အပိုင်း ၁၁၉
Viewers 14k

 

အပိုင်း(၁၁၉) - အလွန်ထူးဆန်းခြင်း

 

ရှောင်ဟန်ကျန့်က သူတို့ကို စိတ်ထင့်နေတာမျိုး မဖြစ်စေချင်ပေ။

 

သူက ယဉ်ယဉ်ကျေးကျေးနဲ့ ပြောခဲ့သည်။ "ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကို နားထောင်ပြီး ဆေးသောက်နေသမျှ နှစ်ဝက်လောက်အကြာမှာ  အပြည့်အဝ ပြန်ကောင်းလာလိမ့်မယ်။"

 

ဖေးယွီကျယ်၏ မျက်နှာသည် အံ့သြမှုအပြည့်နှင့် ဖြစ်နေခဲ့သည်။ "အရမ်းကောင်းတယ်၊ ကျွန်တော့်တူက အစ်ကိုရှောင်ရဲ့ ကုသမှုအတွက် ညွှန်ကြားချက်တွေကို သေချာနားထောင်ပါလိမ့်မယ်။”

 

ဖေးစုန့်ကျွင်း၏ မူလ ငြိမ်သက်နေသော မျက်လုံးများသည် အံ့သြမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တွေ ထွက်လာခဲ့သည်။ "ကျွန်တော် နာခံပါ့မယ် သခင်လေးရှောင်။"

 

သူ အသက်ရှင်နိုင်မယ်ဆိုပါက ဘယ်သူက သေချင်မည်နည်း။

 

နှစ်အတော်ကြာ နေမကောင်းဖြစ်ပြီး နာမကျန်းမှုမှာ ကုသ၍ မရဘူးဟူသော တော်ဝင်မားတော်၏ အကြံဉာဏ်ကို နားထောင်ပြီးနောက် မိသားစုအား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန်ပင် တောင်းဆိုခဲ့သည်။

 

အမှန်တော့ သူသည် အနည်းငယ် စိတ်ပျက်သွားပေမယ့် သူ ဝေဒနာ ခံစားရတာ လွတ်မြောက်တော့မည်ဟု တွေးခဲ့မိသည်။

 

သို့သော် သူ့မိသားစု၏ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် သူ့ဦးလေးသည် အံ့ဖွယ်သမားတော်တစ်ဦးကို ရှာဖွေရန် နေရာများစွာသို့ သွားရောက်ရသည်ကို သူမြင်တိုင်း အလွန်စိတ်မသက်မသာ ခံစားခဲ့ရသည်။

 

ယခုအခါတွင်တော့ သူ၏ ရောဂါက သက်သာပျောက်ကင်းနိုင်သည်ဟု အံ့ဖွယ်သမားတော်၏ တပည့်ဖြစ်သူက ပြောသဖြင့် ပိုယုံကြည်ချက် ရှိလာခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူတို့ကို ခဏစောင့်ခိုင်းထားပြီး သူ့စာသင်ခန်းထဲသွားကာ ဆေးညွှန်း ရေးပေးခဲ့သည်။

 

သူက ဖေးယွီကျယ်ကို ပေးလိုက်သည်။ “လူတစ်ယောက်ကို စီရင်စုမြို့ကိုသွားပြီး ဒီဆေးတွေ ဝယ်ခိုင်းလိုက်ပါ၊ ပြီးရင် ကျွန်တော့်အိမ်မှာရှိတာတွေ ထပ်ဖြည့်ပြီး မင်းတူလေးအတွက် ဆေးဖော်စပ်ပေးမယ်။"

 

ဖေးယွီကျယ်က ဆေးစာကိုယူကာ သူ၏ယုံကြည်ရသော လက်ထောက်ထံ ပေးပြီး စီရင်စုမြို့မှာ သွားဝယ်ယူရန် တောင်းဆိုခဲ့သည်။

 

