Chapter 3
Viewers 154

🐾Chapter 3

 အားးးး ပါရမီရှင်ပဲ



ကျင်းယွီ၏အရှေ့၌ ရှိနေသည်မှာ သာမန်ကျားများထက် သုံးဆခန့်ပိုကြီးပြီး အစိမ်းရောင်အစင်းကြားများရှိသည့် ကျားတစ်ကောင်ဖြစ်သည်။ လက်ရှိအချိန်၌ အဆိုပါကျားသည် သတ္တုရောင်ငှက်မွေးများနှင့် သိမ်းငှက်ကြီးတစ်ကောင်အား ရက်ရက်စက်စက် ကိုက်ဖြတ်နေခြင်းပင်။


ကမ္ဘာပျက်ကပ်၌ ရှင်သန်နိုင်ခဲ့သော ကျင်းယွီအဖို့ ဤကဲ့သို့သော သားရဲများအား မြင်တွေ့ရသည်မှာ အလွန်သာမန်ဆန်လှသည်။ ယင်းတို့၏ အရွယ်အစား၊ အမွေးနှင့် ငှက်တောင်တို့၏ အရောင်များမှာ ပုံမှန်ဖြစ်ပြီး သူနှင့် အတော်လေး အလှမ်းကွာသည့်နေရာ၌ ရှိမနေပါက ကျင်းယွီ အလွန်အမင်း စိတ်လှုပ်ရှားကာ အော်ဟစ်မိပေမည်။


ကျင်းယွီရှေ့သို့ ပြုတ်ကျလာသော သိမ်းငှက်သည် ကျင်းယွီ၏ မျက်နှာတည့်တည့် သွေးတစ်ပွက်အန်လိုက်သည်။ 


အိုခေပါ.. အခုပဲ တံခါးဝရောက်တယ်.. အခုပဲ သွေးနဲ့အပက်ခံလိုက်ရတယ်.. ဒါက ဧည့်သည်တွေကို ကြိုဆိုတဲ့ နည်းလမ်းများလားပဲနော်..


မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ သွေးများပေသွားသောကြောင့် ကျင်းယွီ တောင့်ခဲကာ တိတ်တဆိတ် ကျိန်ဆဲနေစဉ်မှာပင် ပတ်ဝန်းကျင်မှ ရယ်သံများ ထွက်ပေါ်လာလေသည်။ ထိုရယ်သံများထဲ၌ လိမ္မော်ရောင် ထိုးထိုးထောင်ထောင် ဆံပင်များနှင့် လူငယ်တစ်ဦးလည်း ပါဝင်နေပြီး ကျင်းယွီ၏ ကံဆိုးမှုအား လှောင်ပြောင်ရယ်မောလေသည်။


“ဟားဟားဟား.. ကြည့်.. ကြည့်.. ကြည့်.. ခင်ဗျားရဲ့ တိရစ္ဆာန်တွေကြောင့် လန့်သွားတဲ့သူ နောက်တစ်ယောက်.. လီရှောင်.. ခင်ဗျားကို ကျွန်တော်ပြောတယ်နော်.. ခရိုင်လုံခြုံရေးဌာနက လူတွေပြောတာလည်း ငါးခါမကတော့ဘူး.. ခင်ဗျားရဲ့ သားရဲတွေ အစားစားရင် ပင်မတံခါးနဲ့ ခပ်ဝေးဝေးမှာ နေခိုင်းပါလို့.. ဒီလိုအပြုအမူက အန်ကျဲရဲ့ ပုံရိပ်ကို ဖျက်ဆီးနေတာဗျ..”


