အပိုင်း ၁၁
Viewers 417

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

 

အပိုင်း ၁၁

 

 

သွမ့်ရိသည် Aမြို့တော်၏ နာမည်ကြီးသည့်ပေါ်ကျော့ လူချမ်းသာဖြစ်ကာ အထူးအဆောက်အဦများ ဒီဇိုင်းဆွဲရာတွင်လည်း နာမည်ကြီးလှ၏။

 

 

"ပြိုင်ပွဲဝင်တွေအားလုံးအတွက် သက်သောင့်သက်သာရှိစေဖို့ ရှူးဖိနပ်တွေ ပြင်ဆင်ပေးထားပါတယ်။ ဒါမှလည်း သရဲအိမ်ထဲမှာ မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်မှာလေ" ဟူ၍ အစီအစဉ်တင်ဆက်သူက သူ၏အသံကို ထူးဆန်းသလို အသံမြင့်ကာ ကြေညာလိုက်သည်။

 

 

"အသင်း ဖွဲ့ပြီးရင်တော့ သရဲအိမ်အဖြစ် ပြင်ဆင်ထားတဲ့ သွမ့်စံအိမ် ခံတပ်ဆီကို သွားဖို့ အထူးကားတွေ စီစဉ်ပေးထားပါတယ်"

 

 

ပါတီရှိသူများ အချင်းချင်းကြည့်ကာ အသင်းဖွဲ့လိုက်ကြသည်။ မိန်းကလေး တစ်ချို့က မပါဝင်ကြပေ။ သို့သော် လူအများစုက ပထမဆုဖြစ်သည့် စူပါအပန်းဖြေသင်္ဘောကို လိုချင်၍ ဝင်ကံစမ်းကြသည်။

 

 

တစ်သင်းမှာ လေးယောက်ရှိရမည်ဖြစ်ရာ ဝမ်ညီအစ်မလည်း မည်သူနှင့် အဖွဲ့ ဖွဲ့ရမည်မှန်း မသိဖြစ်နေသည်။ မထင်မှတ်ထားသည်က သူတို့အစ်ကိုကြီး ဝမ်ယန်ချဲကလည်း ဟောလိုဝင်းပါတီပွဲတက်လာခြင်းဖြစ်သည်။

 

 

ဝမ်ယွီထုံ သိမ်မွေ့ကာ ကျက်သရေရှိလှသည့်ပုံစံဖြင့် ရွှေရောင်ကိုင်းမျက်မှန်တပ်ထားသည့် သူမအစ်ကိုကို ပါတီပွဲမှာ မြင်လိုက်ရသည်။ သူ့ပုံစံက အစည်းအဝေးက လမ်းကြုံဝင်ခဲ့သည့်ပုံစံဖြင့် ရှပ်အင်္ကျီနှင့်‌ဘောင်းဘီရှည်နှင့်ဖြစ်နေကာ ဟော်လိုဝင်းဝတ်စုံ မဝတ်ထားချေ။

 

 

သူမ အစ်ကို ကို တွေ့လိုက်၍ ဝမ်ယွီထုံ မျက်လုံးအရောင်တောက်သွားသည်။ "တို့မောင်နှမ သုံးယောက် ဆိုရင်တော့ နောက် တစ်ယောက်ပဲ ရှာရတော့မယ်"

 

 

"နောက်တစ်ယောက်မရ လည်း ဘာမှ မဖြစ်ပါဘူး " ဟု ဝမ်ချူးယွဲ့က ပုခုံးတွန့်ကာ ပြောလိုက်သည်။ ဝမ်ယန်ချဲကလည်း မကန့်ကွက်ပေ။ ဝမ်ယွီထုံကတော့ စိတ်ရှုပ်နေ၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို ဂိမ်းမျိုးက အဖွဲ့ဝင်များလေ ပိုကောင်းလေပဲလေ။ ဒါပေမယ့် တစ်ခြားသူတွေလည်း အကုန် အဖွဲ့ ဖွဲ့ပြီးကုန်လေသည်။

 

 

