Chapter 39.2
Viewers 21k

Chapter 39.2







မြင်းပုဟုခေါ်သောမြင်းသည် လီဖုန်း သူ့အတွက်လုပ်ပေးထားသော သစ်သားမြင်းဖြစ်ပြီး အားလင်းအရွယ် ကလေးများကစားရန်သင့်တော်သည်။

 

လီဖုန်းက မင်ကောအာကို ကူညီဖို့ မီးဖိုချောင်ထဲ ဝင်သွားခဲ့သည်။ မနေ့က အမဲလိုက်ခဲ့သည့် တောရိုင်းတိရစ္ဆာန်အသားများ အိမ်မှာရှိသေးသည်။ လီဖုန်းက အကြံပြုလိုက်သည်။ “ကိုယ်တို့ လီကျန့်နဲ့ တခြားသူတွေကိုဖိတ်ပြီး တောင်ဝယ်ဖို့​ကိစ္စဆွေးနွေးကြမလား?” လီဖုန်းက မင်ကောအာအကြောင်းတွေးနေသည်။ ရွာထဲက ဘယ်သူကမှ မဝယ်ခဲ့သော်လည်း မင်ကောအာဝယ်လို့မရဘူးလို့ မဆိုလိုပေ။



  

“ကောင်းပြီ… ခင်ဗျား သူတို့ကိုမြန်မြန်ခေါ်လိုက်။ ကျွန်တော်ဟင်းသီးဟင်းရွက် နည်းနည်းလောက်ထပ်သွားခူးပြီး ဟင်းပိုချက်လိုက်ဦးမယ်။ အားရှို့နဲ့ တာရှန်ကိုပါ ​ခေါ်လိုက်မလား?” ထန်ချွန်းမင်က လီဖုန်း ကတိတည်မယ်လို့မထင်ထားပေ။ ဤကိစ္စမှာ သူကသာလျှင် သူ့ကိုပံ့ပိုးပေးသည့်သူဖြစ်သည်။ တခြားသူများ၏အမြင်တွင် မြေဝယ်ခြင်းက ​အမြတ်မရနိုင်ပဲ ငွေကို ရေထဲပစ်ချသလိုဖြစ်နေမှာပင်။

 



သူကတော့ ဒီလိုစဥ်းစားပေးတတ်တဲ့လူကို ရွေးချယ်နိုင်ခဲ့တာပဲ… သူက စိတ်လှုပ်ရှားနေသဖြင့် မီးဖိုချောင်ထဲမှာရှိနေသူကို ကလိထိုးလိုက်လေသည်။ လီဖုန်းက ခေါင်းကိုအသာငုံ့လိုက်ပြီး သူ့မျက်လုံးထဲတွင် မေးခွန်းများရှိနေ၏။

  

“အနီးကပ်လာပြီး နည်းနည်းငုံ့လောက်။ ခင်ဗျား ဘာလို့ အရပ်အရမ်းရှည်တာလဲ?” ထန်ချွန်းမင်က မနာလိုသော်လည်း သေချာသည်မှာ သူက ထိုလူကို သဘောကျသည်။ ထိုလူက သူ့အကြိုက်ဖြစ်၏။ သူနဲ့နီးကပ်နေသော မျက်နှာပေါ်၌ အမာရွတ်ရှိသော်လည်း သူက သူ့မျက်လုံးထဲမှာတော့ ယောကျာ်းပီသနေ၏။ 

 

လီဖုန်းက နားမလည်နိုင်သော်လည်း သူက ခေါင်းငုံ့ကာ မင်ကောအာ၏တောင်းဆိုချက်အတိုင်း အနီးကပ်သွားလိုက်သည်။ သူက သူ့မျက်နှာပေါ်၌ ရှုထုတ်လိုက်သော လေကိုခံစားမိသည်။ သူက ဒူးကိုကျုံ့ကာ မျက်နှာလွဲဲပြီး ငေးတာရပ်လိုက်သင့်သည်ဟု တွေးလိုက်သည်။ မင်ကောအာ၏ မျက်နှာက ဖြူဖွေး​နေသော နှုတ်ခမ်းက အပေါ်ကို ကွေးညွတ်နေပြီး ပြုံးနေသောမျက်လုံးများက အကြည့်လွှဲဖို့ခက်ကာ မက်မက်မောမော စိုက်ကြည့်မိစေသည်။