လိမ္မော်ရောင်ဖြူခေါင်း၏ လှောင်ပြောင်သံအား ကြားသည့်အခါ နံဘေးတွင်ရပ်နေသော ကိုယ်ခံပညာဝတ်စုံ(သိုင်း) ဝတ်ဆင်ထားသည့်လူမှ အေးစက်စွာ နှာရှုံ့လိုက်သည်။


“ခရိုင်လုံခြုံရေးဌာနလား.. အဲဒီကလူတွေက အသက်ရှိသေးတယ်ပေါ့.. ဒါဆိုလည်း တစ်နေရာလုံး မီးရှို့ပြီး အကုန်မီးထဲ ထည့်လိုက်မှပဲ..”


ထိုသို့ပြောပြီးနောက် သစ်တောစိမ်းရောင်ကျားအား လက်ယပ်ခေါ်ကာ လှည့်ထွက်သွားလေသည်။


ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးနောက် တစ်ခုခု မူမမှန်ဟု ခံစားမိသည်။ ယခုလေးတင် အဝစားကာ ဗိုက်ပြည့်နေသော သူ၏သားရဲမှာ သူ၏နောက်မှ လိုက်ပါလာကာ ဦးခေါင်းနှင့် လာပွတ်နေသင့်သည်။ 


တစ်ချိန်တည်းမှာပင် ရယ်သံ ထွက်ပေါ်လာပြန်သည်။ ရယ်သံများကြား၌ လူစိမ်းတစ်ဦး၏ ရူးသွပ်လုနီးနီး အော်သံလည်း ပါဝင်နေသည်။


“သောက်ခွေးထဲမှပဲ.. မ.. မလာပါနဲ့.. မင်း ငါ့နားကို ရောက်လာရင်.. ငါ အော်လိုက်မှာနော်.. မေ့လဲသွားလိမ့်မယ်.. မျက်နှာကို မလျက်နဲ့ဟ.. မင်းရဲ့အာငွေ့က နံတယ်လို့.. ကိုယ့်ကိုယ်ကိုယ် သိရဲ့လား.. စားသောက်ပြီးရင် ပလုတ်ကျင်းရမယ်လေ.. မင်းသခင်က မသင်ထားဘူးလားကွ..”


ကိုယ်ခံပညာဝတ်စုံနှင့်လူ အသာလှည့်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှုတ်ခမ်းတွန့်သွားမိသည်။


ငါ့ရဲ့သားရဲက လူသားတစ်ပိုင်းဖြစ်တဲ့ သူစိမ်းတစ်ယောက်ကို ပွေ့ဖက်ပြီး လျက်နေတဲ့အပြင် ခေါင်းနဲ့ပါ တိုးဝှေ့နေသေးတယ်တဲ့လား.. ဖာ့.. အခု ဒင်းက ဟိုဟိုဒီဒီတောင် လှိမ့်နေလိုက်သေးတာလား..


ကိုယ်ခံပညာဝတ်စုံနှင့်လူမှာ အံကြိတ်ဖို့ရန်ပင် မစွမ်းသာတော့ပဲ အချိန်မရွေးပေါက်ကွဲထွက်နိုင်သည့် နတ်ဆိုးမီးလုံးအလားပင်။ အဆုံးတွင် နတ်ဆိုးမီးသည် ဉာဏ်ပညာ၏ ဖိအားပေးထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီး အဆိုပါလူမှာ အလိုလိုက်ခံထားရသော ကလေးတစ်ဦးကဲ့သို့ ချစ်စဖွယ်ကောင်းအောင် ပြုမူနေသော ကျားအား ဒေါသတကြီး အော်ဟစ်လိုက်လေသည်။


“ရှောင်လု.. မင်းက အခုရက်ပိုင်း သောက်ရမ်းတွေ စားကောင်းသောက်ကောင်း ဖြစ်နေပုံပဲ.. ဟက်.. မနက်ဖြန်ကစပြီး သောက်စားလျှော့ဖို့ပြင်ထားလိုက်တော့..”


