Chapter 108 ဓားကို ကာဖို့ ရှောင်ယင်ကို အကာအကွယ်အနေနဲ့ သုံးခဲ့တယ်
Viewers 22k

အခန်း ၁၀၈ ဓားကို ကာဖို့ ရှောင်ယင်ကို အကာအကွယ်အနေနဲ့ သုံးခဲ့တယ်

ထောင်ဟွားဝူမှ ရွာသူရွာသားများအားလုံး  ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ကျုံးယုံနှင့် ကျန်လူများက ကျိရွှေရှန့်ကို လေးစားသောအကြည့်များဖြင့် ကြည့်ကာ ပေါက်ပြားများနှင့် ကောက်ဆွများကို ကောက်ကိုင်လိုက်ကြသည်။ မိန်းကလေးများကတော့ စူးချင်းဆီသို့ ပြေးသွားကြသည်။ သူမတို့က သူမ၏ဘေးနားတွင်သာ လုံခြုံသည်ဟု ခံစား‌နေကြရသည်။

ထိုဓားပြများက လူများကို သတ်ဖြတ်ပြီး မိန်းကလေးများကို ဆွဲခေါ်သွားသည်ကို ချိုးယွဲ့က သူမ၏မျက်လုံးများဖြင့် မြင်ဖူးခဲ့သည်။

အခု ရွာက ကောင်မလေးတွေ အကုန်လုံး ယောက်ျားလေးလို ဝတ်ဆင်ထားပြီး မိန်းခလေးလို ဝတ်ဆင်ထားတာက သူမတယောက်တည်းလေ။ အဲ့လိုဆိုရင် သူမက လူအများရဲ့ပစ်မှတ် ဖြစ်လာမှာ မဟုတ်ဘူးလား?

ချိုးယွဲ့က သေလုမျောပါး ကြောက်လန့်သွားပြီး သူမအစ်ကို့၏အဝတ်အစားများ ဝတ်ဆင်ရန် တွေးတောလိုက်ပြီး သူမတို့၏ခရီးဆောင်အိတ်ကို အရူးအမူး ရှာဖွေနေခဲ့သည်။ သို့သော်လည်း ချိုးယုံခန်းက အရပ်ရှည်ပြီး သူမက သေးသွယ်သောကြောင့် သူမအစ်ကို၏အဝတ်အစားများက သူမဝတ်ရန် အလွန်ကြီးမားနေပြန်သည်။

ကောင်မလေးများအားလုံးက စူးချင်းအနီးတွင် စုဝေးနေကြသည်ကိုလည်း ချိုးယွဲ့က မြင်နေရပြီး သူမလည်း ရောက်လာခဲ့သည်။ သို့သော် စူးချင်းက သူမကို တွေ့သွားမည်ကို ကြောက်နေသဖြင့် လီရွှမ်းအာ၏အနောက်မှ ခိုးဝင်လာခဲ့သည်။

စူးချင်းထံတွင်လည်း သူမကို ကြည့်ရန်ပင် အချိန်မရှိပေ။

ရွာသားတွေရဲ့ လက်နက်တွေက ကောက်ဆွခက်ရင်းခွနဲ့ ပေါက်ပြားတွေလေ။ တကယ့် တကယ် သံမဏိဓားတွေနဲ့ ယှဥ်ပြီး တိုက်ခိုက်ရင် ဒီအရာတွေက ဘယ်လိုလုပ် အသုံးဝင်တော့မှာလဲ?

