Chapter 26
“ဝါး…”
ယောလ်သည် သူထင်ထားသည်ထက်ဆိုးသည့် အရူးတစ်ယောက်အား တွေ့လိုက်ရပြီး ပြောစရာစကားပင်ပျောက်သွားသည်။ သူ့ခမျာ အလွန်ရူးနှမ်းသည့် စကားတစ်ခွန်းကို ကြားလိုက်ရပြီး ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ သည်အကြောင်းအား တခြားလူတစ်ယောက်ကို သွားပြောလျှင်တောင် ပါးစပ်ညောင်းရုံသာ အဖတ်တင်မည် ဖြစ်သည်။
“အိုကေလေ၊ မိုက်ကီရယ်ဘယ်သွားသွား ကျွန်တော် လိုက်မယ်”
ယောလ်သည် သူ၏ ရှုံ့မဲ့နေသော မျက်နှာပေးကို အတင်းပြင်ကာ မရမက ပြုံးနေရှာသည်။ ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အရူးတစ်ယောက်ကို မတွေ့ဖူးခင်က ထိုသူ၏ စိတ်အတက်အကျအတိုင်း အလိုက်အထိုက်နေရသည်မှာ ယခုလောက်ခက်ခဲမည်ဖြစ်ကြောင်း ယောလ်တစ်ယောက် စဉ်းတောင်မစဉ်းစားဘူးပေ။
****
မိုက်ကီရယ် ပြောထားသောနေ့သို့ ရောက်လာခဲ့ပြီ။ ယောလ်တစ်ယောက် မှန်ရှေ့တွင် သူ့ကိုယ်သူ ငေးကြည့်နေလေ၏။ အပြစ်ပြောစရာမရှိလောက်အောင် လှပတင့်တယ်နေသော သူ၏ ပုံရိပ်က အတိုင်းသား ထင်ဟပ်နေသည်။
အဖြူနောက်ခံကို ရွှေရောင်သစ်ရွက်များဖြင့် ပုံဖော်ထားသော ပွဲတက်ဝတ်စုံနှင့် အနီရောင်ဖဲပြားကို ဝတ်ဆင်ထား၏။ ထိုဖဲပြားအလည်တွင် အလွန်ဈေးကြီးပုံပေါ်လှသော အပြာရောင်ကျောက်မျက်တစ်ခုက ပါသေးသည်။ ဒါ့အပြင် မြို့တော်မှ လက်မှုပညာသည်တစ်ဦး ဖန်တီးထားသော အဖြူရောင်လည်သာ ဖိနပ်ကိုလည်း ဝတ်ထားသေးသည်။
ယော်လ်တစ်ယောက် တခြားအိမ်တော်ရှိ အရုပ်တွေရော အခုလို အဖိုးတန် အဝတ်တွေ ဝတ်ပါ့မလားဟု သူ့စိတ်ထဲတွေးနေမိသည်။ လက်ရှိမှာတော့ အရုပ်တစ်ရုပ်အတွက် အဆင့်အမြင့်ဆုံးဘဝတွင် သူနေထိုင်နေရသည်။
အမှန်တော့ ဤကဲ့သို့ ဘဝမျိုးကို သူတစ်ခဏလေးမျှတောင် လိုချင်တပ်မက်မဖြစ်ဖူးခဲ့ပေ။
သို့သော် ဤဝတ်ကောင်းစားလှများနှင့် မြင်နေမကြသော်လည်း ကျေနပ်ဖွယ်အလွန်ကောင်းလှသဖြင့် ယောလ်တစ်ယောက် ဟိုဘက်ကလှည့်ကြည့်၊ ဒီဘက်ကလှည့်ကြည့်ဖြင့် သူ့ကိုယ်သူ အလွန် သဘောကျနေသည်။
သူ၏ ချည်မျှင်ဖြင့်လုပ်ထားသည့် ခေါင်းသေးသေးလေးထဲတွင် အလွန်ချစ်ဖို့ကောင်းသော အရုပ်တစ်ရုပ်ဖြစ်ချင်စိတ်နှင့် ဂုဏ်သိက္ခာရှိသော လူသားတစ်ဦးအဖြစ် နေထိုင်လိုစိတ်၊ စိတ်နှစ်မျိူး လွန်ဆွဲနေသည်။ ထိုစဉ် မိုက်ကီရယ်တစ်ယောက် သူ၏ အနောက်သို့ ရုတ်တရက် ရောက်လာသည်။
“ဝါး..”
ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အရူးတစ်ယောက် ဖြစ်သော်ငြားလည်း မှန်ထဲတွင် ထင်ဟပ်နေသော မိုက်ကီရယ်၏ ပုံရိပ်သည် အလွန်အမင်း ခံညားလှသည်။
ပုံမှန်ဝတ်နေကြ အဝတ်အစားများဖြင့်လည်း အပြစ်ပြောစရာမရှိသော်ငြား ယခုလို ပွဲတက်ဝတ်စုံ ဝတ်ထားချိန်တွင်မူ ပုံမှန်ထက် အဆပေါင်းများစွာ ချောမောတင့်တယ်လွန်းလှသည်။
ဖြတ်ကနဲကြည့်လိုက်လျှင် သာမာန် အနက်ရောင် ဝတ်စုံတစ်စုံသာ ဖြစ်သော်လည်း သေချာအနီးကပ်ကြည့်ပါက ဝတ်စုံတစ်ခုလုံးကို ပန်းထိုးထားသောပုံစံများသည် အလွန်တန်ဖိုးကြီးရုံသာမက ခမ်းနားလှသည်။ ထို့အပြင် ရင်ဘတ်နှင့် အင်္ကျီလက်တွင်လည်း ရွှေစများဖြင့် တွဲချုပ်ထား၏။ ကော်လံ အလည်မှာတော့ ယောလ်၏ဖဲပြားနှင့်ဆင်တူ အပြာရောင် ကျောက်မျက်လေးတစ်ခုပါလေသည်။
ပုံမှန်ဖြီးလိမ်းထားလေ့မရှိသော ဆံပင်ကိုပင် အနောက်သို့ သေသေချာချာ ပင်တင့်ထားသဖြင့် ဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်လွန်းနေ၏။
ယောလ်တစ်ယောက် မှန်ကနေတစ်ဆင့် မိုက်ကီရယ်အား သဘောကျမှုအပြည့်နှင့် ငေးကြည့်နေသည်။ ဒီလောက်ချောမောလှပသော လူတစ်ယောက်အတွက် အနည်းငယ်လောက် ရူးနှမ်းနေတာ ကိစ္စမရှိပေ။ သို့သော် ယောလ်၏စိတ်ထဲတွင်တော့
မိုက်ကီရယ်က တော်တော်ကြီး ရူးနေတာလေ အဲဒါက သောက်ပြဿနာပဲ။
ယောလ်တစ်ယောက် သူ့ကိုယ်သူ ဤမျက်နှာလှလှလေးနောက် ခဏ မျောပါသွားသဖြင့် အပြစ်တင်နေလေသည်။
အရမ်းချောလို့များ ဒီကောင် မဟားတရား ရူးနေတာလား။
“မိုက်..မိုက်ကီရယ် တစ်ကယ်ကြီးလား”
“ဟမ် ဘာဖြစ်လို့လဲ”
“...”
ယောလ်တစ်ယောက်ဘာမှ မပြောဘဲ ပြုံးပဲပြကာ ပါးစပ်ပိတ်နေလိုက်သည်။ အကြောင်းအရင်းမှာ သူ ယခု ပါးစပ်ဟလိုက်လျှင် ဆဲစရာစကားလုံးများ အပြွတ်လိုက် ထွက်လာမည်ဖြစ်သောကြောင့်ပင်။ အဘယ့်ကြောင့်ဆိုသော် အရူးကောင် မိုက်ကီရယ်တစ်ယောက် ယခုလိုဝတ်ကောင်းစားလှတွေ ဝတ်ထားပြီးကာမှ ယောလ်ကို သူ့ အိပ်ကပ်ထဲ ကောက်ထည့်လိုက်သည်။
ယခုတစ်ခေါက် သူအဝတ်အစားမှာကတည်းက ယောလ်၏ ခန္ဓာကိုယ်ဆိုဒ်နှင့် ကွက်တိဖြစ်သော အိပ်ကပ်လေးများကိုပါ ထည့်ချုပ်ခိုင်းထားလေသည်။ သို့မှသာ ယောလ်ကို အိပ်ကပ်ထဲထည့်လျှင်ပင် ဖောင်းထွက်နေမည် မဟုတ်ပေ။
