Chapter 6
Viewers 12k

🎬 Chapter 6

အတင်းအဖျင်း၏သွေးဆောင်မှု



ဝေ့ဇယ်၏ကြုံရာကျပန်းစကားများက အမှန်ဖြစ်လာရန် သူ မမျှော်လင့်ခဲ့ချေ။


လုဝမ်ရှင်း Weibo စာမျက်နှာသို့ ပြောင်းလိုက်ပြီး hot searchကို နှိပ်ကာ အောက်ဆုံးသို့ ဆွဲကြည့်လိုက်သည်။


#မောင်ငယ်လေးရဲ့ဘေးတိုက်မျက်နှာကအရမ်းချောတာပဲ...


ထိပ်ဆုံးတွင် ပင်ထောက်ထားသည့် Weibo ပိုစ့်မှာ -


ပထမဆုံး အလုပ်သင်ဆင်းတဲ့နေ့မှာ လှပတဲ့ အယ်ဒီတာချုပ်နဲ့ အလုပ်ခရီး ထွက်ခဲ့ပြီးတော့ အံ့သြစရာတွေ့ခဲ့ရတယ်... [/တံတွေးသုတ်နေ/]


၎င်းကို အကဗီဒီယိုနှင့်အတူ တွဲတင်ထားသည်။


အကဗီဒီယိုက သုံးဆယ်စက္ကန့်သာကြာ၍ ပြီးလုနီးပါးအချိန်တွင် ရိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဝေ့ဇယ်က လုဝမ်ရှင်းကို ဖက်ရန်လာသော မြင်ကွင်းဖြင့် အဆုံးသတ်သွားသည်။


[အားးးးးးးးးးးးးးး ငါသေပြီ ငါသေပြီ...]


[သူ့ရဲ့ဘေးတိုက်မျက်နှာက အရမ်းချောတာပဲ...ဒီလူက သူ့ရဲ့အရှေ့မျက်နှာ ဗီဒီယိုလေးကို တောင်းဆိုပါတယ်...]


[ပို့စ်တင်တဲ့သူရေ...]


[လှုပ်ရှားတဲ့ကကွက်တွေက အံ့သြစရာပဲ... ငါ မျက်ရည်တောင် ဝဲလာပြီ...]


[အပေါ်ထပ်ကလူရေ နင်တော့ တစ်ခုခုမှားနေပြီ...]


[ဘယ်လိုတောင် ချောလိုက်တဲ့ မျက်နှာလေးတွေလဲဟယ်...အဲဒီမှာ တကယ်ပဲ ဘာ filter မှ မရှိဘူးလား... အလယ်က အသေးဆုံးပေါင်ပေ့လေးရေ လာပါဦး... ဒီမာမား မင်းကိုဖက်ပါရစေ...]


[ငါ သစ်အယ်သီးဆံပင်နဲ့ မောင်လေးကို သဘောကျတယ်...သူက အရမ်းချောတာပဲ...]


[အပေါ်က ကျယ်မေ့ရေ အတူတူပဲ... သစ်အယ်သီးဆံပင်နဲ့ မောင်လေးက အရမ်းလန်းတယ်...]


နောက်ပိုင်းတွင် လူအချို့က စခရင်ရှော့များရိုက်ယူပြီး အကြိမ်များစွာ ပြန်တင်ခဲ့ကြရာ ကောမန့်နေရာ၌ မျက်နှာဖန်များက မှတ်ချက်များစွာ ပေးခဲ့ကြသည်။


[မျက်နှာချောချောလေးတွေ အများကြီးပဲ...ငါ စခရင်ထဲ ပြေးဝင်ချင်လိုက်တာ...]


[မင်းတို့အားလုံးက မျက်နှာကိုချည်း ကြည့်နေကြတာပဲ... ခြေတံရှည်တွေနဲ့ ပြည့်နေတဲ့ စခရင်ကို သတိထားမိတဲ့သူက ငါ တစ်ယောက်တည်းလား...]


[သူတို့က သင်တန်းသားတွေလား...သူတို့ ပွဲဦးမထွက်ကြသေးသလိုပဲ...]


