Chapter 19
“ဆီလက်ဖ်၊ ငါ အခု ပုံမှန်ပဲဆိုတာ ယုံပြီလား”
“အား... တောင်းပန်ပါတယ် ကျွန်တော် မှားသွားပါတယ်”
မိုက်ကီရယ်၏ စကားကြောင့် ဆီလက်ဖ်မှာ ချက်ချင်းပင် ခေါင်းငုံ့လိုက်တော့သည်။
ဆီလက်ဖ်သည် မိမိ၏ အမှားကို စိတ်ရင်းမှန်ဖြင့် ပြန်လည် ဆင်ခြင်မိ၏။ ဤသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်ခဲ့မိသည့်အပြင် သူ့ အထက်လူကြီးမှာလည်း ရူးသွပ်နေသည်ဟုသာ တွေးမိခဲ့လေသည်။
သို့သော်လည်း ထိုအရုပ်ကလေးသည် အသက်ဝင်လာလိမ့်မည်ဟု သူ မည်သို့ စိတ်ကူးနိုင်မည်နည်း။ မျက်လုံးဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရပါသော်လည်း၊မည်သို့ ဖြစ်ပျက်နေသည်ကို သူ သံသယ ရှိနေဆဲပင် ဖြစ်၏။
ထိုအရုပ်သည် နတ်ဆိုးများနှင့် ပတ်သက်နေခြင်းများလား။ ထိုသို့ဆိုလျှင် မြို့စားမင်းတွင် ထိုသို့သော အရုပ်မျိုး ရှိနေခြင်းမှာ သင့်တော်ပါရဲ့လား။
ဆီလက်ဖ်သည် သူ၏သခင် ရူးသွပ်နေသည်ဟူသော စိုးရိမ်ပူပန်မှုမှ ကင်းဝေးသွားသော်လည်း အခြားသော စိုးရိမ်မှုများ သူ့တွင် ရှိနေတော့သည်။
ထို့အပြင် မိုက်ကီရယ်ကို မယုံကြည်မိသည့်အတွက် မိုက်ကီရယ်က သူ့ကို အမျက်ထွက်မည်ကိုလည်း သူ စိုးရိမ်နေ၏။
“ငါ အဆင်ပြေပါတယ် ခေါင်းမော့၊ ပထမဆုံးအနေနဲ့ ငါမေးထားတာကို ဖြေ”
မိုက်ကီရယ်၏ စကားကြောင့် ဆီလက်ဖ်သည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်၏။ မိုက်ကီရယ်၏ မျက်နှာပေါ်တွင် အောင်ပွဲခံသည့်ဟန်သာ ရှိပြီး အမျက်ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ဆိုးခြင်း အလျဉ်း မရှိပေ။
သူ့ မျက်နှာကို မြင်လိုက်မှသာ သက်ပြင်းချ၍ စိတ်သက်သာရာရသွားတော့သည်။
သူသည် ထိုအရုပ်၏ မည်သူမည်ဝါဖြစ်မှုကို စိုးရိမ်နေဆဲ ဖြစ်သော်လည်း မိုက်ကယ်က စိတ်ဆိုးဟန် မရှိခြင်းသည် အနည်းဆုံးတော့ ကံကောင်းခြင်းပင်ဖြစ်၏။
“မြို့စားမင်းဆိုလိုတာက ကြေမွနေတဲ့ အရုပ်ကို ဘယ်လိုပြန်ပြင်ရမလဲ ဆိုတာလား”
“အင်း အဲလိုပဲ”
ဆီလက်ဖ်သည် မိုက်ကီရယ် ဆုပ်ကိုင်ထားသော အရုပ်ကလေးကို စူးစိုက်ကြည့်လိုက်၏။ သူ ယခင်က မြင်ဖူးသည်မှာ အလွန် ချစ်စဖွယ်ကောင်းသော အရုပ်ကလေး ဖြစ်ပေသည်။
ထိုအရုပ်ကလေးသည် ဆီလက်ဖ်ကို နူးညံ့စွာဖြင့် ငေးမော့ကြည့်နေပြီး သတိထားနေ၏။ ဆီလက်ဖ်သည် ထိုအရုပ်ကလေးထံသို့ သတိထားကာ လက်လှမ်းလိုက်သော်လည်း သူ့လက်များက မမီလိုက်ပေ။ အကြောင်းမှာ မိုက်ကီရယ်က သူ့အရုပ်ကလေးကို ကိုင်ထားသော လက်ကို ဆွဲယူလိုက်သောကြောင့် ဖြစ်၏။
“မထိနဲ့ ပြောမှသာ ပြော”