ပြီးတော့ ဒီတစ်ကြိမ်မှာ သူမ ဝင်ပါလို့ မဖြစ်တော့ဘူး။ လမ်းမကြီးပေါ်မှာ လူတွေ အများကြီး ရှိနေတာကြောင့် သူမ လူသတ်ဖို့ အဆိပ် ဒါမှမဟုတ် ဆေးတစ်မျိုးမျိုးကို သုံးလိုက်တာနဲ့ လူတွေက သူမကို သတိပြုမိသွားနိုင်တယ်။ အဲ့တာကြောင့် အခုမချိန်မှာ သူမက ရှောင်ယင်နဲ့ကလေးတွေကို ကာကွယ်ဖို့ကလွှဲရင် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘူး။

သိပ်မကြာမီမှာပင် လမ်းမကြီးတစ်ခုလုံးကို ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။ ဒုက္ခသည်များက ကစဥ်ကလျား ပြေးလွှားနေကြပြီး လဲကျသူများလည်း ရှိနေကာ မြင်းများထက်လည်း မြန်အောင်မပြေးနိုင်ကြပေ။ ဓားပြများက လူများကို တိရစ္ဆာန်များအား မောင်းထုတ်နေသကဲ့သို့ အော်ဟစ်ခြိမ်းခြောက်ကာ လိုက်ဖမ်းနေကြပြီး ဖမ်းမိလျှင် ဓားဖြင့် ခုတ်ကြသည်။ သူတို့က ဘေးဒုက္ခသည်များကို သတ်ဖြတ်နေကြပြီး အောင်ပွဲခံသည့်အနေဖြင့် ကျယ်လောင်စွာ ရယ်မောနေကြပြန်သည်။

ငါက အယောက်နှစ်ဆယ် သတ်ပြီးပြီ။ မင်းတို့ သိပ်အများကြီးနောက်ကျ မကျန်ခဲ့စေနဲ့"

အနောက်ဘက်ရှိ ဓားပြများက အော်ဟစ်နေကြပြီး ဒုက္ခရောက်နေသည့် ဆင်းရဲသားများကို လိုက်လံ ရှာဖေံနေသည်။ ဓားပြခေါင်းဆောင်က ထောင်ဟွားဝူမှ ဒုက္ခသည်အဖွဲ့ကို တွေ့သွားပြီး  သူ တော်တော် ပျော်သွားပုံရသည်။ သူက သွေးစွန်းနေသော ဓားရှည်ကြီးကို မြှောက်လိုက်ပြီး သူ့၏ရွှေသွားကြီးများ ပေါ်လာသည်အထိ သူ့နောက်မှ ဓားပြများကို လှမ်းအော်လိုက်သည်။

ညီအစ်ကိုတို့၊ ရှေ့မှာ ဆူဖြိုးတဲ့ သိုးတစ်ကောင် ရှိတယ်။ သတ်ပစ်၊ ယောက်ျားတွေအားလုံးကို သတ်ပြီး မိန်းကလေးတွေကို ခေါ်သွားကြမယ်”

အိုးးးးးးးး…ဟားးး     ဟားးးး ဟားးး ဟားးး”

နောက်လိုက်ဓားပြများ စိတ်အားထက်သန်စွာ အော်ဟစ်နေကြပြီး မြင်းများဖြင့် အပြေးအလွှား တိုးဝင်လာကြသည်။ ကျိရွှေရှန့်က မြှားနှစ်စင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ပြီး မြင်းပေါ်မှ ရွှေသွားဓားပြကို အရင်ပစ်ချလိုက်သည်။ ရွှေသွားဓားပြကြီးက ကနဦး လှုံဆော်ကာ ဦးဆောင်လာခဲ့သော်လည်း ကျိရွှေရှန့်ကြောင့် မြင်းပေါ်မှ ပြုတ်ကျသွားပြီး သူ့ညီ‌နောင်များ၏ မြင်းခွာများအောက်သို့ အလျင်အမြန် ကျရောက်သွားရသည်။ မြင်းများက သူ့၏ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ ဟိုကန်ဒီကန် ကန်နေကြတော့သည်။

