အခန်း
(၁၈) - သူတောင်းစား ပြဿနာမရှိဘူး
သူမ၏
အရင်ဘဝက တီဗွီဒရာမာများထဲတွင် မြင်ဖူးနေသည့်ပုံစံအတိုင်း နူးညံ့စွာ
နှစ်သိမ့်ပေးလိုက်သည်။
“အမေ ကျွန်မက ပြည်နှင်ဒဏ်ပဲ ပေးခံရတာပါ၊ ကွပ်မျက်ခံရတာမဟုတ်ပါဘူး။ စိတ်မပူပါနဲ့တော့”
ဟဲကျစ်ယန်
ဘာမှမပြောလျှင်ပင် ပိုကောင်းဦးမည်။ သူမ၏ သမီးလေးက ပိုပြီးသိတတ်လိမ္မာလာသောအခါ
လင်ရွှယ်ယန်မှာ ပိုလို့ပင် ငိုကြွေးတော့သည်။
ဟဲယွမ်မင်ကတော့
လင်ရွှယ်ယန်လောက် မငိုသော်လဲ သူ့မျက်လုံးများမှာ နီရဲနေကြ၏။
အချိန်သိပ်မရှိဘူးဆိုတာ
သိသောကြောင့် သူသည် လင်ရွှယ်ယန့်အား ဘေးသို့ဆွဲလိုက်သည်။
ဟဲကျစ်ယန်နှင့်
မျက်နှာချင်းဆိုင်ရင်း သူက လေးနက်စွာ ပြောလိုက်သည်။ “ဒါက တကယ်ပဲ အဖေတို့ အမေတို့ရဲ့အပြစ်ပါ။ ငါ့သမီးကို လက်ထပ်ပြီး
နောက်တစ်နေ့မှာပဲ ဒီလိုမတရားတဲ့ ဘေးဆိုးကြီးနဲ့ ကြုံတွေ့လိုက်စေရတယ်”
ပြောပြီးနောက်
ဟဲယွမ်မင်သည် သူ့ဝတ်ရုံထဲမှ ဖောင်းပွနေသော ပိုက်ဆံအိတ်ကြီး တစ်လုံးကို ထုတ်ကာ
ဟဲကျစ်ယန်လက်ထဲသို့ တိတ်တိတ်လေး ထည့်လိုက်၏။
ထို့အပြင်
သူသည် ဟဲကျစ်ယန်အား အလယ်အလတ်ဆိုဒ် တစ်လုံးကိုလဲ ထပ်ပေးလိုက်ပြန်သည်။
အရာရှိများမှာ
ပိုက်ဆံယူထားပြီဖြစ်သောကြောင့် ထိုအချင်းအရာကို ဝင်မစွက်ဖက်ပေ။
ထို့အပြင်
ထိုငွေများသည် အကျဉ်းသားများက သူတို့အား လမ်းတွင် လာဘ်ထိုးရမည့် ငွေများ
ဖြစ်နေကြောင်း သိနေသောကြောင့်ပင်။
“ဒါက သွားလာဖို့အတွက် အဖေနဲ့အမေ ပြင်ဆင်ပေးထားတဲ့ငွေပဲ။ သုံးရမှာ တွန့်ဆုတ်မနေနဲ့။
ဒါနဲ့ဆို အရာရှိတွေကို လာဘ်ထိုးရုံမကဘူး၊ အစားကောင်းလေးတွေလဲ တောင်းလို့ ရတယ်။”
“ပြီးတော့ မင်းက ငယ်ငယ်လေးကတည်းက သန့်ရှင်းတာကိုပဲကြိုက်တာ။ မင်းအမေက
မင်းအတွက် အတွင်းခံ အပိုတွေ ထုပ်ပိုးပေးထားတယ်” ဟဲယွမ်မင်
ပြောပြီးနောက် ဆက်မပြောနိုင်တော့ပေ။
သူ့ခေါင်းကို
တစ်ဖက်သို့လှည့်ကာ ဟဲကျစ်ယန်ကို ဆက်မကြည့်ရဲတော့ဘဲ နောက်ဆုံးမှ
ဖြည်းဖြည်းပြောလိုက်သည်။ “မော့မိသားစုနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းမိတာ
အဖေ့အပြစ်ပါကွယ်”
