Chapter 29
Viewers 2k

Chapter 29


ယောလ်တစ်ယောက် ဟိုကြည့်လိုက် ဒီကြည့်လိုက်လုပ်နေပြီး နောက်ဆုံး မိုက်ကီရယ်ကို ကြည့်ပြန်သည်။



သူ အခုမှပြန်ရသော ခန္ဓာကိုယ်လေးကို ကြည့်မဝဖြစ်နေချိန်တွင် ပြဿနာတစ်ချို့သည် တစ်စ တစ်စ ကြီးထွားလာသည်ကို သတိမပြုမိပေ။ အက်ရှ်အိမ်တော် အရောက် သူ၏ စိုးရိမ်မှုများသည် တစ်ခုပြီး တစ်ခု တိုးလာပြန်သည်။



“မိုက်ကီရယ် ကျွန်တော် ဒီခေါင်းအုံး လေးပေါ် အိပ်မရတော့ဘူးနော်၊ ကျွန်တော် ဘယ်မှာ အိပ်ရမလဲ”



သူ အရင်ဆုံး စိုးရိမ်နေတာ ဒါလားဟ။



ယောလ်ပထမဆုံး မေးလိုက်သည့် မေးခွန်းပင်။ 



ညစာစားပွဲက ပြန်ရောက်ပြီးနောက် မိုက်ကီရယ်၏ ကုတင်ဘေးတွင် ကလေး ပုခက်လေးကို တွေ့လိုက်ရသည်။ ဘာမှန်း မသေချာသော်လည်း ချည်အရုပ်လေးဖြစ်သည့် သူ့အတွက် ပြင်ဆင်ထားမှန်းတော့ ယောလ်ရိပ်မိသည်။



သို့သော် အခု သူ လူတစ်ယောက်အသွင် ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် ဤကလေးပုခက်တွင် အိပ်ရန်မဖြစ်နိုင်ပေ။



ထို့အပြင် မိုက်ကီရယ်၏ ခေါင်းအုံးပေါ်တွင်လည်း အိပ်ရန် အဆင်မပြေပေ။ ထို့ကြောင့် သူ့အတွက် အိပ်စရာ နေရာ အသစ်လိုအပ်နေလေပြီ။ 



မိုက်ကီရယ်အား သူ မေးချင်တာ တစ်ခုရှိနေသည်။ အိမ်တော်ကို တစ်ခါမှ ပတ်မကြည့်ဖူးသော်လည်း အလွန်ကြီးမားသဖြင့် တခြား အခန်းလွတ်တွေ အများကြီး ရှိလောက်မှန်း ယောလ်သိသည်။ ထို့ကြောင့် မိုက်ကီရယ်များ သူ့ကို အခန်းလွတ်တစ်ခန်း ပေးမလားဟု ထင်နေသည်။



“မိုက်ကီရယ်၊ ဒီအိမ်တော်မှာ အခန်းလွတ်တွေ အများကြီးရှိတယ်မလားဟင်၊ ကျွန်တော် အဲထဲက တစ်ခန်းလောက်မှာ အိပ်လို့ရမလား”



မိုက်ကီရယ် ပြန်မဖြေသဖြင့် သူ၏ ဆန္ဒကို ခပ်သွက်သွက်လေး ပြောချလိုက်သည်။ အခန်းတွေ အများကြီး ရှိသည်မှာ အမှန်ပင်။ သူလည်း ခေါင်းအုံးပေါ်တွင် အိပ်မရတော့ပေ။ ထို့အပြင် မိုက်ကီရယ်လည်း သူနှင့် အတူ အိပ်ချင်မည် မဟုတ်ဟု တွေးမိနေသည်။



“မင်းဒီအခန်းမှာပဲ အိပ်ရမှာပေါ့၊ ဘာတွေ လျှောက်ပြောနေတာလဲ”



ယောလ်တစ်ယောက် ထင်ထားသည်နှင့် ပြောင်းပြန်ပင်။



တခြားအခန်းများတွင် ကုတင်အကြီးများ ရှိလောက်သော်လည်း မိုက်ကီရယ်ကတော့ သူ့ကို အခန်းထဲက ဆိုဖာလေးပေါ်တွင်သာ အိပ်စေချင်သည်။ အတော်ဆိုးတဲ့လူပဲ ဟု ယောလ်တစ်ယောက် တွေးမိနေသည်။



