Chapter 35.1
ခြံထဲ၌ အသစ်ဆောက်ထားသော သိုးနှင့် ကြက်လှောင်အိမ်များရှိသည်။ ထန်ချွန်းမင်က ကြက်နှင့် သိုးမွေးမြူရေးဧရိယာနှစ်ခုကို အထူးသတ်မှတ်ထားပြီး ကြက်ငါးဆယ်နှင့် သိုးသုံးကောင်ကို မူလခြံထဲမှ ပြောင်းရွှေ့ပေးခဲ့သည်။ ရာသီဥတုပူလေ အနံ့အသက်က ပိုပြင်းလာလေဖြစ်၏။ နွေရာသီတွင် ခြံဟောင်းမှာနေလျှင် သူတို့ဘဝက ပိုခက်ခဲနေလိမ့်မည်။ ထန်ချွန်းမင်က ခြံဟောင်းထဲ၌ အသီးအနှံအနည်းငယ်စိုက်ထားပြီး စပျစ်သီးများစိုက်ပျိုးရန် ပြင်လိုက်သည်။ နွေရာသီနှင့် ဆောင်းဦးရာသီတွင် သူက အသီးအနှံစားရင်း အအေးဓာတ်ကို ခံစားကာ စပျစ်ပင်အောက်၌ ထိုင်လို့ရသည်။ အသီးစားပြီး လန်းဆန်းနေဖို့… ထန်ချွန်းမင်က အချိန်မြန်မြန်ကုန်သွားဖို့ မျှော်လင့်သည်။
သို့ရာတွင် လုံခြုရေးက အလွန်အရေးပါသည်။ ထန်ချွန်းမင်က သူနဲ့ဆက်ဆံရေးကောင်းသည့် လူများကို ခွေးပေါက်လေးများရှာပေးရန် အကူအညီတောင်းခဲ့သည်။ ဤတစ်ကြိမ်တွင် ဦးလေးလျိုက သူ့ကို ခွေးပေါက်နှစ်ကောင်ရှာပေးခဲ့သည်။ သူက မြို့ကို မကြာခဏသွားပြီး လူအများကြီးနှင့် ရင်းနှီးသည်။ သို့ဖြစ်၍ ခွေးမွေးထားသော ပိုင်ရှင်များမှာ ခွေးပေါက်ရှိမရှိ သူမေးခဲ့သည်။ သာမန်မိသားစုများက ဤခွေးပေါက်များကို စောင့်ရှောက်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ သူတို့မှာ မွေးမြူဖို့ စားစရာအများကြီးမရှိတာကြောင့် ပုံမှန်များဖြင့် သူတို့က ခွေးပေါက်လေးများကို သူများပေးလိုက်သည်။
ခွေးနှစ်ကောင်ရခဲ့သည်။ တစ်ကောင်မှာ အနက်ရောင်ဖြစ်ပြီး ကလေးများက ရှောင်ဟွာ၏နာမည်နှင့် လိုက်ဖက်ညီစေရန် ရှောင်ဟေးလို့ တညီတညွတ်တည်းပေးခဲ့သည်။ နောက်တစ်ကောင်က အဖြူအမည်း အမွေးများနှင့် ခွေးပေါက်လေးမို့ ပြဿနာပိုရှိသည်။ ရှောင်ဟွာမှာ ဒီနာမည်ရှိနေပြီမို့ ဒီတစ်ကောင်ကို သူတို့ဘယ်လိုခေါ်ရမလဲ? ကလေးများက နာမည်စဥ်းစားနေပေမယ့် နောက်ဆုံးမှာ အဖြေမထွက်လာ၍ ထန်ချွန်းမင်ကိုသာ မေးလိုက်သည်။ ဒုတိယခွေးပေါက်လေး၏ ခေါင်းပေါ်တွင် စေးကပ်နေသော