အခန်း (၁၂) ဒေါသထွက်ခြင်း။
အဒေါ်လီတစ်ယောက် ခေါင်းတွေ ချာချာလည်သွားလိုက်ပြီး ကြယ်တွေလတွေလည်း မြင်သွားလိုက်ရတယ်။ သူမကို ကယ်တင်ဖို့ ဘယ်သူကမှ မရပ်တည်ပေးတဲ့အတွက် သူမ ရှက်လည်းအရှက်ရ ဒေါသထွက်သွားလိုက်တယ်။
"ဘာတွေဖြစ်နေကြတာလဲ" အဒေါ်လီတစ်ယောက် စိတ်ပျက်အားငယ်မှုထဲကို နစ်မြုပ်သွားချိန်မှာ နောက်ဆုံးတော့ ရင်းနှီးနေတဲ့ — မားမားလီအသံကို ကြားလိုက်ရတော့တယ်။
မာမားလီ ရောက်လာတယ်ဆိုတည်းက မာမားလီက ဒီကိစ္စကို သိနေရမယ်_ အဒေါ်လီ ကျယ်လောင်စွာ ရှိုက်ငိုကြွေးလိုက်တော့တယ်။
"ဒီအစေခံ အသက်မရှင်နိုင်တော့ပါဘူး။ ကျွန်မက ဒီလိုမျိုး ဆိုဆုံးမတာကို နာခံမှုမရှိတဲ့ နွားမနှစ်ကောင်ကို သင်ခန်းစာတစ်ခု သင်ကြားပေးလိုက်ရုံပါပဲ ဒါပေမဲ့ တတိယသခင်မလေးက ကျွန်မကို စိတ်ဆိုးပြီး သေတဲ့ ရိုက်သတ်ပစ်ချင်ခဲ့တာ" အမျိုးသမီးလီက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့တယ်။
ဟုန်ရင်နှင့် ဟုန်ယွီတို့ ရှန်းကျီးချောင်ကို လှမ်းကြည့်လိုက်တော့တယ်။
"သူ့ကို ဆက်ရိုက်ကြလေ။ နင်တို့တွေ ဘာတွေ ကြောင်ကြည့်နေကြတာလဲ" ရှန်းကျီးချောင်က မာမားလီကို အရေးတယူပင် လှည့်မကြည့်ဘဲ ဟုန်ရင် ကို ဆက်လက်ရိုက်နှက်ဖို့ အမိန့်ပေးလိုက်တယ်။
မားမားလီရဲ့ မျက်နှာအမူအရာက ပျက်ယွင်းသွားပြီး သူမက ဟန်လုပ်ပြုံးကာ လျှောက်ဝင်လာလိုက်တယ်။ "တတိယသခင်မလေး ဘယ်လိုမျိုး ရိုင်းစိုင်းပြီး ဆုံးမနာခံမှုမရှိတဲ့ အစေခံက သခင်မလေးကို စော်ကားခဲ့မိတာများလဲ၊ ဒီအစေခံက သခင်မလေးကိုယ်စား သူ့ကို အပြစ်ပေး ပေးပါ့မယ် အဲဒါကြောင့် ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ မလိုပါဘူး။"
ရှန်းကျီးချောင်က သူမရဲ့ သွယ်လျသော လက်ချောင်းဖြူဖြူတွေကို ငုံ့ကြည့်ကာ အသံဖျော့ဖျော့နဲ့ ပြောလိုက်တယ်။ "မပင်ပန်းပါဘူး၊ ကျွန်မက သူ့ကို ရိုက်ရတဲ့ သူမှ မဟုတ်တာ"