“အဖေ” ဟဲကျစ်ယန်သည် ဤစကားလုံးအား ဖိအားမရှိဘဲ
အေးအေးဆေးဆေး ပြောထွက်သွားသည်။
မူလပိုင်ရှင်၏
မှတ်ဉာဏ်များထဲက ဟဲယွမ်မင်ဖြစ်စေ၊ သူမမျက်လုံးရှေ့ရှိ ဟဲယွမ်မင်ဖြစ်စေ၊ ဟဲကျစ်ယန်
သေချာပေါက် သိသည်မှာ ထိုလူက ဖခင်ကောင်းတစ်ယောက်ပင်။
ထိုလူအတွက်
သူမအနေဖြင့် အဖေဟု လိုလိုလားလား ခေါ်ချင်ပေသည်။
“ကျွန်မ အရင်က မသိတတ်ခဲ့လို့ အဖေနဲ့အမေအပေါ် ဒေါသထွက်ခဲ့မိတာတွေရှိတယ်။
အခုတော့
ကျွန်မ မော့ကျိုးယွီနဲ့ လက်ထပ်ပြီးပြီမို့ ရှေ့လျှောက် မော့မိသားစုရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ။
စိတ်ချပါ။
ကျွန်မ ကောင်းကောင်းနေသွားမှာပါ။ တစ်နေ့ ကံတရားက မျက်နှာသာ ပြန်ပေးလာတဲ့အခါ အဖေနဲ့
အမေကို ကောင်းကောင်း အလုပ်အကျွေးပြုပါမယ်”
ဟဲကျစ်ယန်၏
စကားများကို ကြားပြီးနောက် လင်ရွှယ်ယန်၏ မျက်ရည်များ ကျဆင်းလာပြန်သည်။
သူမ၏
သမီးလေးက တစ်ညထဲနဲ့ သိတတ်သွားသော်လည်း သိတတ်သွားသောသမီးလေးမှာ ယခုပင်
အနောက်မြောက်အရပ်သို့ ပြည်နှင်ဒဏ် ပေးခံရပေတော့မည်။
သူမ
ထိုအကြောင်းကို တွေးလေလေ ယူကြုံးမရ ဖြစ်လေလေပင်။ လင်ရွှယ်ယန်သည် ဟဲကျစ်ယန်အားဖက်ကာ
ကျယ်လောင်စွာ ငိုကြွေးတော့သည်။
နံဘေးရှိ
ဟဲယွမ်မင်သည်လည်း မထိန်းနိုင်တော့ဘဲ အဆက်မပြတ် မျက်ရည်သုတ်နေရ၏။
မူလကိုယ်၏
ခံစားချက်များနှင့် ရောနှောသွား၍လား၊ ဟဲကျစ်ယန်ကိုယ်တိုင်က မိသားစုချစ်ခြင်းကို
အလွန်တောင့်တနေသောကြောင့်လား သေချာမသိသော်လဲ သူမလည်း မျက်ရည်များ ကျဆင်းလာရသည်။
ဟဲယွမ်မင်က
သတိရှိပေသည်။ အချိန်စေ့တော့မည်ကို မြင်သောအခါ အမေနှင့် သမီး၏ ကျောကို
ပုတ်ပေးလိုက်သည်။
“ကောင်းပြီ။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။ ငါ သားမက်လေးကိုလဲ
တွေ့ချင်သေးတယ်”
ဟဲကျစ်ယန်သည်
အနီးရှိ သစ်သားလှည်းပေါ်တွင် လှဲနေသော မော့ကျိုးယွီအား ကြည့်လိုက်သည်။
“အဖေ သူ အခုထိ မနိုးသေးဘူး။”
သူမ၏
မိဘများက သူမတို့ကို သစ္စာဖောက်မှာ မဟုတ်မှန်း သိသော်လဲ ကြည့်နေသော
မျက်လုံးပေါင်းများစွာကြောင့် ဟဲကျစ်ယန် သတိလက်လွတ် မလုပ်ရဲပေ။
ဟဲယွမ်မင်သည်
