အပိုင်း ၁၇
Viewers 528

အပိုင်း (၁၇)

ဖုန်းချလိုက်ပြီးနောက်တွင် အဘွားလျိုသည် ခေါင်းခါလိုက်လေသည်။

“အဲဒီလူမိုက်တွေက ဘယ်လိုလုပ်ပြီး ငါ့အိမ်ကို လာနိုင်မှာလဲ၊ ငါ့အိမ်တံခါးက တနေ့လုံး ဖွင့်ထားတာ၊ အခု စဉ်းစားကြည့်လိုက်တော့ ဟွမ်ရှောင်ကျွမ်းက သူ့ခရီးဆောင်ကို ထုပ်ပိုးတာ အရမ်းမြန်နေတာပဲ”

“သူတို့တွေ အစောကြီးကတည်း ပြင်ဆင်ထားတာ သိသာတယ်၊ မဟုတ်ရင် အလုပ်ခရီးအတွက် ကျန်းချီမင်ရဲ့ခရီးဆောင်အိတ်ကရော ဘယ်လိုလုပ်မှာလဲ၊ သူက သူနဲ့အတူတူ ယူသွားတာပဲဖြစ်ရမယ်၊ ငါကတော့ ကျန်းချီမင်ကို ရိုးသားတဲ့လူတစ်ယောက်လို့ ထင်ထားခဲ့တာ၊ နောက်ပြီး ငါ သူ့ကို အထင်မှားသွားခဲ့တာပဲ....”

ထို့နောက်တွင် သူမက ရှမြန်ဘက် လှည့်ပြောလိုက်၏။ “နင့်ဦးလေး(၂)က နင့်ကို တကယ်ပဲ လက်ထပ်ပေးချင်နေတာလား”

ရှမြန်က ဒါကို အလေးအနက် မထားချေ။

“အဲလိုတော့ မဟုတ်ပါဘူး၊ ကျွန်မဦးလေးနဲ့ တခြားသူတွေက ဒါကို ခွင့်ပြုမှာမဟုတ်ပါဘူး၊ ကျန်းချီမင်က  ကျွန်မကိုခြိမ်းခြောက်ပြီး အိမ်ပေးမပြန်တာ”

အဘွားလျိုကလည်း ဒါကို နားလည်သွားပြီး ရွံရှာသွားကာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။

“ဒီကျန်းချီမင်ကတော့”

ဆရာမမီက ရှမြန်ကို ပြောလိုက်၏။ “အိမ်မှာ အခန်းလွတ်တစ်ခန်း ရှိသေးတယ်၊ နင် ဒီမှာ ရက်ပိုင်းလောက် နေလိုက်ပါလား”

ရှမြန်က ပြုံးကာ ပြောလိုက်၏။ “မလိုပါဘူး၊ ကျွန်မ တံခါးသော့အိမ် ပြောင်းတဲ့သူကို ရှာလိုက်ပါမယ်၊ သော့ကို ပြောင်းလိုက်ရုံပဲပေါ့၊ အချိန်တန်ရင် ငွေကလည်း ကျွန်မဟာပဲ ဖြစ်လာမှာပါ”

အဘွားလျိုသည် လက်ခုပ်တီးကာ ပြောလိုက်လေသည်။

“အို၊ မဟုတ်ဘူးလား၊ ဒီအရွယ်ရောက်လာတော့ ငါ့ဦးနှောက်ကလည်း လူငယ်တွေလို အလုပ် မလုပ်တော့ဘူး။ သော့အိမ်လေး ပြောင်းလိုက်ရုံကိစ္စကိုကွယ်၊ အလိုက်တာဟယ်”

သူတို့သည် ဒါကို မစဉ်းစားခဲ့မိခြင်း မဟုတ်ပေ။ သူတို့မျိုးဆက်သည် ခက်ခဲသည့်အချိန်ကာလများကို တွေ့ကြုံခဲ့ရပြီး သူတို့သည် အရာအားလုံးကို တန်ဖိုးထားခြင်းပင်။ ဟုတ်ပါသည်။ သူတို့သည် သော့အိမ်ကောင်းတစ်ခုကို ထုတ်ပစ်ဖို့တော့ စဉ်းစားလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ကျန်းချီမင်သည် ကြင်နာတတ်သူတစ်ယောက် မဟုတ်။ ထို့ကြောင့် သွေးထွက်သွားလည်း တန်ပေသည်။