“ဗျာ၊ အာ ဟုတ်၊ နည်းနည်းတော့ လုပ်ယူရမှာပေါ့၊ ညီမလေး ပြောတာကတော့ မျက်နှာကို ဝိုင်းအောင်လုပ်ပြီး လုံးထားတဲ့ ဂွမ်းနဲ့ဖိလိုက်ရင် ဘေးကို ရွေ့သွားလိမ့်မယ်တဲ့”
ဆီလက်ဖ်၏ စကားကြောင့် မိုက်ကီရယ်က မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည် စုတ်ပြတ်သတ်နေသော ယောလ်ကို ကြည့်လိုက်သည်။
လက်ကလေးနှစ်ဖက်မှာ အလွန်အမင်း မညီမညာ ဖြစ်နေသည့်အပြင် တစ်ချက်ကြည့်ရုံဖြင့် ကွဲပြားမှုကို သိသာနိုင်ပြီး မျက်နှာမှာလည်း အခွံနွှာထားသော မြေပဲစေ့ကဲ့သို့ ကောက်ကွေး ပုံပျက်နေလေ၏။
ဤအခြေအနေတွင် သူ ထိုအရုပ်လေးကို သူ့လက်များဖြင့် ပြုပြင်လိုက်လျှင် အဆင်ပြေပါ့မလား။ သံသယဖြစ်စရာ ကောင်းလွန်း သည်။
“တကယ်ပါ၊ လီအန်နာက အရုပ်အသစ်တွေ ဝယ်တိုင်း အဲလို ကိုယ်တိုင် ပုံသွင်းတတ်တယ်”
“အမ်း ကောင်းပြီလေ၊ မျက်နှာကို ဝိုင်းအောင် လုပ်ရမယ် ဟုတ်လား၊ ဘယ်လို လုပ်ရမှာလဲ”
မိုက်ကီရယ်သည် ဆီလက်ဖ်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ ယခု ဘာမျှ မလုပ်လျှင်လည်း ယောလ်၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပြီး ဝါဂွမ်းများကို ပြန်စီရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသောကြောင့်ပင်။
ယောလ်မှာ သူ့ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်၍ ပြန်ချုပ်နိုင်သည်ဟု ပြောလာမည်မှာ လုံးဝမဖြစ်နိုင်သည့် အခြေအနေပင် ဖြစ်၏။ ထိုသို့သာ ဖြတ်လိုက်လျှင် သူ၏ ညီးညူခြင်းသည် မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်တော့ပေ။
မိုက်ကီရယ်သည် သူ စိတ်ကူးပင် မယဉ်နိုင်သော အခြေအနေကို ခေါင်းခါလိုက်တော့သည်။
“အရုပ်ကို ကိုင်ပြီး လက်နှစ်ဖက်နဲ့ ဒီလို စက်ဝိုင်းပုံစံ ဝိုင်းနေတဲ့ ပုံစံလုပ်ပေးပါဗျ”
ဆီလက်ဖ်သည် လေထဲတွင် လက်နှစ်ဖက်ဖြင့် သရုပ်ပြလိုက်သည်။ မိုက်ကီရယ်က မြင်သောအခါ သူသည် ယောလ်၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ တူညီသော ပုံစံအတိုင်း လုပ်လိုက်သည်။
“အား .. အား၊ ထူးဆန်းသလိုပဲ…အရမ်းထူးဆန်းတယ်”
ရုတ်တရက် ခွင့်မပြုဘဲ အကြောပြင်ဆင်မှု ခံယူလိုက်ရသော ယောလ်က အော်ဟစ်လိုက်တော့သည်။
သူ့မျက်နှာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် သူ၏ အမြင်အာရုံမှာ တစ်ပတ်လည်သွားပြီး နာကျင်ခြင်းထက် ထူးဆန်းသော ခံစားမှု ဖြစ်နေသည်။ ထူးဆန်းပြီး မနှစ်မြို့ဖွယ် ခံစားမှုက လုံးဝ မကောင်းလှပေ။
အမှိုက်ကောင် ဆီလက်ဖ်၊ မအောင်မြင်လို့ကတော့ ကြည့်ထား ငါ အလွတ်ပေးမှာ မဟုတ်ဘူး။