သူ့နောက်မှ ဓားပြတစ်ယောက်ကလည်း  မြှားဖြင့် အပစ်ခံလိုက်ရသည်။ လူနှစ်ဦး ထိမှန်ပြီးနောက်တွင် ကျိရွှေရှန့်သည် မရပ်တန့်ဘဲ ဆက်လက်ပစ်ခတ်နေခဲ့သည်။ သို့သော်လည်း မြင်းများ၏အရှိန်က မြန်ဆန်လွန်းလှပြီး သူ မြှားမပစ်ခင်မှာပင် ဓားပြများက အနီးသို့ ရောက်လာကြသည်။

ကျိရွှေရှန့်က သူ၏လေးနှင့် မြှားများကို ပစ်ချလိုက်ပြီး သူ၏ရတနာဓားဖြင့် မြင်းအုပ်စုထဲသို့ တိုးဝင်သွားခဲ့သည်။

ကျုံးယုံနှင့် လီတာ့နျိုတို့ကလည်း ဓားပြများနှင့် တိုက်ခိုက်နေကြပြီး သူတို့အားလုံးက ရဲရင့်ကြသော်လည်း ဓားပြများ အရမ်းများလွန်းလှသည်။ ဓားပြအချို့က ရွာသားများရှေ့သို့ ပြေးဝင်ကာ ဓားဖြင့် ခုတ်နေကြပြီး သူတို့က မြင်သူတိုင်းကို သတ်ဖြတ်နေကြသည်။

ထောင်ဟွားဝူမှ ရွာသူရွာသားများက ချက်ခြင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကာ အရပ်ရပ်သို့ အကွဲကွဲမပြားပြား ထွက်ပြေးသွားကြသည်။ ဓားပြများက ရထားလုံးဆီသို့ ရောက်လာကြပြီး အချင်းချင်း ပွေ့ဖက်ကာ ကြောက်ရွံ့တကြား ငိုနေကြသော မိန်းခလေးများက ယောက်ျားလေးအဝတ်များကို ဝတ်ထားသောကြောင့် သူတို့က သူမတို့ကို ယောက်ျားလေးများဟု ထင်ကာ ဓားကို မြှောက်ပြီး ခုတ်လိုက်ကြသည်။

ကောင်မလေးများက ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး မိန်းခလေးသံများ ထွက်လာသောအချိန်တွင် ဓားဖြင့် လိုက်ခုတ်နေသော ဓားပြက ဓားကို ပြန်ချကာ ရယ်မောရင်း ‌အော်ဟစ်လိုက်သည်။

"ဒီမှာ မိန်းကလေးတွေ ရှိတယ်"

ထိုဓားပြက သူ့ဓားကို ပြန်ချကာ  သူ့ကိုယ်ကို ကိုင်းချလိုက်ပြီး ချိုးယွဲ့ကို လှမ်းဆွဲလိုက်သည်။

"မိန်းမလှလေး၊ ငါနဲ့ လိုက်ခဲ့!"

ချိုးယွဲ့က အော်ဟစ်နေရင်း ကျိရှောင်ယင်၏နောက်သို့ ပြေးဝင်လိုက်သည်။ စူးချင်းက ကျိရှောင်ယင်အား ကယ်တင်မည်ကို သူမ သိနေပြီး ကျိရှောင်ယင်၏နောက်တွင် ဝင်ပုန်းနေခြင်းက အလုံခြုံဆုံးဖြစ်လိမ့်မည်ဟု သူမ တွက်ချက်ထားခဲ့သည်။

ထိုဓားပြက ကျိရှောင်ယင်ကို မြင်မြင်ချင်း သူမကို ယောက်ျားလေးဟု ထင်သွားကာ ဓားကို ပြန်မြှောက်ပြီး ခုတ်ချလိုက်သည်။ ချိုးယွဲ့က ကျိရှောင်ယင်၏ ပုခုံးကို ဖမ်းကိုင်ထားပြီး အော်ဟစ်နေကာ ကျိရှောင်ယင်၏နောက်တွင် ပုန်းနေသောကြောင့် ကျိရှောင်ယင်က ပြေးချင်လျှင်ပင် မပြေးနိုင်တော့ပေ။ သူမက သူမ၏ဦးခေါင်းပေါ်သို့ ကျရောက်လာသော သံမဏိဓားကို ကြည့်နေရုံသာတက်နိုင်တော့သည်။ နောက်ဆုံးတွင် သူမ အလွန်ကြောက်လာသောကြောင့် မျက်လုံးများကို မှိတ်ချလိုက်တော့သည်။