သို့သော် ယောလ်၏ခေါင်းလေးမှာ ပြူထွက်နေလေသည်။
မိုက်ကီရယ်၏ ဝတ်စုံကို အဓိက ပြည့်စုံစေသည်မှာ ထိုချည်အရုပ်ခေါင်းလေးပင်ဖြစ်၏။
မိုက်ကီရယ်အား မကျေနပ်မှုများဖြင့် မှန်မှ တစ်ဆင့် တိတ်တိတ်လေး ကြည့်နေလိုက်သည်။ ထို့နောက် ယောလ်တစ်ယောက် ဆောင့်ကြောင့်လေး ထိုင်ကာ အိပ်ကပ်ထဲသို့ ခေါင်းကို မဆံ့ ဆံ့အောင် အတင်းအကျပ် သွင်းနေရှာသည်။
“အီး..အား၊ ဘယ်လိုမှ မဆံဘူးလို့”
‘ခေါင်းကြီးကြီးနှင့် အရုပ်ကလေး’ ယောလ်တစ်ယောက် သူကြားဖူးသည့် ကဗျာစာသားလေးကို ရွှတ်နေမိတော့၏။
မည်မျှပင် ကိုးယို့ကားယားနှင့် လူးလှိမ့်နေအောင် ကြိုးစားကြိုးစား သူ၏ခေါင်းသည် အိပ်ကပ်နှင့် မဆံ့ပေ။ ယခင်တစ်ခေါက် နန်းတော်သို့ သွားတုန်းက မိုက်ကီရယ် ဝတ်ခဲ့သောဝတ်စုံသည် ချားတူးလန်သော်လည်း အနည်းဆုံး သူ့ခေါင်းလေးတော့ ဆံ့သေးသည်။ ယခုဝတ်စုံသည် အရမ်းလှပြီး လိုက်ဖက်သော်လည်း သူ့ခေါင်းပင် မဆံ့ချေ။
“မိုက်ကီရယ် ဒါ.. ဒါမကောင်းဘူးထင်တယ်နော်၊ ကျွန်တော့်ကို ဒီလို ထည့်ခေါ်သွားတာတော့ ဟုတ်ပါပြီ ဒါပေမဲ့ မိုက်ကီရယ့် အနေအထားကြီးနဲ့ မလိုက်ဖက်ဘူးလေ”
ယောလ်တစ်ယောက် အိပ်ကပ်ထဲမှာ လူးလှိမ့်နေရင်း နောက်ဆုံး မနေနိုင်တော့သည့်အတွက် ပြောချလိုက်တော့သည်။
သူ ဘယ်လောက်ပင် ရူးနှမ်းပါစေ၊ ဘာတွေပဲ ပေါက်ကရပြောနေပါစေ ဒီကိစ္စကတော့ မှားနေမှန်း ယောလ်ကောင်းကောင်းသိတယ်။
မိုက်ကီရယ်၏ပုံရိပ် ခွေးချေးပုံ ဖြစ်သွားလည်း ယောလ်နှင့် မဆိုင်ပေ။ သို့သော် သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးထားကာ စိတ်ရင်းဖြင့် ဆက်ဆံပေးသော လူတစ်ယောက်အား ပွဲတက်ဝတ်စုံကို အရုပ်တစ်ရုပ်ဖြင့် အလှဆင်ခြင်းသည် မှားလွန်းသဖြင့် သူတားနေရခြင်းပင်။
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ လူတွေက ခင်ဗျားကို ဝေဖန်ကြမှာလေ၊ လှောင်ကြမှာ ၊ ကဲ့ရဲ့ကြမှာပေါ့လို့”
“သူတို့က ရူးနေတာမှ မဟုတ်ရင် ငါ့ရှေ့မှာ အဲလိုမလုပ်ရဲဘူး”
“အိုးမိုင်ဂေါ့!”