ယောလ်က ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။ ထိုအတောအတွင်း မိုက်ကီရယ်မှာ နားမနေဘဲ ယောလ်၏ မျက်နှာကို စက်ဝိုင်းပုံစံ ဆက်တိုက် လှိမ့်နေတော့သည်။
“တကယ်ပဲ ဒီလို လုပ်ရတာလား”
“ကြည့်ပါဦး အရင်ကထက် အများကြီး ပိုကောင်းလာပြီ”
“အိုး တကယ်ပဲ”
မိုက်ကီရယ်သည် ဆီလက်ဖ်၏ ညွှန်ကြားချက်များကို အခြားနည်းလမ်း မရှိသောကြောင့် လိုက်နာခဲ့သော်လည်း ထိုနည်းလမ်းသည် အလုပ်ဖြစ်မည်ကို သူ အစက သံသယဝင်ခဲ့၏။ သို့သော်လည်း သူ ကိုယ်တိုင် မြင်တွေ့လိုက်သောအခါ ယောလ်၏ ကြုံလှီနေသော မျက်နှာမှာ မူလပုံစံအတိုင်း ဝိုင်းစက်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။
မိုက်ကီရယ့် မျက်လုံးများမှာ ဆီလက်ဖ်၏ မျက်လုံးများနှင့် ခဏတာ ဆုံတွေ့သောအခါ အဆုံးမဲ့ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“တကယ်လား၊ ကျွန်တော့် မျက်နှာ ပြန်ကောင်းပြီလား”
ထိုတုန့်ပြန်မှုကို မြင်ရသောအခါ ယောလ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဟုတ်ပါသည်။ သူသည် ယခင်က သူ၏ ခြေလက်များကိုသာ စစ်ဆေးခဲ့ဖူးပြီး မှန်ထဲတွင် မကြည့်ခဲ့ရပေ။ ထို့ကြောင့် သူ မည်မျှ ဆိုးရွားစွာ ပုံပျက်နေသည်ကို အတည်ပြု၍ မရခဲ့ပေ။
သို့သော်လည်း မိုက်ကီရယ်၏ တုံ့ပြန်မှုကို ထည့်သွင်းစဉ်းစားပါက သူ မကြည့်ခဲ့ရသော်လည်း သူ့ပုံစံမှာ အတော်ပင် ဆိုးရွားသည်ကို သူ သိနိုင်၏။
ထိုသို့သော အခြေအနေတွင် သူသည် အဆင်မပြေခြင်းနှင့် မလိုအပ်သော နှိပ်နယ်မှုကြောင့် လန့်သွားခဲ့သော်လည်း ထိုအရာမှာ အကျိုးသက်ရောက်မှု ရှိသည်ကို ကြားရသောအခါ စိတ်သက်သာရာရသွား၏။ သူ၏ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော မျက်နှာကို လျင်မြန်စွာ စစ်ဆေးချင်နေတော့သည်။
“ဆီလက်ဖ် မှန်၊ ကျွန်တော့်ကို မှန်ပြပါဦး”
သူ၏ ခြေလက်များကို မရွှေ့နိုင်သေးသောကြောင့် ယောလ်သည် မိုက်ကီရယ်၏ လက်ထဲတွင် ငြိမ်ငြိမ်လေး နေရင်းဖြင့် မှန်ကို တောင်းဆိုလိုက်သည်။
အမိန့်ပေးဟန် တောင်းဆိုမှုကြောင့် ဆီလက်ဖ်သည် မသိလိုက်ဘဲ မှန်ကို အလျင်အမြန် ရှာဖွေလိုက်သည်။
ဟမ် နေပါဦး၊ ဒီအရုပ်ပြောတာကို သူက ဘာလို့ နားထောင်နေမိတာလဲ။
ဆီလက်ဖ်သည် နားမလည်နိုင်စွာဖြင့် အံ့ဩနေတော့သည်။
“ရား၊ ဟိုအံဆွဲထဲကို ကြည့်”
ထို့အပြင် မိုက်ကီရယ်သည် တစ်လှမ်း ထပ်တိုးပြီး မှန်ရှိရာနေရာကိုပင် ဆီလက်ဖ်ကို ပြောပြလိုက်၏။