စိတ်လေးစွာ ခေါင်းငြိမ့်လိုက်၏။ ဟဲကျစ်ယန်ကို ပြန်ကြည့်ပြီးနောက် သူသည် ပို၍ပင်
နောင်တရလာခဲ့သည်။
“သားမက်လေးက ထိခိုက်ထားတာ အဖေ သိပါတယ်။”
ပြောရင်းနှင့်
သူသည် မော့ကျိုးယွီရှိရာသို့ သွားလိုက်၏။
သတိပြန်မလည်လာသေးသော
မော့ကျိုးယွီကို ကိုယ်တိုင်မြင်ရပြီးနောက် ဟဲယွမ်မင်သည် သူ့သမီးအား
လက်ထပ်ပေးလိုက်ရသည်ကို ပို၍ပင် နောင်တရမိသွားတော့သည်။
သူ့သမီးလေးက
မော့မိသားစုကို လက်ထပ်လိုက်ပြီးနောက် မုဆိုးမဖြစ်သွားသော မော့မိသားစု၏ ငယ်ရွယ်သော
မုဆိုးမများကဲ့သို့ မုဆိုးမ မဖြစ်ချင်ဘူးဟု ပြောခဲ့သည်ပင်။
သို့သော်
သူသည် စကားမတည်သောလူ မဖြစ်ချင်သောကြောင့် သူ့သမီးကို ဆေးတိုက်ကာမော့မိသားစုထဲသို့
လက်ထပ်စေခဲ့သည်။
သို့သော်
တစ်ရက်ထဲနဲ့ပင် မော့မိသားစုက ပိုင်ဆိုင်မှုများ သိမ်းခံရကာ ပြည်နှင်ဒဏ်
ပေးခံလိုက်ရ၏။
မော့ကျိုးယွီကို
ကြည့်မိသောအခါ သူ့မှာ သေနေပြီလား ရှင်နေသေးလားတောင် မသေချာပေ။
လွှတ်တော်၏
ဒုတိယအဆင့် ဝန်ကြီးတစ်ယောက် အနေဖြင့် ပြည်နှင်ဒဏ် ပေးခံရခြင်း၏ ခက်ခဲမှုများကို
သူသေချာ သိပေသည်။
မော့ကျိုးယွီ၏
လက်ရှိအခြေအနေ မဆိုထားနှင့်၊ အကောင်းအတိုင်းရှိနေလျှင်ပင် အနောက်မြောက်အရပ်သို့
လုံလုံခြုံခြုံရောက်သွားနိုင်ဖို့က ခက်ခဲလွန်းလှသည်။
ကြည့်ရသည်မှာ
သူ့သမီးသည်လည်း မုဆိုးမဖြစ်ရန် ကံပါလာပုံပင်။
သူမကို
ကံကောင်းခြင်းများဖြင့် ဝန်းရံကာ အနောက်မြောက်အရပ်သို့ ဘေးကင်းကင်းနှင့်
ရောက်ရှိသွားရန်သာ မျှော်လင့်နိုင်တော့သည်။
ဧကရာဇ်က
မော့မိသားစုအား သတိသိပ်မထားမိတော့သည့်အခါမှ နည်းလမ်းတစ်ချို့ရှာကာ သူ့သမီးကို
ပြန်ခေါ်ရပေမည်။
မော့ကျိုးယွီကို
မြင်ပြီးနောက် လင်ရွှယ်ယန်သည် ဟဲကျစ်ယန်အတွက် ပို၍ပို၍ စိတ်မကောင်းဖြစ်ကာ
မျက်ရည်များ မရပ်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပင်
သူမသမီးလေးအား အတင်းအကြပ် လက်ထပ်ပေးမိသည့်အတွက်လဲ နောင်တရလာသည်။
ဟဲယွမ်မင်သည်
သူ့ကိုယ်သူ ကြိုးစားထိန်းချုပ်လိုက်၏။ အရာရှိများ မမြင်နိုင်သည့်