အမွေးအမျှင်များရှိနေသည်ကို ထန်ချွန်းမင်မြင်လိုက်ရပြီး ၎င်းကို ရှောင်သိုက်လို့ခေါ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ခွေးပေါက်လေးနှစ်ကောင်ရောက်လာပြီးနောက် ခွေးပေါက်အမျိုးအစားကို ကျော်လွန်လာခဲ့သည့် ရှောင်ဟွာက ကျေနပ်အားရစွာဖြင့် သူ့အမြီးကို အားကြိုးမာန်တက် လှုပ်ရမ်းလိုက်သည်။ သူ့အား ခွေးခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့ပြီး သူ့အောက်မှာ ညီလေးနှစ်ယောက်ရှိသည်။ သခင်ဖြစ်သူ ထန်ချွန်းမင်က ထိုခွေးပေါက်နှစ်ကောင်ကို စောင့်ရှောက်ရန် သူ့အား တာဝန်ပေးထားတာကြောင့် ရှောင်ဟွာက ညီငယ်လေးနှစ်ဦးကို အထူးဂရုစိုက်နေ၏။
အံ့အားသင့်စရာအကောင်းဆုံးမှာ ထန်ချွန်းမင်က ထိုခွေးပေါက်နှစ်ကောင်ကို မလေ့ကျင့်ပေးမီ သူတို့က ရှောင်ဟွာ၏နောက်ကို သတိရှိရှိလိုက်သွားပြီး သူတို့၏ဇီဝကမ္မပြဿနာများကို ဖြေရှင်းရန် သတ်မှတ်ထားသောနေရာကို ပြေးသွားကြသည်။ ၎င်းက ထန်ချွန်းမင် ရှောင်ဟွာအတွက် တူးပေးထားသော သီးသန့်တွင်းကြီးဖြစ်၏။ ၎င်းပေါ်တွင် အပေါက်တူးထားသော ဘုတ်ပြားဖြင့် ပိတ်ဆို့ထားပြီး ထန်ချွန်းမင်က ထိုအပေါက်ကို ပုံမှန်ဆေးကြောပေးသည်။
ဇီဝကမ္မကိစ္စရပ်ကိုဖြေရှင်းရန် ရှောင်ဟွာနှင့် ရှောင်ဟေးနောက်တွင် ခလုတ်တိုက်မိသော ရှောင်သိုက်ကိုမြင်သောအခါ ကျန်းရှို့နှင့် ဝမ်မော့က ရယ်မောကာ ကိုယ်ကို ငုံ့ကိုင်းလိုက်သည်။ တကယ်တော့ ထန်ချွန်းမင် မတော်တဆပေးခဲ့မိသည့် ရှောင်သိုက်ဆိုသည့်နာမည်မှာ ကွက်ကွင်းပြီး ထွားကြိုင်းသော ခွေးကလေးက ချစ်ဖို့ကောင်းပြီး မရိုးမရွဖြစ်နေ၏။ သူက ရှောင်ဟေးလို ထွားကြိုင်းပေမယ့် လမ်းငြိမ်ငြိမ်မလျှာက်နိုင်ပဲ မကြာခဏ ပက်လက်လဲကျနေသည်။ ရှောင်ဟေးနှင့် ရှောင်ဟွာက နောက်လှည့်ပြီး သူ့ကို ပါးစပ်နဲ့ထူပေးလိုက်လျှင်ပင် သူ့ပုံစံက ရှုပ်ထွေးနေဆဲဖြစ်၏။
“မင်းနာမည်ဆိုးကို ရွေးခဲ့တယ်ထင်တယ်။ ရှောင်သိုက်ဆိုတာ ဘာကိုပြောတာလဲ?” ကျန်းရှို့က ရယ်မောကာ ဗိုက်ပွတ်ရင်းပြောလိုက်၏။
