ့လေသည်။

 

လီဖုန်းက အားလင်းကိုချီထားသည်။ သူက ပြုံးပြုံးကြီးစိုက်ကြည့်နေသော မင်ကောအာနှင့် မျက်လုံးချင်းဆုံပြီး ရွှင်မြူးသွားလေ၏။

  



“ကိုယ် မနက်ဖြန်မြင်းပေါက်လေးကို သွားခေါ်ဖို့ ခရိုင်မြို့ကိုသွားမှာ။” ထိုင်ချပြီးနောက် လီဖုန်းက ထန်ချွန်းမင်ကို ရှင်းပြလိုက်သည်။

  



“ကျွန်တော်အားလုံးကြားပါတယ်။ ခင်ဗျားရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။”

  



“အရမ်းမခက်ခဲပါဘူး” ယင်းက လုံးဝမခက်ခဲပေမယ့် သူက မင်ကောအာ၏စကားကိုကြားရတော့ အရမ်းပျော်သည်။ ကျောက်မိသားစု၏ကိစ္စရပ်များကို စဥ်းစားကာ သူက စိုးရိမ်တကြီးပြောလိုက်သည်။ “ဒိနေ့လည်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောက်မိသားစုကိစ္စက မင်းကိုလန့်မသွားစေဖို့ မျှော်လင့်တယ်။”

  



“ကျွန်တော် ညနေအထိအိပ်ခဲ့တာ။ ရှန်းမိသားစုထွက်သွားတာ ကြာပါပြီ။ ပြီးတော့ ကလေးသုံးယောက်ကလည်း နေ့လည််ခင်းတစ်ချိန်လုံး တံခါးမဖွင့်ပဲ စောင့်ပေးခဲ့တယ်။ အစ်ကိုရှို့က ကျွန်တော့်ကို အတိအကျပြောပြထားလို့ စိတ်မပူပါနဲ့။” ထန်ချွန်းမင်က တန်ဖိုးထားခံရခြင်း၏ခံစားချက်ကို သဘောကျပြီး အပြုံးလေးဖြင့် တုံ့ပြန်ခဲ့သည်။

  



“ကောင်းတယ်။” လီဖုန်းက မင်ကောအာ၏အကြည့်အောက်မှာ စိတ်သက်သာရာရပြီး အနည်းငယ်နေရခက်နေသည်။ ယခင်က အနမ်းကိုပြန်တွေးရင်း သူက သူ့ကို ရုတ်တရက်ထပ်နမ်းချင်လာသည်။ သူက အရင်က စိတ်လှုပ်ရှားနေသဖြင့် ကောင်းကောင်းမခံစားခဲ့ရပေ။ သို့သော် ယခုမူ ကလေးကအနားမှာရှိနေ၍ လွန်လွန်ကဲကဲမလုပ်ချင်ပေ။ ၎င်းက ကလေးကို ဆိုးဆိုးရွားရွား လွှမ်းမိုးသွားစေနိုင်သည်။ သို့သော် လီဖုန်းက အားလင်းကိုရှောင်ပြီး စားပွဲအောက်ကနေ မင်ကောအာ၏လက်ကို ကိုင်လိုက်သည်။

 

ထန်ချွန်းမင်က စားပွဲအောက် တင်းတင်းဆုပ်ကိုင်ထားသည့် လက်ကိုကြည့်လိုက်သည်။ လက်ပိုင်ရှင်ကတော့ ခေါင်းငုံ့ပြီး အစားကိုအာရုံစိုက်နေ၏။ သူ့မျက်လုံးက ကူကယ်ရာမဲ့ပြုံးလိုက်သည်။ သူက အရင်ဘဝမှာ ယခုလိုအချစ်မျိုးမခံစားဖူးလို့ ယခုအခါ ထိုထဲ၌ နစ်ဝင်နေ၏။ သူတို့နှစ်ယောက်က လက်ကိုင်ကာ သာမန်ထက် ပိုကြာရှည်သော ညစာကိုစားခဲ့သည်။ အလယ်မှာ သူက အားလင်းကိုဂရုစိုက်ပေးပြီး ကောင်းကင်ကြီးက ပိုပိုမှောင်လာခဲ့သည်။