ဝမ်ယွီထုံ သူမကို စိုက်ကြည့်နေသည်ဟု ခံစားရ၍ ဘေးဘီကြည့်လိုက်ရာ စုဟန်က သူမနှင့် မနီးမဝေး နားမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ စုဟန်က လက်ပိုက်ထားကာ သူမကို ကြည့်မနေသည့်ပုံ ဖမ်းနေသည်။ သူ့ဘေးမှာတော့ လွီချန်းချန်းက သတိအနေအထားဖြင့်ရှိနေ၏။

 

 

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ တစ်ဖက်ကို ပြန်လှည့်လိုက်သည်။ ထို့နောက် ယုံကြည်ချက်ရှိရှိဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။

 

 

"ဒါဆိုလည်း တို့မောင်နှမ သုံးယောက်ပဲ ဖွဲ့လိုက်ကြတာပေါ့။ ဘာမှ ကြောက်စရာမလိုဘူးး ညီမလေးနောက်သာ လိုက်ခဲ့ကြ!!"

 

 

ဝမ်ချူးယွဲ့ နှင့် ဝမ်ယန်ချဲ - "........."

 

 

လွီချန်းချန်း စုဟန်၏ အင်္ကျီလက်ကို ဆွဲကာ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "အစ်ကို စုဟန် အဖွဲ့ဖွဲ့ရအောင်လေ"

 

 

စုဟန်လည်း ဝမ်ယွီထုံဆီမှ အကြည့်လွဲလိုက်ကာ မှုံမိုင်းနေသည့်မျက်နှာဖြင့်  "ဘယ်လိုပဲ ဖြစ်ဖြစ်ဖွဲ့လိုက်ပါ" ဟု မရေမရာ ပြန်ပြောလိုက်သည်။

 

 

ဝမ်မောင်နှမ သုံးယောက်ကတော့ ရှုးဖိနပ်အပါးတွေ လဲလိုက်ပြီး မိုဘိုင်းဖုန်းတွေ အပ်လိုက်ကာ ကစားမည့်နေရာ လိုက်ပို့မည့် ကျောင်းဘတ်စ်ကားပေါ်တက်လိုက်ကြသည်။ ခနော်နီခနော်နဲ့ ကျောင်းဘတ်စ်ကားလေးက အလုံပိတ်ဖြစ်ကာ ကားထဲမှာ ဂိမ်းနောက်ခံ ဇာတ်လမ်း ဗီဒီယိုကို ဖွင့်ပြထားသည်။

 

 

လွန်ခဲ့သည့်ဆယ်နှစ်ခန့်က နာ့နန်အထက်တန်းကျောင်းလေးတွင် အလွန်ရက်စက်သည့်ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ ကျောင်းသူလေးတစ်ဦး ကျောင်းဝင်းထဲမှာပင် အသတ်ခံလိုက်ရကာ ခန္ဓာကိုယ် တစ်ခုလုံးအပိုင်းပိုင်းဖြတ်ပြီး ကျောင်းဝင်းထဲ ဖြန့်ကျဲ စွန့်ပစ်ခြင်း ခံလိုက်ရသည်။

 

 

ဒီည ဂိမ်းကတော့ လွန်ခဲ့သောဆယ်နှစ်က နာ့နန်ကျောင်းတွင် ဖြစ်ပျက်ခဲ့သောအဖြစ်မှန်ကို ပြန်လည် ဖန်တီးထားခြင်းဖြစ်သည်။

 

 

ငါးမိနစ်ခန့်ကြာပြီးနောက် ဘတ်စကား၏ဦးတည်ရာ "နာ့နန်အထက်တန်းကျောင်း"ဟု ဆိုင်းပုဒ်တပ်ထားသည့် အဆောက်အဦသို့ရောက်ရှိလာသည်။

 

 

စွန့်ပစ်ခံ ကျောင်းဝင်းပုံစံက အသက်ကင်းမဲ့နေကာ မြက်ပင်များပင် ပေါက်နေပြီဖြစ်သည်။

 

 

လူတိုင်းလည်ပင်းမှာ မိမိပုံတူပါသည့် ကျောင်းသားကတ်တစ်ခုစီ ဆွဲထားရသည်။ ထိုကျောင်းသားကတ်ကို ဂိမ်းအတွင်းမှ ပါဝင်ကစားသူ မဟုတ်သည့်သူ (NPC-Non Player Character) ၏ လုယူခြင်းခံရပါက အဖွဲ့မှ အမှတ်များ အလျော့ခံရပါမည်။

 

 