ရှောင်ဟန်ကျန့်က ဖေးစုန့်ကျွင်း ချွေးထွက်နေတာကိုတွေ့တော့ ပြောလိုက်လေသည်။ "သခင်လေး အနားယူဖို့ ဧည့်ခန်းကို သွားလို့ရပြီ၊  အရင်ဆုံး အပ်စိုက်ကုထုံးနဲ့ ကုသပေးပါ့မယ်။"

 

သူ့မှာ ဆရာက တပည့်ကို အမွေလက်ဆင့်ကမ်းသလို အဓိပ္ပာယ်ရသည့် သူ့ဆရာ ချန်ရစ်ခဲ့သည့် ရွှေအပ်မျိုးစုံ ရှိသည်။

 

သူ့အရင်ဘဝက အပ်စိုက်ကုထုံးကို ကျွမ်းကျင်ပြီး ဆေးဝါးနှင့် ပေါင်းစပ်ပြီး ကုသလိုက်ပါက ထိရောက်မှု တိုးသွားစေခဲ့သည်။

 

ဖေးစုန့်ကျွင်းသည် အဆင့်ဆင့် ခရီးအတော်ကြာ ထွက်ခဲ့ရတာကြောင့် သူ၏ အားနည်းသော ခန္ဓာကိုယ်ဖြင့် မခံနိုင်တော့ပေ။ "ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် သခင်လေးရှောင်။"

 

ထို့ကြောင့် ရှောင်ဟန်ကျန့် သူတို့ကို ခြံဝင်းဘေးရှိ ဧည့်ခန်းတည်းခိုသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

 

ဘေးဘက် ခြံဝင်းကို ပန်းခင်းတစ်ခုဖြင့် ခြားထားသည်။

 

အခန်း ဆယ်ခန်း၊ သီးခြားအိမ်သာ တစ်လုံးနှင့် ရေချိုးခန်းတို့ ပါဝင်သည်။

 

ထိုထဲက ငါးခန်းက တိုက်ခန်းတွေ ဖြစ်သည်။

 

အခန်းတစ်ခန်းစီတွင် ဆိုဖာများနှင့် ကော်ဖီစားပွဲများ ကဲ့သို့သော ပရိဘောဂများ ပါရှိပြီး သီးခြားဧည့်ခန်းတစ်ခုအပြင် စာကြည့်ခန်းနှင့် အိပ်ခန်း ၃ ခန်း ပါရှိသည်။

 

ထိုအခန်းတွေက မိသားစုဝင်ရှိသူများ သို့မဟုတ် သူတို့ရဲ့ အစေခံများကို နေထိုင်ရန်အတွက် ခေါ်ဆောင်လာသည့် လူတွေအတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။

 

ဥပမာအားဖြင့် ဒီနေ့ ဖေးယွီကျယ်နှင့် သူ့တူလေးက သူတို့အစေခံတွေကို ခေါ်ကာ တိုက်ခန်း တစ်ခုတွင် နေထိုင်နိုင်သည်။

 

လျန့်ယိုရှောင်နှင့် သူ့အစေခံတွေက နောက်တိုက်ခန်း တစ်ခုမှာ တည်းခိုနိုင်သည်။

 

ဒီလို ခြံဝင်းနဲ့ အိပ်ခန်းတွေကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။

 

ပရိဘောဂတွေကလည်း အရမ်းဆန်းသစ်သည်။

 

ဖေးစုန့်ကျွင်းသည် အိပ်ခန်းတစ်ခုရှိ ကုတင်ကြီးတစ်ခုပေါ်တွင် လှဲနေသည်။

 

အိပ်ရာက သူ့အိမ်က အိပ်ယာထက် အများကြီး ပျော့ပျောင်းပြီး သက်တောင့်သက်သာ ရှိသည်ဟု သူ ခံစားနေရသည်။

 

သူ့အဝတ်အစားတွေကို ချွတ်ပြီးနောက် ရှောင်ဟန်ကျန့်က သူ့ကို အပ်စိုက်ကုထုံးဖြင့် ကုသပေးခဲ့သည်။

 

လျန့်ယိုရှောင်က ပျင်းရိနေပြီ ဖေးယွီကျယ်က စောင့်ကြပ်ပေးနေခဲ့သည်။

 