 



စားပြီးနောက် လီဖုန်းက စားပွဲရှင်းကာ ပန်းကန်ဆေးနေ၏။ ဘယ်သူမှမမြင်နိုင်သည့်အချိန်တွင် အမြဲတမ်းအမူအရာမရှိခဲ့သော သူ့မျက်နှာမှာ အပြုံးတစ််ခုရှိနေသည်။ မီးဖိုချောင်ကိုရှင်း​ပြီး အိမ်ထဲဝင်လာပြီးနောက် သူ၏အမူအရာမှာ မူလအခြေအနေသို့ ​ပြန်ရော​က်လာပြီး ယခုနက ပြုံးနေသည်မှာ သူမဟုတ်သလိုပင်။

 

သူက မင်ကောအာကို စာရွ​က်တစ်ရွက်ပေးလိုက်သည်။ ဤသည်မှာ အပြီးသတ်စာချုပ်မဟုတ်သော်လည်း အပ်ငွေ၏ တစ်စိတ်တစ်ပိုင်း ပေးချေခဲ့သည့် အထောက်အထားဖြစ်၏။ သစ်ပင်မပေါက်နိုင်သော တောင်ကြီး၏ဧရိယာကို တိုင်းထွာရန် အထက်လူကြီးများလာပြီးလျှင် ကျန်ငွေကို ပေးချရမည်ဖြစ်ပြီး သူက ဤစာရွက်တစ်ရွက်ဖြင့် အစိုးရရုံးကိုသွားကာ အမည်ပေါက်ပြောင်းလဲရမည်ဖြစ်၏။

 

သူကလည်း မင်​ကောအာကို ပြောလိုက်သည်။ “တောင်ကုန်းရဲ့ပေါက်စျေးက တစ်ဧကက်ိုငွေတစ်ပြားပေးရမယ်။ မြေရိုင်းလိုပဲ သူက သုံးနှစ်အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ပြီးရင်တော့ လွင်​တီးခေါင်မြေတွေရဲ့ အခွန်နှုန်းထားအတိုင်း ပေးဆောင်ရမယ်။ အစိုးရရုံးရဲ့ မှတ်ပုံတင်စာရင်းအရ တောင်ကုန်းနောက်ဘက်မှာ ​မြေဧက၅၀၀လောက်ရှိတယ်လို့ ခန့်မှန်းမိတယ်။” သူဒီနေ့ စပေါ်ငွေတစ်ရာကို​ ပေးချေပြီးပြီဖြစ်သည်။

 



ထန်ချွန်းမင်က စာရွ​က်ကိုယူကာ တုန်လှုပ်သွားသည်။ ဒီလိုလွင်တီးခေါင်တောင်ကုန်းကို ဝယ်ဖို့က ငွေငါးရာကုန်ကျမှာတဲ့လား… သူ အစတုန်းက လျှော့တွက်ခဲ့မိသည်။ လီဖုန်းရဲ့ငွေသာမရှိရင် သူအဲ့ဒီပိုက်ဆံကိုစုဖို့ ဘယ်လောက်တောင် ကြာလိုက်မလဲ? သူက ချမ်းသာသော သူဌေးကြီးကို မတော်တဆရလိုက်သည်။ သူက လက်ထဲကစာရွက်ကို ခါယမ်းကာ ပြောလိုက်၏။ “သူတို့ မြေလာတိုင်းမယ်လို့ ပြောခဲ့လား?”

 

“နောက်နှစ်ရက်နေရင် လာလိမ့်မယ်။ ရွာလူကြီးလည်းလာမှာမို့ စိတ်မပူနဲ့။ ငါ ဒီမှာမရှိရင် မင်း ငွေအရင်ပေးထားလို့ရတယ်။ ငါပြန်လာရင် ကျန်တာကို ဂရုစိုက်လိုက်မယ်။” သူ့ကောလေး ပျော်နေရင် သူပျော်သည်။ ထို့အပြင် တိုက်ပွဲ၊လယ်ယာ၊ အမဲလိုက်ခြင်းမှလွဲ၍ သူက ဘယ်လိုရှင်သန်ရမလဲမသိပေ။ လက်ထဲမှာ ငွေကိုင်ထားရင် အသုံးမဝင်ဖြစ်နေလိမ့်မည်။