ကိုယ်ခံပညာဝတ်စုံနှင့်လူ ပါးစပ်ဟလိုက်သည့် အခိုက်အတန့်မှာပင် ပျော်ရွှင်စွာ လှိမ့်နေသည့် သစ်တောစိမ်းရောင်ကျား ရုတ်တရက် တောင့်ခဲသွားသည်။ ထိုလူ စတင်အော်ဟစ်ချိန်၌ အဆိုပါကျားမှာ ကောင်းကင်သို့ ခြေလေးချောင်းထောင်ကာ ပက်လက်အနေအထားဖြင့် ရှိနေသည်။ ထို့ကြောင့် ရှောင်လုဟုခေါ်သည့် ကျားမှာ ထိုအနေအထားအတိုင်း တောင့်ခဲနေပြီး မျှော်လင့်ထားသလိုပဲဟူသော ခံစားချက်အား ပေးလေသည်။


လွယ်လင့်တကူ ပြုံးရယ်တတ်ခြင်းမရှိသော ကျင်းယွီပင်လျှင် နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားပြီး လွယ်လင့်တကူ ရယ်မောတတ်သည့် လိမ္မော်ရောင်ဖြူခေါင်းနှင့် ဒရာမာကြည့်ရန် ရောက်ရှိနေသည့် ပွဲကြည့်ပရိသတ်များမှာမူ ဆိုဖွယ်ရာ မရှိတော့ချေ။ ထိုသို့ဖြင့် ကျင်းယွီ အန်ကျဲသို့ ရောက်ပြီး ၁၀ မိနစ် အတွင်းမှာပင် လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားနိုင်သော နားကွဲလုမတတ် ရယ်သံများ တတိယအကြိမ် ထွက်ပေါ်လာပြန်သည်။


ကိုယ်ခံပညာဝတ်စုံနှင့်လူမှာ ဤအခြေအနေအား လက်မခံနိုင်ကြောင်း သိသာလှသည်။ အထက်စီးဆန်ကာ ဟိတ်ဟန်ကြီးပြီး ကျားသားရဲများထဲ၌ အဆင့် ၁၀ အတွင်းဝင်သော A အဆင့် သားရဲမှာ ဤကဲ့သို့ နိမ့်ကျသည့် အပြုအမူမျိုး ပြုမူလိမ့်မည်ဟု စိတ်ကူးဖြင့်ပင် တွေးမကြည့်ဖူးချေ။ သူ၏ လက်မခံနိုင်သော သဘောထားကြောင့် ရှောင်လု၏ ပြောင်းလဲမှုမှာ ကျင်းယွီကြောင့်ဖြစ်သည်ဟု အလွန်သာမန်ဆန်စွာ မှတ်ယူလိုက်လေသည်။ ထို့ကြောင့် ကျင်းယွီအား သေစေနိုင်လောက်သည့် အကြည့်ဖြင့် နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။


“ကောင်လေး.. မင်းက သတ္တိရှိသားပဲ..”


ထိုစကားများအား ကြားသည့်အခါ ကျင်းယွီ၏ နှုတ်ခမ်းများ တွန့်သွားပြီးနောက် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။ သူ၏ အမူအရာမှာမူ ပုံမှန်အတိုင်း ရှိနေဆဲပင်။


“တကယ်တော့ ကျွန်တော့်မှာ သတ္တိ နည်းနည်းလေးပဲ ရှိတာပါ..” 


“ဟမ့်.. လူသားတစ်ပိုင်းတွေမှာ တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးတောင် ရှိတာမဟုတ်ဘူး.. သူတို့ရဲ့ စွမ်းအင်သိပ်သည်းမှု ပမာဏကလည်း ၁၀ တောင် မပြည့်ဘူး.. ဒီအပေါ် အခြေခံပြီး ပြောရရင် မင်းက အန်ကျဲကို လာရဲတယ် ဆိုမှတော့... ဒါတောင် သတ္တိနည်းနည်းလေးပဲ ရှိတယ်လို့ ထင်နေတုန်းပေါ့..”