ထောင့်ကွယ်ကိုရှာဖွေကာ ဝတ်ရုံထဲမှ စာတစ်စောင်ကိုထုတ်ပြီး မော့ကျိုးယွီ၏ အဝတ်ထဲသို့
ထည့်ပေးလိုက်သည်။
ထိူ့နောက်
သူသည် မတ်တပ်ရပ်ကာ သခင်မကြီးမော့အား ကြည့်လိုက်သည်။ “ခမည်းခမက်၊ ယန်ယန်က အလိုလိုက်ခံထားရတာ။ သူ တစ်ခုခုများ မသင့်လျော်တာ
လုပ်မိရင် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပြီး သူမအတွက် ငွေလေး ပိုပိုသာသာ သုံးစွဲပေးပါ”
“ခမည်းခမက်က ဘာတွေပြောနေတာလဲ။ မိန်းကလေးဟဲက ဉာဏ်ကောင်းပြီး ပျော်တတ်တယ်။
ကျွန်မ သူ့ကို တကယ်သဘောကျပါတယ်” သခင်မကြီးမော့က
ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ကျွန်တော် သွားပါတော့မယ်”
ဟဲယွမ်မင်က အများကြီး မပြောလိုက်ပေ။ အခုထိ ငိုရှိုက်နေတုန်းဖြစ်သော လင်ရွှယ်ယန်ကို
ခေါ်ကာ ပြန်ဖို့ပြင်လိုက်၏။
လင်ရွှယ်ယန့်သည်
ခြေလှမ်းသုံးလှမ်းတိုင်း ဟဲကျစ်ယန်ရှိရာသို့ ပြန်ပြန်ကြည့်နေပြီး သူမ၏ အရိပ်လေးကို
လုံးဝ မမြင်ရတော့သည်ထိ အကြာကြီး ကြည့်နေမိတော့သည်။
ရုတ်တရတ်ကြီး
မိသားစုချစ်ခြင်းကို လက်ခံရရှိလိုက်သော ဟဲကျစ်ယန်မှာ ခံစားချက်ပေါင်းများစွာဖြင့်
ကျန်ခဲ့ရ၏။
သူမသည်
မိဘများ၏ ဖူးဖူးမှုတ် အချစ်ခံရသော မူလကိုယ်ကို အလွန်မနာလိုဖြစ်မိပေသည်။
မူလကိုယ်က
ကံမကောင်းစွာဖြင့် အသက် ၁၇ ထိသာ ဤကဲ့သို့သော မိသားစုဖြင့် နေသွားရသည်မှာ
တကယ်နှမျောစရာပင်။
အခုကစပြီး
သူမက မူလကိုယ်နေရာကိုယူကာ သူမ၏ မိဘများကို သေချာပြုစုမည်။
ဤစကားက
လုပ်နိုင်ဖို့ အနည်းငယ် အလှမ်းဝေးနေသေးသော်လဲ မော့ကျိုးယွီသာ အသက်ရှင်နေသရွေ့
မော့မိသားစုသည် မြို့တော်သို့ တစ်ရက်တော့ ပြန်နိုင်ရမည်ဟု သူမ ယုံကြည်ပေသည်။
ဟဲကျစ်ယန်သည်
ထိုနေရာမှာပင် ဝမ်းနည်းပူဆွေးစွာ ရပ်နေသည်ကို မြင်ပြီးနောက် မရီးများက သူမကို
အလျင်အမြန် နှစ်သိမ့်ပေးကြ၏။
“ယောင်းမလေး ဝမ်းမနည်းပါနဲ့။ ဟဲယွမ်မင်က ဖြောင့်မတ်တဲ့ အရာရှိကြီးမို့
သေချာပေါက် ဘေးကင်းမှာပါ”
“မှန်တယ် ညီမလေး။ နင့်မိဘတွေက ဒီခရီးလမ်းအတွက် နင့်ကို လူကိုယ်တိုင်ကိုယ်ကျ
လာတွေ့ကြတာ ဘယ်လောက်ကံကောင်းလဲ။ ငါ့မိသားစုကဆို အရိပ်လေးတောင် မတွေ့ရဘူး”
“….”