ကျောင်းပျက်ကြီး၏ ပုံစံက တစ်ကယ့်ပုံစံလိုပြင်ဆင်ထားကာ ကြောက်စရာကောင်းလှသည်။ စိမ်းဝါရောင် ရေညှိမျက အဆောက်အဦထောင့်တွေမှာ ကပ်နေကာ သစ်သားပြတင်းပေါက် တံခါးပေါက်တွေကလည်း ပျက်ဆီးနေပြီဖြစ်သည်။ ညစ်ပတ်စွန်းထင်းနေသည့် နံရံပေါ်မှာ ကပ်ထားသည့် စာမေးပွဲရလဒ်အဟောင်းများကလည်း ပြဲသည်က ပြဲနေပြီဖြစ်သည်။ အခန်းပေါက်ဝမှာ ကပ်ထားသည့် အခန်းနာမည်ကတ်ပြားများကလည်း သံချေးတက်သည်က တက်၊ ပြုတ်ကျသည်က ပြုတ်ကျ၊ တွဲလောင်းကျသည်က ကျနှင့် ဖြစ်နေသည်။

 

 

ဝမ်ယွီထုံလည်း ပတ်ဝန်းကျင် အနေအထားကြောင့် စိတ်မသက်မသာဖြစ်မှုကို ထိန်းချုပ်ကာ ရှေ့ကနေ သတ္တိရှိရှိ လျှောက်နေသည်။ "ဟိုနားက စာသင်ခန်းကို သွားကြည့်ရအောင် အထဲမှာ သဲလွန်စတွေ ရှိရင် ရှိနိုင်မယ်"

 

 

သူတို့ စာသင်ခန်းဘက် မသွားနိုင်ခင်  လျှောက်လမ်းကော်ရစ်ဒါကနေ သွေးစွန်းနေသည့်ကျောင်းသူဝတ်စုံနှင့်သရဲ (ဂိမ်းကစားသူမဟုတ်သည့် NPC) တွားသွားပြီး သူတို့ဆီ လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသရဲမက သူတို့သွားမည့် စာသင်ခန်းတံခါးနားတွင် ရစ်သီရစ်သီလုပ်နေရာ စာသင်ခန်းထဲ ဝင်လို လျှင် ထိုသရဲမကို ဖြတ်ကျော်ရမည်ဖြစ်သည်။

 

 

ဝမ်မောင်နှမ သုံးယောက်လည်း သတိကြီးကြီးဖြင့် စာသင်ခန်းဘက်ကို လျှောက်လာရာ အေးစက်သည့် လေပြင်းတစ်ချက်က သူတို့နောက်မှ တိုက်ခတ်လာသည်။

 

 

"ခရပ်!!!" အသံကြားရာဘက် ဝမ်ချူးယွဲ့ လှည့်ကြည့်လိုက်ရာ သူမနှင့်မလှမ်းမကမ်းတစ်နေရာမှ ခေါင်းပြတ်တစ်ခု တွဲလဲ ကျနေသည်ကို မြင်လိုက်ရသည်။

 

 

ဝမ်ချူးယွဲ့ ကြောက်လန့်သွားကာ ခြေထောက်ပင် ပျော့ခွေ သွားသည်။ ဝမ်ယန်ချဲက သူ့ညီမလေး နှစ်ယောက် နောက်မှ နေ၍ ခေါင်းပြတ်ရန်မှ ကာကွယ်ပေးကာ "နောက် လှည့်မကြည့်နဲ့ ရှေ့ကို မြန်မြန်ပြေး" ဟု ပြောလိုက်သည်။

 

 

ဝမ်ယွီထုံ ရှေ့ကနေ ဦးဆောင်ကာ ပြေးလိုက်ရာ ကြမ်းပြင်မှာ တွားသွားနေသည့် သရဲမက ရုတ်တရက်သူ့ခေါင်းကို မော့လိုက်ကာ ခေါင်းနောက်စေ့ဘက်မှ ညိုပုတ်နေသည့်မျက်နှာကို ပြလာသည်။ ကြည့်ရတာ သရဲမက မျက်နှာ နှစ်ဖက်ရှိသည့် သရဲမဖြစ်ရမည်။

 

 