သိုသော်လည်း ဓားက သူမဆီသို့ မကျလာဘဲ စူးချင်းက မြင်းလှည်းမှ ကြာပွတ်ကို အသုံးပြုပြီး ဓားကို လှမ်းဆွဲလိုက်သည်။

ဓားကို လုယူပြီးသည်နှင့် စူးချင်းက ထိုဓားကို ကိုင်ကာ ပြေးဝင်လာပြီး အော်ဟစ်နေသော ဓားပြကို သတ်ပစ်လိုက်သည်။ သူမက မုန်လာဥကို ဓားဖြင့် လှီးသကဲ့သို့ ထိုဓားပြ၏ ဦးခေါင်းကို လှီးဖြတ်လိုက်သောကြောင့် သွေးများပေနေသော ဦးခေါင်းပြတ်ကြီးက မိန်းကလေးများ၏ရှေ့သို့ ပြုတ်ကျလာသည်။ မိန်းခလေးများ၏ အော်သံများက ဆူညံပွတ်လောရိုက်နေအောင် ထွက်ပေါ်လာပြီး မိန်းကလေးတချို့က ကြောက်လန့်မှုကြောင့် မေ့လဲသွားကြသည်။

စူးချင်းက ရထားလုံးရှေ့တွင် ရပ်နေပြီး ရောက်လာသော ဓားပြများအားလုံးက သူမ၏လက်ထဲမှ သံမဏိဓားကို လွတ်အောင်မရှောင်နိုင်ကြတော့ပေ။ ခဏအကြာတွင် ဓားပြများက သူမအနားသို့ မလာရဲတော့ပေ။

စူးချင်းက ရှောင်ယင်နှင့် ကလေးများကို ကာကွယ်ပေးနေသည်ကို ကျိရွှေရှန့်က မြင်နေရသည်။ သူ၊ ကျုံးယုံနှင့် အခြားသော လူငယ်အနည်းငယ်က သူတို့၏ အရှေ့နှင့် အနောက်မှ ဓားပြများကို ရှင်းလင်းနေကြပြီး မြေပြင်ပေါ်တွင် ဓားပြများ၏ အလောင်းများ ပြန့်ကျဲနေခဲ့သည်။

မသေသေးသော ဓားပြများက သူတို့အလွန်အစွမ်းထက်သည်ကို မြင်သွားသဖြင့် ကြောက်လန့်ပြီး မြင်းများဖြင့် ပြန်ထွက်ပြေးသွားကြသည်။

ဓားပြများကို မောင်းထုတ်ပြီးနောက်တွင် စူးချင်းက ချိုးယွဲ့ကို ဖမ်းဆွဲကာ သူမ၏ခြေရောလက်ကိုပါ အသုံးပြု၍ ချိုးယွဲ့ကို ရိုက်နှက်နေသောကြောင့် ချိုးယွဲ့က နားကျင်စွာ အော်ဟစ်လိုက်သည်။

အ‌ဒေါ်ချိုးက အပြေးရောက်လာပြီး တောင်းပန်နေသည်။

"စူးချင်း၊ မရိုက်ပါနဲ့တော့၊ ရပ်ပါတော့"

အစပိုင်းတွင် အဖေချိုးကလည်း ကျိရွှေရှန့်တို့နှင့်အတူ ဓားပြများကို တိုက်ခိုက်နေခဲ့သည်။ ကောင်မလေးတစ်ယောက်၏ အော်ဟစ်သံကို ကြားသောကြောင့် သူ ပြေးလာချိန်တွင်  စူးချင်းက ချိုးယွဲ့ကို ရိုက်နှက်သည်အား မြင်လိုက်ရပြီး အဖေချိုးက သူ့သမီးကို ကယ်တင်ရန် ပြေးလာခဲ့သည်။

"ဒါက ဘာဖြစ်နေတာလဲ? မင်း ဘာလို့ သူ့(မ)ကို ရိုက်နေတာလဲ?"

