Chapter 21
Viewers 2k

Chapter 21


"အား ငါ့ကို မမြိုချနဲ့၊ မကိုက်နဲ့လေ"


ဤသို့ဖြင့် ယောလ်သည် လပ်ကီးအား ဤစကားများသာ 133 ကြိမ်လောက် ပြန်ပြောနေခဲ့သည်။


ကံကောင်းစွာနှင့် ခြံစည်းရိုးကြောင့် ယောလ်ဟာ မြိုချမခံခဲ့ရပေ။ သို့သော် လပ်ကီးသည် ခြံစည်းရိုးကို တိုက်လိုက်သောကြောင့် ယောလ်မှာ လန့်ပြီး နောက်ပြန်လဲကျသွားခဲ့သည်။


လပ်ကီးသည် မိုက်ကီရယ် သို့မဟုတ် လယ်ဗီ တစ်ခါတစ်လေတွင် ဆီလက်ဖ်ကိုတောင် ကိုက်ခြင်းမရှိပေ။ သို့သော် ယောလ်ကို မြင်သည်နှင့် သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးနောက် အမဲလိုက်သကဲ့သို့ နောက်ခြေထောက်လေးနှစ်ချောင်းဖြင့် လှုပ်ယွအားယူကာ သူ့ထံ ပြေးလာပြီး ခုန်အုပ်တတ်သည်။


(N/- ခွေးတွေ၊ ကြောင်တွေ ပြေးတော့မယ်ဆို ဝပ်ပြီး အားယူသလိုမျိုးပဲ၊ မျက်လုံးထဲ မြင်သလားမသိ)


ထို့ကြောင့်လည်း မိုက်ကီရယ်၏ အခန်းကို ခြံစည်းရိုးဖြင့် နှစ်ပိုင်း ပိုင်းခြားထားရသည်။ လပ်ကီး တစ်ခြမ်း၊ ယောလ် တစ်ခြမ်း ဖြစ်သည်။


ထိုသို့ဖြစ်နေခြင်းကြောင့် "သွေးနီ‌ရောင် ထောင်" ဝတ္ထုထဲရှိ စွဲလမ်းမှုကြီးသော မိုက်ကီရယ်မှာ သူ့အခန်းဖြစ်နေသော်လည်း ခြံစည်းရိုး ခြားပြီး နေထိုင်နေ ရလေသည်။


"ငါကိုကျမှ ဘာလို့ ဒီလောက်တောင် ကိုက်ချင်နေရတာလဲ၊ တခြားလူတွေကို ဒီလိုမလုပ်ပါဘူး ဒီခွေးသားလေးကတော့"


ပုံမှန်ဆို သူသည် "လပ်ကီး"ဟု ခေါ်သော်လည်း သူ့ကို ကိုက်ရန် ကြိုးစားသည့် အခါတိုင်း "ခွေးသားလေး" ဖြစ်သွားတတ်သည်။ ခြံစည်းရိုးပေါ်မှ ချောင်းကြည့်နေသော လပ်ကီး၏ ဝိုင်းစက်နေသည့် မြရောင် မျက်လုံးများကို ယောလ်မှာ မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


သူပြောသည်ကို နားမလည်ခြင်းလား သို့မဟုတ် အကြောင်းပြချက်မရှိဘဲ လုပ်နေခြင်းလား မသိပေ။ လပ်ကီးသည် သူ၏ချစ်စရာကောင်းသော မျက်နှာကို စောင်းလိုက်ပြီး ပန်းရောင်လျှာလေးကို ထုတ်ကာ လျက်ပြလိုက်သည်။ ထိုအပြုအမူလေးမှာလည်း အရမ်းချစ်စရာကောင်းနေခဲ့သည်။


ရတနာများကဲ့သို့ တောက်ပနေသည့် ရွှေရောင်ခန္ဓာကိုယ်နှင့် ကြီးမားသည့် မျက်ဆံနက်များ ပါသော မြရောင်မျက်လုံးများဖြင့် လပ်ကီးမှာ အရမ်းလှပြီး ချစ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ ယောလ်ကို စားရန်ကြိုးစားသည့် သေစေနိုင်သော အပြစ်တစ်ခုတော့ ရှိနေခဲ့သည်။