ဆိုတော့ သူမက သူမအပေါ် မျက်နှာသာပေးဖို့ မကြံရွယ်တော့ဘူးပေါ့။
မားမားလီက အသက်ပြင်းပြင်းရှူရှိုက်လိုက်ကာ ပြောလိုက်တယ်။ "တတိယ သခင်မလေး သခင်မလေးက ဘာတွေ ဒေါသထွက်နေတာလဲ သခင်မကြီးရှန်း ကို ဘာလို့မပြောရတာလဲ။"
"သခင်မကြီးရှန်းက အသက်ကြီးနေပါပြီ ဒီတော့ ကျွန်မ ဒီလို အသေးအဖွဲ့ကိစ္စလေးနဲ့ သွားပြီး မနှောက်ယှက်တော့ပါဘူး။ ကျွန်မက အစေခံနည်းနည်းလောက် မောင်းထုတ်လိုက်ရုံပဲလေ။ ကျွန်မမှာ ဒီလိုလုပ်ပိုင်ခွင့် မရှိဘူးလား" ရှန်းကျီးချောင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မားမားလီကို စိုက်ကြည့်လိုက်တယ်။
ဒါက ဘာကို ဆိုလိုတာလဲ။
လူတိုင်းလူတိုင်းရဲ့ မျက်နှာအမူအရာတွေ ပျက်ယွင်းသွားလိုက်ကြကာ သူတို့အားလုံးပဲ ရှန်းကျီးချောင်ကို ကြောက်လန့်တကြား ကြည့်ရှုလိုက်ကြတော့တယ်။
အဘွားကြီးလီက အိမ်တော်အတွင်းဖြစ်ပျက်နေသည့် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ကိစ္စရပ်တိုင်းကို သိရှိထားသူဖြစ်တယ်။ အကြီးဆုံးသခင်မလေးနှင့် ဒုတိယသခင်မလေးတို့က အိမ်တော်ကို စီမံထိန်းသိမ်းဖို့ အဘွားကြီးလီထံမှ သင်ယူခဲ့တာဖြစ်ပေမဲ့လည်း နောက်လူကတော့ အမှန်တကယ် အာဏာရှိတဲ့သူပဲ။
'တတိယသခင်မလေးက အဘွားကြီးလီကိုတောင်ကို ဆန့်ကျင်ဖို့ စီစဉ်နိုင်တယ်ပေါ့?'
ရှန်းကျီးချောင်က စိတ်မရှည်စွာနဲ့ တုံတိဘာဝေရပ်နေတဲ့ အစေခံတွေကို စိုက်ကြည့်လိုက်တယ်။ "ရှင်တို့တွေကို ကျွန်မ အခု အမိန့်မပေးနိုင်ဘူးလား? ကျွန်မက ဒီလို စီးပိုးတဲ့ အစေခံတွေကိုတောင် ကျွန်မက မမောင်းထုတ်နိုင်တော့ဘူးလား"
သူမက အလေးအနက်ထားနေတာပဲ...... မားမားလီ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တစ်ခု ပျံ့လွင်းသွားတော့တယ်။ ဒီနေ့ကျမှ တတိယသခင်မလေးက ဘာတွေ ထဖြစ်နေတာလဲ?