 

ရုတ်တရက် မျက်နှာက နီးကပ်နေပြီး နွေးထွေးသော လေငွေ့များက သူ့မျက်နှာပေါ်ကို ဖျန်းကနဲလာရိုက်ခတ်ခဲ့သည်။ ဘာဖြစ်သွားတာလဲ သိသွားသည့်အချိန်မှာ လီဖုန်းက အလွန်တုန်လှုပ်သွားပြီး လဲကျလုနီးပါးဖြစ်သွားခဲ့သည်။ သူ့မျက်နှာကနီမြန်းလာပြီး အသက်ရှူသံက မြန်ဆန်လာကာ သူဟာ ထိတ်လန့်တကြားထွက်ပြေးလုနီးပါးပင်။

  

“ဟားဟား….. “ထန်ချွန်းမင်က လီဖုန်း၏တုံ့ပြန်မှုကြောင့် သဘောကျသွားသည်။ ထိုကဲ့သို့ အပြစ်ကင်းသောသူကို လှည့်စားခြင်းက မှားသည်ဟု ထင်မြင်မိသည်။ သူက အမြဲတစေ သီအိုရီထက် လက်တွေ့ပိုဆန်သူဖြစ်တာကြောင့် လီဖုန်းကိုပုတ်ကာ ပြောလိုက်လေ၏။ “ဒါက ဆုပေးတာ… မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။”

  

“အို….” လီဖုန်းက နာနာခံခံမတ်တပ်ရပ်ကာ လှည့်ထွက်သွား​တော့သည်။ သူမီးဖိုချောင်ကထွက်လာတော့ လေတိုက်ခတ်မှုကြောင့် နိုးသွားလေသည်။ သူ မင်ကောအာ၏ အနမ်းခံခဲ့ရတယ်! မင်ကောအာက သူ့ကိုနမ်းလိုက်တယ်! ဒါပေမယ့် မင်ကောအာက အစပြုခဲ့တာကို သူက ယောကျာ်းမပီသသလို ပြုမူခဲ့တယ်! သူက ဘာလို့ ဒီကောကို အစပြုခွင့်ပေးခဲ့တာလဲ? သူ လုံလုံလောက်လောက် တက်ကြွမှုမရှိလို့ဖြစ်ရမယ်။



 

မစဥ်းစားပဲ သူသည် မီးဖိုချောင်သို့ ရုတ်တရက်ပြန်လှည့်သွားခဲ့သည်။ ထန်ချွန်းမင်က လီဖုန်း၏တုံးအမှုကို ဝမ်းသာအားရ ရယ်မောနေ၏။ သူလှည့်လိုက်တော့ အရိပ်တစ်ခုပြေးလာတာကို မြင်လိုက်ရသည်။ သူ၏နက်မှောင်သောခေါင်းက အဖိခံလိုက်ရပြီး သူ့ပါးစပ်ထောင့်က နာကျင်သွားခဲ့သည်။

 

ထန်ချွန်းမင်က ကြက်သေသေသွားလေ၏။ လီဖုန်း မီးဖိုချောင်မှထွက်သွားမှသာ သူ လက်စားချေခံလိုက်ရမှန်း သိလိုက်သည်။

 

ပါးစပ်ထောင့်ကိုထိကာ သူက ဘာပြောရမှန်းမသိဖြစ်နေပေမယ့် သူ့အတွက်တော့ ဤနေရာကိုရောက်လာပြီးနောက် ထိုလူနှင့်ဆုံရတာ သူ့ဖခင်၏ကောင်းချီးဖြစ်နိုင်သည်။

 