ကိုယ်ခံပညာဝတ်စုံနှင့်လူသည် ကျင်းယွီအား ကြည့်ရင်း အေးစက်စွာ နှာမှုတ်လိုက်သည်။


ထိုလူ၏ စကားများမှာ ရေထဲသို့ ကျောက်ခဲကြီးတစ်လုံး ပစ်ချလိုက်သလိုပင် လူတိုင်း ခပ်တိုးတိုး ပြောလာကြသည်။


“အိုင်းယား.. ငါပြောမယ်.. ကောင်လေး.. မင်းက အရမ်း ရဲတင်းလွန်းတယ်.. မင်းမှာ ခွန်အားမရှိတာတောင် အန်ကျဲကို လာရဲတယ်ပေါ့.. ဒီမှာရှိတဲ့ ဘယ်သူမဆို မင်းကို လက်တစ်ဖျစ်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတာ သိရဲ့လား..”


လိမ္မော်ရောင်ဖြူခေါင်းသည် ခေါင်းယမ်းကာဖြင့် ကျိတ်ရယ်လိုက်သည်။


“မင်း ကံကောင်းတယ်ကွ.. ဒီနေ့ ငါ့ကို သုံးကြိမ်တောင် ရယ်မောစေခဲ့တယ်လေ.. အဲဒီတော့ အခု ထွက်သွားမယ်ဆိုရင် မင်းကို ဘယ်သူမှ တားမှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းအတွက် ဘာကကောင်းတယ်ဆိုတာ မသိသေးဘူး ဆိုရင်တော့ ငါ့ရှေ့မှာ သေသွားမယ် ဆိုရင်တောင် မျက်တောင်တစ်ချက်ခတ်မှာ မဟုတ်ဘူးနော်..”


ယခုမှသာ သူ၏နှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသော သဘောထားကွဲလွဲမှုတစ်ခုအား နားလည်သွားလေသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်ကန်းဖြစ်ကာ ရှေးဟောင်းသဘောတရားတစ်ခုအား မေ့လျော့ခဲ့မိသည်။ လူဆိုးများနှင့် ကျွမ်းကျင်သူများရှိသည့် နေရာတစ်ခုသို့ သွားမည်ဆိုပါက အနန္တလက်နက်တစ်ခုဖြစ်သော ကြောက်မက်ဖွယ်ရာ စွမ်းအား ပိုင်ဆိုင်ထားရပေမည်။


ကျားအားစားရန်ချောင်းနေသည့် ဝက်တစ်ကောင်သဖွယ် သို့မဟုတ် ခန္ဓာကိုယ်တစ်ဝိုက် ‘လူဆိုး’ ဟူသည့် အငွေ့အသက် ရစ်ဝဲနေသယောင် ဟန်ဆောင်မည်ဆိုလျှင်ပင် စွမ်းအားမရှိဘဲနှင့် ကျားတွင်းထဲ ဝင်လာပါက နောက်ဆုံးရလဒ်မှာ နာမည်ပင် မကျန်ဘဲ သေဆုံးသွားရန် ၉၀ ရာနှုန်း သေချာလေသည်။ ကျန်ရှိသည့် ၁၀ ရာနှုန်းမှာ သနားစဖွယ်ကောင်းသည့် အခြေအနေနှင့် ရောင်းစားခံရနိုင်ချေရှိသည်။


ကျင်းယွီ အသက်ပြင်းပြင်းရှိုက်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေသည်။ ယခုဖြစ်ပွားသည့် စိတ်ပျက်ဖွယ်ရာ အခြေအနေမှာ စွမ်းအားမဲ့ကာ အရည်အသွေးကြောင့်ပင်။ ကျင်းယွီအနေဖြင့် စွမ်းအားမဲ့သည့်တိုင်အောင် အရည်အချင်းမရှိသော လူပျော့လူညံ့တစ်ဦး မဟုတ်ပေ။