[သူတို့ ပွဲဦးမထွက်ရသေးဘူးထင်တယ်... ဒါပေမယ့် သူတို့က အရမ်းချောလွန်းတော့ သေချာပေါက် နာမည်ကြီးမှာ မြန်မြန်လေး ပွဲဦးထွက်ကြပါ...ဒီမာမား မင်းတို့ကို ပံ့ပိုးပေးပါ့မယ်...]


[မီးခိုးရောင်ဆံပင်နဲ့ မောင်လေးတွေကြားထဲ သစ်အယ်သီးဆံပင်နဲ့ မောင်လေးက အံဝင်ခွင်ကျမဖြစ်နေသလိုပဲ ငါပဲ သူ့ကို ယူသွားပေးပါ့မယ်...]


[ပို့စ်တင်တဲ့သူက အလုပ်သင်သတင်းထောက်လား...အဲဒီမောင်လေးတွေရဲ့ Weibo အိုင်ဒီလေး ပေးပါလား...]


[ကျယ်မေ့တို့ သူတို့ကို ကြိုးစားရှာကြရအောင်...]


လုဝမ်ရှင်းမှာ ရှုပ်ထွေးနေသော စိတ်အခြေအနေတွင် ရှိနေသည်။ သူက ဖျော်ဖြေရေးလောကမှ ထွက်ရန် အဆင်သင့်ဖြစ်နေသော်လည်း ရုတ်တရက် ဗီဒီယိုတစ်ပုဒ်ကြောင့် နာမည်ကြီးလာခဲ့သည်။ သူ WeChat ကို ပြန်ပြောင်းလိုက်သည်နှင့် ဂရုတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။


အဖွဲနာမည် - နေ့ချင်းညချင်းနာမည်ကြီးလာတယ်


လုဝမ်ရှင်း : "……" 

အဲဒီလောက် ဇာချဲ့စရာမလိုပါဘူး...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] အားးးးးးးးး ငါက ဘယ်လိုတောင် ကံကောင်းတဲ့ ခိုအီငါးလေးလဲ...ငါတို့ အခု နာမည်ကြီးတော့မှာလား...


[ခွေးတစ်ကောင်] ဝေ့ဇယ် မင်းရဲ့ပါးစပ်က ကောင်းချီးပေးခံထားရတာလား...


[နောက်ခွေးတစ်ကောင်] မိုက်လိုက်တာ... ရှောင်ဇယ် များများလေး ပြောပေးပါဦး...


[ခွေးမွေးမြူသူ] ရှောင်ဇယ်က ခိုအီငါး ဝင်ပူးခံထားရတာမလား...ငါ ဒီမှာ ချမ်းသာမှု ကောင်းချီးတွေလိုနေတယ် ကျေးဇူးပါ... @ထိပ်တန်းကြယ်ပွင့်လေးဝေ့


လုဝမ်ရှင်းက လက်တစ်ဖက်တည်းဖြင့် စာရိုက်လိုက်သည်။


[အီးတီ] တောင်းပန်ပါတယ် ငါ စောစောက အိမ်မက်မက်နေလားလို့ပြောခဲ့တာကို ပြန်ရုတ်သိမ်းပါ့မယ်...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] ရပါတယ် ခွင့်လွှတ်တယ်...စောင့်နေလိုက် တစ်နှစ်ကို ဖျော်ဖြေပွဲ ရှစ်ဆယ်၊ တစ်ရာလောက်ထိ လုပ်ပစ်တော့မှာ...


သူက ဝေ့ဇယ်၏စိတ်လှုပ်ရှားနေသော အမူအရာကို ဖုန်းစခရင်မှ ဖြတ်မြင်နိုင်လုနီးပါးဟု ခံစားလိုက်ရသည်။  


လုဝမ်ရှင်း ရွှင်မြူးမှုဖြင့် ခေါင်းခါယမ်းပြီး စာတစ်ကြောင်းရိုက်ကာ ပို့လိုက်သည်။


[အီးတီ] မင်းတို့တွေ ဗီဒီယိုကို ဘယ်သူရိုက်သွားတာလဲဆိုတာ မသိချင်ကြဘူးလား...


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] မင်းက သိလို့လား...