“နင့်မှာ ငွေရှိသေးလား” အဘွားလျိုက ထပ်မေးလိုက်သည်။ “‌သောပြောင်းဖို့ဆိုရင် ၁၂ယွမ်လောက်တော့ ကျမှာပဲ၊ နောက်ပြီး ဟွမ်ရှောင်ကျွမ်းရဲ့ အကျင့်နဲ့ဆိုရင် အိမ်မှာ ဘာမှရှိမှာမဟုတ်ဘူး”

ရှမြန်က ပြုံးကာ ပြောလိုက်သည်။ “ကျွန်မမှာ ငွေမရှိတော့ပါဘူး၊ ဒါပေမဲ့ အသက်ရှင်နေတဲ့လူတစ်ယောက်က ဆီးအောင့်ထားရင်း သေပါ့မလား၊ ကျွန်မရဲ့ ကက်ဆတ်ခွေတွေ၊ စက်ဘီးကို ပေါင်လိုက်လို့ရပါတယ်၊ ကျွန်မ ငွေကို ချွေတာလိုက်ရင် ရက်ပိုင်းလောက်တော့ ကျွန်မတို့ စားဖို့အတွက် လောက်မှာပါ၊ ကျွန်မ ခဲအိုပြန်လာရင် ပြန်ရွေးလို့ရတာပဲလေ၊ သူတို့တွေ အတိုးလိုချင်လို့ပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ဖြစ် ဟွမ်ရှောင်ကျွမ်း ကျွန်မကိုဘဏ်စာအုပ် ပြန်ပေးရင် ငွေပြန်ပေးလိုက်ရလို့တာပဲ”

ဆရာမမီနှင့် အဘွားလျိုတို့သည် တအံ့တဩ အချင်းချင်း ကြည့်လိုက်ကြပြီး ပြုံးလိုက်၏။ သည်ကလေးမလေးက အမှန်ပင် ထူးခြားသည်ဟု စဉ်းစားလိုက်ကြသည်။ ကျန်းမိသားစုကတော့ သည်လိုလုပ်ခဲ့သည့်အတွက် နောင်တရပေတော့မည်။

ကျန်းချီမင်က ရှမြန်ကို ငွေချေးခိုင်းရဲသည့် သတ္တိရှိနေလိမ့်မည်ကိုသာ မယုံကြည်ခဲ့ခြင်းပင်။

ကျန်းချီမင် ပြန်လာလျှင်တော့ ငွေများကို ကိုယ်တိုင်ပြန်ပေးအောင် လုပ်ရမည်ဟု အဘွားလျိုက ဆုံးဖြတ်ထားလိုက်တော့သည်။

ကျန်းချီမင်သည် ဖုန်းချပြီးနောက် အနည်းငယ် စိတ်မသက်မသာဖြစ်နေလေသည်။ ဟွမ်ရှောင်ကျွမ်းကတော့ ထိုကိစ္စကို အများကြီး စဉ်းစားမနေဘဲ စိတ်မရှည်စွာ မေးလိုက်သည်။

“ဘယ်လိုလဲ”

ကျန်းချီမင်က ပြောလိုက်၏။ “ငါ ပြောတာ မင်း မကြားလိုက်ဘူးလား၊ ငါ သူ့ကို အဆင်ပြေသလို ကြည့်လုပ်ခိုင်းလိုက်ပြီး အိမ်နီးချင်းတွေကို အကူအညီတောင်းခိုင်းလိုက်တယ်”

“သူ့ဦးလေး(၂)ကို ရှင် တကယ် ဖုန်းခေါ်လိုက်တာလား” ဟွမ်ရှောင်ကျွမ်းက ဝမ်းသာအားရ ပြောလေသည်။