မျက်နှာ နှစ်ဖက်နှင့်သရဲမက သူမ ရင်ဘတ်ထဲမှ ပုဆိန်ကို ထုတ်လိုက်ကာ ဝမ်ယွီထုံ ဆီ လွဲလိုက်သည်။

 

 

ဝမ်ယွီထုံ မျက်လုံး သူငယ်အိမ်ကျဉ်းသွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "အားးး"

 

 

ထိုစဉ် သူမလက်ကို တစ်စုံတစ်ယောက် ဆွဲလိုက်သလို ခံစားရ၍ ရုန်းလိုက်စဉ် ဆွဲဆောင်မှု ရှ်ိသည့်အမျိုးစားတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ "ကိုယ်ပါ "

 

 

ရင်းနှီးသည့်အသံကြောင့် ဝမ်ယွီထုံ ခေါင်းကို မော့ကြည့်လိုက်ရာ မယုံကြည်နိုင်ဖြစ်သွားသည်။ အမှောင်ထဲမှာပင် တစ်ဖက် အမျိုးသား၏ ထင်ရှားသည့် မေးရိုး၊ မြင့်မားဖြောင့်စင်းနေသည့်နှာတံနှင့် လွှမ်းမိုးဟန်ရှိသည့် သူငယ်အိမ်ကို မြင်နေရသည်။ "ရှင် !! ရှင် ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

 

 

ထိုအချိန်ခဏအတွင်းမှာပဲ ဝမ်ယန်ချဲနှင့် ဝမ်ချူးယွဲ့နောက်ကို အခြားသရဲအလိုက်ခံရ၍ တစ်ခြားဘက်ပြေးရင်း သူမတို့ အဖွဲ့လေးက ကွဲသွားခဲ့ရသည်။

 

 

ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံကို ဆွဲခေါ်လာသည့် စာသင်ခန်းတံခါးကို အမြန်ပိတ်လိုက်ရာ အခန်းက လေလုံသည့် လျို့ဝှက်အခန်းလေးလို ဖြစ်သွားသည်။အခန်းအပြင်ဘက်မှာတော့  သရဲမ၏ တံခါးကို ဒေါသတကြီး ကုတ်ခြစ်သံနှင့် ပုစိန်ဖြင့် တံခါးကို ဖျက်နေသည့်အသံများကြားနေရသည်။

 

 

ဝမ်ယွီထုံကတော့ စာသင်ခန်းထဲက စားပွဲနှင့် ထိုင်ခုံတွေ မညီမညာ မှောက်ခုံဖြစ်နေကာ သင်ပုန်းပေါ်မှာ သွေးတွေ စွန်းထင်းနေသည်ကို ပင် မမြင်နိုင်တော့ပဲ ကျိုးကျီယွဲ့အဝတ်တွေကို ဆွဲကာ မေးလိုက်သည်။ "ရှင် က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

 

 

"မင်းဆီလာတာလေ မင်းကို လာကြိုတာ"

 

 

ဝမ်ယွီထုံ အံ့ဩတကြီး မျက်တောင်ကို ခတ်လိုက်သည်။နောက်မှ တစ်ခုခု မဟုတ်သေးဘူးဆိုတာ နားလည်လိုက်၍ မျက်ခုံး တွန့်ကာ မေးလိုက်သည်။

 

 

"ရှောင်ယွီလေး မငြိမ်လို့မလားး"

 

 

"ဘာလို့ စောစော မပြောတာလဲ ကျွန်မသာ သိရင် သရဲအိမ်ထဲ မဝင်ခဲ့ပါဘူး။ အခုမှ တော့ ထွက်လို့ရပါတော့မလား "

 

 

"ကိုယ်တော့ မထင်ဘူးးး။ သရဲအိမ်အစစ် မဟုတ်ပေမယ့် ဝင်လာတဲ့ သူတိုင်းက ကိုယ်တိုင်ပြန်ထွက် မှ အပြင် ပြန်ရောက်လိမ့်မယ်"

 

 

ဝမ်ယွီထုံ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ စိတ်ညစ်သွားသည်။ ကျိကျီယွဲ့ကတော့ တည်တည်ငြိမ်ငြိမ်ရှိနေ၏။

 

 

"မစိုးရိမ်ပါနဲ့ အပြင်ထွက်ဖို့ သဲလွန်စတွေ လိုက်ရှာကြတာပေါ့။ ကလေးငိုလည်း ကိစ္စမရှိပါဘူး။အိမ်မှာလည်း လူတွေ အများကြီး ကျန်ခဲ့တာပဲ"