လုဝမ်ရှင်းက ပို့စ်တင်သူ၏Weibo ပို့စ်ကို စခရင်ရှော့ရိုက်ပြီး စာအပိုင်းအစလေးကို စက်ဝိုင်းအနီ ဝိုင်းလိုက်သည်။


ပထမဆုံး အလုပ်သင်ဆင်းတဲ့နေ့မှာ လှပတဲ့ အယ်ဒီတာချုပ်နဲ့ အလုပ်ခရီး ထွက်ခဲ့ပြီးတော့ အံ့သြစရာတွေ့ခဲ့ရတယ် [/တံတွေးသုတ်နေ/]


[အီးတီ] ဝိုင်းပြပေးထားတယ်...


[ထိပ်တန်းကြယ်ပွင့်ဝေ့] !!!!


[ခွေးတစ်ကောင်] ခဏလေး...အဲဒါ ဒီနေ့လယ်တုန်းက ဝမ်ယွီကို လာအင်တာဗျူးတဲ့ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေများလား...


[ခွေးမွေးမြူသူ] ငါ အဲဒီလောက် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး...


[နောက်ခွေးတစ်ကောင်] ငါ အခု ထီလက်မှတ်ပြေးဝယ်ဖို့ နောက်ကျသွားပြီလား...


သို့သော် သူတို့ ကြာကြာမပျော်လိုက်ရချေ။ မကြာမီhot search က ဖိနှိပ်ခံရပြီး နို့ကြော်ငြာတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။


[ထိပ်တန်းကြယ်ပွင့်လေးဝေ့] မဖြစ်နိုင်တာ ငါတို့ အနည်းဆုံး တစ်နာရီလောက်တော့ နေနိုင်မယ်ထင်ထားတာ...


[ခွေးတစ်ကောင်] ငါတို့ အနည်းဆုံးတော့ ရောက်ဖူးသွားတာပေါ့ကွာ...


[ခွေးမွေးမြူသူ] ဒီ hot search က မြန်မြန်ပြန်ကျသွားတာပဲ... ငါ အဆင်သင့်တောင် မဖြစ်သေးဘူး...


[နောက်ခွေးတစ်ကောင်] ဘာလို့ ဒီ hot search က ကျသွားတာ မဟုတ်ဘဲ ဖယ်ခံလိုက်ရတာလို့ ခံစားနေရပါလိမ့်...ဒီလောက် မြန်မြန်ပျောက်သွားတာ အရမ်းထူးဆန်းတယ်...


[အီးတီ] အစ်ကိုကြီးရေ hot searchကို ဖယ်ဖို့ဆိုတာ ပိုက်ဆံအများကြီး ကုန်တယ်ကွ...ငါတို့ hot search ကနေ ပြန်ကျသွားတာ ပုံမှန်ပါပဲ...


ဖျော်ဖြေရေးနယ်ပယ်ထဲတွင် အနုပညာရှင်များက လူကြိုက်အများဆုံးရှာဖွေမှုနေရာကို ဝယ်ယူလေ့ရှိကြပြီး သူတို့၏ အရှုပ်တော်ပုံများ ပေါ်လာချိန်တွင် ထိုနေရာမှ ဖယ်ရှားခံရသည်။ ၎င်းတို့က ပုံမှန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ လုဝမ်ရှင်းက တစ်ခါမှ ဖန်သားပြင်ကြီးများပေါ်တွင် မပေါ်လာဖူးပေ။ သူ ရိုက်ရသော ကြော်ငြာအများစုမှာ မဂ္ဂဇင်း သို့မဟုတ် အပြင်ကြော်ငြာများသာဖြစ်သည်။


သူ့ကို မည်သူမျှ မသိကြသည့်အပြင် ဝေ့ဇယ်တို့ လေးဦးမှာလည်း ပွဲဦးမထွက်ရသေးချေ။ 

ဘယ်သူက ငါတို့ကို hot searchကနေ ဖယ်ဖို့ ပိုက်ဆံအကုန်ခံမှာလဲ...