ထိုအရုပ်နှင့် မိုက်ကီရယ်တို့၏ ဆက်ဆံရေးသည် မည်သို့နည်း။ မိုက်ကီရယ်က ထိုအရုပ်အတွက် အဘယ်ကြောင့် ထိုမျှ လုပ်ပေးနေရသည်ကို သူ အံ့သြမိ၏။ ဆီလက်ဖ် ခေါင်းစောင်းလိုက်စဉ် မိုက်ကီရယ် ပြောနေသည့် အံဆွဲကို မွှေနှောက်ကြည့်လိုက်ရာ လက်ကိုင်မှန်ငယ်လေး တစ်ခုကို တွေ့လိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်စလုံး မပြင်ထားရင်တော့ စောင့်သာကြည့်နေလိုက်၊ ကျွန်တော် ဒီအတိုင်း လွှတ်ပေးမှာမဟုတ်ဘူး”
ယောလ်သည် မှန်ထဲသို့ ကြည့်တော့မည့်အချိန်တွင် အေးစက်သော လေသံဖြင့် ထိုနှစ်ယောက်ကို သတိပေးလိုက်သည်။ ယခု သူ့ပုံစံမှာ သတိပေးခြင်း နှင့် ခြိမ်းခြောက်ခြင်းများမှာ လုံးဝ အရာမဝင်ပေ။
“အိုး..အိုး ကျွန်တော် ကြည့်ကောင်းနေပြီ”
သူ မည်မျှ ကောင်းမွန်လာသည်ကို သူ မသိပေ။ အဘယ်ကြောင့်ဆိုသော် သူ နှိပ်နယ်မှု မခံယူမီက သူ၏ မျက်နှာကို မမြင်ခဲ့ရသောကြောင့် ဖြစ်၏။ သို့သော်လည်း မှန်ထဲတွင် ပေါ်လာသော သူ၏ ပုံရိပ်သည် သာမန် အရုပ်ကလေး တစ်ခုမျှသာ ဖြစ်သည်။
ကြီးမားသော ခေါင်းနှင့် ဝိုင်းစက် ဖောင်းကားသော မျက်နှာရှိသော အရုပ်ကလေး တစ်ခုဖြစ်၏။
“မိုက်ကီရယ် မြန်မြန် လုပ်၊ လက်တွေ ခြေထောက်တွေက အချိုးကျ ဖြစ်ရမယ်နော်၊ 1:1 အချိုးအတိုင်း အတိအကျ လုပ်ရမှာ”
“ခဏလေး ဆီလက်ဖ်၊ ခန္ဓာကိုယ်ကို ဘာလုပ်ရမယ်လို့ မင်းပြောတာလဲ”
“အာ.. ဝါဂွမ်းများတဲ့ ဘက်ကို ဖိပြီး ဝါဂွမ်းကို တစ်ဖက်ရောက်အောင် ညင်ညင်သာသာ ရွှေ့”
ဆီလက်ဖ်သည် မြို့စားမင်း အိုလော့ဗ်အား သူ ကြိုက်သလို အမိန့်ပေးနေသော အရုပ်ကလေးကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ထိုမျှသာ မကသေး သူသည် မိုက်ကီရယ်၏ မေးခွန်းကို ချက်ချင်းပင် မဖြေနိုင်တော့ပေ။
အထူးသဖြင့် မိုက်ကီရယ်သည်လည်း အရုပ်၏ တောင်းဆိုမှုကို ဆူညံသံ မရှိဘဲ လိုက်နာနေ၏။ ထိုမျှသာမက အရုပ်က မြို့စားမင်းကို သူ၏ နာမည်အစအား ခေါ်ဝေါ်ခြင်းကိုလည်း သူ စိတ်ထဲမထားပုံရ၏။ ထိုနှစ်ဦးကြား ဆက်ဆံရေးသည် ပို၍ပင် စူးစမ်းချင်စရာ ဖြစ်လာတော့သည်။
“အား... ဖြေးဖြေး၊ ဖြေးဖြေး လုပ်ပါ”
မိုက်ကီရယ်က သူ၏ ဝါဂွမ်းဖြင့် ဖောင်းနေသော ညာဘက်လက်မောင်းကို ဖိချလိုက်သောအခါ ယောလ်က နာကျင်မှုဖြင့် အော်လိုက်သည်။
ဤသည်မှာ အမှန်တကယ် နာကျင်ခြင်း မဟုတ်ခဲ့ပေ။ သို့သော်လည်း မိုက်ကီရယ်မှာ သူ၏ လက်မောင်းတစ်လျှောက်ရှိ ဝါဂွမ်းများကို အလွန်အမင်း ဖိထားသောကြောင့် ဝါဂွမ်းများ မရွေ့မီ ပေါက်ထွက်သွားမည်ကို သူ စိုးရိမ်ခဲ့၏။
“ဒီလိုဆိုရင် ဝါဂွမ်းတွေ ရွေ့သွားလိမ့်မယ် တိတ်တိတ်နေ”
“ဒါပေမဲ့ ဒီလို ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲလို့ အား!”