သူမက အဒေါ်လီဆီကို လှမ်းကြည့်လိုက်တော့ သူမက ထိုစကားကို ကြားရချိန် ပိုလို့ပင် ကျယ်လောင်စွာ ငိုကြွေးခဲ့တယ်။
ဒီအသုံးမကျတဲ့ မိန်းမကတော့။
မားမားလီက အဒေါ်လီကို ငိုကြွေးနေတာနဲ့ အခြေအနေကို ပြင်းထန်သွားအောင်မလုပ်ဘဲ ရှုံးနိမ့်ကြောင်း ဝန်ခံပြီး တောင်းပန်စေချင်တာကြောင့် သူမကို ပါးကြီးပဲ ရိုက်ပစ်လိုက်ချင်တော့တယ်။
ရှန်းကျီးချောင်က အဒေါ်လီရဲ့ အော်ဟစ်ပြောဆိုမှုကို ပြုံးလိုက်ပြီး မားမားလီ ဘက်သို့ လှည့်ကာ မေးလိုက်တယ်။ "မားမားလီ ရှင်က အိမ်တော်ထဲက အတွေ့အကြုံရှိတဲ့ အစေခံတွေထဲက တစ်ယောက်ပါ။ ဒီအစေခံကို သခင်ဖြစ်တဲ့သူက သူ စားချင်တဲ့အချိန် စားလို့ရတယ်ဆိုတာ ပြောပြလိုက်ပါဦး။ တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ တခြားသူတွေကို ခြိမ်းခြောက်တတ်တဲ့သူတွေကို အိမ်တော်ထဲမှာ မလိုအပ်ဘူးဆိုတာလဲ ပြောပြလိုက်ပါဦး"
ခွေးကို မရိုက်ခင် ခွေးပိုင်ရှင်ကို အရင် ရှာရတယ်။ သူမသာ အဲဒါကိုသိရင် အဒေါ်လီ ကို ဒီလို ဆက်ဆံခွင့်ပြုစေမှာ မဟုတ်ဘူးပဲ။
လူတိုင်းက သူတို့ကိုယ်စီရဲ့ စိတ်ထဲမှာ သဘောထားကွဲလွဲနေကြပေမယ့် ထုတ်ဖော်လို့ မပြောပြရဲကြပေ။
မားမားလီက လျှောက်လာလိုက်ကာ အဒေါ်လီ့ပါးကို ဖျန်းခနဲ ရိုက်ချလိုက်ပြီး ပြောလိုက်တယ် "ပါးစပ်ပိတ်ထားလိုက်စမ်း။ တတိယသခင်မလေးရဲ့ ခွင့်လွှတ်မှုကို ဘာလို့ မတောင်းခံသေးတာလဲ၊ ဒီအစေခံက ဒီကျွန်တွေကို ဆုံးမပြီး သခင်မလေးကို သူတို့တွေ နောက်ထပ် အပြစ်မပြုအောင်လို့ သေချာလုပ်ဆောင်လိုက်ပါ့မယ်"
ရှန်းကျီးချောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၍ ခေါင်းဆတ်ကာ ပြောလိုက်တယ်။ "ရှင်က သခင်မကြီး ဘေးနားမှာရှိတဲ့ အတော်ဆုံးလူတစ်ယောက်ပဲ။ ဒီလို မျက်ကန်းအစေခံတွေကို ဆုံးမပေးမှတော့ ကျွန်မ စိတ်အေးသွားရပါပြီ။ ဒီအိမ်တော်ထဲမှာ သင့်တော်လျှောက်ပတ်တဲ့ အိမ်တော်သခင်မ မရှိဘူး သခင်မကြီး အသက်ကြီးလာတာနဲ့အမျှ သူ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတဲ့သူတွေ ရှိနေကြတယ်။ ဟုတ်တယ်မလား မားမားလီ"
မားမားလီရဲ့ နှလုံးသားထဲမှာ ဒေါသမီး တဟုန်းဟုန်းတောက်လောင် သွားတော့တယ်။ သူမ မလိုလားစွာပဲ ပြောလိုက်ရလေတယ်။ "ဟုတ်ပါတယ် တတိယသခင်မလေး ပြောတာ မှန်ပါတယ်"
"ကဲ အခု ပြန်ကြရအောင်" ရှန်းကျီးချောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဟုန်ရင်၊ ဟုန်ယွီ နှင့် ကျန်ရှိတဲ့အခြားအစေခံတွေကို ချောင်ရှင်း ခြံဝင်းကို ပြန်ခေါ်သွားလိုက်တယ်။
ချိုင်ဖျင်က ရှန်းကျီးချောင်ရဲ့ သတ္တိရှိမှုကို မျက်မြင်တွေ့ကြုံလိုက်*ရင်း အံအားသင့် မှင်တက်နေတုန်းပင်။ သူမက မားမားလီမျက်နှာပေါ်က နားမလည်နိုင်တဲ့ အမူအရာကို သေသေချာချာ စိုက်ကြည့်လိုက်ကာ ရှန်းသခင်မကြီးက တတိယသခင်မလေးရဲ့ လုပ်ရပ်ကို ခွင့်ပြုထားပြီးတော့ ဘယ်လိုလုပ် ဘာမှ မလုပ်ဆောင်လာတာလဲဆိုတာကို သိချင်သွားလိုက်တယ်။
ရှန်းသခင်မကြီးက အိမ်တော်ရဲ့ကိစ္စတွေကို မစီမံတော့တာများ ဖြစ်နေမလား?