“အို…ဦးလေးလျိုက ရယ်စရာကောင်းတဲ့ ခွေးလေးကို ဘယ်လိုရှာတွေ့ခဲ့တာလဲ?.. တကယ့်ရတနာလေးပဲ။” ဝမ်မော့က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
“ငါလည်းမသိဘူး။” ထန်ချွန်းမင်က ပခုံးတွန့်ပြသည်။ “သူကြီးလာရင် ပိုကောင်းလာလိမ့်မယ်။ ရှောင်ဟွာ အခုဘယ်လောက်တောင် အရပ်ရှည်လိုက်လဲ… အရင်နှစ်ရက်လောက်က ကြွက်တောင် ဖမ်းမိခဲ့သေးတယ်။” ရှောင်ဟွာကိုမွေးခဲ့တာက နောက်ဆုံးတော့ အသုံးဝင်လာပြီ…ဟုတ်တယ်မလား? ထန်ချွန်းမင်က ထိုခွေးကို ဒုက္ခများတယ်လို့မထင်ပေ။
သူ ရှောင်သိုက်ကို အိမ်ပြန်ခေါ်လာတုန်းက ရှောင်သိုက်နဲ့ပတ်သက်ပြီး ပြဿနာတချို့ရှိနေတာကို မြင်ခဲ့ရသည်။ နောက်ခြေတစ်ဖက်က တိုနေပေမယ့် သေချာမကြည့်မိဘူးဆိုရင်တော့ သတိထားမိမှာမဟုတ်ပေ။ ခွေးပိုင်ရှင်သည် မူလက ခွေးကိုစွန့်ပစ်ချင်ခဲ့ပေမယ့် ဦးလေးကျောက်လျိုက မင်ကောအာထံသို့ အရင်ခေါ်လာပြဖို့ ဆုံးဖြတ်ခဲ့သည်။ မင်ကောအာ သဘောမကျရင် စွန့်ပစ်လိုက်လို့ရသည်လေ။ မြင်ပြီးနောက်မှာ ထန်ချွန်းမင်က ဘာမှမပြောပဲ ခေါ်ထားခဲ့သည်။ ထိုအားနည်းသော ခွေးလေးက စွန့်ပစ်ခံရလျှင် အသက်ရှင်နိုင်မှာမဟုတ်ပေ။ သူက ထိုကဲ့သို့မဖြစ်စေချင်တာကြောင့် စမ်းရေက ခွေးလေးအပေါ် သက်ရောက်မှုရှိမရှိ သိချင်ခဲ့သည်။
အကျိုးသက်ရောက်မှုကို မမြင်ရသေးသော်လည်း ရှောင်သိုက်က ပျော်ရွှင်စရာများကို ယူလာပေးခဲ့ပြီး ထန်ချွန်းမင်က ရှောင်သိုက်ကို မွေးမြူခဲ့တာ ထိုက်တန်တယ်လို့ ခံစားလိုက်ရသည်။
ယခင်ကမွေးထားသော ကြက်ပေါက်ငါးဆယ်လုံး အသက်ရှင်ခဲ့ပြီး ယခု သူတို့က အလယ်အလတ်အရွယ် ကြက်များအဖြစ် ကြီးထွားလာခဲ့သည်။ ခြံအသစ်ဆောက်ပြီးနောက် ထန်ချွန်းမင်က နောက်ထပ်ကြက်ပေါက်ငါးဆယ်နှင့် သိုးပေါက်ဆယ်ကောင်ကို ထပ်ယူလာခဲ့သည်။ ထိုထဲတွင် နို့ထွက်သော သိုးမနှစ်ကောင်လည်းပါသည်။ ရှိနေသော သိုးပေါက်လေးများကိုတော့ ထန်ချွန်းမင်က နို့ဖြတ်ပြီး အစာပြောင်းကျွေးမည်ဖြစ်သည်။