ထို့ကြောင့် လျန့်ယိုရှောင်က ရှောင်ဟန်ကျန့်ဆီက ခွင့်ပြုချက်တောင်းပြီးနောက် ခြံဝင်းအတွင်းသို့ စတင်လည်ပတ်ခဲ့သည်။

 

ထို့နောက် အိမ်သာနှင့် ရေချိုးခန်းက သူ့ကို ဆွဲဆောင်သွားခဲ့သည်။

 

အပြင်မထွက်ခင် သူက ခဏလောက် ကြည့်လိုက်သည်။

 

သူက ပင်မခြံဝင်းနှင့် ဘေးဘက်ခြံဝင်းနှင့် ခြားထားသည့် ပန်းခင်းသို့ မရောက်ခင်အထိ လမ်းလျှောက်ခဲ့သည်။

 

ထို့နောက် ရှောင်ဟန်ကျန့်၏ ဇနီး ပြောနေတာကို ကြားလိုက်ရသည်။

 

ရှစ်ချင်းလျို့က တွေဝေစွာဖြင့် ဆံပင်ကို ပွတ်သပ်ကာ ပြောခဲ့သည်။ "ငါ့ငန်းရယ် နင်က မငယ်တော့ဘူး တောင်ပေါ်မှာ လမ်းလျှောက်ထွက်ပြီး ငန်းမ လှလှလေးတွေ သွားရှာပါ့လား၊ တစ်ကောင်လောက် အမိဖမ်းလာပြီး ကလေးတွေ မွေးကြလေ၊ နောက်ကျရင် အိမ်ကို နင် တစ်ကောင်တည်း စောင့်စရာ မလိုတော့ဘူးပေါ့၊ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့အတိုင်း အနိုင်ကျင့်ခံရရင်လည်း  နင့်မိသားစု တစ်ခုလုံးနဲ့ ဝိုင်းဆော်လို့ ရတာပေါ့။"

 

ငန်းတစ်ကောင်တည်းဖြင့်  အိမ်စောင့်ဖို့ မလုံလောက်ပေ။

 

တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ငန်းမှာ ကောင်းမွန်တဲ့ မျိုးရိုးဗီဇတွေ ရှိကြောင်း ပြောနိုင်သည်။

 

မျိုးရိုးဗီဇ ကောင်းမွန်တဲ့ ငန်းရိုင်းတကောင်ကို တွေ့ပြီး ငန်းဥ အနည်းငယ် အသိုက်တွေ ချထားရင်၊ ငန်းတွေ အကောင်ပေါက်လာတဲ့အခါ အိမ်စောင့်ဖို့ အထောက်အကူကောင်း ဖြစ်လာမှာ သေချာသည်။

 

ကြက်နှင့် တိရစ္ဆာန်အများစုသည် သူတို့၏ အိမ်ဟောင်းအနီးရှိ တောင်ပေါ်တွင် လွတ်လပ်စွာ ကျင်လည်ကျက်စားကြသည်။

 

ပဲပိစပ် စသည်တို့ကို စိုက်ပျိုးရန် အခြားသူများကို တောင်းဆိုသော်လည်း ကြက်နှင့် တိရစ္ဆာန်များက ၎င်းတို့ကို နင်းမိမည်ကို သူမ စိုးရိမ်ခဲ့သည်။

 

ထိုကိစ္စကို ကာကွယ်ရန်အတွက် ဘဲအနည်းငယ်ကို လေ့ကျင့်ပေးနိုင်သည်ဟု သူမ ယုံကြည်သည်။

 