အဒေါ်လီက မားမားလီကို ကြည့်ရှုကာ ငိုကြွေးလိုက်တော့၏။
"တတိယသခင်မလေးအတွက် ဘာလို့ သွားမချက်ပြုတ်သေးတာလဲ" မားမားလီက သူမကို စိုက်ကြည့်ကာ မာမာတင်းတင်းနဲ့ ပြစ်တင်ကြိမ်းမောင်းလိုက်တယ်။
"မားမားလီ၊ တတိယသခင်မလေးက ဘာဖြစ်နေတာလဲ" ချိုင်ဖျင်က မားမားလီ ဘေးနားကို သွားလိုက်ပြီး အသံတိုးတိုးနဲ့ မေးမြန်းလိုက်တယ်။
"ဘာဖြစ်ရမှာလဲ? သူက နားထင်သွေးရောက်ပြီး အရွယ်ရောက်လာတာပဲ ဟုတ်ပြီလား အဲဒါအကုန်ပဲ" မားမားလီက လှောင်ပြောင်လိုက်ကာ သူမလက်ထဲက လက်ကိုင်ပုဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူမစိတ်ထဲက ဒေါသကို ဖိနှိပ်ကာ ထွက်သွားလိုက်ခဲ့တယ်။
မားမားလီရဲ့ စကားတွေက ချွေ့ဖျင်ကို ကြောင်အသွားစေလိုက်၏။
အဲဒီနောက်မှာတော့ မားမားလီက တာ့အန်းခြံဝင်းသို့ ပြန်သွားလိုက်ပြီဖြစ်သည်။ သခင်မကြီးရှန်းမှာ သူမရဲ့ကိုယ်ပိုင်အစေခံဖြစ်သူ ချိုင်ဖျင်မှ အသေးစိတ် သတင်းတင်ပို့တာကို နားထောင်နေလေတယ်။ အခန်းထဲမှာ အလင်းရောင်မှိန်ပျပျရှိနေပြီး သူမမျက်နှာက ကြည်လင်ပြတ်သားနေကာ သူမမျက်လုံးထဲမှာတော့ ခက်ထန်မှု အလင်းရောင် ဝင်းဝင်းတောက်နေသည်ကိုသာ မြင်ရနိုင်တယ်။
"သခင်မကြီး" မားမားလီက ဒေါသကို ချုပ်တည်းကာ အေးဆေးတည်ငြိမ်စွာဖြင့် ရှန်းသခင်မကြီးထံ လျှောက်သွားလိုက်ခဲ့တယ်။
ရှန်းသခင်မကြီးက သူမခေါင်းကို အနည်းငယ် မော့လိုက်တော့ ချိုင်ဖျင်က ဦးညွှတ်အရိုသေပြုကာ ဘေးတစ်ဖက်သို့ ဆုတ်သွားလိုက်တယ်။
"သူက သူ့အစေခံဘက်က ရပ်တည်ပေးတာလား" ရှန်းသခင်မကြီးက သူမမျက်လုံးတွေကို မှိတ်ထားလျက် တည်ငြိမ်အေးဆေးသော ဟန်အမူအရာကို ပန်ဆင်ထားလိုက်တယ်။
မားမားလီက လေသံတိုးတိုးဖြင့် ဖြေလိုက်တယ်။ "ဒါက စည်းမျဉ်းတွေကို မသိနားမလည်တဲ့ ရွှယ်ရှင်းကြောင့်ပါ"
ရွှယ်ရှင်းဆိုတာ အဒေါ်လီရဲ့ နာမည်ဖြစ်တယ်။
"သူမက သူ့ကိုယ်ပိုင်အစေခံဘက်ကနေ တကယ်ကို ရပ်တည်ပေးခဲ့တာ.. ပြီးတော့လည်း အဲဒီလိုတောင် ပြောသွားသေးတယ်..." ရှန်းသခင်မကြီးက တခိုးခိုးခစ်ခစ်ရယ်မောလိုက်ပြီး အက်ရှ အေးစက်တဲ့အသံနဲ့ ပြောလိုက်တယ်" ဘယ်သူက အဲဒါကို ပြောခဲ့လဲ"