 

 

ဝမ်ယွီထုံ မကျေမနပ်ဖြင့် လက်ပိုက်လိုက်သည်။ " ရှင့်လိုလူ တစ်ဒါဇင်လောက် ကလေးထိန်း လုပ်ကြည့်ပါဦး။ ကလေးတစ်ယောက်က နာရီနဲ့ ချီအောင် ငိုတယ်။ ညသန်းခေါင် ၁၂ နာရီထိုးတဲ့အထိ မအိပ်သေးဘူး။ ကျွန်မက ကလေးရဲ့ ဇီဝနာရီကို ခက်ခက်ခဲခဲ အစီအစဉ်ကျအောင် လုပ်ထားရတာရှင့်"

 

 

"ဒါက ပြဿနာကြီးမှ မဟုတ်တာ " ဟု ကျိုးကျီယွဲ့ မျက်ခုံး အနည်းငယ်ပင့်ကာ ပြောလိုက်သည်။

 

 

"ဟမ့် ရှင့်အတွက်တော့ ပြဿနာကြီး ဘယ်ဟုတ်မလဲ။ တစ်ကယ်လို့ ကလေးက အိပ်ရာဝင်တာ အကျင့် ဖြစ်သွားရင်  နောက်ပိုင်းပင်ပန်းရမှာက ကျွန်မရှင့် "

 

 

ဝမ်ယွီထုံ စိတ်ဆိုးကာ ဘာမှ မစဉ်းစားမိပဲ ကျိုးကျီယွဲ့၏ လက်မောင်းကို စိတ်ဆွဲလိုက်မိသည်။ သူမ၏ လက်ချောင်းများက တစ်ဖက် အမျိုးသား၏ ပူနွေးနေသည့်အသားနှင့် သွေးကြောများကို ထိမိသွားသည်။

 

 

ဝမ်ယွီထုံ ရုတ်တရက် ပူထူသွားကာ မျက်နှာကြီးနီသွားပြီး နောက်ကို အနည်းငယ် ဆုတ်လိုက်သည်။

 

 

ကျိုးကျီယွဲ့ကတော့ ဘာမှ မဖြစ်သည့်ဟန်ဖြင့် ခေါက်တင်ထသော အင်္ကျီလက်ရှည်ကို ပြန်ဆွဲချလိုက်သည်။ သူ့ပုံစံက လက်မောင်းကို ကြောင်ကလေး အကုတ်ခံလိုက်ရသလိုဖြစ်နေသည်။

 

 

နောက် သူတို့နှစ်ဦး စာသင်ခန်းအတွင်း သဲလွန်စရှိမရှိ စားပွဲခုံ ထိုင်ခုံနှင့် သွေးစွန်းနေသော ကြမ်းပြင်များအပြင် စာအုပ်များကိုပါ လှန်လှောကြည့် လိုက်ကြသည်။

 

 

ကျိုးကျီယွဲ့ အခန်းတွင်း လော့ကာများနှင့် စားပွဲများကို လိုက်ကြည့်ရာ 2B ခဲတံအချို့၊ ကျိုးနေသည့်ပေတံများနှင့် သွေးစွန်းနေသည့် ထောက်ချွန်များကိုသာ တွေ့ရ၏။

 

 

ဝမ်ယွီထုံ အခန်းထောင့်မှာ ရှိနေသည့် စားပွဲခုံကို စစ်ဆေးရန် သွားလိုက်သည်။ ခုံအောက်ကနေ "ပဉ္စမကြိမ်မြောက် ကောလိပ်ဝင်ခွင့်- တတိယနှစ်ကျောင်းသားများ၏ သရုပ်ပြမှု" ၏ ရေးထားသည့် ကော်ပီစာရွက်များနှင့် အပြောင်အပျက်လျှောက်ရေးထားသည့် အ‌ဖြေလွှာစာရွက်များကို ထုတ်လိုက်သည်။

 

 

သူမ စာရွက်တွေ ဆွဲထုတ်လိုက်စဉ် သူမလက်ချောင်းတွေက အေးစက်ကြမ်းတမ်းသည့် အရာကို စမ်းလိုက်မိကာ  ရွံစရာ ညိုရောင်အနာများဖြင့် ပြည့်နေသည့် လက်က ခုံအောက်မှ ထွက်လာသည်။