ထို့အပြင် ကြမ်းကြုတ်ရက်စက်သော်ငြား အတွင်းစိတ်နူးညံ့သည့် သစ်တောစိမ်းရောင်ကျားကြီးသည် ယခုလေးတင် သူ့ထံသို့ ခုန်အုပ်ကာ လျှာဖြင့်လျက်နေသဖြင့် ကျင်းယွီ ထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိလိုက်ရပုံပင်။ ထိုသို့သာဆိုလျှင် ဤနေရာတွင် နေထိုင်ရန် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်။


“ဟေ့ ကောင်လေး.. စဉ်းစားပြီးပြီလား.. ထွက်သွားမှာလား မသွားဘူးလား..”


ကျင်းယွီ အသည်းအသန် စဉ်းစားနေစဉ်မှာပင် လိမ္မော်ရောင်ဖြူခေါင်းမှ အော်လာပြန်သည်။ ဤကဲ့သို့ အပေါစားဆန်လှသည့် အော်ဟစ်သံအား ကြားရသည်မှာ စိတ်ထဲမှ ရိုက်နှက်ချင်စိတ် ပေါ်လာမိသည်။ ထပ်ပေါင်းဆိုရလျှင် သူ၏စိတ်ထဲ၌ အရေးကြီးသော ရှာဖွေတွေ့ရှိမှုအသစ်နှင့် ပြည့်နေဆဲဖြစ်သည်။ ထို့ကြောင့် ကျင်းယွီထံမှ အလွန်ကြွစောင်းစောင်းနိုင်သည့်စကားများ ထွက်လာတော့သည်။


“ဖာ့.. ဘာတွေလာအော်နေတာလဲ.. ငါတစ်ခုခု စဉ်းစားနေတာ မင်းမမြင်ဘူးလား.. သောက်ပါးစပ်ကို ပိတ်ထား..”


...


မိနစ်အနည်းငယ် ကြာပြီးနောက် သူ၏ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေကြောင်း ကျင်းယွီ ရုတ်တရက် သိရှိလိုက်ရသည်။ ခေါင်းမော့ကာ မျက်မှောင်ကြုတ်မိချိန်တွင် လိမ္မော်‌ရောင်ဖြူခေါင်းသည် သူ၏အရှေ့၌ ရပ်ကာ ခပ်ညစ်ညစ် ပြုံးနေသည်ကို တွေ့လိုက်ရသည်။


“.....”


“ကောင်လေး.. မင်းအခု ဘာပြောလိုက်တာလဲ..”


“အခုလား.. ဘာမှမပြောမိပါဘူး.. ကျွန်တော် အတွေးလွန်နေခဲ့တာ..”


“ဟာဟ.. တစ်ယောက်ယောက်က ငါ့ကို သောက်ပါးစပ် ပိတ်ထားစမ်းလို့ ပြောတာ ကြားမိသလားလို့နော်..”


“အိုး.. တကယ်တော့ စိတ်ချောက်ချားတယ်ဆိုတာမျိုးက ကုသရခက်ပြီး အချိန်မရွေး နေရာမရွေး ထူးခြားဆန်းကြယ်စွာ ဖြစ်တတ်ပါတယ်.. အခုပဲ ထူးထူးဆန်းဆန်း ဖြစ်သွားတယ် မဟုတ်လား..”


“ဒါဆို ဘာလို့ မင်းငါ့ကို အဲလိုပြောတယ်လို့ ကြားလိုက်တာလဲ..”


“အဲဒါက ခင်ဗျား စိတ်ချောက်ချားသွားတာပါ.. စိတ်ချောက်ချားတာက ကုသရခက်သလို ထူးဆန်းပါတယ်..”