ဟဲကျစ်ယန်သည်
မရီးများ၏ စေတနာကို ခံစားမိသောကြောင့် သူမတို့အား ပြုံးပြလိုက်သည်။
“စိတ်မပူကြပါနဲ့ အစ်မတို့။ တစ်ရက်ရက်တော့ ပြန်လာရမယ်လို့ ကျွန်မယုံကြည်တယ်”
မရီးများက
စကားအနည်းငယ် ပြောချင်သေးသေည်လဲ အရာရိများက သွားဖို့ ပြောနေကြပြီဖြစ်သည်။
“ကောင်းပြီ ရပ်မနေကြနဲ့တော့။ မြန်မြန် သွားကြမယ်”
ဟဲကျစ်ယန်သည်
မျက်လုံးထောင့်ရှိ မျက်ရည်စများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး မော့ကျိုးယွီကို
သယ်ဆောင်ကာ ရှေ့သို့ ရွှေ့လိုက်တော့သည်။
တတိယမရီးက
သူမအနားသို့ ချက်ချင်းရောက်လာသည်။ “ညီမလေး
အစ်မ ကူညီမယ်”
သခင်မကြီးမော့က
ပြောလိုက်သည်။ “သွားရင်းနဲ့ လှည်းကိုတွန်းရတာ မလွယ်ကူလှဘူး။ အလှည့်ကျ
လုပ်ကြမယ်”
ရှေးခေတ်များတွင်
လမ်းများက ညစ်ပတ်ပြီး အဖုအထစ်နဲ့ အပေါက်များလဲ ရှိသောကြောင့် လှည်းကို ဆက်တိုက်
လှုပ်နေစေသည်။
ထို့အပြင်
မိုးမရွာသည်မှာ လဝက်လောက်ရှိပြီဖြစ်သောကြောင့် ရာသီဥတုမှာ အလွန်ပူပြင်းကာ လူတိုင်း
ချွေးများ အဆက်မပြတ် ကျဆင်းနေပေသည်။
တစ်ခါတစ်ရံ
လေပြင်းများတိုပ်သောကြောင့် အသားအရေပေါ်သို့ ဖုန်မှုန့်များက ကပ်လာသေးသည်။
မိုးချုပ်လို့
သူမတို့ နားဖို့ရပ်လိုက်သောအခါ အရာရှိများအပါအဝင် အားလုံးသည် ခေါင်းအစ ခြေအဆုံး
ဖုန်မှုန့်များ လိမ်းကျံထားသလိုပင်။
မော့မိသားစုသည်
သူမတို့၏ အဖာရာဗလပွ ဝတ်စုံများနှင့် အရောင်ပင် မပေါ်တော့သော ဝတ်ထားသည့်
ဖိနပ်များအား ကြည့်လိုက်ကာ သူမတို့သည် သူတောင်းစားအုပ်စုများနှင့်
ဘာမှမခြားနားတော့ကြောင်း မြင်လိုပ်ရ၏။
ဟဲကျစ်ယန်သည်
လှည်းအား နာရီဝက်ကျော်မျှသာ တွန်းခဲ့ရသော်လဲ အလွန်မောပန်းနေခဲ့သည်။
ဤခန္ဓာကိုယ်မှာ
အမြဲတမ်း နူးညံ့ကာ အလိုလိုက်ခံထားရသောကြောင့် သက်လုံကောင်းကောင်း မရှိပေ။
နေ့တစ်ဝက်လောက်