"ငါ မင်းကို ဘယ်လိုလုပ်ပြီးတော့များ မွေးခဲ့မိပါလိမ့်၊ ဘာလို့ မင်း ငါ့ကို ဒီလိုလုပ်နိုင်ရတာလား”


ယောလ်က မကျေမနပ်ဖြစ်ကာ ခြေတိုလေးများနှင့် ဆောင့်နင်းလိုက်သည်။ ဤမြင်ကွင်းကို ကြည့်နေသည့် မိုက်ကီရယ်မှာ ခေါင်းခါလိုက်သည်။


သူ နဂါးများအကြောင်း သိပ်မသိသော်လည်း မြင်ရုံနှင့်တင် ယောလ်ကို သားကောင်အဖြစ် အသိအမှတ်ပြုပြီး ကိုက်ရန်လုပ်နေခြင်း ဖြစ်ပုံရသည်။ သို့သော် အဲအချက်ကို လက်မခံချင်၍လား သို့မဟုတ် မတွေးမိ၍လား မသိပေ ယောလ်မှာ အမြဲတမ်း တူညီသည့် မေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေခဲ့သည်။


[ဘီး - ဘီး!]


"ဘာ၊ ဘာ၊ ဘာ! ဘာလို့ ငါ့ကို ပြန်ပြောနေတာလဲ"


[ဘီး! ဘီး!]


"ဘာ၊ ဘာ! မင်းအမှားပဲလေ၊ ဘာလို့ မျက်လုံးတွေ ပြူးကြည့်နေတာလဲ ချစ်စရာကောင်းတာက အရာရာလို့ ထင်နေတာလား၊ အေး ဟုတ်တယ် ချစ်စရာကောင်းတာက အရာရာပဲ”


မိုက်ကီရယ်သည် လယ်ဗီကို နားကြပ် ဝယ်ခိုင်းသင့်လားဟု အလေးအနက် စဉ်းစားနေခဲ့သည်။ ဤအတိုင်းသာဆိုလျှင် တစ်ရက်ကို ဆယ်ကြိမ်လောက် ရန်ဖြစ်နေသူနှစ်ယောက်ကြောင့် သူ့နားမှာ အကြားအာရုံ ပုံမှန်မဟုတ်တော့မှာ သေချာသည်။


အားအရဆုံးအချက်မှာ သူတို့နှစ်ယောက် ရန်ဖြစ်တိုင်း ယောလ်မှာ အမြဲတမ်း ရှုံးသူဖြစ်နေခြင်း ဖြစ်သည်။


လပ်ကီးမှာ သူ့ကို ကိုက်သောကြောင့် ဒေါသထွက်နေသည့် အချိန်လျှင်တောင် လပ်ကီး ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုသည်ကို သူဒေါသတကြီး စူးစမ်းခဲ့သည်။ နောက်ဆုံးမှာတော့ အမြဲတမ်း "လပ်ကီးက ချစ်ဖို့ကောင်းတယ်" ဟူသည့် စကားလုံးနှင့် အဆုံးသတ်နေသောကြောင့် သူဘာလို့ အလုပ်ရှုပ်ခံပြီး ရန်ဖြစ်နေရသည်လဲဟု တွေးနေမိသည်။


"လပ်ကီး မင်းသိထားနော်၊ ငါ မင်းကို သည်းခံနေတာက မင်းက အရမ်းချစ်ဖို့ကောင်းလို့ပဲ ဟုတ်ပြီလား၊ ဒီခွေးမသားလေးက အရမ်းချစ်ဖို့ကောင်းလို့ ငါက သည်းခံနေတာ၊ မင်းက ဘယ်သူ့ကိုတူလို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ"


မိုက်ကီရယ်သည် ဤကဲ့သို့ ရင်းနှီးနေသော ပုံစံကိုကြည့်ပြီး ကျစ်တစ်ချက်သပ်လိုက်သည်။


ဒေါက်၊ ဒေါက်!