"သူ(မ) ဓားကို ကာဖို့ ရှောင်ယင်ကို အကာအကွယ်အနေနဲ့ သုံးခဲ့တယ်"

စူးချင်း၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေပြီး သူမက ချိုးယွဲ့ မငိုနိုင်တော့သည်အထိ ရိုက်နှက်နေသည်။ ချိုးယွဲ့က အလွန်ကြောက်လန့်နေပြီး မျက်လုံးပြူးဖြင့် စူးချင်းကို ပြန်ကြည့်နေခဲ့သည်။

"စူးချင်း၊ သူ့(မ)ကို ခွင့်လွှတ်ပေးပါ။ သူ(မ)လည်း အရမ်းလန့်သွားလို့ အဲ့လိုလုပ်မိတာပါ၊ ငါ မင်းကို တောင်းပန်ပါတယ်။ မင်း ထပ်ရိုက်ရင် သူ(မ) သေသွားလိမ့်မယ်”

အဒေါ်ချိုးက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး စူးချင်းကို သူမ၏သမီးအတွက် သနားညှာတာပေးရန် တောင်းပန်နေသည်။

ကျိရွှေရှန့်က ယခုမှ ဘာတွေဖြစ်နေသည်ကို ကြည့်ရန် ရောက်လာခဲ့ပြီး စူးချင်း၏ စကားများကို ကြားလိုက်ကာ သူ့ညီမငယ်လေးကို လှမ်းကြည့်လိုက်သည်။ သူ့ညီမငယ်လေးက ဖြူဖျော့နေသည့်မျက်နှာလေးဖြင့် ရထားလုံး၏ အရှေ့ခုံပေါ်တွင် ထိုင်နေရင်း အရူးတစ်ယောက်လို မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်ရသောကြောင့် ချိုးယွဲ့ကို ထပ်ကြည့်လိုက်သော သူ့အကြည့်များက အေးစက်ပြီးရင်း အေးစက်လာခဲ့သည်။

ရှောင်ယင့်ကို အကာအရံအနေနဲ့ သုံးခဲ့တယ်တဲ့လား?

ယောက်ျားတွေက မိန်းမတွေကို မထိရတာကြောင့် သူမ ကံကောင်းသွားတယ် မှတ်ပါ။ မဟုတ်ရင် သူက သူမကို မြေကြီးပေါ် ဖိထားပြီး စူးချင်းလိုပဲ ရိုက်မိလိမ့်မယ်။

စူးချင်းက ချိုးယွဲ့ကို ရိုက်နှက်နေကြောင်း ကြားလိုက်သောကြောင့် ရောက်လာသော ချိုးယုံခန်းနှင့် ရွာလူကြီးချိုးကတော့ အလွန်ရှက်ရွံ့နေပြီး ချိုးယွဲ့အတွက် အသနားခံပေးရန်ပင် ဆန္ဒမရှိကြတော့ပေ။

ဘယ်သူက သေမှာ မကြောက်လို့လဲ? ဒါပေမယ့် မင်း သေမှာကို ကြောက်နေရင်တောင်မှ တခြားတစ်ယောက်ယောက်ကိုတော့ မင်းရဲ့အကာအရံအဖြစ် မသုံးသင့်ဘူးမလား?