“ဒီဆိုဖာက သေးသေးလေးလေ”



လူသားတစ်ယောက် ဖြစ်လာသော်လည်း ယောလ်သည် ခန္ဓာကိုယ် သေးသော ကောင်လေးတစ်ယောက်ပင်။ 174 cm သာ ရှိပြီး အနည်းငယ် ပုသည်ဟု ပြောရပေမည်။ 



လူပြန်ပြောင်းပြီးနောက် သူ့အရပ်သူ တိုင်းမကြည့်ဖြစ်သေးပေ။ သို့သော် မျက်နှာ အသွင်ပြင် စသည်တို့ ပြောင်းလဲမှု မရှိလျှင် အရပ်လည်း မပြောင်းလဲလောက်ပေ။ ခန္ဓာကိုယ်မှာ သေးသွယ်လှသဖြင့် ဆိုဖာပေါ်တွင် အိပ်လျှင်တောင် ကျဉ်းကျပ်မနေလောက်ပေ။



သို့သော် ဒီလောက် အလွန်ကြီးမားသည့် အိမ်တော်ကြီးတွင် ဆိုဖာပေါ်အိပ်ရမည်ဆိုသည်မှာ  တော်တော် အဓိပ္ပာယ် မရှိဟု ယောလ်တွေးနေလေသည်



“ဘာလို့ ဆိုဖာပေါ်မှာ အိပ်ရမယ် ထင်နေတာလဲ”



“အဲဒါဆို ကျွန်တော်က ကြမ်းပြင်ပေါ်မှာ ဆင်းအိပ်ရမှာလား”



“ဘယ်ဟုတ်..”



“ဘယ်ဟုတ်မလဲ၊ ကုတင်ပေါ်မှာ အတူတူ အိပ်ရမှာ‌ပေါ့” ဟု မိုက်ကီရယ် တစ်ယောက် ပြောမထွက်ဘဲ ခဏတန့်သွားလေသည်။



ယောလ်သည် မိုက်ကီရယ်၏ အဝတ်များကို ဝတ်ထားသောလည်း အရွယ်အစား ကွာသဖြင့် ခေါင်းကလေး စောင်းလိုက်တိုင်း အင်္ကျီလျောကျကာ ရင်ညွန့်ရိုးလေးများပေါ်နေတတ်သည်။



မိုက်ကီရယ် တစ်ယောက် ယောလ်၏ ရင်ညွန့်ရိုးလှလှလေးများဆီမှ အကြည့်မလွှဲနိုင်ဖြစ်ကာ ယောလ်၏ မေးခွန်းကိုပင် ပြန်ဖြေရန်မေ့သွားသဖြင့် ယောလ်တစ်ယောက် စိတ်ရှုပ်ကာ မကျေမနပ်ဖြစ်လာလေပြီ။



“ကျွန်တော်ကအရင်တုန်းက အစေခံပေမဲ့ အခုလို ကြမ်းပြင်ပေါ်အိပ်ဆိုတာကြီးက မဟုတ်သေးဘူးဗျာ၊ ခင်ဗျား အရမ်းပဲ”



ယောလ်သည် ဆိုဖာ ကို လက်နှစ်ဖက်ဖြင့် ထုနှက်ကာ တရှုံ့ရှုံ့ဖြစ်နေလေသည်။



တစ်ခြား အခန်းလွတ်များ မရှိပါက သူငြင်းမည်မဟုတ်ပေ။ သို့သော် ဒီအိမ်တော်ကြီးတွင် အခန်းလွတ်အများပြားရှိမှန်း သူသိနေသည်။ ထို့အပြင် သူ့အား ကြမ်းပြင်ပေါ်အိပ်ခိုင်းသော မိုက်ကီရယ့်ကိုလည်း ကောက်ကျစ်သော လူဆိုးကြီး သဖွယ်တွေးနေလေသည်။