"မြို့စားမင်း ကျွန်တော် လယ်ဗီပါ"


တံခါးခေါက်သံ ကြားပြီးနောက် လယ်ဗီ အသံကို ကြားလိုက်ရသည်။ တံခါးခေါက်သံကြောင့် အံ့အားသင့်ပြီး ကျုံ့သွားသော ယောလ်၏ နှလုံးသားပိစိလေးမှာ ရင်းနှီးသည့် အသံကြောင့် ပုံမှန်အရွယ်အစားသို့ ပြန်ရောက်လာသည်။


"ဘာဖြစ်လို့လဲ"


"မစ္စဘိုနီဆီက အဝတ်တွေ ရောက်လာပါပြီ၊ ဒီသေတ္တာသေးသေးလေးက ယူရီရဲ့ဟာဖြစ်လိမ့်မယ်ထင်လို့ ယူလာခဲ့တာပါ"


လယ်ဗီမှာ ယောလ် အရွယ်အစားလောက်ပဲ ရှိသည့် သေတ္တာတစ်လုံးကို ကြမ်းပြင်ပေါ် ချလိုက်သည်။ သူ့စကားကြောင့် ယောလ်သည် မျက်လုံးပြူးပြီး ခေါင်းစောင်းလိုက်သည်။ လုံးဝန်းသော ပန်းရောင်ခေါင်းသေးသေးလေးမှာ ညင်သာစွာ စောင်းသွားသည်။


အဲဒါက သေတ္တာသေးသေးလေးလား။ အဲလောက်ကြီးတာလား။ ဒါဆို သူ အဝတ်ဘယ်နှစ်ထည် မှာလိုက်တာလဲ။


"ယူရီ၊ ဒီကိုလာခဲ့"


သူစိတ်ဝင်စားနေခဲ့ပြီး သူ့အဝတ်များဖြစ်နေ၍ ပျော်ရွှင်နေခဲ့သောကြောင့် ယောလ်က သေတ္တာထံသို့ အပြေးအလွှားသွားခဲ့သည်။ သူ့ခန္ဓာကိုယ်သေးသေးလေးဟာ ခေါင်းအကြီးကြီးကြောင့် လဲကျတော့မည့်ဟန်ဖြင့် မလုံခြုံစွာ ရွေ့လျားနေသည်။


တစ်ချိန်တည်းမှာပင် လယ်ဗီသည် ယောလ်တက်နိုင်လောက်သည့် ထိုင်ခုံသေးသေးလေးတစ်လုံးနှင့် မှန်တစ်ချပ်ကို သေတ္တာပေါ်တွင် စောင်းပြီး တင်လိုက်သည်။


ယောလ် သေတ္တာနားရောက်သည်နှင့် မိုက်ကီရယ်က ယောလ်ကို ကောက်ချီလိုက်ပြီး ထိုင်ခုံပေါ်တင်ပေးလိုက်သည်။


ယောလ်မှာ သူ့အဝတ်အသစ်များအတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ 


နောက်ဆုံးတော့ ဒီလက်ကိုင်ပဝါနဲ့ လုပ်ထားတဲ့ ပခုံးတစ်ဖက်ဖော် နှစ်ကုန်ဆုပေးပွဲဝတ်စုံကို နှုတ်ဆက်ဖို့ အချိန်ရောက်ပြီကွ။


"ဟစ်"


သေတ္တာထဲရှိ အဝတ်များကို မြင်လိုက်စဉ် ယောလ်မှာ သက်ပြင်းရှိုက်လိုက်သည်။


မိုက်ကီရယ်မှာ မျက်လုံးများကို ခပ်တင်းတင်းမှိတ်လိုက်ပြီး လယ်ဗီသည် ရယ်သံကို ထိန်းချုပ်ရန် ကြိုးစားရင်းဖြင့် ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။


လယ်ဗီ လက်ထဲရှိ ဝတ်စုံမှာ ဇာပါသည့် ပန်းရောင် ပွယောင်ယောင် ဝတ်စုံတစ်ထည်ဖြစ်သည်‌။ ထိုဝတ်စုံလေးမှာ သေးငယ်သော်လည်း အရမ်းလှပလွန်းသောကြောင့် သေးငယ်သည့် အဝတ်လား သို့မဟုတ် ရတနာလားဆိုသည်ကို ပြောရန်ခက်လောက်အောင်ပင် လှပနေခဲ့သည်။ ဝတ်စုံ၏ ရင်ဘတ်တစ်လျှောက်မှာ တောက်ပနေသည့် အရာများလည်း မြှုပ်ထားသေးသည်။