ထန်ချွန်းမင်လိုချင်သော အတိုင်းအတာက ယခုလက်ရှိနဲ့ဝေးပါသေးသည်။ သို့သော် တစ်ဖက်တွင်မူ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့က အလုပ်များလွန်းနေပြီး နောက်တစ်ဖက်မှာတော့ ရွာရှိ တခြားလူများနှင့် လိုက်လျောညီထွေဖြစ်စေရန် အချိန်ကာလတစ်ခုလိုအပ်သည်။ နောင်မှာ ထန်ချွန်းမင်က အတိုင်းအတာကို ထပ်မံတိုးချဲ့သည့်အခါ သူတို့က သူ့အတွက် အကြောင်းပြချက်များကို အလိုလိုရှာဖွေကြလိမ့်မည်။ ဤမွေးမြူရေးအတွေ့အကြုံများက တစ်ဆင့်ပြီးတစ်ဆင့် စုဆောင်းထားရတာဖြစ်၏။
လယ်မြေသုံးဧကကျော် ကျန်နေသေးသည်။ ထန်ချွန်းမင် ထိုနေရာတွင် ဟင်းသီးဟင်းရွက်အားလုံးစိုက်ပျိုးရန် လူတစ်ယောက်ကို ငှားရမ်းချင်ခဲ့သည်။ သို့သော် ကျန်းရှို့၊ဝမ်မော့နှင့် တခြားသူများ၏ အကူအညီဖြင့် လူငှားဖို့ပင်မလိုခဲ့ပေ။ လူအများကြီးကို ဖိတ်ခေါ်ပြီးနောက် ဤလူများက တစ်ရက်တည်းဖြင့် သူ့ကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးခဲ့ပြီး သူတို့၏လုပ်အားက ထိုအမျိုးသားများထက် မနိမ့်ပါပေ။ ဤလူများက ထန်ချွန်းမင်၏လုပ်အားခကို မလိုချင်တာကြောင့် သူက သူတို့ကို ကျေးဇူးဆပ်ရန် အရသာရှိတာတွေ ချက်ကျွေးခဲ့သည်။
သို့သော် အိမ်မှာ လုပ်စရာပိုများလာပြီး အကူအညီမတောင်းပါပဲ တစ်ယောက်တည်းမလုပ်နိုင်တော့ချေ။ ထန်ချွန်းမင်၏ရည်ရွယ်ချက်က ကောင်းမွန်ပြီး သက်တောင့်သက်သာရှိသော ဘဝကို နေရဖို့ဖြစ်ပြီး ဘဝကောင်းမှာနေရဖို့ရန် သူ့ကိုယ်သူအပင်ပန်းခံပြီး သေအောင်အလုပ်လုပ်ဖို့မဟုတ်ပေ။ မင်းရှင်သန်မယ်ဆိုလျှင် ကောင်းကျိုးက ဆိုးကျိုးထက် သာလွန်မှရမည်။ သို့သော် ထန်ချွန်းမင်က ဤအဆင့်တွင် တုံ့ဆိုင်းနေသည်။ ယင်းမှာ တခြားအကြာင်းပြချက်ကြောင့် မဟုတ်ပါပဲ လူမြင်းကွင်မှာ ကြက်နှင်သိုးစာကျွေးလျှင် ရွာသားများက အစားအစာကို ဖြုန်းတီးသည်ဟုဆိုကာ အော်ဟစ်ကြိမ်းမောင်းလာလိမ့်မည်။