“ငါတို့တွေက ဘာလို့ တကယ် တိုက်ခိုက်စရာလိုမှာလဲ” ကျန်းချီမင်က ပြောလိုက်သည်။

“အဲအဘိုးကြီးက ရှမြန်ရဲ့ပစ္စည်းတွေကို မျက်စိကျနေတာ၊ သူ့သမီးအရင်းကိုလည်း လက်ဖွဲ့အတွက် အလဲအလှယ်အနေနဲ့ အသက်၁၆ နှစ်နဲ့ လက်ထပ်ပေးလိုက်တာ၊ သူက ရှမြန်ကို ဘယ်လိုလုပ်ပြီး စဉ်းစားပေးမှာလဲ”

“အမှန်ပဲ၊ တကယ်လို့ ရှမြန်ကို တကယ်ပဲ လက်ထပ်ပေးနိုင်ခဲ့ရင် သူက လက်ဖွဲ့ရသွားမဲ့အပြင် အခြေအနေအရဆိုရင် ရှမိသားစုရဲ့အိမ်ကိုလဲ ပိုင်သွားမှာပဲ၊ အဲဘိုးကြီးမှာ အစီစဉ်ကောင်းတစ်ခု ရှိနေတာပဲ”

ကျန်းချီမင်က ပြောလိုက်၏။ “ရှမြန်က သူ့ ခဲအိုဟောင်း ငါနဲ့ ဘာလို့ တက်တက်ကြွကြွနဲ့ လိုက်ခဲ့ချင်တယ်လို့ မင်း ထင်လဲ”

“ဒီတော့ သူက ဇာတိမြို့ကိုလဲ မပြန်နိုင်ဘူးပေါ့” ဟွမ်ရှောင်ကျွမ်းသည် ဝင့်ကြွားစွာ ပြောလိုက်လေသည်။

“နောက်ပြီး နေရာတိုင်းရဲ့ မနှစ်မြို့တာပဲ ခံရမယ်”

အချိန်ကြာတာနဲ့အမျှ လူမိုက်တွေကလည်း သူ့ကို ဆက်ပြီး နှောင့်ယှက်နေမှာ။ ဘယ်သူက သူ့အတွက် ရပ်တည်ပေးမှာလဲ။

ဘေးက ဟွမ်ရှောင်ရှာသည် မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“သူ တကယ်ပဲ ဒေါက်တာနဉ်အိမ်ကနေ ဖုန်းခေါ်ခဲ့တာလား”

“အစ်မ နင်ပဲ ပြောခဲ့တယ်မလား သူ ဒေါက်တာနဉ်နဲ့ ရန်ဖြစ်ခဲ့တယ်ဆို၊ ဆရာမမီက သူ့ကို တကယ်ကူညီပေးခဲ့တောလား”

ဟွမ်ရှောင်ကျွမ်းသည် ဒါကို အလေးမထားချေ။

“ဆရာမမီက သူ့တစ်ဘဝလုံး ဆရာမ လုပ်ခဲ့တာလေ၊ သူက အရမ်းစိတ်ထားကောင်းပြီး အရမ်းကို သည်းခံပေးတတ်တာ၊  ထူးသဖြင့် ဆန့်ကျင်တတ်တဲ့ ဆယ်ကျော်သက်တွေကိုပေါ့”

“အိမ်ရာဝင်းထဲက အိမ်နီးချင်းတွေကတော့ သူ့ကို သေချာပေါက် စိတ်ပျက်နေမှာ” ဟွမ်ရှောင်ကျွမ်းက ပြောလိုက်သည်။

“မဟုတ်ရင် သူက ဘာလို့ မျက်နှာချင်းဆိုင်လမ်းမှာ ရန်မဖြစ်ခဲ့လဲ၊ အဘွားလျိုက တခြားသူတွေရဲ့ကိစ္စကို ဝင်အရှုပ်ဆုံးပဲ”

ကျန်းချီမင်သည် တစ်ခုခု မှားနေသည်ဟု အမြဲတမ်း ခံစားနေရလေသည်။ အဘွားလျိုက သည်နေ့ သူမအတွက် ရပ်ပေးခဲ့တာဖြစ်မည်..။