“ဟမ် ဘယ်သူက မင်းကို ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းနေလို့လဲ”



“ဒါ..ဒါဆို.. မဟုတ်မှ.. မိုက်ကီရယ်နဲ့ အတူတူ အိပ်ရမှာလား”



ထိုအကြံကို အရမ်းကြီး မနှစ်သက်သော်လည်း ကြမ်း‌ပြင်ပေါ် သို့မဟုတ် ဆိုဖာပေါ် အိပ်ရတာထက်စာလျှင် တော်သေးပေသည် ဟု ယောလ်တွေးမိသည်။ မိုက်ကီရယ်၏ ကုတင်သည် သာမာန်လူ နှစ်ယောက် လွတ်လွတ်လပ်လပ် အိပ်ရန် ကျယ်ပြန့်သောကြောင့် သက်သောင့် သက်သာရှိမှာ အမှန်ပင်။



“ယူရီ၊ မင်းငါနဲ့ အတူအိပ်ချင်ရင် အိပ်လို့ရပါတယ်”



“မ.. မဟုတ် ကျနော် ပြောတာ အဲလို မဟုတ်ဘူး’



“အိုကေလေ .. အဲဒါဆိုလည်း အတူတူအိပ်ကြတာပေါ့”



ခင်ဗျားနဲ့ အိပ်ချင်လွန်းလို့ မဟုတ်ပါဘူးဆိုနေ။ ကြမ်းပြင်ပေါ်၊ ဆိုဖာပေါ် မအိပ်ချင်ယုံပဲ။ အတူတူအိပ်ချင်တယ် ပြောတာ မဟုတ်ဘူးလို့။



ယောလ်တစ်ယောက် သူစကားမှားသွားသည်ကို ပြန်ပြင်ပြောရန် ကြိုစားနေသော်လည်း မိုက်ကီရယ်တစ်ယောက် မကြားချင်ဟန်ဆောင်ကာ လျစ်လျူရှုနေလေသည်။



မိုက်ကီရယ်တစ်ယောက် ယောလ်စကားတွေကို မသိနားမလည်သည်တော့ မဟုတ်ပေ။ သူကိုယ်တိုင်လည်း စိတ်ထဲတွင် ပြောမထွက်သည့် အဖုအထစ်ကလေးရှိနေသောကြောင့်ပင်။


မိုက်ကီရယ်သည် အစကတည်းက ယောလ်အား သူနှင့် အတူတူ အိပ်သင့်သည်ဟု တွေး‌မိနေသည်။ သို့သော် ဘာကြောင့်လည်း ဆိုသည့် အကြောင်းပြချက်အား ရှာမရပေ။ 



ဒါ့အပြင် မျှမျှတတ တွေးကြည့်ပါကလည်း မထူးဆန်းပေဘူးလား။ ယောလ် ချည်အရုပ်ကလေးဖြစ်စဉ်က တစ်ကုတင်တည်း အိပ်ခြင်းသည် ဘာမှ မထူးဆန်းသော အရာပင်။ သို့သော် ယခု အခြေအနေတွေက မတူတော့ပေ။ အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ယောက် တစ်ကုတင်တည်း အိပ်ခြင်းသည် ထူးဆန်းနေသည်မှာ အမှန်‌ပင်။ 



ယခုထိတိုင်အောင် ယောလ်အား သူနှင့် အတူတူအိပ်စေချင်သည့် သူ့ကိုယ်ပိုင်ခံစားချက်များကို မိုက်ကီရယ်တစ်ယောက် နားမလည်သေးပေ။



ဒါကြောင့်လည်း ယောလ်က သူနှင့် အတူတူ အိပ်ရမှာလား ဟုမေးသည့် အချိန်တွင် ချက်ချင်း လက်ခံလိုက်ခြင်းဖြစ်သည်။ ယောလ်ဘက်က သဘောတူလား မတူလား သူ မစဉ်းစားမိပေ။