လီဖုန်းက အားလုံးကို ဖိတ်ခေါ်လာခဲ့သည်။ ဤတစ်​ကြိမ်၌ လီဖုန်းက ဆွေးနွေးစရာရှိသည်ဟုပြော၍ လီကျန့်က မငြင်းပဲ သူ့ဇနီးနဲ့အတူ ရော​က်လာခဲ့သည်။ သူ ဤခြံကိုရောက်လာတိုင်း အသက်ဝင်တယ်လို့ ခံစားရသည်။

 

ခြံထဲမှာစိုက်ထားသော သီးပင်စားပင်များက အရွက်သစ်များပေါက်ကာ အကျွမ်းတဝင်မရှိလှသော ပန်းပင်အမျိုးအစားများက အိမ်တစ်ဝိုက်တွင် ပွင့်လန်းနေ၏။ လီကျန့်က သူ့ဇနီးကို စိတ်ဝင်တစားမေးလိုက်သည်။ “မင်ကောအာ ဘာစိုက်ထားတာလဲ? သူက ကျေးလက်နေကောတစ်ယောက်မဟုတ်ပဲ ပညာရှင်တစ်ယောက်ပဲဖြစ်မယ်။”

  

“ခင်ဗျားဘာတွေပြောနေတာလဲ? ကျွန်တော်က ကြမ်းတမ်းတဲ့ကောမို့လို့ မကြိုက်ဘူးလို့ပြောတာလား” ရှန်းဖူလန်က ဒေါသတကြီးဖြေလိုက်သည်။ သူ့ခင်ပွန်းက တခြားနေရာများမှာ ကောင်းပေမယ့် သူသည်းမခံနိုင်တာတစ်ခုရှိသည်။ သူက ကျေးလက်ဒေသမှာ မွေးဖွားလာခြင်းဖြစ်၏။

 

ထိုလူက ရက်အနည်းကြာအောင် လက်ရေးလှသင်ယူခဲ့ပြီး ကျွမ်းကျင်လာတာကြောင့် သူ့ကိုယ်သူထူးခြားတယ်ထင်ပြီး လေပေါ်မှာမြှောက်နေခဲ့သည်။ သူက အကြိမ်အနည်းငယ် ချီးကျူးခံရပြီးနောက် သူ့နာမည်ကိုပင် မေ့သွားခဲ့သည်။ ထိုလူ စာဆက်မသင်ခဲ့တာ တကယ်ကောင်းတဲ့အရာလို့ ရှန်းဖူလန်က တွေးလိုက်သည်။ မဟုတ်ပါက သူလည်းပဲ ကျောက်လောင်စန်းလို နာမည်ကြီးလာပြီး ဤကျေးလက်သားများကို အထင်သေးနေလိမ့်မည်။

  

“မဟုတ်တာ… သူများအိမ်မှာ မင်းဘာတွေပြောနေတာလဲ!” ရွာသူကြီး၏မျက်နှာက နီမြန်းလာပြီး သူက သူ့ဇနီးကို ကြိမ်းမောင်းလိုက်သည်။ ရှန်းဖူလန်က သူ့ကိုမကြောက်ပေ။ ထိုအစား သူက သူ့ကိုဆွဲပြီး​ပြောလိုက်သည်။ “မင်ကောအာက အိမ်မှာ သိုးနဲ့ကြက်တွေမွေးထားတာ။ အခုရာသီဥတုပူနေတော့ ခြင်နဲ့ ယင်ကောင်တွေကို ဆွဲဆောင်မိမှာပဲ။ မင်ကောအာက အင်းဆက်ပိုးမွှားနဲ့ ခြင်ယင်တွေကို နှိမ်နင်းဖို့ ပန်းပင်တစ်ချို့ရှာတွေ့ခဲ့တယ်လေ။ ကျွန်တော် ဟူလန်ကျုံးကိုမေးလိုက်မယ်။ တကယ်ထိရောက်မှုရှိရင် ကျွန်တော် မင်ကောအာဆီက သင်ယူပြီး မနက်ဖြန်မှာ စိုက်ပျိုးလိုက်မယ်။”

 