ဒါကြောင့် သူမက အားတက်သရော ပြောခဲ့သည်။ “နင်က အရမ်းကြည့်ကောင်းတာပဲ၊ ဒါကြောင့် နင်ကနေ ပေါက်ဖွားလာတဲ့ နင့်ရဲ့ အမျိုးအနွယ်တွေကလည်း ကြည့်ကောင်းမှာ သေချာတယ်၊ နောက်ကျရင် ငါတို့အိမ်ဟောင်းနားက တောင်ပေါ်ကို သွားပြီး ကြက်နဲ့ တိရစ္ဆာန်တွေကို စောင့်ကြည့်ထားပေးဦး၊ မဟုတ်ရင် သူတို့က ငါတို့ရဲ့ သီးနှံတွေကို စားပစ်လိမ့်မယ်၊ ဒါမှမဟုတ် နင်းချေလိမ့်မယ်၊ ငါစိုက်ထားတဲ့ အပင်တွေကို ပြုစုစောင့်ရှောက်ဖို့ တောင်ရဲ့ တစ်ဖက်ခြမ်းမှာ နောက်ထပ် ငန်းတွေကို ထပ်ထားမယ်။"

 

သူ့အမေရဲ့စကားကိုကြားတော့ ဒမ်ဘီသည်လည်း ဒါက အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။

 

ထို့ကြောင့် ဒမ်ဘီက သူ့ရင်ဘတ်ကို ဖွင့်ဟရင်း အော်သံတချို့ဖြင့် တုံ့ပြန်လိုက်သည်။

 

ဆိုလိုတာက သူ သဘောတူတယ် ဟူသော အဓိပ္ပာယ်ဖြစ်သည်။

 

အရာအားလုံးကိုကြားလိုက်ရသည့် လျန့်ယိုရှောင်က ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ ဆွံ့အသွားခဲ့သည်။

 

ဒီအမျိုးသမီးက ဘဲငန်းကို အိမ်စောင့်ခိုင်းရုံသာမကဘဲ ငန်းကို မျိုးဖောက်ပြီး တစ်မျိုးလုံးကိုလည်း တောင်ကြီးကို စောင့်ရှောက်ခိုင်းစေချင်နေတာ ဖြစ်သည်။ ဒါက အလွန်ဆန်းကြယ်လွန်းသည်ဟု သူ ခံစားမိသည်။

 

အဓိကအချက်က လူသားနှင့် ငန်းကြား စကားဝိုင်းတွင် အချိတ်အဆက်မိနေပုံရသည်။

 

အနည်းဆုံးတော့ ဒါက သူထင်တဲ့အတိုင်း ဖြစ်သည်။

 

ထူးဆန်းလွန်းတဲ့ ကိစ္စတွေကို သူ မြင်ခဲ့တာလား ဒါမှမဟုတ် ဒီလူနဲ့ ငန်းတွေက ထူးဆန်းလွန်းနေတာလား။

 

ယခင်ကတော့ အိမ်က အဘိုးကြီး၏ ကြိမ်တုတ်စာကနေ ရှောင်ပုန်းဖို့ သူ့သူငယ်ချင်းကောင်းနောက်ကို လိုက်လာခဲ့တာ ဖြစ်သည်။

 

အစကတော့ သူ့မှာ မျှော်လင့်ချက် သိပ်မရှိပေ။

 

မြို့တော်ကို အရင်မပြန်ခင် ရက်အနည်းငယ်လောက် ဒီမှာ လျှောက်သွားဖို့သာ တွေးခဲ့သည်။

 

အခုတော့ ဒီနေရာက တော်တော်လေး စိတ်ဝင်စားစရာကောင်းပုံရပြီး သူ နောက်ထပ် ရက်အနည်းငယ် ဆက်နေသင့်လားဟု တွေးနေမိသည်။

 

ရှောင်မိသားစု ပြင်ဆင်ပေးသည့် ညစာစားပြီးနောက် သူ ဆက်နေရန် ဆုံးဖြတ်လိုက်သည်။

 

ဒီဟင်းတွေကို အရင်က တစ်ခါမှ မစားဖူးခဲ့ပေ။

 

အရင်တုန်းကတော့ ဝက်သားကို ကြမ်းတမ်းသည်ဟုထင်ကာ မစားခဲ့ပေ။

 

သို့သော် အခု သူသည် ဝက်သားပြုတ်ကို စားပြီးရင်း ဆက်မစားဘဲ မနေနိုင်တော့ပေ။

 