ယောလ်တစ်ယောက်လည်း 

မိုက်ကီရယ်၏ ခံစားချက်များကို နားမလည်ဘဲ မကျေမနပ်ဖြင့်သာ ခေါင်းငြိမ့်ခံလိုက်လေသည်။ သူဘာပြောပြော မထူးဘူးဟု ထင်နေသည့်အပြင် မိုက်ကီရယ့်အား သူ့စိတ်တိုင်းကျ လုပ်တတ်သည့် လူရမ်းကားတစ်ယောက်ဟုလည်း မြင်နေမိသည်။ 




ယောလ်တစ်ယောက် ဆူပုတ်ကာ မိုက်ကီရယ်အား မျက်နှာလွှဲနေလေတော့သည်။



ထို့နောက် ယောလ်အကြည့်များသည် အဝါရောင် ကြေးခွံများနှင့် လပ်ကီးဆီ ရောက်သွားလေသည်။ လပ်ကီးက သူ့အား မျက်လုံးစိမ်းလေးများဖြင့် ကြည့်နေသည်။



“လပ်ကီး! ငါပါကွ”



“Bii..”



လပ်ကီးက ယောလ်အား ခေါင်းကလေးစောင်းကာ ပြန်နှုတ်ဆက်သည်။ ယောလ်‌အရှေ့သို့ တိုးလာချိန် လက်ကီးလည်း အရှေ့သို့ လိုက်တိုးလာကာ လှောင်အိမ်လေးနားကို ကပ်ပြီး အနံ့ခံနေသည်။



ထို့နောက် ခေါင်းလေးကို ဘယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက်နှင့် အနံခံနေပြန်သည်။ ယောလ်သည် လပ်ကီး သူ့အနံ့ကို မှတ်မိအောင် လှောင်အိမ်ပေါ်ကို လက်ဖဝါလေး တင်ပေးလိုက်သည်။



“Biii..”



ထို့နောက် လပ်ကီးသည် မမှတ်မိသည့် ပုံစံဖြင့် အနောက်ပြန်ဆုတ်သွားသည်။ ယောလ်ကိုတော့ စိုက်ကြည့်နေဆဲပင်။ သို့သော် လူအသွင်ပြောင်းသွားသည့် ယောလ်အား မှတ်မိတော့ပုံ မပေါ်ပေ။



“လပ်ကီး၊ ဖေဖေလေကွာ”



“Bii…”



တစ်ဖန် လပ်ကီးသည် ချက်ချင်းပင် အနောက်သို့ ထပ်ဆုတ်သွားပြန်သည်။ ထို့နောက် ယောလ်အား လုံးဝကျောပေးသွားလေသည်။ ထပ်ခါထပ်ခါ ယောလ်အား ကြည့်နေသော်လည်း မှတ်မိပုံမပေါ်ပေ။



ချည်အရုပ်လေး ဖြစ်စဉ်က ယောလ်အား တွေ့တိုင်း ပြေးလာပြီး ကိုက်တတ်သော လပ်ကီး၊ တွေ့တိုင်း မျက်နှာကို လက်ကလေးများဖြင့် ဖုံးကာနေတတ်သော လပ်ကီးသည် ယခု ယောလ်အား သူတစ်ခါမှ မတွေ့ဖူးသော လူတစ်ယောက်ကဲ့သို့ ဆက်ဆံနေသဖြင့် ယောလ်နှလုံးသားများ ကြေကွဲလေပြီ။



“လပ်ကီး! လပ်ကီး! ဖေဖေလေကွ၊ ဒီမှာ ဆံပင်ပန်းရောင်နဲ့ မျက်လုံးအပြာနဲ့၊ မမှတ်မိဘူးလား”



လပ်ကီးသည် ပြန်မတုံပြန်တော့ချေ။ ယောလ်ကိုပင် ကျောပေးထိုင်နေလေသည်။ ထိုမြင်ကွင်းကို မြင်သော် ယောလ်တစ်ယောက် ရင်ဘတ်များပင် အောင့်လာလေသည်။



အရင်လို ကိုက်ခံရတာမှ ပိုကောင်းဦးမယ် ဟု ယောလ်တွေးနေမိတော့သည်။ အရင်က တစ်ယုတစ်ယ ပျိုးထောင်ခဲ့ရသော ကလေးလေးသည် အခုသူ့ကိုပင် မမှတ်မိတော့ချေ။ ယောလ်တစ်ယောက် လပ်ကီးလေး၏ ကျောပြင်ကို ကြည့်ကာ မှိုင်တွေနေလေသည်။