“မပေါက်ပါဘူးကွာ၊ အဲဒါကြောင့် တိတ်တိတ်နေ”
မိုက်ကီရယ်သည် အဆက်မပြတ် ပွစိပွစိပြောနေသော ယောလ်၏ ပါးစပ်ကို ပိတ်ချင်နေ၏။ သူသည် ပထမဆုံးအကြိမ် အရုပ်တစ်ရုပ်ကို ပုံဖော်နေခြင်း ဖြစ်သောကြောင့် အထူးဂရုစိုက်နေသော်လည်း ယောလ်က သူ့ဘေးတွင် ဆက်တိုက် ပြောဆိုနေသောကြောင့် သူ၏ အာရုံစိုက်မှုမှာ ပျက်ပြားသွားတော့သည်။
မိုက်ကီရယ်သည် ငယ်စဉ်က ချည်အရုပ်များနှင့် မကစားဖူးပေ။ သူသည် ဓားအရုပ်များနှင့် သေနတ်အရုပ်များကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထိတွေ့ဖူးသော်လည်း ဤသို့သော ချည်အရုပ်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ဟုတ်ပေသည်။ ချည်အရုပ်ကို မည်သို့ ထိတွေ့ရမည် သို့မဟုတ် သင့်တော်စွာ ကိုင်တွယ်ရမည်ကို သူ မသိပေ။
သို့သော် သူသည် ယောလ်ကို မူလပုံစံအတိုင်း ပြန်ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေခဲ့သော်လည်း ချည်အရုပ်လေးမှာမူ "မတော်တဆ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ" စသည်ဖြင့် ကံမကောင်းသော စကားများကိုသာ ပြောနေခဲ့သည်။
အမှန်တွင် မိုက်ကီရယ်မှာလည်း သူ၏ အားကြောင့် ယောလ် ပေါက်ကွဲသွားမည်ကို ကြောက်မက်ဖွယ် စိတ်ကူးယဉ်မှုများ ရှိနေသော်လည်း သူသည် ထုတ်မပြောရန် ကြိုးစားနေခြင်း ဖြစ်၏။
"အမ်း ဆီလက်ဖ်၊ ဘယ်လိုလဲ အခု အဆင်ပြေပြီလို့ ထင်လား"
"နည်းနည်းတော့ အချိုးမညီသေးဘူး ထင်တယ်"
"သေစမ်းကွာ"
ခဏတာမျှ ယောလ်ကို ကလိနေသော မိုက်ကီရယ်သည် သူ့အား ဆီလက်ဖ် ကို ပြသကာ မေးမြန်းလိုက်၏။ သူ အချိုးကျသည်ဟု ထင်ထားသော်လည်း သူ ပြန်ကြားရသည့် အဖြေမှာမူ ရက်စက်လွန်းလှ၏။
"အိုး၊ ကောင်းကောင်းလုပ်နော်"
"နောက်ထပ် တစ်ခါလောက် ဆူညံသံကြားလို့ကတော့ မင်းဗိုက်ကို ဓားနဲ့ ခွဲပြီး ဝါဂွမ်းတွေကို ထုတ်ပစ်မယ် တိတ်တိတ်နေ”
"ဟုတ်ကဲ့၊ သိပါပြီလို့"
ထိုအတောအတွင်း သူ့ စိတ်ကို ဆွနေသော ယောလ်ကို သူ အေးစက်စွာ သတိပေးလိုက်ပြီး ယောလ်က ခဏတာ ပြန်ဖြေပြီးနောက် သူ့နှုတ်ခမ်းလေးကိုသာ မကျေမနက်ဖြင့် ကိုက်ပြီး ထို့နောက်တွင် တိတ်ဆိတ်သွားတော့သည်။
မိုက်ကီရယ်သည် ဤစကားကို အစောပိုင်းကတည်းက မပြောခဲ့သောကြောင့် နောင်တရနေပြီး ယောလ်၏ ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်ခြင်းအပေါ် အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။
"ဟူး..."
သူသည် ရှည်လျားစွာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ကို ငြိမ်သက်စေခဲ့၏။ ဝိုင်းစက်ပြည့်တင်းသော မက်မွန်ရောင် ခန္ဓာကိုယ်လေးကို ကိုင်ထားသော သူ၏ လက်ပင်လျှင် တင်းအားကြောင့် တုန်ယင်နေတော့သည်။
ယောလ်၏ ခန္ဓာကိုယ်ကို ပုံဖော်ခြင်းအလုပ်သည် မိုက်ကီယ် အိုလော့ဗ်၏ ၂၈ နှစ်တာ ဘဝအတွင်း အသေးအဖွဲဆုံး ဖြစ်သော်လည်း အရေးကြီးဆုံး အလုပ်တစ်ခုပင် ဖြစ်သည်။