ထိုလူမိုက်များက အခုလေးတင်မှ ထွက်သွားသည်ဖြစ်သဖြင့် အိမ်ရာဝင်းထဲကလူများက ရှမြန်ကို မရွံရှာကြသေးခြင်း ဖြစ်မည်ဟု စဉ်းစားလိုက်သည်။

ဟွမ်ရှောင်ရှာက မျက်စောင်းဖြင့် ပြောလိုက်၏။ “ငါ နောက်မှ ဒေါက်တာနဉ်ဆီ သွားလည်လိုက်မယ်၊ ရှမြန်က လူတစ်ယောက်ကို ရိုက်ခဲ့တာဆိုတော့ ငါက သွားတောင်းပန်ပြီး အားလုံး သဘောထားကို စစ်ဆေးပေးရမှာပေါ့”

ဟွမ်ရှောင်ကျွမ်းက ပြုံးကာ ပြောလိုက်၏။ “ကောင်းတယ်၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပဲ”

သည်အချိန်တွင် သူမ၏မျက်လုံးများက စနောက်ကျီစယ်နေလေသည်။

“ဒေါက်တာနဉ်ကို သေချာဂရုစိုက်နော်၊ တကယ်လို့ နောက်ကျသွားပြီး အိမ်မှာ ဘယ်သူမှ မရှိ၊ တည်းစရာ နေရာမရှိရင် ဒေါက်တာနဉ်ကို နင့်ကို သူ့အဆောင်ခေါ်သွားဖို့ တောင်းဆိုလိုက်၊ နောက်ဆုံး ဒီနေ့ အပြင်ဘက်မှာ လူမိုက်တွေ ရှိနေတာပဲ၊ အရမ်းအန္တရာယ်များတယ်”

ဟွမ်ရှောင်ရှာက ရှက်သွားသည့် ရုပ်ဖြင့် “အစ်မနော်~~

ကျန်းချီမင်ကတော့ အပြုံးတစ်ခုနှင့် ပြောသည်။ “ဒါပေမဲ့ သတိတော့ထား၊ မိန်းကလေးတစ်ယောက်ရဲ့ နာမည်က အရမ်းအရေးကြီးတယ်၊ ဒေါက်တာနဉ်ဆိုရင်တောင် သူ ငါတို့ ရှောင်ရှာကို အနိုင်ကျင့်ရင် ငါတို့က ခွင့်လွှတ်မှာမဟုတ်ဘူး”

ဟွမ်ရှောင်ရှာက သူမ၏မျက်လုံးများထဲတွင် အတွေးနှင့် ရှက်ရှက် ခေါင်းညိတ်လိုက်လေသည်။

သို့သော်ငြား ရှမြန်ကတော့ ကျန်းလင်မယာ၏ နည်းလမ်းများကို နှာခေါင်းရှုံ့လိုက်သည်။ ငွေရှိနေသ၍ မလုပ်နိုင်တာ ဘာရှိပါမည်နည်း။

အိမ်နီးချင်းတစ်ယောက်က သော့ပြင်သူတစ်ယောက်ကို ထောက်ခံပေးပြီး တံခါးကို သူခိုးစောင့်သော့အသစ်တစ်လုံးနှင့် မြန်မြန်အစားထိုးလိုက်သည်။ သို့သော်လည်း ဒါက ရှမြန်ကို သူမတွင်ကျန်သည့် နောက်ဆုံးပိုက်ဆံကို ကုန်သွားစေတော့သည်။

အဘွားလျို ခန့်မှန်းထားသည့်အတိုင်းပင် အိမ်ထဲတွင် ဆန်နှင့်ဂျုံကလွဲလျှင် ဘာမှမရှိသလို ရေခဲ့သေတ္တာမီးကိုလည်း ပိတ်ထားသည်။