“ခင်ဗျားပြောချင်တာက ကျောက်မိသားစုက မြို့ပေါ်က ရှန်းမိသားစုနဲ့ လက်ထပ်တော့မှာလား?” ယခုရက်ပိုင်းတွင် ရေတွင်းတူးခြင်း၊ ကြက်စာကျွေးခြင်း၊ သိုးမွေးမြူခြင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အလုပ်များနေသော ထန်ချွန်းမင်က ကျောက်မိသားစုအကြောင်းကို လုံးလုံးမေ့သွားခဲ့သည်။ ပညာရှင်ဆိုတာဘာများလည်း… ပညာရှင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပိုက်ဆံရှာခြင်းလောက် အရေးမကြီးပေ။ ယခုချိန်မှာ သူက ရွာနဲ့မြို့က သတင်းများအကြောင်း ရှန်းဖူလန်ပြောပြနေတာကို ရုတ်တရက်ကြားလိုက်ရသည်။
ကျောက်လောင်စန်းက မြို့ပေါ်မှာကျောင်းအပ်ပြီး စာမေးပွဲအောင်ခဲ့သော ပညာရှင်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တာကြောင့် သူဂုဏ်သတင်းက အများကြီးတိုးတက်လာခဲ့သည်။ ရှန်းဖူလန် သူ့ယောက်ဖအိမ်သို့ သွားသောအခါမှာလည်း အရည်အချင်းနှင့် အလာအလာရှိသော ကျောက်ဖျင်ချွမ်အကြောင်း တခြားသူတွေပြောနေတာကို ကြားခဲ့ရသည်။ မြို့ပေါ်ရှိ ရှန်းမိသားစုက သူ့ကိုသဘောကျနေပြီး သားမက်တော်ဖို့ ပြင်ဆင်ထားသည်ဟု ဆိုသည်။ ရွာထဲ၌ ထိုသတင်းများ ပျံ့နှံ့နေခဲ့သည်။
ဘိုးဘိုးကျောက်မြို့ပေါ်ကို သွားခဲ့သည့် အကြောင်းအရင်းမှာ ရှန်းတာဟူ၏ကောအာလေးအကြောင်း မေးမြန်ဖို့အတွက်ဖြစ်တာကြောင့် လက်ထပ်ပွဲဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
ထန်ချွန်းမင်က လွန်ခဲ့သည့်ရက်အနည်းငယ်မှာ အလုပ်များနေပြီး ယခုမူ ထန်ချွန်းမင်က လုံးဝမလှုပ်ချင်ပဲ ကိုယ်တစ်ဝက်လဲလျောင်းနေ၏။ အလည်လာသောရှန်းဖူလန်က ခြံအသစ်ထဲက ခွေးပေါက်လေးနှစ်ကောင်ကို စိတ်ဝင်စားနေသည်။ ခွေးပေါက်လေးနှစ်ကောင်က ထိုနေရာမှာ ကစားနေပြီး ထန်ချွန်းမင်က ကလေးတွေကိုလည်း ကစားခွင့်ပြုထားသည်။ ကလေးတွေက မကစားပဲဘယ်လိုနေနိုင်မှာလဲ? လီဖုန်းကသာ သူတို့လေးတွေကို အမိန့်နာခံအောင် လုပ်နိုင်လိမ့်မည်။
ပျင်းရိနေသော ထန်ချွန်းမင်က အတန်ငယ်အတင်းပြောခဲ့လေသည်။ သူက ကျောက်လောင်စန်းကို လက်ထပ်မည့် ကောလေးအကြောင်းစိတ်ဝင်စားနေ၏။ ဘယ်လိုတောင်ကန်းနေလို့ ကြောင်သူတော်ကြွက်သူခိုးကို ချစ်မိသွားရတာလဲ? “ရှန်းတာဟူက ဘယ်လိုလူမျိုးလဲ? ပြီးတော့ သူ့ကောအာလေးက ကျောက်လောင်စန်းကို သဘောကျလား?”