စကားများနေကြသော WeChat ဂရုကိုကြည့်ပြီး လုဝမ်ရှင်း အိပ်ချင်စိတ်မထိန်းနိုင်တော့သောကြောင့် ကောင်းသောညပါဟု ပြောပြီး အိပ်ရာဝင်ခဲ့လိုက်သည်။


 ***

ရက်အနည်းငယ်ကြာပြီးနောက် "အကန့်အသတ်မရှိတဲ့ ပိတ်ရက်" ၏ တရားဝင် Weibo အကောင့်မှ နောက်ဆုံး ထုတ်ပြန်ချက်ကို တင်လာခဲ့သည်။


'လူတိုင်း စောင့်မျှော်နေကြတဲ့ "အကန့်အသတ်မရှိတဲ့ ပိတ်ရက်"အတွက် တရားဝင်ကြေငြာချက်က ဒီမှာပါ...@ကုယန်ရှန်း @လီရှန်းမင် @စုန့်ကျားကျား [/အသဲ][/အသဲ][/အသဲ]၊ ပါတနာအဖွဲ့ဝင်တွေကိုတော့ ခဏလျှို့ဝှက်ထားပါတယ်... အိုး ဒါပေမယ့် စိတ်ချပါ သူတို့အားလုံးက သေလောက်အောင်ချောကြပါတယ် [/ရှူး]'


၎င်းနောက်တွင် ကုယန်ရှန်း၊ လီရှန်းမင်နှင့် စုန့်ကျားကျားတို့၏ ဓာတ်ပုံများကို ပူးတွဲဖော်ပြထားခဲ့သည်။


[လျှို့ဝှက်ထားတုန်းလား...ပရိုဂရမ်အဖွဲ့က လူမဆန်လိုက်တာ...]


[ငါ့ကောကောရဲ့ချောမောတဲ့ မျက်နှာလေးကို လျက်နေပါပြီနော်... ကောကော အရမ်းချောတာပဲ...]


[ရှန်းကော ပျောက်နေတာ သုံးလလောက်ရှိပြီ...ရှန်းကောဆီက မဟုတ်ပေမယ့်လို့ သူ့အပ်ဒိတ်ကို တွေ့ရတာ ငါ အရမ်းပျော်တာပဲ...]


[အစ်မကျားကျားက အရင်အတိုင်းလှနေတုန်းပဲ...အစ်မကျားကျား တစ်သက်လုံး ချစ်တယ်နော်...]


[မင်မင်ကို ကြိုက်ကြတဲ့ ကျယ်မေ့တို့ရေ... လာပါ အဖွဲ့လိုက် ဖက်ကြရအောင်... ]


ဤရသစုံရှိုးတွင် အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆုကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးထားခဲ့သော ကုယန်ရှန်း၊ ဂီတမင်းသားလေးအဖြစ် လူသိများသော လီရှန်းမင်နှင့် ရုပ်ရှင်၊ဒရာများတွင် နာမည်အကြီးဆုံးပြည်သူ့နတ်ဘုရားမလေး စုန့်ကျားကျားတို့ပါဝင်၏။ သူတို့သုံးဦးလုံးမှာ hot search ပေါ် ပုံမှန်တက်လေ့ရှိကြသူများဖြစ်သည်။


ထိုကြေညာချက်က hot search ပေါ်တွင် တစ်ရက်ခွဲကျော် ရှိနေခဲ့သည်။


အင်တာနက်အသုံးပြုသူများက ထိုနာမည်ကြီးသုံးယောက် ရွေးချယ်ကြမည့် အသင်းဖော်ပုံစံကို ငြင်းခုံနေကြဆဲဖြစ်ပြီး မကြာမီ မဲပေးခြင်းအကြောင်းအရာက စတင်လာခဲ့သည်။


လီရှန်းမင်နှင့် စုန့်ကျားကျားတို့အကြောင်း ခန့်မှန်းစဉ်တွင် ပုံမှန်ဖြစ်ခဲ့သော်လည်း ကုယန်ရှန်းအလှည့်သို့ ရောက်လာချိန်တွင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။


#<အကန့်အသတ်မရှိတဲ့ ပိတ်ရက်> တရားဝင်ကြေညာချက် # ပရိသတ်တို့... ရှန်းကောရွေးမယ့် အသင်းဖော်ပုံစံကို ခန့်မှန်းပေးကြပါဦး...LV နှုတ်ခမ်းနီသုံးချောင်းကိုရယူဖို့ ပို့စ်ပြန်တင်ပြီး ကောမန့်မန့်ပေးကြပါ...ပေါက်တဲ့လူက ကိုယ်ကြိုက်တဲ့အရောင်ရွေးလို့ရပါတယ်...


[လှပတဲ့ကျဲကျဲ...]


[မိန်းမငယ်လေး...]