 

 

စားပွဲခုံ၏ အနောက်တွင် NPC သရဲမတစ်ယောက်ပုန်းနေသည်။ ထိုသရဲမက ခေါင်းကို ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲပြီး ပေါ်လာရာ သူ့မျက်နှာက ပုတ်ပွနေပြီး ပြည်တည်အနာများဖြင့် ပြည့်နှက်နေသည်။

 

 

ဝမ်ယွီထုံလည်း အလန့်တကြားအော်ဟစ်ကာ နောက်ပြန်ဆုတ်လိုက်သည်။နောက် သရဲမ မျက်နှာ ကိုကြည့်ရင်း ကြက်သီးထလာကာ ရင်ထဲ မကောင်းဖြစ်လာ၍ အန်လိုက်မိသည်။

 

 

"ဝေ့ါ "

 

 

'သွမ့်ရိဆိုတဲ့ တစ်ယောက် ပိုက်ဆံတွေ ပေါလွန်းလို့ သုံးစရာနေရာရှားနေရလားး။ ဘာလို့ ဂိမ်းထဲက NPC တွေကိုတောင် အစစ်နဲ့ တူအောင် မိတ်ကပ်ပြင်ပေးထားရတာလဲ။ '

 

 

သူမလက်ကို ကျိုးကျီယွဲ့ ဆွဲထူလိုက်ကာ သူ့အနောက်ကို ပို့လိုက်သည်။ "မင်းကြောက်တတ်ရင် မကြည့်နဲ့ သဲလွန်စ သော့က အာ့ခုံမှာ ရှိလောက်မယ်"

 

 

ကျိုးကျီယွဲ့လည်း ရှေ့မှာ ရှ်ိသည့် သဲလွန်စ သော့ကို မြင်လိုက်ပြီး ‌ကုန်းကောက်လိုက်သည်။ ထိုစဉ် သူ၏ ရှပ်အင်္ကျီက ကိုယ်ခန္ဓာနှင့် ထိကပ်သွားပြီး ကျယ်ပြန့်သော ပုခုံးပြင်နှင့် ခါးသိမ်သိမ်ကို ပေါ်လွင်သွားစေ၏။ နိုင်ငံခြားဖြစ် ပန့်ဘောင်းဘီရှည်နှင့် ဆိုင်ကယ်စီး ဘွတ်ဖိနပ်စီးထားသည့် ခြေထောက်ပိုင်းကလည်း ရှည်လျားနေရာ သူ၏ပုံစံက ခန့်ငြားထည်ဝါသည့်ပုံပေါက်နေသည်။ ဝမ်ယွီထုံလည်း ကျိုးကျီယွဲ့၏ ယခုကဲ့သို့ဝတ်စားပုံကို တစ်ခါမျှ မတွေ့ဖူး၍ စိတ်ထဲမှယ မရိုးမရွဖြစ်နေမိသည်။

 

 

"ပစ္စည်းရပြီ သွားကြစို့ "

 

 

ကျိုးကျီယွဲ့က သော့ကို ကောက်ယူလိုက်ကာ ပြောလိုက်စဉ် သူ၏အင်္ကျီလက်ကို ရုတ်တရက် လာဆွဲပြီး " ကျွန်မကြောက်တယ် " ဟု ပြောသံကို ကြားလိုက်ရသည်။

 

 

ဝမ်ယွီထုံ ကြောင်တောင်တောင်နိုင်စွာ ကျိုးကျီယွဲ့၏ အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏လက်ဖဝါးကို သူမ လက်ချောင်းများဖြင့် အသာချိတ်လိုက်သည်။ ဝမ်ယွီထုံ၏ မျက်နှာကတော့ ပူလောင်နေပြီဖြစ်သည်။

 

 

ကျိုးကျီယွဲ့လည်း ရပ်ကာ ခေါင်းစောင်းပြီး ကြည့်လိုက်ရာ ဝမ်ယွီထုံ၏ တောက်ပသော မျက်ဝန်းကို မြင်လိုက်ရသည်။နောက် အမျိုးသမီးလေး၏ လက်ကို သူ၏ လက်နွေးနွေးဖြင့် ဆုပ်ကိုင်ကာ "သွားကြစို့ " ဟု ပြောလိုက်တော့သည်။