      သို့ပေမယ့် မင်ကောအာက ကွာခြားသည်။ သူက ကျောက်မိသားစုနဲ့ ခွဲပြီး အိမ်ထောင်စုအသစ်စတင်ခဲ့သည်။ သူက ကောင်းမွန်သောဘဝဖြင့် ဆက်လက်နေထိုင်ခဲ့သည်။ ယင်းမှာ သူစွမ်းဆောင်ရည်ရှိတာကိုပြနေသည်။ သူက ပိုက်ဆံလည်းပိုရှာနိုင်လိမ့်မည်။ ဒုက္ခများစွာအဆုံးသတ်ပြီးလျှင်ပင် သူ့မှာခွန်အားရှိနေဆဲဖြစ်၏။

  

“ကောင်းပြီ။”

 

လီဖုန်းက အားလင်းကိုချီကာ မင်ကောအာနဲ့ စကားပြောနေသည်။ သူက စောလွန်းသဖြင့် ပြန်ဖို့တွန့်ဆုတ်နေ၏။ အားလင်းက တစ်နေကုန်ကစားထားပြီး နေ့လည်မှာ သူ့အားမူနဲ့အတူ မအိပ်ခဲ့ပေ။ သူက လီဖုန်း၏ပခုံးပေါ်တွင် အသံမထွက်ပဲမှီနေ၏။ လီဖုန်းက ကြာကြာဆက်နေလို့မရတာကြောင့် အိပ်ပျော်ခါနီး အားလင်းကို ညင်ညင်သာသာ ပွေ့ချီပြီး ခန်းကုတင်ပေါ်တင်ပေးလိုက်သည်။ ပြီးသွားတော့ သူက ချီတုံချတုံ လျှောက်ထွက်သွားပြီး ခြေလှမ်းတွေနှေးကွေးစေဖို့ ဆုတောင်းနေသည်။

 

ထန်ချွန်းမင်က သူ့နောက်လိုက်ကာ သူထွက်သွား​လျှင် တံခါးပိတ်ရမည်။ သူတို့အပေါက်ဝရောက်သောအခါ လီဖုန်းက ရုတ်တရက်လှည့်လာသည်။ သူ၏နက်မှောင်သောမျက်ဝန်းက ညအမှောင်မှာ တောက်လောင်နေသည်။ သူက ထန်ချွန်းမင်၏လက်ကိုကိုင်ကာ ငြီးတွားရင်းပြောလိုက်၏။ “ကိုယ်အနာဂတ်မှာ မင်းကို ကောင်းကောင်းဆက်ဆံမှာပါ။”

  

“အွန်း”

  

“မင်းနဲ့ အားလင်း အနိုင်ကျင့်မခံစေရဘူး။”

         

“အွန်း”

  



“မင်း.. ညဘက်တစ်ခုခုဖြစ်ရင် အပြင်မထွက်နဲ့နော်။ ငါအမြန်ပြေးလာခဲ့မယ်။” လီဖုန်းက စိတ်ပူနေသည်။ တောင်ဝယ်သည့်သတင်းပျံ့နှံ့သွားလျှင် မင်ကောအာကို မနာလိုဖြစ်မယ့်သူတွေ ပိုများလာလိမ့်မည်။ မိဘမဲ့မုဆိုးဖိုဖြစ်သည့် မင်ကောအာ၏အိမ်ကို တစ်ယောက်ယောက်က မလာရဲဘူးလို့မပြောနိုင်ပေ။ သူ..အိမ်ပြောင်းလာပြီး သူတို့ကို ကြည့်ရှူစောင့်ရှောက်ပေးချင်သည်။

 

“အွန်း”

 