[ရှန်းကောက တစ်ယောက်တည်း တိုက်ခိုက်နိုင်တယ်...အသင်းဖော်မလိုဘူး]


ကောမန့်နေရာတွင် အင်တာနက်အသုံးပြုသူများက ကြုံရာကျပန်းရွေးချယ်မှုများ လုပ်နေကြပြီး အချို့သူများက ရွေးချယ်မှုအသစ်များကိုပင် အကြံပြုလာခဲ့သည်။


[ဒီချစ်စရာကောင်မလေးက အဖွဲ့လိုက်စကားပြောခန်းမှာ ပါဝင်ချင်ပါတယ်...]


[သူက ငါ့ရဲ့အချစ်စစ်ပဲ...]


[ရှန်းကောက စင်ဂယ်ပဲဖြစ်ရမယ်...]


[အမှန်တိုင်းပြောရရင် ရှန်းကောနဲ့ ငါက တွဲနေတာကြာပြီ ဟူး...]


[အပေါ်ကသူရေ လျှောက်ပြောမနေနဲ့... ဒီမှာ ရှန်းကောက ငါ သဝန်တိုနေလို့ ငါ့ကို ချော့ရင်း အလုပ်ရှုပ်နေတယ် [/ရှက်နေ]]


 â€Śâ€Śâ€Ś


"အကန့်အသတ်မရှိတဲ့ ပိတ်ရက်" ပထမပိုင်းကို E နိုင်ငံတွင် ရိုက်ကူးခဲ့သည်။


လုဝမ်ရှင်း လေယာဉ်ပေါ်မှဆင်းလာပြီးနောက် ပရိုဂရမ်အဖွဲ့မှ အထူးကားဖြင့် လာကြိုခဲ့သည်။ လေဆိပ်မှ ရိုက်ကူးရေးနေရာသို့ ၄၀ မိနစ်ခန့်မောင်းရပြီး နောက်ဆုံးတွင် ရှုခင်းနှင့် ပတ်ဝန်းကျင်ကောင်းရှိသည့် သီးသန့်အိမ်ကြီး၏တံခါးရှေ့သို့ ရောက်လာခဲ့ကြသည်။


လုဝမ်ရှင်းက ပထမဆုံးရောက်လာခဲ့သူ မဟုတ်ချေ။ သူ အိမ်ထဲဝင်လာစဉ်တွင် ဆိုဖာပေါ်ထိုင်နေသော ပြည်သူ့နတ်ဘုရားမလေး စုန့်ကျားကျားကို တွေ့လိုက်ရသည်။ ထို့အပြင် သူ မသိသော အခြားအနုပညာရှင်နှစ်ဦးလည်း ရှိနေခဲ့သည်။ သူတို့က လုဝမ်ရှင်းကဲ့သို့ အဖွဲ့ဝင်များ၏ အသင်းဖော်များဖြစ်ပုံရသည်။


"ဟယ်လို..."

စုန့်ကျားကျားက လုဝမ်ရှင်း အထဲဝင်လာသည်ကို ပထမဆုံးသတိပြုမိသွားခဲ့၏။ သူမ၏မျက်နှာပေါ်တွင် နူးညံ့သောမိတ်ကပ်ပါးပါးလေးဖြင့် မည်သည့်ရှုထောင့်မှကြည့်ကြည့် လှပနေပြီး ပြည်သူ့နတ်ဘုရားမလေးဖြစ်ထိုက်ပေသည်။


"ဟယ်လို အစ်မကျားကျား ကျွန်တော်က ကုလောင်ရှီးရဲ့အသင်းဖော် လုဝမ်ရှင်းပါ..."


စုန့်ကျားကျားက အံ့အားသင့်မှုဖြင့် သူမ၏နှုတ်ခမ်းကို ကာလိုက်သည်။

"ပရိုဂရမ်အဖွဲ့က ဒီလောက်ချောတဲ့ ဧည့်သည်ရှိတာကို ဘာလို့ကြိုမပြောခဲ့တာလဲ...ကျွန်မ အသင်းဖော်လဲဖို့ လျှောက်လို့ရမလား..."


လုဝမ်ရှင်းက ပြုံးကာ ပြောလိုက်သည်။ 

"အစ်မကျားကျားကမှ အလှဆုံးတစ်ယောက်ပါ..."