စူးချင်းက ချိုးယွဲ့ကို အဆက်မပြတ် ရိုက်နှက်နေပြီး မြေပြင်ပေါ်တွင် နောက်ဆုံးထွက်သက်ဖြင့် လဲလျောင်းနေသည့်အချိန်မှ ရပ်တန့်လိုက်သည်။ ရွာလူကြီးချိုးက ရှက်ရွံ့စွာဖြင့် လက်ခုပ်အုပ်ကျေးဇူးတင်လိုက်ကာ ချိုးယွဲ့ကို ခေါ်သွားရန် အဒေါ်ချိုးကို ညွှန်ကြားလိုက်သည်။

စူးချင်း၏မျက်နှာက လုံးဝ အေးခဲနေပြီး ရွာလူကြီးချိုးကိုပင် မကြည့်တော့ဘဲ ရထားလုံးပေါ်သို့ ပြန်ခုန်တက်ကာ ကျိရှောင်ယင်ကို စစ်ဆေးနေခဲ့သည်။

ကျိရှောင်ယင် ဒဏ်ရာ မရထားသည်ကို မြင်လိုက်ရမှ စူးချင်းက စိတ်သက်သာရာရသွားပြီး တိုးတိုးလေး မေးလိုက်သည်။

"အရမ်းကြောက်သွားတာလား?"

ဟုတ်တယ် အစ်မ။ ကျွန်မကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”

ကျိရှောင်ယင်က စူးချင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ဆန်ခါကဲ့သို့ တုန်ခါနေကာ သူမ၏လက်များက ရေခဲကဲ့သို့  အေးစက်နေခဲ့သည်။

သူ့၏ ညီမလေး အဆင်ပြေနေသည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က ဓားပြများ၏ အလောင်းများကို မြောင်းထဲသို့ ပစ်ချပြီး အပေါ်မှ မြေဖို့ရန် ထောင်ဟွားဝူမှ ရွာသားများကို ခေါ်သွားလိုက်သည်။ သူတို့က မြင်းငါးကောင်၊ခြောက်ကောင်ခန့်ကိုလည်း ရရှိခဲ့ပြီး သူတို့ ဤနေရာတွင် ဖြစ်ပျက်နေသည်ကို စစ်ဆေးရန် စိတ်အားထက်သန်နေသောကြောင့် အချိန်မီ မဖမ်းနိုင်ဘဲ  ထွက်ပြေးလွတ်မြောက်သွားသည့် မြင်းများလည်း ရှိနေခဲ့သည်။

ဓားပြများကို မြေမြုပ်ခြင်း မပြုမီ လီတာ့နျိုနှင့် ကျုံးယုံတို့က ဓားပြများ၏အလောင်းများကို စတင်ရှာဖွေကြသည်။ သူတို့က ဓားပြများထံမှ ငွေနှင့် အဖိုးတန်ပစ္စည်းများအားလုံးကို ယူကာ ချိုးယုံခန်းအား ပေးလိုက်သည်။

ချိုးယုံခန်းက ထိုပစ္စည်းများကို အမြန်ရေတွက်လိုက်ပြီး ငွေစ ဆယ့်သုံးလျန်၊ ငွေစက္ကူ လျန်ခုနစ်ဆယ်နှင့် ရွှေငွေအသုံးအဆောင် ပစ္စည်းများစွာ ပါဝင်နေသည်။ ၎င်းတို့အားလုံးက အခြားသော ဘေးဒုက္ခသည်များထဲမှ ဓားပြများ လုယက်ထားသော တိုက်ရာပါပစ္စည်းများ ဖြစ်ကြသည်။

လီတာ့နျိုနှင့် အခြားသူတစ်ချို့က ဓားပြများ၏ အလောင်းများကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် တစ်ဖက်မှ ကျိရွှေရှန့်က ထောင်ဟွားဝူမှ ရွာသားများ၏ အသေအပျောက်များကို ရေတွက်နေသည်။ ဒဏ်ရာရရှိသူ ခြောက်ဦးမှ ခုနစ်ဦးအထိရှိပြီး နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သူ သိလိုက်ရသည်။