“တကယ်လား?” နွေရာသီမှာ သူတို့က ဆေးလိပ်ခြောက်ကိုသာ မီးရှို့လေ့ရှိသည်။

  

“စောင့်ကြည့်လိုက်ပါ။ ရာသီဥတုက ပိုပူလာ​တော့မှာ။ ပြီးတော့ ပန်းအများစုက စံပယ်တွေပဲ။ မင်ကောအာပြောတာတော့ အခြောက်ခံပြီး လက်ဖက်ရည်ဖျော်လို့လည်း ကောင်းတယ်တဲ့။ ကျွန်တော် ​နောက်တစ်ခါမှ မင်ကောအာ​ဆီက နည်းနည်းတောင်းလိုက်မယ်။” သူပြောပြီးသည်နှင့် အခန်းထဲဝင်သွားပြီး ထန်ချွန်းမင်ကို သတိပေးလိုက်သည်။ “မင်ကောအာ… ငါတို့သဘောတူတယ်။ အချိန်တန်ရင် ငါတို့ဝေစုကိုတော့ မမေ့နဲ့နော်။”

  

“မမေ့ပါဘူး။ ဒီကိုလာပြီး အားဖုန်းဆီကသာ ​တောင်းလိုက်ပါ။” ထန်ချွန်းမင်က ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်တာကြောင့် သဘောတူလိုက်သည်။ လီကျန့်ဝင်လာ​တော့ သူက သူ့ဇနီးနဲ့ရန်မဖြစ်တော့ပဲ လက်နှစ်ဖက်ကိုကျောပစ်ကာ သခင်ကြီးအသွင်ဖမ်းလိုက်သည်။ ဇနီးဖြစ်သူ၏ ဆွဲဆိတ်ခံရပြီးမှသာ သူက တာရှန်နှင့် ပြုံးပြုံးရွှင်ရွှင်စကားပြောလိုက်သည်။ အဆုံးမှာ သူတို့အားလုံးက လီမိသားစုကဖြစ်ပြီး ဆက်ဆံရေးက ပိုရင်းနှီးသည်။

  

“လီဖုန်းဘယ်မှာလဲ? ဘာလို့ ငါတို့ကိုနှုတ်ဆက်ဖို့ ထွက်မလာတာလဲ?” လီကျန့်က လီဖုန်းကိုရှာမတွေ့တာကြောင့် တာရှန်ကိုလှည့်မေးလိုက်သည်။ လီဖုန်းက မင်ကောအာကို သဘောကျနေကြောင်း သူသိပြီးကတည်းက သူသည် မင်ကောအာကို မိသားစုအဖြစ် မှတ်ယူခဲ့သည်။

 

တာရှန်က အပြုံးတစ်ခုဖြင့် ဖြေလိုက်သည်။ “သူက မင်ကောအာကို မီးဖိုချောင်ထဲမှာ ကူညီပေးနေတာ။ ပြီးသွားရင် ထွက်လာလိမ့်မယ်။” 

  



“သူက သူ့ကိုယ်သူ ဧည့်သည်လိုလုပ်နေတာပဲ။ ဆိုးလိုက်တဲ့အကျင့်စရိုက်!” ရှန်းဖူလန်က ဒေါသတကြီးပြောကာ မီးဖိုချောင်ထဲမှာကူညီဖို့ လှည့်ထွက်သွားသည်။ လီကျန့်က သူ့ဇနီးလေး၏ အကျင့်စရိုက်ကို သိတာကြောင့် အာမခံရဲပေ။ သူက တာရှန်ကိုသာ ပြောလိုက်တော့သည်။ “ဖုန်းရှောင်ကျစ်ကိုကြည့်ပါဦး… မီးဖိုချောင်ထဲမှာ ကောတစ်ယောက်ရှိနေတာကို သူကပါ ဝင်ကူပေးနေတယ်…”

 

သူက ဒီကောလေးကို တကယ်တွယ်ကပ်ဖို့ကြိုးစားနေတာပဲ။ အခုကစပြီး အဲ့ဒီကောက သူ့ကိုနိုင်တော့မှာသေချာတယ်!” မင်ကောအာက အတော်လေးကောင်းပေမယ့်လည်း သူက မြင့်မြင့်ကြံသူဖြစ်၏။ အနာဂတ်မှာ ဖုန်းရှောင်ကျစ်က ပြောခွင့်ဆိုခွင့်ရှိပါဦးမလား?