 

 

ဝမ်ယွီထုံ ကျိုးကျီယွဲ့၏ ဦးဆောင်မှု နောက်ကို လိုက်ကာ စာသင်ခန်း၏ အနောက်ပေါက်ဘက်မှ ပြေးထွက်လာခဲ့ကြသည်။ သူမစိတ်တစ်ခုလုံး ပြောင်းဆန်နေကာ လျှောက်လမ်းပေါ်မှ တုတ်ကိုင်ထားသည့်သရဲကိုပင် မကြောက်တော့ပဲ ကျိုးကျီယွဲ့ ဆွဲခေါ်ရာ နောက်ကိုသာ ပြေးလိုက်သွားတော့သည်။

 

 

သူတို့နှစ်ယောက် အိမ်ပဲ စောစောပြန်ချင်၍လားမသိ ကျောင်းဆောင် အထက်ငါးလွှာခန့် ကျော်ဖြတ်ကာ သရဲ ခြောက်ကောင်ခန့်ကိုလဲ တွန်းတိုက်ပစ်ခဲ့ကြသည်။ ထိုကဲ့သို့ ကျောင်း အထပ်တိုင်း ပတ်ပြေးပြီးနောက် ရှုပ်ပွနေသည့် ကျောင်းဆေးပေးခန်းထဲသို့ ရောက်လာခဲ့ရာ ဆေးပေးခန်းထဲမှာ ဝမ်ချူးယွဲ့၊ ဝမ်ယန်ချဲတို့နှင့် ပြန်ဆုံကြလေသည်။

 

 

ဝမ်ချူးယွဲ့ နှင့် ဝမ်ယန်ချဲတို့က ကျိုးကျီယွဲ့ ရုတ်တရက်ပေါ်လာ၍ အံ့ဩသွားကြသည်။ သို့သော် သူတို့ချင်းစကားပြောနေဖို့ အချိန်မရပေ။ ကျောင်းဆေးပေးခန်း တံခါးက လော့ချမရသည့်အပြင် လျှောက်လမ်းဘက်ကနေ သရဲတွေ ဒါဇင်လောက်က ဘေ့ဘောရိုက်တံများကိုင်ကာ တံခါးကို ထုရိုက်နေကြသည်။

 

 

"အရင်ဆုံး ပုန်းနေကြ" ကျိုးကျီယွဲ့က ပတ်ဝန်းကျင်ကို  သတိရှိရှိကြည့်လိုက်ရာ လူသုံးယောက် ပုန်းနိုင်မည့်နေရာကို တွေ့၍ နေရာ အနေအထားကို လုံခြုံမှု ရှိမရှိ စစ်ဆေးကြည့်လိုက်ကာ ပြောလိုက်သည်။ ဝမ်ချူးယွဲ့နှင့် ဝမ်ယန်ချဲက လော့ကာနှင့် ကုတင်အောက်ကို အသီးအသီး ဝင်ပုန်းလိုက်ပြီး ကျိုးကျီယြွဲ့ ဝမ်ယွီထုံကို ဆွဲကာ နှစ်ယောက်သား ဗီဒိုထဲ ဝင်ပုန်းလိုက်သည်။

 

 

သူတို့နှစ်ယောက် ဗီဒိုတံခါးပိတ်ပြီးသည်နှင့် ဆေးပေးခန်း တံခါးက  NPC သရဲတစ်ကောင် ဦးဆောင်ကာ ထုရိုက်မှုကြောင့် ဝုန်းကနဲ ပွင့်လာသည်။

 

 

ဝမ်ယွီထုံ အသက်ပင် မရှုရဲဘဲ အပြင်ဘက်က လှုပ်ရှားသံများကို နားစွင့်နေသည်။ ကျောင်းသူ သရဲ နှင့် ကျောင်းသားသရဲတွေက ကွဲအက်အက်အသံပြုကာ ဆေးပေးခန်းထဲ ဝင်လာကြသည်။

 

 