ကျင်းယွီ၏ ထူးမခြားနား အမူအရာကြောင့် ပတ်ဝန်းကျင်တွင် ရယ်သံများ စတုတ္ထအကြိမ် ထွက်ပေါ်လာပြန်သည်။ ကျင်းယွီအား ရိုက်နှက်ရန် အသင့်ဖြစ်နေသည့် လိမ္မော်ရောင်ဖြူခေါင်းမှာလည်း ကျင်းယွီအား အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပေါင်ကို လက်ဖြင့်ရိုက်ကာ ဟားတိုက်ရယ်မောလေသည်။


“အားဟားဟားဟားဟားဟား.. ဒီကောင်ကတော့... စိတ်ဝင်စားစရာပဲ.. တကယ် စိတ်ဝင်စားစရာပဲ.. မင်းက ငါ့ကို ဒီနေ့ လေးကြိမ်တောင် ရယ်အောင် လုပ်နိုင်မှတော့ မင်းမှာ အနာဂတ်တစ်ခု ရှိလိမ့်မယ်.. ဒါပေမဲ့ မင်းက အန်ကျဲမှာ ရောက်နေတာဆိုတော့ ဧကရာဇ်ဆိုရင်တောင် အန်ကျဲရဲ့ စည်းမျဉ်းကို လိုက်နာရမှာပဲ.. ကောင်းကောင်းမွန်မွန် နေထိုင်ချင်တယ် ဆိုရင်တော့ မင်းရဲ့ စွမ်းရည်တွေအပေါ် မှီခိုရလိမ့်မယ်..”


ထိုသို့ပြောရင်း လိမ္မော်ရောင်ဖြူခေါင်းမှ လှောင်ပြုံးပြုံးလိုက်သည်။


“ဒီနေရာမှာတော့ ဘယ်သူကမှ မေတ္တာရှင်ကြီးလုပ်ပြီး မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး.. အန်ကျဲက နေ့ရက်တွေကို မကျော်ဖြတ်နိုင်ဘူးဆိုရင်.. မင်းရဲ့ အသားက ဖြူပြီး ရှင်းသန့်တယ်.. အတော်လည်း နူးညံ့တယ်ဆိုတော့ အပြင်က မျိုးရိုးမြင့်အရှင်သခင်တွေရဲ့ အကြိုက်ပေါ့လေ..”


ကျင်းယွီ နှုတ်ခမ်းမဲ့ကာ ပြောသည်။


“ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခင်ဗျား စိုးရိမ်ဖို့ မလိုပါဘူး.. မျိုးရိုးမြင့်အရှင်သခင်တွေ ရှိနေရင်တော့ ကျွန်တော့်ကို ရှာတွေ့ဖို့ ကံကောင်းဦးမှကိုး.. ကျွန်တော်က အားနည်းပြီး ကိုယ့်နေရာကိုယ်မသိတဲ့ ကောင်ချောလေးတွေကို အမုန်းဆုံးပဲ.. ပြီးတော့ ကျွန်တော့်လို ပုံစံကို ခံ့ညားတယ်.. မိမိုက်တယ်.. ချေမိုးတယ်လို့ ခေါ်တယ်.. ခင်ဗျားအမေကိုပဲ ‘နူးညံ့’.. ခင်ဗျားတို့ တစ်မိသားစုလုံးပဲ နူးညံ့..”


ထိုသို့ပြောပြီးနောက် လိမ္မော်ရောင်ဖြူခေါင်းမှ သူ့အား ကြောင်အကာ ကြည့်နေသည်အား အခွင့်ကောင်းယူကာ ပိုင်ရှင်၏ နံဘေး၌ စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငိုက်စိုက်ချနေသော သစ်တောစိမ်းရောင်ကျားထံသို့ ပြေးသွားလိုက်သည်။ ကျား၏ အမြီးယမ်းခါကာ ကိုယ်ခံပညာဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ်၌ သတ်ဖြတ်လိုစိတ်တို့ စုဝေးလာစဉ်မှာပင် ကျင်းယွီသည် အရာအားလုံးအား လစ်လျူရှုကာ ထိုလူ၏နားနားကပ်ကာ တီးတိုးပြောလိုက်သည်။