ကျိရွှေရှန့်က သူတို့၏ဒဏ်ရာများကို သန့်စင်ပေးပြီး သူ့ထဲတွင် စူးချင်းပေးထားသော ဆေးနီအမြောက်အမြား ကျန်နေသေးသောကြောင့် သူက ထိုလူများအတွက် ဆေးကို အသုံးပြုလိုက်သည်။

စူးချင်းက ဒေါသထွက်နေသောကြောင့် အခြားမည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။ သူမက ဒဏ်ရာရသူများကို မြင်နေသော်လည်း မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

အပြင်းအထန် ဒဏ်ရာရရှိထားသော လူနှစ်ဦး၏ မိသားစုဝင်များက စူးချင်းထံသို့ ပြေးလာပြီး သူမကို ဒူးထောက်တောင်းပန်နေကြသည်။ သို့သော်လည်း စူးချင်းက သူတို့ကို လျစ်လျူရှုထားပြီး ကျိရှောင်ယင်ကို စောင့်ရှောက်ရန် ထိုနေရာတွင်သာ နေ နေခဲ့သည်။ စူးချင်းက ကျိရှောင်ယင်၏အာရုံကြောများ တည်ငြိမ်စေရန် ဆေးအချို့ ပေးခဲ့သော်လည်း သူမ၏ မျက်နှာက ဖြူဖျော့နေဆဲ ဖြစ်သည်။

သူတို့ သိမ်းပိုက်ရရှိခဲ့သော မြင်းအနည်းငယ်ကို ဒဏ်ရာရသွားသူများ စီးနိုင်ရန် ပေးလိုက်ပြီး စူးချင်း၏ရိုက်နှက်မှုကြောင့် သတိလစ်နေကာ လမ်းမလျှောက်နိုင်သော ချိုးယွဲ့ကိုလည်း မြင်းပေါ်သို့ တင်လာခဲ့ရသည်။

အရာအားလုံးကို ကိုင်တွယ်နိုင်လုနီးပါး ဖြစ်သွားပြီး သူတို့လည်း ပြန်လည်ထုပ်ပိုး ပြီးသွားပြီ ဖြစ်သောကြောင့် ကျိရွှေရှန့်က မြန်မြန်ခရီးဆက်ရန် တိုက်တွန်းလိုက်သည်။ ထွက်ပြေးလွတ်မြောက်သွားသော ဓားပြများက သူတို့၏အဖွဲ့ဝင်များကို ထပ်မံ ခေါ်ဆောင်ကာ ပြန်လည်ရောက်ရှိလာပါက ခက်ခဲသော တိုက်ပွဲတစ်ခုကို ဆက်လက်ရင်ဆိုင်ရပေဦးမည် ဖြစ်သည်။

(T/N: ဒီအခန်းမှာလေ နားမလည်နိုင်တဲ့နေရာ တကယ်ရှိတယ်၊ အရှေ့ပိုင်းမှာ စူးချင်းက ကျိရှောင်ယင်ကို ရထားလုံးပေါ်မှာနေဖို့ ပြောထာတာ မဟုတ်ဘူးလား၊ ဘာလို့ ကျိရှောင်ယင်က အောက်ကို ရောက်နေပြီး ချိုးယွဲ့က ဝင်ပုန်းလို့ရသွားတာလဲ? စာရေးဆရာက ချိုးယွဲ့အကျင့်မကောင်းတာကို ပုံဖော်ချင်ဇောနဲ့ လွဲသွားတာလား?? တခြား ကောင်မလေးလေးတွေနောက်ကို ဝင်ပုန်းတယ်ဆို တော်သေး။ အဲ့လိုဆို ချိုးယွဲ့စူးချင်းဆီမှာ အရိုက်မခံရမှာ စိုးလို့လား? )

✍️✍️✍️