သစ်အယ်သီးကြက်သားကြော်က မယုံနိုင်လောက်အောင် အရသာရှိပြီး တို့ဟူးနှင့် ခရုဆီ ငါးကြင်းစွပ်ပြုတ်မှာလည်း အလွန်အရသာရှိပြီး လတ်ဆတ်သည်။

 

အနီရောင်အသီးအနှံတွေနဲ့ အကြော်တွေကလည်း သွားရည်ယိုစေသည်။

 

"ဒီအနီရောင်အသီးက ဘာလဲ။"

 

သူက တို့ဟူးနှင့် ဤအနီရောင်သစ်သီးကို တစ်ခါမျှ မမြင်ဖူးပေ။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဒါက တောင်ပေါ်မှာ မတော်တဆ တွေ့မိတဲ့ တောရိုင်းအသီးပါ၊ ပြန်ယူလာပြီးတဲ့နောက်မှာ ဟင်းအဖြစ် ချက်လို့ရတယ်ဆိုတာ သိလိုက်ရတော့ နည်းနည်းလောက် ချက်ကြည့်လိုက်တာ။"

 

အနီရောင်အသီးလို့ ခေါ်သည့် အသီးက ပျိုးပင်တွေ စိုက်ဖို့ သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်ကနေ ထုတ်ယူ ထားတဲ့ ခရမ်းချဉ်သီး တစ်မျိုး ဖြစ်သည်။

 

ဒီခေတ်မှာ ခရမ်းချဉ်သီးမျိုးစိတ် မရှိသေးပေ။

 

သမိုင်းတွင် ခရမ်းချဉ်သီးကို မင်မင်းဆက် လက်ထက်တွင်သာ မိတ်ဆက်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

 

သို့သော်လည်း သူမက ခရမ်းချဉ်သီးများကို နှစ်သက်ပြီး ခရမ်းချဉ်သီးဆော့စ်ကို လုပ်ချင်တာကြောင့် ၎င်းတို့ကို ထုတ်ကာ စိုက်ပျိုးခဲ့သည်။

 

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပိုများတာက အပြင်ပကမ္ဘာကို များစွာထိခိုက်စေမည် မဟုတ်သောကြောင့် သူတို့လည်း အခြားသူများထံမှ မလိုအပ်သော အာရုံစိုက်မှုကိုလည်း ရရှိမည်မဟုတ်ပေ။

 

လျန့်ယိုရှောင်က သူမစကားကို ယုံကြည်ခဲ့သည်။ “ဒါက အရသာရှိတယ်၊ ငါ့ကို မျိုးစေ့တချို့ ရောင်းပေးနိုင်မလား၊ မြို့တော်ကို ပြန်ပို့ပြီး ငါ့လူတွေကို စိုက်ခိုင်းချင်လို့ပါ။"

 

ရှစ်ချင်းလျို့က ပြုံးလိုက်သည်။ "ပြဿနာမရှိပါဘူး၊ ကျွန်မ ပေးလိုက်ပါ့မယ်။"

 

သူက ကောင်းမွန်သည့်နောက်ခံမှ ဆင်းသက်လာသူဖြစ်ကြောင်း ထင်ရှားသည်။ သူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် မှားသည့်အရာ မဟုတ်ပေ။

 

"ကျေးဇူးတင်ပါတယ်" လျန့်ယိုရှောင်က ဟန်မများပေ။

 

သူက ရှစ်ချင်းလျို့ကို ထပ်မေးပြန်သည်။ "မင်း ဒီအိမ်သာကြွေခွက်နဲ့ ရေပန်းကို ဘယ်လို ဖန်တီးခဲ့တာလဲ။"

 

ရှစ်ချင်းလျို့က ထိုအရာတွေကို ဖန်တီးခဲ့ကြောင်း ရှောင်ဟန်ကျန့်ထံမှ ကြားသိခဲ့ရသည်။

 

သူ သန့်စင်ခန်းဝင်ပြီးနောက် ရေဆင်းခလုတ်ကို နှိပ်လိုက်ခဲ့သည်။

 