ယောလ်သည် မိုက်ကီရယ်၏ စကားလုံးများကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
သူပြောတာလည်း မှန်တော့ မှန်သည်။ ရူးနေသည့် လူတစ်ယောက်သာ အက်ရှ်မြို့စားအား ရှေ့တွင် လှောင်ပြောင်ရဲမည်။ သို့သော် မျက်ကွယ်တွင် သူ့အား လှောင်ပြောင်ကဲ့ရဲ့လိမ့်မည်မဟုတ်ဟု အာမ မခံနိုင်ပေ။
“အယ် ဟုတ်တော့ ဟုတ်ပေမဲ့ မိုက်ကီရယ့် ပုံရိပ်လည်း မြောင်းထဲ ရောက်သွားမှာနော် အက်ရှ်မြို့စားက ညစာစားပွဲမှာ အရုပ်ယူလာတယ်ဟေ့ ဆိုပြီးလေ”
“မင်း ဒီလောက် စိတ်ပူနေရင် နောက်တစ်နည်းရှိတယ်”
“ဟမ် ဘာလဲ အဲဒါ”
ယောလ်သည် မိုက်ကီရယ်တစ်ယောက် သူ့အားအိမ်မှာပင် ထားခဲ့လေမလား၊ လှည်းပေါ်ပင် ချန်ထားခဲ့မလားဟူသည့် မျှော်လင့်ချက် အရိပ်အယောင်များဖြင့် မျက်လုံးများတောက်ပလာသည်။
“မင်းရဲ့ ခန္ဒာကိုယ်ကိုခွဲ၊ အထဲက ချည်မျှင်တွေကို အကုန်ထုတ်ပစ်ပြီး ငါ့အိပ်ကပ်ထဲမှာ သေးသေးလေး ထည့်သွားလို့ရတယ်လေ”
“အီး”
အာ ဒီသောက်ရူးကတော့လား။
“အဲဒါဆို မင်းကို ငါ့အိပ်ကပ်ထဲ ထည့်သွားရင်တောင်မှ ချပ်ချပ်ကလေး ဖြစ်ပြီး ဘယ်သူမှ မသိတော့ဘူးလေ၊ တကယ်ကောင်းတဲ့ အကြံပဲနော်”
“နိုး တော်ပြီ၊ ကျွန်တော် ဒီတိုင်း တစ်လမ်းလုံး ခေါင်းဖော်ပြီးပဲ လိုက်ခဲ့တော့မယ်၊ ဒီလို ပွဲတက်ဝတ်စုံထဲကနေ ခေါင်းဖော်ထားရတာ သဘောကျသွားပြီ”
မိုက်ကီရယ် တစ်ယောက် ချက်ချင်းပြောင်းလဲသွားသည့် ယောလ်ကို ကြည့်ကာ မရယ်ပဲ မနေနိုင်တော့ပေ။ ဒါကြောင့် သူယောလ်ကို တချိန်လုံး စနောက်နေခြင်းပင်။
ယောလ်ပြောသလို အရုပ်တစ်ရုပ်ကို ဝတ်စုံထဲ ထည့်ဝတ်ခြင်းမှာ ကြောင်တောင်တောင်ဖြစ်မှန်း မိုက်ကီရယ်တစ်ယောက် ကောင်းကောင်းသိသည်။ သို့သော် သူယခုလိုလုပ်ရခြင်းမှာ ဤချည်အရုပ်လေးနှင့် တစ်စက္ကန့်လေးမျှပင် ခွဲခွာမနေချင်သောကြောင့်ဖြစ်သည်။
သူ့ကိုယ်သူလည်း ဘာလို့ ဒီချည်အရုပ်ကလေးကို အရမ်းစွဲလမ်းနေသည်ကို သိချင်မိသည်။ သေချာသည်မှာ ယောလ်တစ်ယောက် ဝိုင်သောက်ကာ မူးတုန်းက ထွက်ပြေးမည့်အကြောင်း ပြောချိန်၌ သူ့ခေါင်းထဲတွင် ထိုချည်အရုပ်လေးနှင့် ဖြတ်သန်းခဲ့သည့် မှတ်ဉာဏ်များ ပေါ်လာလေသည်။
သူနောက်ဆုံး ရယ်မောခဲ့ရသည့် အချိန်ကိုပင် သူမမှတ်မိတော့ပေ။ သို့သော် ဤချည်အရုပ်လေး ရောက်လာသည့် အချိန်မှစပြီး တော်တော်လေး ပြုံးပျော်ခဲ့ရ၏။ ယခင်က သူ့ဘဝသည် စိတ်ညစ်စရာများဖြင့် ခက်ခဲခဲ့သည်။