 

မိုက်ကီရယ်လည်း ဘေးကနေ တိတ်တိတ်ကလေး ကြည့်နေလေသည်။ သူကိုယ်တိုင်လည်း လပ်ကီးလောက် မဟုတ်ပေမဲ့ လူအသွင်ပြောင်းသွားသော ယောလ်အား အနည်းငယ် စိမ်းနေသည်မှာ အမှန်ပင်။



ယခင်က ခေါင်းနှင့် ခန္ဓာကိုယ်နှစ်ပိုင်းသာ ပါသော ချည်အရုပ်လေးက ယခုလို ချောမောလှပသည့် ကောင်လေးအသွင်ပြောင်းသွား လိမ့်မည်ဟု မထင်ထားပေ။ 



ဘာတွေ ဖြစ်ကာ ဘယ်လိုကြောင့် လူအသွင်ပြောင်းသွားလည်း မိုက်ကီရယ် သိချင်နေသည်။ အခုလိုရုတ်တရက်ကြီး လူအသွင်ပြောင်းသွားသလို အရုပ်ကလေးလည်း တစ်ဖန်ပြန်ဖြစ်သွားနိုင်သည်ဟု မိုက်ကီရယ် တွေးနေမိသည်။ 



မိုက်ကီရယ်တစ်‌ယောက် အန်ဒရီမှ တစ်ဆင့် မှော်ဆရာတစ်ဦးကို မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။



မှော်ဆရာများသည် ဝိုက်ဒီဖီးယား အင်ပါယာတွင်သာမက တခြားနိုင်ငံများတွင်လည်း ရှားပါးလှသည့် လူနည်းစုဖြစ်သည်။ မှော်ဆရာအစစ်ရှာတွေ့လျှင်ပင် အောက်လမ်းဆရာ သို့မဟုတ် တားမြစ်မှော်များ ကျင့်သုံးသည့် သူများ ဖြစ်နေတတ်သည်။ 



ထို့ကြောင့်လည်း ယောလ်၏ ဖြစ်စဉ်နှင့်ပတ်သတ်၍ အလွယ်တကူတော့ အဖြေရှာနိုင်မည် မဟုတ်ပေ။ သို့သော် မိုက်ကီရယ် ဒီတိုင်းရပ်ကြည့်မနေနိုင်ပေ။ 



အရေးကြီးသည့် အချက်များကို ခြုံကြည့်လျှင် ယောလ်သည် လူအသွင်မပြောင်းခင် အရမ်းမတည်မငြိမ်ဖြစ်ကာ မကြာခဏ မခံနိုင်အောင် ခေါင်းကိုက်ခြင်း များဖြစ်တတ်သည်။



အရုပ်တစ်ရုပ်အတွက် ခေါင်းကိုက်တတ်သည်မှာ သာမန် မဟုတ်သဖြင့် ဒီအချက်ကို သတိထားသင့်မှန်း မိုက်ကီရယ်သိသည်။



“လပ်ကီးရေ”



ယောလ်တစ်ယောက် လပ်ကီးကျောပြင်လေးကို စိုက်ကြည့်ကာ တဖွဖွခေါ်နေသော်လည်း မရသည့် အဆုံး စိတ်ပျက်လက်ပျက်ဖြင့် ထလာလေတော့သည်။ ထို့နောက် အနောက်ကို လှည့်ကြည့်လိုက်မိကာ မထင်မှတ်ဘဲ ရေချိုးခန်းတံခါးကို တွေ့လိုက်ရသောကြောင့် ဝမ်းသာအားရဖြင့် မျက်လုံးများ ဝင်းလက်လာလေသည်။



“မိုက်ကီရယ်၊ ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်”