တကယ်ကို သန့်ရှင်းပြီး အသုံးဝင်ကာ အနံ့မကျန်ခဲ့ပေ။

 

သူ ရေချိုးသည့် အချိန်မှာလဲ ခေါင်းပေါ်က ရေပန်းက သစ်သားပုံးထက် ပိုပြီး သက်တောင့်သက်သာနဲ့ ပိုအဆင်ပြေကြောင်း သဘောပေါက်ခဲ့သည်။

 

အိမ်သာထဲက အိမ်သာသုံးစက္ကူကလည်း သူ့အိမ်မှာသုံးတဲ့ ပိတ်ချောလက်ကိုင်ပုဝါထက် ပိုကောင်းမွန်သည်။

 

ရေချိုးရာတွင် အသုံးပြုခဲ့သည့် ဆပ်ပြာဟုခေါ်သည့် အရာဟာလည် သန့်ရှင်းပြီး လန်းဆန်းသောရနံ့ ရှိသည်။

 

ထိုအရာတွေကို သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် သဘောကျနေခဲ့သည်။

 

ဖေးယွီကျယ်က လျန့်ယိုရှောင်က ဒီလိုမေးတာကိုကြားတဲ့အခါ ဘေးမှာရပ်နေသည့် သူနှင့် သူ့တူဖြစ်သူတို့သည်လည်း စိတ်ဝင်တစားနှင့် ရှစ်ချင်းလျို့ကို ကြည့်လိုက်ကြသည်။

 

သူတို့က ဤဆန်းသစ်စွာ တီထွင်ထားသည့် ပစ္စည်းများကို စမ်းသုံးပြီးနောက် အလွန်စိတ်ဝင်စားနေမှန်း ရှစ်ချင်းလျို့ သိသည်။

 

ရှစ်ချင်းလျို့က ပြုံးပြီး အိမ်သာကြွေခွက်နှင့် ရေပန်း၏ အထွေထွေ လုပ်ဆောင်မှုစနစ်ကို ရှင်းပြခဲ့သည်။

 

သူမ လိုချင်တာကို ဖန်တီးပေးသည့် ရှောင်မူနဲ့ သူ့သား ရှောင်ချင်းစွေ့တို့ရဲ့ ကျေးဇူးတွေ ဖြစ်သည်။

 

အခု သူတို့က တစ်ထပ် ဘန်ဂလိုကို ဆောက်နေကာ ရှစ်ချင်းလျို့က အိမ်ခေါင်မိုးပေါ်မှာ ရေကန်တစ်ခု ဆောက်ဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်သည်။

 

အိမ်သာနှင့် ရေချိုးခန်းအတွင်းရှိ ကြွေပိုက်များက ယင်လုံအိမ်သာများနှင့် ရေချိုးခန်းများကို ထင်ဟပ်စေသည်။

 

တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရေဖြည့်ရသည့် အစေခံတွေသာ ဒုက္ခရောက်ကြသည်။

 

ရေချိုးဖို့အတွက် ရေနွေးနှင့် ရေအေးကိုလည်း ရောစပ်ပေးရသည်။

 

မော်ဒန်ခေတ်လောက်တော့ သက်တောင့်သက်သာ မရှိပေ။

 

သို့သော် သူမ နေထိုင်ခဲ့သည့် အိမ်ဟောင်းနှင့် နှိုင်းယှဉ်ပါက ရှစ်ချင်းလျို့က အလွန်ကျေနပ်နေပြီ ဖြစ်သည်။

 

သူမ စကားကို နားထောင်ပြီးနောက် လျန့်ယိုရှောင်နှင့် အခြားသူများက ရင်ထဲတွင် သက်ပြင်းချလိုက်ကြသည်။  ရှောင်ဟန်ကျန့်၏ ဇနီးသည်က မရိုးရှင်းပေ။

 

သူမက ထူးဆန်းပြီး အဆင်ပြေသည့် အရာများစွာကို တွေးတောနိုင်တာ တကယ့် အထင်ကြီးစရာပေ။