 

တာရှန်က မထိန်းနိုင်ပဲ ရယ်မောလိုက်သည်။ “စိတ်မပူပါနဲ့… မင်ကောအာက လူကောင်းပါ။ မင်ကောအာက ကိုယ်ဝန်နဲ့တစ်ယောက်တည်းဖြစ်နေလို့ ကျန်းရှို့က ဒီကိုလာပြီး ကူပေးနေကြလေ။ ဖုန်းရှောင်ကျစ်အများဆုံးလုပ်ရမှာ မီးမွှေးတာလောက်ပါ။”

 

ဤစကားများက လီကျန့်ကို အတန်ငယ်စိတ်သက်သာရာရစေသည်။ တာရှန်က စိတ်ပျော့သော်လည်း ကျန်းရှို့က သူ့ကို အိမ်မှာရော အပြင်မှာ​ပါ လေးစားသေးသည်။ တာရှန်၏အားမူက အကြီးဆုံးသားကိုသာ မျက်နှာသာပေးသော်လည်း တာရှန်က မိဘတွေကို အမြဲသိတတ်လို့ မျိုးနွယ်စုအတွင်းရှိ လူများကို စိတ်သက်သာရာရစေခဲ့သည်။

 

ရှန်းဖူလန် မီးဖိုချောင်ကိုရောက်တာ့ သူက လီဖုန်းကိုမောင်းထုတ်လိုက်သည်။ “ကောတွေစကားပြောနေတာကို မင်းက ကြားထဲမှာဘာလုပ်မှာလဲ? အပြင်မှာ မင်းဦးလေးနဲ့ စကားသွားပြောလိုက်” လီဖုန်းက ချီတုံချတုံရပ်သွားပြီး အပြင်ထွက်သွားခဲ့သည်။ ရှန်းဖူလန်က ပြုံးပြကာ ထန်ချွန်းမင်နှင့် ကျန်းရှို့ကို ပြောလိုက်သည်။ “ငါ့ယောကျာ်းက စိတ်ပူနေတုန်းပဲ။ မင်ကောအာ. သူ့ကို စိတ်မဆိုးပါနဲ့​နော်။”

  

“မဆိုးပါဘူး။” ထန်ချွန်းမင်ကပြုံးကာ လက်ယမ်းပြလိုက်သည်။ “ဦးလေးလီကျန့်က ကျွန်တော့်ကို ဂရုစိုက်ပါတယ််။ သူက အားဖုန်းကို စိတ်ပူနေရုံပါ။” အပြင်လူများရှေ့မှာ သူက သူ့ကို လီကျန့်လို့ခေါ်သည်။ ယခုတော့ သူက ဦးလေးလို့ခေါ်သည်။

  





“ဦးလေး… သူက လီဖုန်းကို သူ့တူလို့သတ်မှတ်ထားတာ။ မဟုတ်ရင် သူ့ကိုစိတ်ပူနေမှာမဟုတ်ဘူး။ မင်ကောအာက ဖုန်းရှောင်ကျစ်ကိုအနိုင်ကျင့်ပြီး စည်းစိမ်ဥစ္စာအားလုံး သိမ်းလိုက်မှာကို သူစိုးရိမ်နေတာ။” ကျန်းရှို့က အရွှန်း​ဖောက်လိုက်သည်။ “ဒါပေမယ့် ဦးေလး… လီမိသားစုက လီဖုန်းအကြောင်းပြောသေးလား?”