“အဲ့ဒီနေ့က ရှန်းတာဟူတို့လင်မယား ကျောက်မိသားစုကို ဂုဏ်ပြုဖို့လာခဲ့တယ်လို့ကြားတယ်။ ဒါပေမယ့် သူနဲ့လက်ထပ်ပေးမယ့် ကောအာလေးက ရှန်းမိသားစုရဲ့ ကလေးမဟုတ်ပဲ အပြင်မှာကြီးပြင်းလာတဲ့ တရားမဝင်ကလေးလို့ကြားတယ်။ အဲ့ဒါက ရှန်းတာဟူရဲ့ အငယ်အနှောင်းက ချန်ခဲ့တဲ့ ကလေးဖြစ်ပြီး သူ့ဇနီးက ပျိုးထောင်ပေးခဲ့တယ်ပြောပေမယ့် ငါ့ရဲ့ကောလေးပြောတာကတော့ သူ့မြို့ပေါ်မှာ အိမ်ထောင်ကျပြီး နှစ်အနည်းငယ်အတွင်း ရှန်းတာဟူရဲ့ဇနီးက အဲ့ဒီကောလေးကို အပြင်ထုတ်လာတာ မမြင်ဖူးဘူးတဲ့။ ဒါကြောင့် အခု သူ့ပုံစံကဘယ်လိုလဲ ဘယ်သူမှမသိကြဘူး။” ရှန်းဖူလန်က နှာမှုတ်လိုက်သည်။ ထန်ချွန်းမင်က အချိန်အတော်ကြာတွေးတောနေခဲ့သည်။
ထိုအတွေးထဲမှာ အငယ်အနှောင်းရှိသည့် ရှန်းတာဟူကို အထင်သေးခြင်းပါဝင်ပြီး ရှန်းတာဟူဇနီး၏ အပြုအမူအတွက် နားမလည်နိုင်သော အဓိပ္ပါယ်များလည်းရှိနေသည်။ ထိုကောလေးကို သူ့ဘေးမှာ ဘယ်တော့မှမထားခဲ့ခြင်းက စာနာစိတ်မရှိလို့ဖြစ်ပေမည်။ သူ့ကို ပြန်ခေါ်လာခဲ့ပေမယ့် သူဟာ အပြင်အဆောင်မှာ နေခဲ့ရသည့် အငယ်အနှောင်းကလေးတစ်ယောက်သာဖြစ်သည်။ ထိုသို့သော လူငယ်လေးသည် သူ့ကိုယ်သူမထောက်ပံ့နိုင်မှာ သေချာသည်။
ယင်းမှာ ဤကမ္ဘာပေါ်ရှိ အမျိုးသားများက အငယ်အနှောင်းထားရှိနိုင်သည်ဆိုသော ဖြစ်ရပ်ကို သူ ပထမဆုံးကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ရှန်းတာဟူ၏ ဇနီးသည်ကလည်း ခွန်အားကြီးသည်။ အငယ်အနှောင်းကိစ္စများကို အိမ်ခေါ်လာမယ့်အစား အပြင်မှာပဲ လျှို့ဝှက်ထိန်းသိမ်းစေရန် သူက ရှန်းတာဟူကို ခြယ်လှယ်နိုင်ခဲ့သည်။ သို့သော် သူက ထိုလူ၏အောက်ပိုင်းကိုတော့ မထိန်းချုပ်နိုင်ပဲ သူ့ခင်ပွန်း အပြင်မှာအငယ်အနှောင်းထားနေသည့် သက်သေအထောက်အထားများက သူ့ဆီကို သတိပေးချက်အဖြစ် ရောက်လာခဲ့သည်။ သူ့မှာပိုက်ဆံရှိလျှင်ပင် သူ့ဘဝက ဆိုးယုတ်လွန်းလှသည်။
အကယ်၍ သူ့လူက အနာဂတ်မှာ စည်းမျဥ်းတစ်ခုခုကို ထပ်ချိုးဖောက်ရဲလျှင် ထိုလူက သူထိန်းချုပ်လို့မရသည့် သူ့ပစ္စည်းကို တစ်သက်လုံးသုံးလို့ရတော့မှာမဟုတ်ပဲ ကန်ထုတ်ခံရလိမ့်မည်ဟု ထန်ချွန်းမင် အာမခံနိုင်သည်။ သို့သော်စဥ်းစားကြည့်လိုက်တော့ ထန်ချွန်းမင်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ အဲ့ဒီလူကတော့…. အမှားမလုပ်သင့်ဘူး!... သူတို့နှစ်ယောက်ရန်ဖြစ်ရင် သူ၏အားနည်းသော လက်နှင့်ခြေထောက်များက ထိုလူ့ကို အနိုင်ရမှာမဟုတ်ပေ။ မင်းပဲ ပြန်စဥ်းစားကြည့်လိုက်စမ်းပါ….