ရှမြန်က ရှောင်ဖုန်း ဗိုက်ဖြည့်ရန်အတွက် ပေါင်မုန့်တစ်ချပ်ယူလာပြီး ဧည့်သည်အတွက် အိပ်ခန်းထဲသို့ ပြန်လာလိုက်သည်။ ထို့နောက် သူမက ကျန်းမိသားစု၏ ဧည့်ခန်းထဲက ပစ္စည်းများကို ပတ်ကြည့်လိုက်၏။ ရုံစုံတီဗီ၊ ရေခဲသေတ္တာနှင့် အပ်ချုပ်စက်တို့က တော်တော်လေး တန်ဖိုးရှိသည်။ သူမ အဘွားလျိုကို ပြောခဲ့သည် ကက်ဆက်ခွေနှင့် စက်ဘီးကတော့ ယဉ်ကျေးသည့် စကားမျှသာ။

နင်တို့တွေ ငါ့ကို အနားယူမဲ့ရက်အတွင်းမှာ အနိုင်ကျင့်ချင်တယ်ဆိုရင် တန်ကျေးက ဘယ်သေးပါ့မလဲ။

ရှောင်ဖုန်းက ပေါင်မုန့်တချပ်ကို ကိုင်ကာ သူမနောက်က လိုက်လာသည်။ အိမ်တွင် တခြားဘယ်သူမှ မရှိသဖြင့် သူသည် အလွန် သက်တောင့်သက်သာဖြစ်နေဟန်တူသည်။

“အန်တီလေး”

ရှမြန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ ပါးသေးသေးလေးကို အသာအယာ ညစ်လိုက်ကာ

“သားရဲ့ အကျင့်ယုတ်အဖေက ဘာအကြိုက်ဆုံးလဲ သိလား”

ရှောင်ဖုန်းက ဇဝေဇဝါဖြစ်သွားပြီး “အကျင့်ယုတ်အဖေ ဟုတ်လား”

“ဟုတ်တယ်၊ အဲဒါ သားရဲ့အဖေလေ”

ရှမြန်သည် ကလေးကို မကောင်းတာ မသင်ပေးရမည့် အသိမရှိချေ။ ထို့အစား သူမသည် သူ့ကို ကိုယ်တိုင် ကာကွယ်တတ်ရန် စောစောစီးစီး သင်ပေးသင့်သည်ဟု ခံစားရသည်။

“သူက လူဆိုးပဲ၊ သားကိုတောင် သတ်ချင်နေတာ၊ နောက်ဆိုရင် သူ့ကို သတိထားနော်၊ နားလည်လား”

ရှောင်ဖုန်းက တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်၏။

သူသည် ဝိုးတဝါး မှတ်မိနေသေးသည်။ သူ ငယ်ငယ်က သူဦးလေး၏ သားများက သူ့ကို အနိုင်ကျင့်ခဲ့ချိန်တွင် သူ့အဖေက သူ့ကို ထောက်ပံ့ပေးလိမ့်မည်ဟု သူ့အဘွားက အမြဲတမ်း ပြောတတ်သည်။ သို့သော် သူ့ကို သူ့အဖေဆီသို့ ပို့လိုက်ချိန်တွင် သူ့အဘွားက လိမ်နေခဲ့မှန်း သိခဲ့ရသည်။ သူ့မိထွေးက သူ့အစ်ကိုများထက်ပင် သူ့ကို အများကြီးပိုပြီး နာကျင်အောင် ရိုက်ခဲ့သည်။ အလွန်နာကျင်ရပြီး သူ့မှာ ငိုပင်မငိုနိုင်တော့ချေ။ သို့သော်လည်း သူ့အဖေကတော့ သည်အတိုင်း ကြည့်နေသည်။ ထိုအကြည့်က သူ့ကို အလွန်မှ ကြောက်လန့်စေသော်လည်း သူ့မိထွေးက အလွန်ပျော်ရွှင်နေပြီး သူ့ကို ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်ခဲ့သည်။

သူသည် နေ့တိုင်း ပုန်းနေဖို့ ကြိုးစားခဲ့သော်လည်း သည်အန်တီးလေး မရောက်လာခင်အထိ အလုပ်မဖြစ်ခဲ့ချေ...