ဝမ်ယွီထုံလည်း စိတ်လှုပ်ရှားလာ၍ အနည်းငယ် လှုပ်လိုက်ရာ သူမကျိုးကျီယွဲ့၏ ပေါင်ပေါ်မှာ ထိုင်နေမှန်း သတိထားမိလိုက်သည်။ ပြီးတော့ ကျိုးကျီယွဲ့ကလည်း သူမကို အနောက်မှ သိုင်းဖက်ထားသလိုဖြစ်နေသည်။

 

 

သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်နေကာ သူမ၏ နောက်ကျောက အနောက်မှ အမျိုးသား၏ ရင်ဘတ်ကို မှီထားရသည်။ အသက်ရှုသံနွေးနွေးက သူမ၏ နားရွက်နား ပွတ်တိုက်သွားကာ သူ၏ လက်ကလည်း သူမ ရှေ့ကို ရောက်နေသည်။

 

 

ဝမ်ယွီထုံ တစ်ယောက် သူမ မျက်နှာ ချက်ပြီးသား ပုစွန်ကဲ့သို့ ပူနွေး နီရဲလာပြီး နားရွက်တွေလဲချက်ချင်း နီရဲလာသည်ကို ခံစားလိုက်ရသည်။

 

 

ထို့ကြောင့် သူမ ခေါင်းကို အသာလေး ရွေ့လိုက်ရာ သူမ၏ ဆံပင်ရှည်က အမျိုးသား၏ အာဒမ်ပန်းသီး (လည်ဇလုတ်)ကို ပွတ်တိုက်မိသွားလေသည်။ ကျိုးကျီယွဲ့တစ်ယောက်လည်း ခန္ဓာကိုယ် တွန့်သွားမိသည်။ သို့သော် နေရာကကျဉ်းနေ၍ လှုပ်၍ပင်မရချေ။ ထို့ကြောင့် ခေါင်းလေးကိုသာ အသာ စောင်းလိုက်ပြီး လက်သီးကိုသာ မသိစိတ်က အလိုလို ဆုပ်ထားလိုက်သည်။

 

 

အမှောင်ထဲမှာ အချင်းချင်းလည်း မမြင်ရ၍ တစ်ယောက်၏ အသက်ရှုသံကိုသာ တစ်ယောက်က ကြားနေရသည်။ တစ်ခဏ အကြာမှာတော့ တည်ငြိမ်နေသည့် နှစ်ယောက်စလုံး၏ အသက်ရှုသံတွေက ရှုပ်ထွေးလာသည်။

 

 

ဝမ်ယွီထုံ သူမ၏ နှလုံးခုန်သံတွေက အရိုင်းဆန်စွာ ခုန်ပေါက်လာသည်ဟု ခံစားရသည်။ အပြင်ဘက်က သရဲတွေကြောင့်လားးး နေရာကျဉ်းကျဉ်းလေးမှာ သူမနှင့်အတူ ပူးကပ်နေရသည့်အမျိုးသားကြောင့်လားပင် မသိတော့ပေ။

 

 

ငါးမိနစ်ခန့်အကြာမှာတော့ ဆေးပေးခန်းထဲက သရဲတွေ အကုန် ပြန်ထွက်သွားကြသည်။ ဝမ်ယွီထုံလည်း ဗီဒိုထဲက အသာ ပြန်ထွက်လာရာ ကြမ်းခင်းပေါ်က အပျက်အစီး အပိုင်းအစတစ်ခုကို မမြင်ပဲ တက်နင်းမိ၍ လဲကျမလိုဖြစ်သွားစဉ် အားကောင်းမောင်းသန် ရှည်လျားသည့် လက်ဖဝါးပြင်ကျယ်ကြီးက သူမ၏ ခါးကို ထိန်းမတ်ပေးလာသည်။

 

 

"ကျေးဇူး "

 

 

ဝမ်ယွီထုံ မျက်နှာနီနီဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။ကျိုးကျီယွဲ့၏ မျက်ဝန်းနက်နက်တွေထဲ ချက်ချင်းပြိုလဲ ကျသွားမလို ခံစားလိုက်ရသည်။

 

 

"လမ်းကို သေချာကြည့်သွားဦး "  အမျိုးသား၏ ဆွဲဆောင်မှု အပြည့်နှင့် ရှတတအသံက သူမ၏ နှလုံးသားထဲ ငှက်မွှေးနှင့် ပွတ်တိုက်သွားသလို ခံစားလိုက်ရသည်။