“ဒါဆို ကျောက်လောင်စန်းက ဒီအိမ်ထောင်ရေးကို သဘောတူလား? သူက အဲ့လောက်ငယ်တဲ့ကောလေးကို လက်ထပ်ဖို့ဆန္ဒရှိလား?” ကျောက်လောင်စန်းက ငွေလိုချင်တာလား ဂုဏ်သိက္ခာကိုလိုချင်တာလား ထန်ချွန်းမင်တွေးနေခဲ့သည်။ ရှန်းတာဟူက ပညာရှင်တစ်ဦးကို သူ့ဘက်သိမ်းသွင်းလိုတာကြောင့် ခန်းဝင်ပစ္စည်း နည်းနည်းလေးပဲပေးမှာမဟုတ်ပေ။ သို့ပေမယ့် ထိုကောငယ်လေးက အငယ်အနှောင်း၏သားဖြစ်မှန်း ရှန်းတာဟူ သိပြီးသားမို့ ၎င်းက သူ့သိက္ခာကို ထိခိုက်စေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အလေးထားသော ကျောက်လောင်စန်းက အဲ့ဒါကို သဘောတူမှာလား?
“ငါဒီအကြောင်းကိုတော့မသိပေမယ့် မြို့ပေါ်က ငါ့ကောလေးတောင် မိသားစုနှစ်ခုက လက်ထပ်တော့မယ်လို့ ကြားခဲ့တယ်။ သူတို့နှစ်ယောက်နေလို့ရအောင် မြို့ထဲက အိမ်တစ်လုံးကို ခန်းဝင်ပစ္စည်းအဖြစ်ပေးမယ်လို့ ပြောခဲ့တယ်။ အဲ့ဒါက မြို့ထဲမှာ ကျောက်လောင်စန်း စာကိုအာရုံစိုက်လို့ရအောင်လည်းပါတယ်။ အဲ့ဒီကောလာဟလတွေက ရှန်းတာဟူဆီက ပျံ့သွားတာပဲဖြစ်မယ်။ မဟုတ်ရင် သူက ဒီလိုနမော်နမဲ့နိုင်ပါ့မလား” ရှန်းဖူလန်က အသေးစိတ်မသိတာကြောင့် သူကြားခဲ့တာကိုပြောခဲ့သည်။ “ဒါပေမယ့် ဒီသတင်းမပျံ့ခင်မှာ ကျောက်မိသားစုအိမ်ကို အောင်သွယ်တော်တွေ အများကြီးရောက်လာတယ်လို့ကြားတယ်။ နှစ်ရက်နေတော့ သူတို့ကို အစအနတောင် မတွေ့ရတော့ဘူးတဲ့”
သူတို့က ကျောက်လောင်စန်း၏ အိမ်ထောင်ရေးအကြောင်းကို ပြောနေကြတာပင်။ မြို့ထဲမှာ အတန်းဖော်များကို အရက်ခေါ်တိုက်နေသော ကျောက်လောင်စန်းက ထိုကိစ္စကြောင့် နာမည်ကြီးသွားခဲ့သည်။ သူက အနည်းငယ်ဂုဏ်ယူနေပေမယ့် ရှန်မိသားစု၏ချဥ်းကပ်မှုကို သိပ်မကျေနပ်ပေ။ သူအခုထိ သဘောမတူရသေးတာကို ကောဟာလဟက ဘယ်လိုပျံ့နှံ့သွားတာလဲ?
သူ ယနေ့ အတန်းဖော်များနဲ့တွေ့သောအခါ သူတို့အားလုံးက သူ့ကို ချီးကျူးနေပြီး မင်္ဂလာဆောင်ဘယ်နေ့လဲ မေးခဲ့သည်။ ထိုမှသာ လူတိုင်းက သူ့ကို ရှန်းမိသားစု၏ သားမက်အဖြစ် သတ်မှတ်ထားမှန်း သူသဘောပေါက်ခဲ့သည်။ ကျောက်ဖျင်ချွမ်က ကိစ္စရပ်အားလုံးကို သူ့ထိန်းချုပ်မှုအောက်တွင် အမြဲထားလိုသူဖြစ်သည်။ ယခု သူက ရှန်းမိသားစု၏လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်သွားခဲ့သည်။