ရှန်းဖူလန်က လီဖုန်းကိုယ်စား မီးမွှေးရန် မီးဖိုအောက်တွင် ထိုင်လိုက်သည်။ သူက ခေါင်းစောင်းငဲ့လျက် ပြောလိုက်သည်။ “သူတို့ပြောစရာမရှိဘူးလို့ ထင်လို့လား? လီဖုန်းမြင်းဝယ်လာတော့ သူတို့ဘယ်လောက််မနာလိုဖြစ်နေလဲ မင်းမသိပါဘူး။ အထူးသဖြင့် လီစုန့်ကမ်းရဲ့ဇနီးပေါ့။ သူက မျိုးနွယ်စုအကြီးအကဲတွေဆီကိုသွားပြီး ဖုန်းရှောင်ကျစ်က သူတို့ကို မတရားလုပ်ပါတယ်ဆိုပြီး လျှောက်တင်ခဲ့တယ်။ ဒါပေမယ့် ငါ့ဆီလာရင်တော့ ငါက ကန်ထုတ်လိုက်တာကြာပြီ။” ရှန်းဖူလန်၏စိတ်ဓာတ်ကြောင့် လီစုန့်ကမ်း၏ဇနီးက သူ့တံခါးရှေ့မလာရဲပေမယ့် မျိုးနွယ်စူအကြီးအကဲများထံ သွားခဲ့သည်။ 

  

လူကြီးများ၏စိတ်က​ပျော့သည်။ တကယ်တော့ သူတို့က သူတို့မျက်စိရှေ့မှာ ကြီးပြင်းလာပြီး သူတို့ဘဝရင်းပြီး စောင့်ရှောက်ပေးခဲ့ရသူများဖြစ်၏။ သူတို့က မျက်ကွယ်မပြုနိုင်တာ​ကြောင့် တချို့လူတွေက ရွာလူကြီးနဲ့ စကားများခဲ့ကြသည်။

 



လီဖုန်းက ကလေးဘဝကလို ညံ့ဖျင်းခြင်းမရှိတော့ပဲ သူ့ဘဝက ပိုကောင်းလာပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချနိုင်သည်။



  

“တခြားသူတွေရဲ့ကိစ္စမှာ ဝင်စွက်ဖက်ချင်တဲ့ သက်ကြီးရွယ်အိုတွေလည်းရှိတာပဲ။ သူတို့က ရွာလူကြီးကို​မေးဖို့ ငါ့အိမ်ကိုလာခဲ့တယ်။ သူတို့က ဖုန်းရှောင်ကျစ်ကို မင်းနဲ့သဘောမတူဘူးတဲ့။ ဒါက လီမိသားစုကို အရှက်ရစေတယ်တဲ့။ အနာဂတ်မှာ တခြားရွာလူတွေနဲ့ ဒီရွာကလူတွေက လီမိသားစုကို ဝေဖန်ကြတော့မှာတဲ့။”

    

“ဟင်းးးး! ငါမင်းကိုပြောပြမယ်။ သူတို့ လီဖုန်းကိုအနိုင်ကျင့်ဖို့ လီစုန့်ကမ်းမိသားစုကို ကူညီပေးမှ တကယ်အရှက်ကွဲမှာ။ သူတို့လုပ်ခဲ့တာကို အားလုံးသိနေတာပဲ။ လီဖုန်း အသက်ရှင်ပြီး ပြန်လာနိုင်တာက ဘုရားသခင်ရဲ့ကောင်းချီးပဲ။ ဒါတောင် သူတို့က သူများကိုလက်ညိုးထိုးနေသေးတယ်။ ဒီတော့ ငါတို့ဘက်ကလည်း ပြန်ကြိမ်မောင်းလိုက်တာ။ လူကြီးတွေကို မလေးစားဘူးလို့​ပြောလည်း ငါဂရုမစိုက်ဘူး!”