ပွဲကြည့်သူများမှာ လူသားတစ်ပိုင်းကောင်လေး ရိုက်နှက်ခံရမည်ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေစဉ်မှာပင် မမျှော်လင့်သော အဖြစ်အပျက်ကြောင့် ပါးစပ်အဟောင်းသားဖြင့် ရပ်ကြည့်နေမိကြတော့သည်။ အန်ကျဲ၏ အရက်စက်ဆုံးနှင့် အကြမ်းတမ်းဆုံး သခင် လီရှောင်မှာ တောင့်တင်းသော်ငြား သိမ်မွေ့မှုနှင့် မျှော်လင့်ခြင်းများပြည့်နေသော အမူအရာဖြင့် အလွန်အမင်း ရဲတင်းလှသည့် ကောင်လေး၏ အင်္ကျီလက်အားဆွဲကာ လမ်းအတွင်းသို့ တန်းတန်းမတ်မတ် ပြေးသွားလေသည်။


.....


ဖြန်းဖြန်းဖြန်းဖြန်းဖြန်းဖြန်း...


တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လမ်းထဲ၌ တဖြန်းဖြန်းရိုက်သံများ ထွက်ပေါ်လာသည်။ ပွဲကြည့်သူများမှာ သူတို့အနီးရှိ လူများအား တဖြန်းဖြန်းရိုက်ပြီးနောက် ကိုယ့်ပါးကိုယ် ကိုင်ကာ ထူးဆန်းသည့်စကားများ ပြောကုန်ကြသည်။


“ဘာတွေလား..”


“ကျွတ်.. စစ်... အာ.. ငါလည်းမသိဘူး.. သောက်ရမ်းလန့်စရာကောင်းတယ်..”


“ဖာ့.. မင်းတို့ရဲ့ သုံးစားမရတဲ့ သောက်လုံးတွေ ကန်းသွားကြတာလား.. ငါထင်တာကတော့ ဒါက အချိန်အတော်ကြာအောင် ဆိတ်သုန်းနေတဲ့.....”


“ဟမ်..”


“မြင်မြင်ချင်း... အာ.. မဟုတ်လောက်ဘူးနော်.. မြင်မြင်ချင်းရမ္မက်လား.. ဟာ့.. ဒီလိုလည်း ဟုတ်ပုံမရဘူး..”


“သောက်ခွေးထဲမှ.. ‘မြင်မြင်ချင်းအချစ်’ ဟ.. ရှေးခေတ်ဘာသာစကားကို မသင်ခဲ့ရဘူးလား.. ကျောင်းပြန်တက်လိုက်တော့.. ငါတို့ အန်ကျဲက လူတွေက မင်းလိုမျိုးလို့ တခြားလူတွေ မထင်စေနဲ့.. ယဉ်ကျေးမှုမရှိဘဲ မူလတန်းက မတက်မဲ့ကောင်..”


လိမ္မော်ရောင်ဖြူခေါင်းသည် စကားပြောလာသူ၏ ခေါင်းအား ခပ်ကြမ်းကြမ်းရိုက်ပြီးနောက် မေးအားလက်ဖြင့်ဖျစ်ကာ ရေရွက်လေသည်။


“ငါမှားသွားတာပဲ.. တကယ်ကို မှားသွားတာ.. ဒီကောင်လေးက ဒီမှာ ရှင်သန်ဖို့ မတတ်နိုင်လောက်ဘူးလို့ ထင်ခဲ့တာ.. အခုတော့ အဲလိုမဟုတ်ပုံပဲ.. အရာအားလုံး အဆင်ပြေရင်တော့ သူက စေတန်နတ်ဆိုး ပြန်လည်ရှင်သန်လာတာတောင် ဖြစ်နိုင်သေးတယ်.. အာမင်..”



🐾🐾🐾