‌ရှောင်ဖုန်းက သူ့လက်များကို ဂရုတစိုက် ဆန့်လိုက်ပြီး သူ့အန်တီလေးက သူ့ကို တကယ် ချီပေးသည်။ သည်တော့ ဒါသည် လူတစ်ယောက်၏ အချစ်ခံရခြင်း ခံစားချက်ပေလား။

ရှောင်ဖုန်က သူ့အန်တီလေး၏လည်ပင်းကို သိုင်းဖက်ထားလိုက်ပြီး သူ့ခေါင်းလေးကို သူမ၏လည်ပင်းတွင် မှီထားလိုက်ပြီး မခွဲခွာလိုပဲ ပွတ်သပ်လိုက်လေသည်။

“ရှောင်ဖုန်း အန်တီလေး စကားကို နားထောင်ပါ့မယ်” ရှောင်ဖုန်းက အန်တီလေးနောက်ပဲ တစ်သက်လုံး လိုက်သွားမှာ။

ရှမြန်၏ နှလုံးသားသည် ပျော့ပြောင်းသွားတော့သည်။

“လိမ္မာတယ်”

ကလေး၏ခေါင်းကို ထိထားလိုက်ပြီး ရှမြန်က ကျိတ်ကာ သက်ပြင်းချလေသည်။ သားအဖတွေက နှလုံးသားချင်း ဆက်သွယ်ထားတာပဲ။ တကယ်လို့ ကျန်းချီမင်သာ အဖေ့တာဝန်တွေကို နည်းနည်းလေးပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးခဲ့မယ်ဆိုရင် ရှမြန်ကလည်း သည်လိုဖြစ်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီတိရစ္ဆာန်က ရှောင်ဖုန်းရဲ့တန်ဖိုးကို ရှာမတွေ့ခင်အထိ ဟွမ်ရှောင်ကျွမ်းက ကလေးကို နှိပ်စက်နေတာကို မျက်စိမှိတ်ထားခဲ့တယ်လေ။

အရင်ကတော့ တစ်ဖက်လူက စာရွက်ထဲ လူတစ်ယောက်ပင်။ သူသည် ရက်စက်သည်ဟုသာ ရှမြန်က တွေးထားလိုက်ပြီး ထပ်ပြီး မလေ့လာခဲ့မိချေ။ အခုတော့ ထိုအကြောင်းကို သေသေချာချာ စဉ်းစားလိုက်တော့ သည်လိုကလေးငယ်လေးတစ်ယောက်ကို ဟွမ်ရှောင်ကျွမ်း၏ နည်းလမ်းအတိုင်း ကျွေးမွေးထားခဲ့လျှင် ဖျားနာသည်ဖြစ်စေ၊ ရောဂါရသည်ဖြစ်စေ ဆရာဝန်နှင့် ပြရန် အနည်းနည်းလေး နောက်ကျသွားသည်နှင့် ကလေး၏အသက် ပါသွားနိုင်သည်။

ဒါသည် ကျန်းချီမင်၏ ရည်ရွယ်ချက်ဖြစ်လောသည်ဟု ရှမြန် မသိစိတ်က ခံစားနေမိသည်။  သူသည် ကလေးကို အမှန်တကယ် သတ်ချင်နေပင်။

မည်သို့ပင်ဖြစ်စေ သည်ကိစ္စ၏ နောက်ကွယ်က အကြောင်းအရင်းကို မဖော်ထုတ်ရသေးခင် ကျန်းချီမင်ကို လူဆိုးတစ်ယောက်ဟု ရှမြန်က ရှောင်ဖုန်းကို သင်ပေးထားခြင်းကလည်း မမှားချေ။

ရှောင်ဖုန်းက ရောင်စုံတီဗီကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

“အန်တီလေး အဲတစ်ခုကို သားရဲ့ လူဆိုးအဖေ အကြိုက်ဆုံးပဲ”