"အကြီးဆုံးသခင်က တတိယသခင်မလေးဆီ စာတစ်စောင် ရေးခဲ့တာ ဖြစ်နိုင်မလား" မားမားလီက အသံတိုးတိုးဖြင့် မေးလိုက်တယ်။
ရှန်းသခင်မကြီးက ပြောလိုက်တယ် "ဒါပေမဲ့ သူမက သူ့အစ်ကိုကျီးခိုင်နဲ့ သားအကြီးဆုံး အိမ်ပြန်ရောက်ချိန်မှာတောင် ငါ့စကားတွေကို အရေးမစိုက်တာတောင်မှ သူ့အစေခံတွေအတွက် ဒီလောက်ကြီးကြီးကျယ်ကျယ် တစ်ခါမှ သူ မရပ်တည်ပေးရဲဘူး။ ဒါ့ထက်ပိုတာက၊ သူက ငါ့လူတွေကို ရိုက်ဖို့ သတ္တိရှိလိုက်တယ်ပေါ့..."
ချိုင်ဖျင်ရဲ့ စကားတွေကို ပြန်သတိရတော့ ရှန်းသခင်မကြီးရဲ့ အမူအရာက ပိုလို့တောင် အေးစက်သွားတယ်။
ရှန်းကျီးချောင်က လူပုံအလယ်မှာ သူမကို မျက်နှာသာမပေးခဲ့တာကို အမှတ်ရမိလိုက်ကာ မားမားလီ သူမဝမ်းဗိုက်ထဲမှာ ဒေါသလုံးတွေ တလိပ်လိပ်တက်လာသလို ခံစားလိုက်ရတယ်။ "သခင်မကြီး သခင်မကြီးက တတိယသခင်မလေးကို စည်းကမ်းတင်းကြပ်ပေးဖို့လိုတယ် မဟုတ်ရင် သူက သခင်မကြီးကို တကယ်ပဲ ဆန့်ကျင်နိုင်သွားပြီလို့ တွေးတောနေလိမ့်မယ်"
"မလိုပါဘူး၊ သူ လိုချင်တာကို လုပ်ခွင့်ပေးပြီး သူ ဘာလုပ်မယ်ဆိုတာကို ငါတို့ ဆက်စောင့်ကြည့်တာပေါ့" ရှန်းသခင်မကြီးက တဖြည်းဖြည်းချင်း မျက်လုံးပွင့်လာလိုက်ပြီး သူမရဲ့ နှုတ်ခမ်းတွေက ခပ်လှောင်လှောင် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားတယ်။
"သခင် ဘာတွေတွေးနေတယ်ဆိုတာ ဘယ်သူက သိမှာလဲ? သူ့ကို စည်းကမ်းမဲ့ပြီး ထိန်းမနိုင်သိမ်းမရအောင် ထားလိုက်ပါ။ အကြီးဆုံးသခင်တောင်မှ သူ့ကို ရတနာတစ်ပါးလို ဆက်ဆံတာပဲလေ" ရှန်းကျီးချောင်က အိမ်တော်သခင်နှင့် သခင်လေး ပြန်ရောက်လာလို့ရှိရင် အခုထက်ပင် ပိုလို့ မောက်မာပြီး သွေးနားထင်ရောက်မည်ကို တွေးကြည့်ပြီးတော့ မားမားလီ စိတ်အနှောက်ယှက်မဖြစ်ဘဲ မနေနိုင်တော့ပေ။
ဒါက ရှန်းသခင်မကြီးရဲ့ အမာရွတ်ဖြစ်ပြီး သူမက အံတကြိတ်ကြိတ်ဖြင့် ပြောလိုက်တယ် "အပေါစားမိန်းမကတော့...တကယ်လို့ သူသာ သားအကြီးဆုံးကို သူ့စကားကို နားထောင်ဖို့ မဆွဲဆောင်ထားရင် နင့်အထင် သူက အခုချိန်ထိ အိမ်ထောင်ထပ်မပြုဘဲ နေမှာတဲ့လား? အဲဒီကောင်မစုတ်လေးက သူ့ပုံစံနဲ့ တစ်ထေရာတည်းပဲ !"