"ဘယ်လိုကြည့်ကြည့် ဝတ်စုံနဲ့တူပါတယ်နော်၊ ကျွန်တော့်အတွက်လား"


"ကျန်တဲ့အဝတ်တွေကိုပါ ထုတ်လိုက်"


"ဟုတ်ကဲ့"


ယောလ်၏ မေးခွန်းကို မဖြေဘဲ မိုက်ကီရယ်က လယ်ဗီကို တိုက်တွန်းလိုက်သည်။


တိကျသော အခြေအနေကို ပြောပြရမည်ဆိုလျှင် ဆီလက်ဖ်ကို မေးခွန်းထုတ်ခံရမှာဖြစ်သော်လည်း မစ္စဘိုနီက သန့်စင်သည့် အရုပ်အဝတ်အစားများပဲ လုပ်ခဲ့ပုံရသည်။ သူမ မည်သည့်အရုပ်မျိုး ဖြစ်သည်ကို သိစရာအကြောင်းမရှိသောကြောင့် သူမက ကျား၊မ မခွဲခြားဘဲ လှပအောင် လုပ်ခဲ့ပုံရသည်။


လယ်ဗီမှာ ယောလ်၏ မျက်လုံးပြာများနှင့် လိုက်ဖက်သည့် နောက်ထပ် အပြာနုရောင် ဝတ်စုံတစ်ထည်ကို ထုတ်ယူလိုက်သည်။ အပြာရောင် ကျောက်မျက်ရတနာများနှင့် ပန်းထိုးထားသည့် ဤဝတ်စုံသည် ယခင်တစ်ထည်ထက် ရိုးရှင်းသော်လည်း ထိုအထည်သည်လည်း အရမ်းလှပနေဆဲပင်။


နှစ်ကုန်ဆုပေးပွဲဝတ်စုံကို ရှောင်ရှားရန် ကြိုးစားရင်းဖြင့် Rococo ပုံစံဝတ်စုံကို ဝတ်ဆင်မိတော့မတတ် ဖြစ်သွားခဲ့သော ယောလ်မှာ မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။


"ဒါလည်း ဝတ်စုံနဲ့တူတယ်နော် ကျွန်တော့်အတွက်ပဲလား၊ ဟုတ်တယ်မလား"


"နောက်ထပ်"


"ဟုတ်ကဲ့"


ထို့နောက် မတူညီသည့် ဝတ်စုံ ငါးထည်၊ ခြောက်ထည်လောက်ကို ကြည့်ပြီးနောက် ယောက်ျားလေးအရုပ်ဝတ်လို့ရသည့် ဝတ်စုံများ ထွက်လာသည်။ ဒါက ယောလ် မူလက ဝတ်ခဲ့တဲ့ဝတ်စုံထက် ပိုမိုအရောင်စုံပြီး ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းဖြစ်သော်လည်း အနည်းဆုံးတော့ သူဝတ်လို့ရနိုင်သည့် ဝတ်စုံ ဟုတ်မနေခဲ့ပေ။


ဤသည်မှာ အဖြူရောင်ပိတ်သားနှင့် အနီရောင်လည်စည်းပါသော ဝတ်စုံပင်ဖြစ်သည်။ ယောလ်သည် အဝတ်များအကြောင်း သိပ်မသိသော်လည်း ဤအဝတ်အစားများသည် သေလောက်အောင် စျေးကြီးသည်ဟု ထင်ခဲ့သည်။


အရုပ်တစ်ရုပ် ဝတ်ဖို့က အရမ်းဇိမ်ကျတယ်လို့ ထင်ရပေမဲ့လည်း ဘာပဲဖြစ်ဖြစ် သူ့ပိုက်ဆံမဟုတ်ဘူးလေ။


အမှန်ပင်ဖြစ်သည်။ စျေးကြီးပုံရရုံနှင့် သူကြိုက်သည်တော့ မဟုတ်ပေ။ အဖြူရောင် အင်္ကျီနှင့် ဘောင်းဘီများအား မကြိုက်သကဲ့သို့ သူ ခေါင်းခါလိုက်သည်။