ခရီးသွားရခြင်းက သူမအား အလွန် ပင်ပန်းသွားစေသောကြောင့် မြေကြီးပေါ်မှ
မထနိုင်တော့ပေ။
တခြားလူများသည်လည်း
အတူတူပင် ပင်ပန်းလွန်းသောကြောင့် ခါးနာနေကြပြီး ဤဆင်းရဲမှုကြီးကို
ညည်းတွားနေကြလေသည်။
ထို့အပြင်
သူတို့သည် မနက်အစောပိုင်း မနက်စာကိုသာ စားခဲ့ရသောကြောင့် သူတို့ နောက်ဆုံး စားခဲ့သည်နှင့်
နေ့တစ်ရက်လောက် ကွာနေပြီဖြစ်သည်။ သူတို့၏ အားအင်များ ဆုတ်ယုတ်နေပြီး ဗိုက်က ကျောကိုကပ်တော့မလိုပင်
ဆာလောင်မွတ်သိပ်နေကြသည်။
ဤသည်က
ဟဲကျစ်ယန်၏ ပထမဆုံး ပြည်နှင်ဒဏ်ပေးခံရသည့် နေ့ဖြစ်သောကြောင့် အစားအစာအတွက် သူမ
ဘာမှ မမျှော်လင့်ထားပေ။
သူမ
အတွေးထဲ နစ်မျောနေစဉ်ပင် အရာရှိခေါင်းဆောင်က ကျယ်လောင်စွာ အော်လိုက်သည်။ “ညစာအချိန်ရောက်ပြီ။ ဂျုံကြမ်းပေါင်မုန့်တွေက အလကားစားလို့ရတယ်။
ဂျုံချောပေါင်မုန့်တွေကတော့ ၂လုံးအတွက် ငွေ ၂ချောင်းပဲ။ ငွေမရှိရင်
အကောင်းမစားရဘူး”
အရာရှ်၏
အော်သံကြောင့် ဟဲကျစ်ယန်မှာ အော်ရယ်မိလုနီးပါးပင်။ ဒီအရာရှိတွေက အစားအစာရောင်းတာ
ဓားပြတိုက်နေသလိုပဲ၊ အရမ်း ဉာဏ်ကောင်းတယ်။
ထိုစကားကို
ကြားပြီးနောက် မော့ဟန်ယွဲ့သည် သခင်မကြီးမော့၏ လက်ကိုဆွဲကာ ပြောလိုက်သည်။ “အမေ သမီး ကြမ်းထော်နေတဲ့ ပေါင်မုန့်တွေ မစားချင်ဘူး”
သူမသည်
ဂျုံကြမ်းပေါင်မုန့်ကို မစားဖူးသော်လဲ ထိုအစားအစာက လည်ပင်းကို
အစိမ်းလိုက်ခွဲနေသလို ခံစားရသည်ဟု အစေခံများထံမှ ကြားဖူးပေသည်။ ထို့ကြောင့်
တွေးကြည့်ရုံနှင့်ပင် သူမအား ကြောက်လန့်သွားစေခဲ့သည်။
သခင်မကြီးမော့တွင်
ငွေတစ်ပြားမှ မရှိပေ။ သူမ၏သမီးက ပြည်နှင်ဒဏ်ပေးခံရတာကိုတောင် ကြေးများနေသေးသည်ကို
မြင်လိုက်ရပြီး သူမမျက်နှာ တမဟုတ်ချင်း တင်းမာသွားရသည်။
“ဟန်ယွဲ့ သမီး ဂျုံဖြူပေါင်မုန့်စားချင်ရင် ငွေနဲ့သွားလဲချေလေ”