လုဝမ်ရှင်းက အသင်းဖော်များဖြစ်သည့် ယောက်ျားလေးနှင့် မိန်းကလေးကိုလည်း ကြည့်လိုက်သည်။ မိန်းကလေးက စုန့်ကျားကျား ရွေးထားသော အသင်းဖော်ဖြစ်ပြီး လုဝမ်ရှင်း သူမကို တစ်ခါမှမတွေ့ဖူးသော်လည်း သူမက မိန်းကလေးအဖွဲ့တစ်ခု၏ အဖွဲ့၀င်တစ်ဦး ဖြစ်ရမည်ဟု ခန့်မှန်းမိသည်။


"ဟယ်လို ရှင်းရှင်း ငါက New 4 ရဲ့အဖွဲ့ဝင် ဝမ်မင်ပါ..."


လုဝမ်ရှင်းက ယဉ်ကျေးစွာဖြင့် လက်ဆန့်ထုတ်ပေးလိုက်ပြီး ဝမ်မင်က လက်ဆွဲနှုတ်ဆက်လာခဲ့သည်။


"ဟိုင်း ရှင်းရှင်း ငါက လီလောင်ရှီးရဲ့ အသင်းဖော် ကျိုးဇီထုံပါ..."


သူတို့ထဲတွင် ရှက်ရွံ့တတ်သူတစ်ဦးမှမပါသောကြောင့် လေထုက တဖြည်းဖြည်း အသက်ဝင်ပြီး နွေးထွေးလာခဲ့သည်။ သူတို့ ပျော်ရွှင်စွာ စကားစမြည်ပြောနေစဉ် လီရှန်းမင်က ခရီးဆောင်အိတ်တွန်းလျက် အထဲဝင်လာခဲ့သည်။


လီရှန်းမင်က လူအချို့ကို နှုတ်ဆက်ပြီးနောက် ခရီးဆောင်အိတ်ကို အပေါ်ထပ်သို့ တွန်းသွားရန် ပြင်လိုက်သော်လည်း စုန့်ကျားကျားက တားလိုက်လေသည်။


"ငါတို့ အခန်းမခွဲရသေးဘူး...နင့်ခရီးဆောင်အိတ်ကို အောက်ထပ်မှာ အရင်ချထားဦး..."  

စုန့်ကျားကျားက လီရှန်းမင်ကို မျက်လုံးမှိတ်ပြပြီး အရိပ်အမြွက်ပေးလိုက်ရာ သူက သူမ ဆိုလိုသည်ကို မှန်ကန်စွာ သဘောပေါက်သွားခဲ့သည်။


သူက ခရီးဆောင်အိတ်ကို ဘေးဖယ်ပြီး နောက်ပြောင်လိုက်သည်။

"အခန်းကို စုံစမ်စိဆော့ပြီး ခွဲမလို့လား..."


"ဒါရိုက်တာက လူတိုင်းရောက်လာရင် ပထမဆုံးလုပ်ရမယ့်မစ်ရှင်ကို ကြေညာပေးမယ်တဲ့..."

သူမ ပြောပြီးသည်နှင့် ကုယန်ရှန်းက တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။ လေထုက ရုတ်တရက် တင်းမာလာပြီး လူတိုင်း မတ်တတ်ထရပ်ကာ ကုယန်ရှန်းကို နှုတ်ဆက်လိုက်ကြသည်။ လုဝမ်ရှင်းက ကုယန်ရှန်းကို ခေါင်းညိတ်ပြပြီး အကြည့်လွှဲရန် ပြင်လိုက်စဉ် ဖွင့်ထားသောတံခါးမှ အခြားလူတစ်ဦးဝင်လာသည်ကို တွေ့လိုက်ရ၏။


"အားလုံးပဲ မင်္ဂလာပါ...ကျွန်တော်က ဝမ်ယွီပါ..."


ဝမ်ယွီကို တွေ့လိုက်ရစဉ် လုဝမ်ရှင်း၏ မျက်လုံးထဲ အံ့ဩမှုအရိပ်အယောင်များပေါ်လာပြီး ထိုအခိုက်အတန့်တွင် သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသော မေးခွန်းကလည်း ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည်။


မန်းဂိုးအင်တာတိန်းမန့်က ငါ့ကို စာချုပ်ဖျက်ဖို့သဘောတူခဲ့တာ မဆန်းတော့ဘူး... သူတို့က ဝမ်ယွီကိုပါ ရှိုးထဲထည့်ချင်နေတာပဲ...