ဤမျက်လုံးဝိုင်းဝိုင်းနှင့် အရုပ်ကလေးသာ ပျောက်ကွယ်သွားလျှင် သူ့ခန္ဓာကိုယ်မှ သွေးများအားလုံး အေးခဲသွားမည်ဟု ခံစားရသည်။
သူ့ကိုယ်သူ ယောလ်ပြောသလို
ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အထက်ပုဂ္ဂိုလ်ဖြစ်လျှင်လည်း ဖြစ်နေလိမ့်မည်ဟု တွေးနေမိသည်။ ထို အထက်ပုဂ္ဂိုလ်ဆိုသော အရာကိုလည်း သူနားမလည်သေးပေ။ ဘာပဲဖြစ်ဖြစ် သူကတစ်ချိန်ချိန်မှာ လယ်ဗီနှင့် ချစ်ကြိုက်သွားမည့် ဝတ္ထုဇာတ်ကောင်တစ်ယောက်သာ လို့ ယောလ်ပြောခဲ့သည်ပင်။
“သွားကြမယ်လေ၊ ညစာစားပွဲက လူတိုင်းကို ကျွန်တော့်ရဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး ပြချင်နေပြီ”
ခန္ဓာကိုယ်ကို ခွဲကာ အထဲမှ ချည်မျှင်များအားလုံး အထုတ်ခံရသည်ထက်စာလျှင် ခေါင်းလေးဖော်လိုက်ရတာ ပိုကောင်းသည်ဟူသော ယောလ်တစ်ယောက် ထိုစကားကို တက်တက်ကြွကြွဖြင့်ပြောနေလေသည်။ ဒီစကားများသာ ထပ်ကြားလျှင် မိုက်ကီရယ်မှာ သူ၏ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။
***
“တကယ်ကြီးလား”
“အေး တကယ်ကြီးလို့တော့ ပြောတာပဲ”
ဆီလက်ဖ်သည် လယ်ဗီ၏ မေးခွန်းကို ပြန်ဖြေလေသည်။ လယ်ဗီတစ်ယောက် မိုက်ကီရယ် ယောလ်ကို အိပ်ကပ်ထဲ ထည့်ခေါ်သွားသည့်ပုံကို မြင်ယောင်ကြည့်နေသည်။ ဆီလက်ဖ်လည်း သူဒီအကြောင်း ပထမဆုံးကြားလိုက်ကတည်းက လယ်ဗီတွေးသလို တွေးမိတာကြောင့် နားလည်လေသည်။
“ငါတော့ ဘာမှ ပြောစရာ မရှိပါဘူး”
“ငါလည်း သဘောတူတယ်”
နှစ်ယောက်သား ရထားလုံး ပေါ်သို့ ဘူနေသော ရုပ်များဖြင့် တက်လာကြ၏။ ယောလ်လည်း မြင်လိုက်တာနှင့် ထိုနှစ်ယောက်၏ ခံစားချက်ကို နားလည်သဖြင့် စိတ်ထဲမှ ပြောလိုက်သည်။
မင်းတို့ ဘယ်လို ခံစားနေရလဲဆိုတာ ငါနားလည်တယ်။
သူလည်း ဒီနေရာသို့ ကိုယ့်သဘောနှင့်ကိုယ် ပါလာခြင်း မဟုတ်ကြောင်း ထိုနှစ်ယောက်ကို သိစေချင်သည်။
ရထားလုံးလည်း လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။ မြို့စားကြီး၏ အိမ်သို့သွားရာလမ်းတွင် ယောလ်တစ်ယောက် မြို့တော်ကြီးကို ရထားလုံးထဲမှ မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေမိ၏။ လမ်းတစ်ဝက်တွင် ဈေးကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး အရသာရှိသော အစားအသောက်များစွာကို မြင်တွေ့ ခဲ့ရသည်။ ယောလ်တစ်ယောက် အဝေးကနေငေးကြည့်ပြီး တံတွေးမျိုချ ရုံပင်တတ်နိုင်လေသည်။
သိပ်မကြာခင်မှာပင် မြို့စားကြီး အယ်ဆာရင်း အိမ်တော်သို့ ရောက်လေပြီ။
“ငါတို့ ရောက်ပြီ”