 

ရှန်းဖူလန်က အားရပါးရ ကြိမ်းမောင်းခဲ့သည်။ သူကြိမ်းမောင်းပြီးနောက် လီဖုန်းကိစ္စက မင်ကောအာနဲ့ သက်ဆိုင်နေကြောင်း သတိရသွားသည်။ မင်ကောအာက ထိုစကားကြားတော့ စိတ်ဆိုးသွားနိုင်သည်။ သူက ကမန့်းကတန်းပြောလိုက်၏။ “မင်ကောအာ… စိတ်မပူပါနဲ့.. ဒီရွာက အသိဉာဏ်ရှိတဲ့လူတွေက မင်းဘက်မှာရှိလိမ့်မယ်။ တခြားသူတွေကတော့ သူတို့ဘဝသူတို့ရှင်သန်ပါစေ။”

 

ထန်ချွန်းမင်က ငါးချက်ဖို့ပြင်ထားတာဖြစ်၏။ ငါးကိုမသတ်ခင် ဟင်းချက်အမွှေးအကြိုင်များဖြင့် နယ်ထားသည်။ ယခုချိန်က ချက်ပြုတ်ရန် အကောင်းဆုံးအချိန်ဖြစ်၏။ ငါးကို အိုးထဲထည့်ပြီးနောက် သူကပြုံးပြီးပြောလိုက်သည်။ “ပြောချင်တာပြောကြပါစေ။ ကျွန်တော်က ကျောက်မိသားစုကိုတောင် ဂရုစိုက်တာမဟုတ်ဘူး။ ကျွန်တော်နဲ့ ဘာမှမဆိုင်တဲ့လူတွေဆို ဝေးသေးတယ်။ သူတို့လာလည်ရင်တောင် အားဖုန်းက ဖြေရှင်းလိမ့်မယ်။ ကျွန်တော်က ခုထိ လီမိသားစုဝင်မဟုတ်သေးဘူး….ဟားဟား”

  

“ဒါပဲလေ…အဲ့ဒီကျိုးကြောင်းမသင့်တဲ့လူတွေကို လီဖုန်းကိုင်တွယ်ပါစေ။” ကျန်းရှို့က ထိုစကားကြားတော့ ပျော်သွားသည်။ သို့သော် နှစ်ဆုံးတွင် မင်ကောအာက လီမိသားစုဝင်ဖြစ်လာပြီး သူနဲ့ပိုမိုနီးစပ်လာလိမ့်မည်။ ကျန်းရှို့က ထိုအကြောင်းတွေးကာ ပျော်နေ၏။

   

ထန်ချွန်းမင်က ဂရုမစိုက်သလို နှစ်ယောက်သားကလည်း ကိစ္စကိုဘေးဖယ်ကာ အိုးထဲက ငါးကို အတူတူကြည့်လိုက်သည်။ ထန်ချွန်းမင်က ငါးနှစ်ဖက်လုံးကိုကြော်ရန် ယောက်မကို အသုံးပြုလိုက်ပြီး ဂျင်း၊ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်နှင့် ရှာလကာရည်စသည့် ဟင်းခတ်အမွှေးအကြိုင်များကို နည်းနည်းစီထည့်လိုက်သည်။ သူတို့နှစ်ယောက်က အံ့အားသင့်သွားခဲ့သည်။ သူတို့က ဒီလိုဟင်းခတ်အမွှေးအကြိုင်များကို အသုံးမပြုဖူးပေ။ ငွေမသုံးချင်ပေမယ့် အနံ့ထွက်လာသောအခါ နှစ်ယောက်သားက ငါးအရသာကို မြည်းစမ်းဖို့ မျှော်နေခဲ့သည်။

 

ထိုအချိန်တွင် ခြံထဲ၌ ကစားနေသော ကလေးသုံးယောက်က အနံ့ရလို့ မီးဖိုချောင်ထဲကို ​ပြေးဝင်လာသည်။ သူတို့က မီးဖိုကို စိတ်အားထက်သန်စွာကြည့်နေ၏။ ထန်ချွန်းမင်က သူ့သား၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။ “ခဏနေရင် စားသောက်လို့ရပြီလို့ အိမ်ထဲကလူတွေကို ​ပြောလိုက်။ မြန်မြန်စားပွဲရှင်းကြပါလို့။”

 

“ဟုတ်ကဲ့!” ကလေးတွေက ဝမ်းသာအားရထွက်ပြေးသွားပြီး သူတို့၏အော်သံတွေက မီးဖိုချောင်ထဲက ထွက်လာသည်။