နောက်မှ ထုတ်လာသည့် အဝတ်များမှာ အားလုံး တစ်ပုံစံတည်း အတူတူဖြစ်သည်။ အနက်ရောင်၊ အပြာနက်ရောင်၊ အပြာနုရောင်၊ ပန်းရောင် စသည်ဖြင့် အရောင်များသာ ကွာခြားသော်လည်း အားလုံးက နေ့စဉ်ဝတ်ရန်အတွက် လေးပင်သည့် အရာတွေချည်းဖြစ်သည်။ လက်ကိုင်ပဝါဝတ်စုံထက်တော့ ပိုကောင်းသောကြောင့် တစ်ခုခုတော့ ဝတ်မှ ရမည်။ သို့သော် သူတကယ်ကျေနပ်မှု မရှိခဲ့ပေ။


(N/- လေးပင်တယ်ဆိုတာ ပေါ့ပေါ့ပါးပါးမရှိဘူးလို့ပြောတာပါ)


သူသည် ဂျင်းဘောင်းဘီနှင့် ဟူဒီ ကို အရမ်းဝတ်ခဲ့ချင်သော်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ထိုအဝတ်အစားများ မရှိနိုင်ပေ။


နောက်ဆုံးတော့ ယောလ်မှာ နှိုင်းယှဉ်ကြည့်လိုက်ပြီး သပ်ရပ်သည့် အဖြူရောင် မိန်းမဝတ်အင်္ကျီနှင့် အပြာနက်ရောင် ဘောင်းဘီကို ရွေးလိုက်သည်။ မူလက အပြာနက်ရောင် အင်္ကျီလက်ပြတ်ဝတ်စုံနှင့် အနက်ရောင် ဂျာကင်အင်္ကျီ ရှိခဲ့ပေမဲ့ ဝတ်ရတာ အဆင်မပြေမှာစိုး၍ သူဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။


သူအကြိုက်ဆုံးမှာ အတွင်းခံများဖြစ်၏။ အတွင်းခံများသည် သေလောက်အောင် ဇိမ်ကျလှပသော ပစ္စည်းများဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ဘာမှမရှိသည်ထက်တော့ အများကြီးသာသည်။ ဒါကြောင့် မညည်းညူစရာ မလိုပေ။


ယောလ်သည် အဝတ်အစားများကို ထုပ်ပိုးပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အလုပ်ရှုပ်နေသည့် သူ့ကို မြင်တော့ မိုက်ကီရယ်က မျက်မှောင်ကြုတ်လိုက်သည်။


"ဘယ်သွားမလို့လဲ”


"ကျွန်တော် အဝတ်အစားလဲရမယ်လေ၊ ဒါပေမဲ့ အဝတ်လဲခန်းမရှိဘူး အဲဒါကြောင့် အဝတ်လဲဖို့ နေရာရှာနေတာ"


"အဟား မင်းက အမျိုးမျိုး လုပ်နေတာပဲ"


သူက ထိုအရုပ်ကိုယ်ခန္ဓာလေးနှင့် ပတ်သက်ပြီး အသေးစိတ်ပြောစရာများစွာ ရှိသည်ဟု တွေးကာ ခေါင်းခါလိုက်သည်။ ယောလ်က "အိုး ဟို” ဟု တီးတိုးပြောသည်ကို မိုက်ကီရယ်က ကြားလိုက်သည်။ မိုက်ကီရယ် မော့ကြည့်လိုက်စဉ် ယောလ်က ဘာမှမဖြစ်ခဲ့သလို ခပ်အောင့်အောင့်ပြုံးကာ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။


"ငါထွက်ပေးမယ်၊ ဒီမှာပဲ မင်းအဝတ်လဲလိုက်”


မိုက်ကီရယ်သည် ယောလ်၏ အဝတ်များကို ထုတ်ယူပြီး သေတ္တာထဲ ထည့်လိုက်သည်။ ထို့နောက် သူသည် ယောလ်၏ မျက်စိအောက်မှ ထွက်သွားခဲ့သည်။ လယ်ဗီလည်း မိုက်ကီရယ်နောက်မှ ထပ်ချက်မကွာ လိုက်ပါသွားခဲ့၏။