မြို့စားကြီး အယ်ဆာရင်း အိမ်တော်သည် အက်ရှ်မြို့စား၏ အိမ်တော်ထက် ပို၍ ကြီးမားသည်။ ယောလ်သည် မိုက်ကီရယ်၏ ပခုံးပေါ်တွင်နေကာ အိမ်တော်ကြီးကို ရထားလုံးထဲမှ ငေးကြည့်နေ၏။
အက်ရှ်မြို့စား၏ အိမ်တော်တွင် အဆောက်အဦးများ ဥယျာဉ်ပန်းပင်များသည် သူ့အရွယ်အစားနှင့်သူ လိုက်လျောညီထွေဖြစ်လျက်ရှိသည်။ သို့သော် မြို့စားကြီး အယ်ဆာရင်းအိမ်တော်တွင်တော့ အရာအားလုံးသည် လိုအပ်သည်ထက်ပို၍ ကြီးကျယ်နေသည်ဟု ယောလ်ခံစားမိသည်။
ယောလ်အတွက် အက်ရှ်မြို့စား၏ အိမ်တော်သည် နေထိုင်ရန် ပိုသင့်တော်သော်လည်း မြို့စားကြီး အယ်ဆာရင်း အိမ်တော်ကတော့ ပိုကြည့်ကောင်းသည်မှာ အမှန်ပင်။ ယောလ်တစ်ယောက် ထိုအိမ်တော်သို့ ရောက်ကတည်းက ဟိုကြည့်ဒီကြည့်နှင့် အလုပ်ရှုပ်နေလေသည်။
“ဒီနေ့တစ်ရက်တော့ ငါ့စကားကို နားထောင်နော်၊ စကားမပြောနဲ့၊ မလှုပ်နဲ့ ၊ အရုပ်တစ်ရုပ်လိုပဲနေပေး”
“ဟုတ်”
ယောလ်သည် ချက်ချင်းပင် မိုက်ကီရယ်ပြောသည်အား ပြန်ဖြေလိုက်သည်။
မဟုတ်လျှင်တောင် သူ့အနေနှင့် “သွေးနီရောင်ထောင်” ဝတ္ထုထဲရှိ နောက်ထပ်အရူးတစ်ယောက်၏ အိမ်တော်တွင် အာရုံစိုက်ခံရအောင် မလုပ်ချင်ပေ။
တစ်ချိန်တည်းမှာပင် သူယခင်တည်းက အခုလို စကားမပြောပဲ ငြိမ်ငြိမ်လေးနေခဲ့လျှင် ဒီအထိ ခေါ်လာခံရမည် မဟုတ် ဟု တွေးမိနေလေသည်။
တည်ရှိနေသည်ဟု မထင်ရလောက်အောင်ပင် သူတိတ်တိတ်ကလေးနေရမည်။ သို့သော်လည်း သူ့ပုံစံကတော့ ထင်းထွက်နေမှာ အမှန်ပင်။
ထင်ထင်ရှားရှား မနေပဲ တိတ်တိတ်ကလေး ပြန်နိုင်အောင်လုပ်ရမယ်။
နောက်ထပ်အရူးတစ်ကောင် သူ့ကို ထပ်ပြီး စိတ်ဝင်စားမှာကို သူမလိုချင်တော့ပေ။
ယောလ်သည် ထိုကဲသို့ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သော်လည်း အချည်းနီးသာဖြစ်သွားရသည်။
***
မိုက်ကီရယ်တစ်ယောက် ယောလ်ကို ထူးဆန်းသော မျက်လုံးများဖြင့်ကြည့်ကာ သူ၏ မျက်လုံးများသည် နီရဲနေပြီး အံ့ဩမှု၊ စိတ်ရှုပ်မှုများနှင့် ပြည့်နေသည်။ သို့သော် အလန့်တကြားဖြစ်နေသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ ဒါ့အပြင် လက်ရှိတွင် အန္တရာယ်အများဆုံးကျရောက်နိုင်သည့်သူမှာ ယောလ်ပင်ဖြစ်ပေသည်။
“မိုက်.. မိုက်ကီရယ်..”
ယောလ်သည် မိုက်ကီရယ်အား တုန်တုန်ရီရီ အသံဖြင့် ခေါ်လိုက်သည်။
“ကျွန်တော်..ကျွန်တော် ဘာလုပ်ရမလဲဟင်”
ယောလ်သည် သူ၏ အဝတ်ဗလာဖြစ်နေသော အပေါ်ပိုင်းကို စားပွဲစဖြင့် ဆွဲချုံလိုက်၏။