စိတ်ပြေလက်ပျောက်ဖြစ်ရန် ရေချိုးတာထက်ကောင်းသော အရာမရှိပေ။ ချည်အရုပ်လေးဖြစ်စဉ်တုန်းက သူ့အား မိုက်ကီရယ်က ခြေလက်ဆေးကြော‌ပေးပြီး ရေချိုးခွင့်မရှိချေ။ သို့သော် အခု လူအသွင်ပြောင်းပြီ ဖြစ်သဖြင့် သူ့လက်သူ့‌ခြေနှင့် ရေချိုးနိုင်ပြီဖြစ်သည်။



ယောလ်တစ်ယောက် ရေချိုးကန် အကြီးကြီးအား မြင်ယောင်လျက် မိုက်ကီရယ်၏ အဖြေကို စောင့်နေသည်။



“အိုကေလေ၊ ဒါပေမဲ့ ငါမပါဘဲ တစ်ယောက်တည်း ဖြစ်ပါ့မလား”



“ဟေ့လူ ကျွန်တော်ကအခု လူသား တစ်ယောက်ဖြစ်နေပါပြီနော်၊ ကိုယ့်ဟာကိုယ်လုပ်နိုင်ပါတယ်ဗျ”



ယောလ်တစ်ယောက် မိုက်ကီရယ့်အား စိတ်ကောက်ကာ ရေချိုးခန်းထဲသို့ ဆောင့်ဆောင့်အောင့်အောင့် ဝင်သွားလေသည်။



မိုက်ကီရယ်သည် ယောလ်၏‌ ကျောပြင်လေးအား စိုက်ကြည့်လျက် ကျန်‌နေခဲ့သည်။ မိုက်ကီရယ်၏ အဝတ်ပွပွများကို ဝတ်ထားသော ယောလ်၏ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးက ချစ်ဖိို့ ကောင်းလွန်းလှသည်။ ဘောင်းဘီရှည်အား အထပ်ထပ်ခေါက်ပေးထားသော်လည်းချော်‌လဲမည်ကို မိုက်ကီရယ် တစ်ယောက် စိုးရိမ်နေလေသည်။



ယောလ် ရေချိုးခန်းထဲ ရောက်သွားသည့်တိုင် မိုက်ကီရယ်၏ မျက်လုံးထဲတွင် ယောလ်ပုံရိပ်လေးက ကျန်ရစ်နေဆဲပင်။



***



ယောလ်တစ်‌ယောက် ရေနွေးကန်ထဲတွင် စိမ်လျက် 



“အား…ရေချိုးရတာ ကောင်းလိုက်တာ”



ချစ်စရာကောင်းသော ဆပ်ပြာပုလင်းတစ်ခုတွေ့လျှင် ဘာမှန်းမသိသော်လည်း ရေချိုးကန်ထဲ လောင်းထည့်လိုက်သည်။ 



ထို့နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံး ဆပ်ပြာ အမြှုပ်များထဲ နစ်ဝင်သွားကာ ရေချိုးခန်းတစ်ခုလုံးလည်း အနံ့များ မွှေးနေလေသည်။



“ဝေါင်း တကယ်မိုက်တာပဲ”



ဆပ်ပြာအမြှုပ်များထဲမှ ထင်းထင်းလေး မြင်နေရသော တွဲလောင်းကျနေသည့် သူ့ဥနှစ်လုံးကို ကြည့်ကာ ယောလ်ပျော်မြူးနေသည်။ သူ့ လိင်အင်္ဂါလေး ခြေတွေ လက်တွေလို ပြန်ပါလာလို့ တော်ပါသေးရဲ့ဟုတွေးကာ အပျော်ကြီးပျော်နေသည်။ 



လူဖြစ်စဉ်က ဤအရာများကို တစ်ခါမှ မတွေးမိပဲ ချည်အရုပ်မှ လူအသွင်ပြန်ပြောင်းသည့် အချိန်တွင်မှ တွေးရင်းစဉ်းစားမိကာ ကျေနပ်နေလေသည်။



“တော်သေးတယ် တော်သေးတယ်”



ယောလ်တစ်ယောက် သူ့ကိုယ်သူ စကားပြောရင်း ပျော်မြူးနေကာ ရေချိုးကန်ထဲသို့ ခေါင်းကို နှစ်ချလိုက်လေသည်။