မားမားလီ ခေါင်းညိတ်လိုက်သည်။ ရှန်းကျီးချောင်က ကွယ်လွန်သူ သခင်မနဲ့ အရမ်းတူနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် သခင်က သူ့ရဲ့ကွယ်လွန်သူ ဇနီးသည်ဖြစ်သူကို အမြဲသတိရနေတာကြောင့်နဲ့ တစ်စုံတစ်ဦးကို နောက်အိမ်ထောင်ပြုရန် ဆန္ဒမရှိဘဲ နေမှာ မဟုတ်ပေ။
ရှန်းသခင်မကြီးက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ပြောလိုက်တယ်။ "လက်ထောက်အမတ်ကြီးလျိုရဲ့ ညီမလေးက ဒီနှစ်ဆို အသက်နှစ်ဆယ်ရှိပြီ။ သူက ဇီဇာကြောင်ပြီးတော့ အခုချိန်ထိ ဘယ်သူ့ကိုမှ စိတ်ဝင်စားမှုမရှိသေးဘူး။ အဲဒါကြောင့် သူက စေ့စပ်ကြောင်းလမ်းမှု မလုပ်ရသေးဘူး။ ဒါပေမယ့်လည်း လျိုမိသားစုကြည့်ရတာ သခင်မလေးလျိုကို လက်ထပ်ပေးဖို့ ရည်ရွယ်ချက်ရှိပုံရတယ်။"
"ဒါကတော့..... အဲဒီအမျိုးသမီးလျိုက မြို့တော်ထဲက အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ အဲဒီတုန်းက ပထမသခင်မထက် ဘာမှ ပိုဆိုးရွားတာ မရှိဘူး။ သခင်က သူ့ကို သဘောကျရင် ကျလောက်မှာပါ" မာမာလီက အားရဝမ်းသာ ပြောလိုက်တယ်။
"အချိန်အခါ ရွေးလိုက် အဲ့ဒီအမျိုးသမီးလျို နဲ့ ငါတို့ သွားတွေ့မယ်။" သူမ သားဖြစ်သူ ဘာတွေတွေးနေလဲ သူမက ဘယ်လိုလုပ် မသိဘဲနေနိုင်မှာလဲ?
သို့သော်လည်း သခင်က တစ်စုံတစ်ဦးကို နောက်အိမ်ထောင်ထပ်ပြုဖို့ဆိုတာ အလားလာမရှိဘူး။
မားမားလီက ပြောလိုက်တယ်။ "ကျွန်မတို့ တတိယသခင်မလေးကို ပြသနာထပ်ရှာစေလို့ မဖြစ်တော့ဘူးနော်"
"သူမ လုပ်ရဲလား?!" သခင်မကြီးရှန်း က အေးစက်စွာဖြင့် ဟမ့်ခနဲ နှာခေါင်းရှုံ့လိုက်၏။
°°°°
🍁🍁