စကားလုံးအနည်းငယ်ပြောပြီးနောက် လီဖုန်းက ရဲတင်းလာသည်။ သို့သော် မင်ကောအာက ဘာမှမတုံ့ပြန်ပေ။ လီဖုန်းက စိတ်ပူပြီး ဘာပြောရမလဲမသိတော့ပေ။ ထိုအခိုက်အတန့်တွင် သူက မင်ကောအာ၏ ပခုံးများ တုန်ခါလာတာကို တွေ့လိုက်ရသည်။ သူက ထိုအသေးစိတ်ကို သတိထားမိဖို့ စိတ်လှုပ်ရှားလွန်းနေသည်။

 

ထန်ချွန်းမင်က ထိန်းမထားနိုင်တော့ပဲ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက ခေါင်းမော့လိုက်၏။ သူ့မျက်နှာပေါ်မှာ ရှက်ရွံ့ခြင်းလုံးဝမရှိပဲ မျက်လုံးထောင့်မှ မျက်ရည်စီးကျလာ၏။ ဤစကားနည်းသောလူကြီးက လေးနက်သော ဆက်ဆံရေးရှိဖို့မလွယ်ပေ။ သူက အရယ်မရပ်နိုင်ခဲ့ပေ။

 

လီဖုန်း၏မျက်နှာ နက်မှောင်လာတာကိုတွေ့သော် ထန်ချွန်းမင်က မျက်ရည်ကိုသုတ်ရင်း ပြုံးပြီးပြောလိုက်သည်။ “ခင်ဗျားလူကြီးရောဟုတ်သေးရဲ့လား? ခင်ဗျားအချိန်ဆွဲပြီး စကားများနေတာပဲ။ ကျွန်တော်တို့မနက်ဖြန် ပြန်မတွေ့မှာမှမဟုတ်တာ။ အိပ်ရာစောစောဝင်တော့။”

 

လီဖုန်း၏နဖူးကြောများထောင်လာပြီး ဤကော၏တင်ပါးကို ရိုက်လိုက်ချင်သည်။ သူတို့၏ကောများအကြောင်းကို သီးသန့်ဆွေးနွေးပြောဆိုလေ့ရှိသော သူ့လုပ်ဖော်ကိုင်ဖက်နှင့် စစ်သားများ၏ စကားတွေကို မင်ကောအာပေါ် အသုံးချလို့မရမှန်း သူသိလိုက်သည်။ သူ မင်​ကောအာကို ဘယ်လိုပြောပြော အသုံးမဝင်ပေ။ ၎င်းက လက်တွေ့လုပ်ဆောင်တာထက် ထိရောက်မှုနည်းသည်။ သို့ဖြစ်၍ လီဖုန်းက ခေါင်းငုံ့ကာ မင်ကောအာ၏ တွန့်တက်နေသော ပါးစပ်ထောင့်ကို ကိုက်လိုက်သည်။ ယခုမူ ထန်ချွန်းမင်က မရယ်နိုင်တော့ပေ။ 

 

မထင်မှတ်ထားသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းက မင်ကောအာနှင့် ရင်ဆိုင်ရခြင်းထက် ပို၍ပင်ထိရောက်သည်။ လီဖုန်းက သူ့စိတ်ထဲရှိ မငြိမ်သက်မှုကို ထိန်းထားရင်း ကျေနပ်စွာဖြင့် နောက်ပြန်လှည့်ကာ ခြံတံခါးဖွင့်ပြီး ထပ်မံသတိပေးလိုက်သည်။ “ကိုယ်ပြန်တော့မယ်။ တံခါးပိတ်လိုက်။ ရှောင်ဟွာကို ဝင်ခွင့်မပြုနဲ့။ သူ့ကို ခြံစောင့်ခိုင်းလိုက်။ကျင်းဖုန်းကလည်း အရမ်းသတိရှိတယ်။”

 

ထန်ချွန်းမင်က သူ့ပါးစပ်ထောင့်ကိုထိကာ လီဖုန်းကို မကျေမနပ်စိုက်ကြည့်လိုက်သည်။ ဤတစ်ကြိမ်မှာတော့ သူက အွန်းလို့မဖြေတော့ပဲ စူဆောင့်လျက် ပြောလိုက်လေသည်။

 

“သိပါတယ်.. ရှောင်ဟွာကို အထဲဝင်ခွင့်မပြုပါဘူး။”