ရှမြန်က ၂၁လက်မ တီဗီပုံးကြီးကို ကြည့်လိုက်ပြီး ချက်ချင်း အော်ရယ်လိုက်သည်။ ကျန်းချီမင်က ဒါကို ကြိုက်မှာ‌ပေါ့။ သူနဲ့ ဟွမ်ရှောင်ကျွမ်းရဲ့လစာနဲ့ဆိုရင် ဒီလို ရောင်စုံတီဗီကို ဝယ်ဖို့က တကယ် တော်တော်လေး ခက်ခဲမှာပဲ။ သူတို့တွေက အချိန်အကြာကြီး ငွေစုပြီးမှ လွန်ခဲ့တဲ့နှစ်လတုန်းက ရောင်စုံတီဗီအသစ်ကို ဝယ်နိုင်ခဲ့တာတဲ့။

ဟုတ်ပါသည်။ မျှမျှတတ ပြောရလျှင် ရှမြန်က ဟွမ်ရှောင်ကျွမ်းက အကြိုက်ဆုံး တစ်ခုကိုလည်း ရွေးချယ်ခဲ့သည်။

၇ရက်။ ၈ရက်။ တရေးအိပ်ဖို့ အချိန်အများကြီး ရှိသေးတယ်။ ငါကတော့ တကယ် အားလပ်ရက်ယူပြီး သူတို့ပြန်လာတဲ့အခါ ဖြစ်သွားတဲ့ သူတို့မျက်နှာထားတွေကို ကြည့်ဖို့ မျှော်လင့်နေပြီ။

ဒီပစ္စည်းတွေကို ပေါင်ဖို့ မနက်ဖြန်အထိတော့ စောင့်ရလိမ့်မယ်။

ရှမြန်သည် အိမ်ကို ပတ်ရှာလိုက်ပြီးနောက် ငွေမရှိလျှင် သူရဲကောင်းမလုပ်နိုင်၊ ဆန်မရှိလျှင် စားတော်ကဲမလုပ်နိုင် ဟူသည့် အဓိပ္ပာယ်ကို နားလည်သွားတော့သည်။ သူမတွင် ညစာအတွက် ဘာမှမရှိလျှင် ဘာလုပ်သင့်ပေသနည်း။

ဆန်ပြုတ်လား။ ပန်ကိတ်လား။ တစ်ခုမှလည်း မစားချင်ဘူး။

ငွေလိုနေပြီ။

သူမသည် ထိုအကြောင်းကို စဉ်းစားနေစဉ် အပြင်ဘက် အလုပ်ဆင်းလာသူများ၏ အသံကို ကြားလိုက်ရပြီး လူတစ်ယောက်က စိတ်ဆိုးဆိုးနှင့် ဆက်တိုက်အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။

“ရှမြန် ဘယ်မှာလဲ၊ သူ ဘယ်တုန်းက အောက်တန်းစားကောင်တွေနဲ့ ပေါင်းနေတာလဲ၊ သူက ဘယ်လိုလူမျိုးလဲ၊ ငါတို့မိသားစုအိမ်ရာဝင်ထဲမှာ ဒီလိုလူမျိုး မရှိဖူးပါဘူး”

“အိုး၊ ပြောမနေပါနဲ့တော့၊ အဲဒါ ရှမြန် လုပ်တာ လုံးဝမဟုတ်ဘူး...” အဘွားလျိုက သူမအတွက် စိတ်ရှည်ရှည်နှင့် ရှင်းပြပေးသည်။

ရှမြန်၏ မျက်လုံးများသည် လင်းလက်သွားပြီး ခေါင်းလေးကို ထုတ်လိုက်ကာ “အစ်မ အဲဒီလူဆိုးကောင်တွေ ဒီနားမှာ ရှိသေးလား၊ ကျွန်မ ခဏနေ သူတို့ကို ‌မောင်းထုတ်လိုက်မယ်”

ကျန်းချီမင်က သူတို့ကို သေချာပေါက်‌ ငွေပေးထားတာ ဖြစ်ရမယ်။ အလုပ်ကို သေသေချာချာ မလုပ်ပြီးရင် သူတို့တွေကို ဘယ်လို လုပ်ပြီး ငွေလက်ခံရဲတဲ့ သတ္တိရှိမှာလဲ။

ဒီနေ့ညတော့ ငါတို့တွေ အစားကောင်းတစ်နပ် စားနိုင်ပြီ။

...