ဤကိစ္စက ကုယန်ရှန်းနှင့် ပတ်သက်မှုတစ်ခုခုရှိနေသည်မှာ သေချာသည်။ သူ ပေးသောအရာက ကုယန်ရှန်းကို ကျေးဇူးတင်ရန် လုံလောက်သည်နှင့် ကွာဝေးနေသေးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။


သို့သော် ဝမ်ယွီ ပေါ်လာခြင်းက လုဝမ်ရှင်းကို စိတ်သက်သာရာရစေခဲ့သည်။ ကံကောင်းစွာဖြင့် ဇာတ်လမ်းသွေဖယ်သွားသော အချို့ဇာတ်ကွက်က အရေးကြီးသောဇာတ်ကြောင်းကို မထိခိုက်စေသောကြောင့် ဝမ်ယွီ ဤရသစုံရှိုး၌ ပါဝင်လာနိုင်ခဲ့ဆဲဖြစ်သည်။


ဇာတ်ကြောင်းက သူ့အိမ်မက်ထဲကနှင့် အနည်းငယ်ကွာခြားသော်လည်း အဓိကဇာတ်ကြောင်းကမူ ပြောင်းလဲသွားမည်မဟုတ်ဟု လုဝမ်ရှင်း ခန့်မှန်းမိခဲ့သည်။


လိပ်ပြာအကျိုးသက်ရောက်မှုက ဇာတ်ကွက် အနည်းငယ်သွေဖယ်စေခဲ့သော်လည်း အမျိုးသားဇာတ်လိုက်နှင့် အဓိကဇာတ်လိုက်ရှို့ကြားရှိ အဆက်အသွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ပေ။


ထို့ကြောင့် ဝမ်ယွီ လူတွေ့ဖြေပွဲကို လွတ်ခဲ့လျှင်ပင် ရသစုံရှိုးကို အခြားနည်းများဖြင့် ဝင်လာနိုင်ဆဲဖြစ်သည်။


ဝမ်ယွီက လူတိုင်းကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်ပြီး နောက်ဆုံးတွင် လုဝမ်ရှင်းဆီသို့ လျှောက်လာခဲ့သည်။ 

"မတွေ့တာကြာပြီနော် ရှင်းရှင်း..."


သူတို့နှစ်ယောက်လုံးကို ဝမ်မန်က ကိုင်တွယ်ခဲ့သော်လည်း သူတို့တွေ့ဖူးသည့်အကြိမ်အရေအတွက်မှာ လက်တစ်ဆုပ်စာမျှသာဖြစ်သည်။ ဝမ်ယွီက ရိုက်ကူးရေးများလုပ်ကာ ထောက်ခံချက်များယူနေစဉ် လုဝမ်ရှင်းက မဂ္ဂဇင်းများနှင့် ပိုစတာများရိုက်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။


သူတို့ တစ်ခါတစ်ရံတွေ့ချိန်တွင်လည်း ခေါင်းညိတ်နှုတ်ဆက်ရုံသာရှိပြီး အချင်းချင်း နာမည်ပြောင်များတပ်ခေါ်သည်အထိ မရင်းနှီးချေ။


"မင်းတို့နှစ်ယောက်က အချင်းချင်းသိကြတာလား..."


"ဟုတ်ပါတယ်..." 

ဝမ်ယွီက ခပ်ဖွဖွပြုံးကာ ဖြေလိုက်သော်လည်း သူတို့ မန်နေဂျာတူခဲ့ကြောင်းကိုမူ ထုတ်မပြောခဲ့ချေ။  

"ငါတို့က သူငယ်ချင်းတွေပဲမလား ရှင်းရှင်း..."


ဝမ်ယွီက ထိုသို့ပြောလာသဖြင့် လုဝမ်ရှင်း မငြင်း‌နိုင်တော့ဘဲ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။


"ဝမ်ယွီနဲ့ ရှန်းကောက အတူလာကြတာလား..."