ပတ်ဝန်းကျင်မှာ မည်သူမျှ မရှိ၊ မည်သူမျှ မကြည့်တော့ဘူးဆိုတာ သေချာကာမှ ယောလ်မှာ စိတ်သက်သာရာရသွားပြီး သက်တောင့်သက်သာ အဝတ်လဲရန် စတင်လိုက်သည်။


သူသည် ပထမဆုံးအနေနှင့် ရွေးချယ်စရာမရှိသောကြောင့် မဖြစ်မနေဝတ်ထားရသည့် လက်ကိုင်ပဝါကို ချွတ်ပြီး လွှင့်ပစ်လိုက်သည်။


နောက်တော့ သူက ကလေးအတွင်းခံ(ဒိုက်ဘာ)ကဲ့သို့ ပုံမှန်မဟုတ်ဘဲ တင်ပါးကြီးသည့် အတွင်းခံကို ဝတ်ရင်း ခပ်တိုးတိုးညည်းညူလိုက်သည်။ သူ့ခေါင်းမှာ အရမ်းလေးသောကြောင့် ခြေတစ်ဖက်မြှောက်လိုက်သည့်အခါတွင် ဟန်ချက်ထိန်းရန် ခက်ခဲခဲ့သည်။ ကြမ်းပြင်ပေါ် ထိုင်ရန် ကြိုးစားခဲ့သော်လည်း လက်တိုတိုလေးများကြောင့် ဝတ်ရတာ ပိုခက်ခဲလေသည်။


နောက်ဆုံးတော့ ယောလ်မှာ ခြေတစ်ဖက်နှင့် ခုန်ပြီး အတွင်းခံကို ခက်ခက်ခဲခဲ ဝတ်နိုင်ခဲ့သည်။


ထို့အပြင် သူက ဘောင်းဘီအား ဝတ်နိုင်ခဲ့သော်လည်း ပြဿနာက အင်္ကျီပင်။ ယောလ်မှာ ကြယ်သီးတပ်ရန် လက်ချောင်းလေးများ မရှိပေ။


"မိုက်ကီရယ် မိုက်ကီရယ်၊ ကူညီပါဦး"


"ဘာဖြစ်တာလဲ အာ"


နောက်ဆုံးတော့ ယောလ်မှာ အင်္ကျီကို လျော့တိလျော့ရဲလေး ဝတ်ပြီး မိုက်ကီရယ်ကို ရှာလိုက်သည်။ မိုက်ကီရယ်သည် ချက်ချင်းပေါ်လာပြီးနောက် သူက ယောလ်ပုံစံကို မြင်ပြီး အခြေအနေကို လျင်မြန်စွာ နားလည်သွားခဲ့သည်။


မိုက်ကီရယ်သည် မြန်ဆန်သော လှုပ်ရှားမှုများနှင့် ကြယ်သီးများကို တစ်လုံးချင်းစီ တပ်ပေးလိုက်သည်။ သို့သော် အောက်ခြေရှိ ကြယ်သီးများမှာ ဖောင်းပွနေသော အရုပ်ဗိုက်လေးကြောင့် နည်းနည်းကြပ်နေခဲ့သည်။


မိုက်ကီရယ်သည် ကြယ်သီးတပ်ရန် ရုန်းကန်နေရသည့်အတွက် ရှက်နေသော ယောလ်မှာ ဆင်ခြေပေးလိုက်သည်။


"ဒါက ကျွန်တော့်ဗိုက် အစစ်မဟုတ်ဘူးနော်၊ ကျွန်တော်က အရုပ်ဖြစ်နေလို့ ဒီလိုဖြစ်နေတာ၊ ဒါပေမဲ့ ကျွန်တော်က ဒီလို လုံးဝမဟုတ်ဘူး"


"အေးပါ၊ အသက်ပြင်းပြင်းရှူပြီး ဗိုက်ကို ချပ်ထားလိုက်"


"ဟုတ်ကဲ့ ဟစ်-”


လျင်မြန်စွာ ပြန်ဖြေပြီးနောက် ယောလ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး မိုက်ကီရယ်ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ အရုပ်တစ်ရုပ်အဖြစ် သူ ခံစားရသည့် ရှက်ရွံ့မှုမှာ မည်သည့်အခါမျှ ဆုံးတော့မည် မဟုတ်ဟု ထင်မိသည်။