ဝမ်ယွီ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကော့ညွှတ်သွားပြီး ပြောလာခဲ့သည်။ 

"ရှန်းကောနဲ့ လေယာဉ်တူတူစီးရတဲ့အထိ တိုက်ဆိုင်တာမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."


စုန့်ကျားကျားက မေးလိုက်သည်။

"ဒါနဲ့ လူတစ်ယောက်ကို အသင်းဖော် ဘယ်နှစ်ယောက်ရှိတာလဲ..."


"တစ်ယောက်ပါ..."  

ကင်မရာသမားက အဖြေပေးလာခဲ့သည်။


လူတိုင်းရောက်လာချိန်တွင် ဒါရိုက်တာက စည်းကမ်းချက်များကို ကြေညာလာခဲ့၏။

"အပိုင်းတစ်ပိုင်းစီမှာ ဧည့်သည်တစ်ယောက်ရှိပါမယ်...ပထမပွဲမှာနိုင်တဲ့အဖွဲ့က ဧည့်သည်ရဲ့အကူအညီကိုရမှာပါ...ဆိုလိုတာက ဒီသုံးဖွဲ့ထဲက တစ်ဖွဲ့မှာ 3 ယောက်ရှိမှာပဲဖြစ်ပါတယ်..."


"နောက်ထပ်လူတစ်ယောက်နဲ့ဆို အနိုင်ရနိုင်မယ့် အခွင့်အရေးပိုများလာမှာလား... အဲဒီလို ဆိုလိုတာလား...ဒါဆို လူတိုင်းက ဝမ်ယွီအတွက် တိုက်ခိုက်ကြရမှာပေါ့.."


ဒါရိုက်တာက ပြုံးပြီး ပြန်မဖြေခဲ့ချေ။ 


လီရှန်းမင်က ထပ်မေးလိုက်သည်။

"ပထမပွဲက ဘာလုပ်ရမှာလဲ..."


ဒါရိုက်တာက သူ့လက်ထဲရှိ စာအုပ်ကို လိပ်ပြီး မိုက်ကရိုဖုန်းကဲ့သို့ သူ့ပါးစပ်နားကပ်ကာ ပြောလိုက်သည်။  

"အဲဒါကိုတော့ နောက်မှပြောပေးပါမယ်... အခုက စစ်ဆေးရေးလုပ်မှာပါ.."


လုဝမ်ရှင်း ခရီးထွက်ရန် မပြင်ရသေးမီ ရှန့်ချောင်ထံမှ မက်ဆေ့ချ်ရရှိခဲ့သည်။ ဒါရိုက်တာအဖွဲ့က ခရီးဆောင်အိတ်များကို စစ်ဆေးပြီး သရေစာများ သို့မဟုတ် လှည့်စားသောပစ္စည်းများအားလုံးကို သိမ်းဆည်းမည်ဖြစ်ကြောင်း ပြောခဲ့၏။


ပိုအရေးကြီးသည်မှာ ပရိသတ်များက အနုပညာရှင်များ၏ခရီးဆောင်အိတ်များထဲတွင် ဘာပါလိမ့်မည်ကို သေချာပေါက် သိချင်ကြမည်ဖြစ်သည်။


၎င်းသည် ရှောင်တခင်စစ်ဆေးခြင်းဖြစ်သော်လည်း ရှက်စရာကောင်းသောဖြစ်ရပ်များဖြစ်ခြင်းမှ ရှောင်ရှားရန် ဒါရိုက်တာအဖွဲ့က သူတို့ကို အလွန်ကိုယ်ရေးကိုယ်တာဆန်သော သို့မဟုတ် လူများအား မမြင်စေလိုသောအရာများကို ဖယ်ထားရန် သတိပေးခဲ့သည်။


စုန့်ကျားကျား စောစောက လီရှန်းမင်ကို ခရီးဆောင်အိတ်မသယ်သွားရန် တားလိုက်သည်မှာလည်း ဤသည်ကြောင့်ဖြစ်၏။ သို့သော် ရှိုး၏အကျိုးသက်ရောက်မှုအတွက် သူတို့က အံ့ဩသွားသည့်ဟန်အမူအရာများ ပြရန်လိုနေဆဲဖြစ်သည်။


"မင်းတို့အားလုံး တန်းစီရပ်ပြီး ဘယ်ကနေ ညာကို သွားပေးကြပါ..."



🎬🎬🎬