Chapter 17
Viewers 3k

🐹 Chapter 17

ဆောင်းခိုခြင်းနှင့်ကျင့်ကြံခြင်း



သုံးလေးရက်ကြာပြီးနောက် ကျားသားရေမှာ လုံးဝခြောက်သွေ့သွားသည်။


အက်ဂါက ကျားအရေကို အယ်လ်ကာလိုင်းဓာတ်များသည့်အပင်တို့၏ပြာများဖြင့် အကြိမ်ကြိမ်ပွတ်တိုက်ထားသော်လည်း ကျားအရေမှာ လုံလောက်စွာပျော့ပျောင်းလာခြင်းမရှိသေးပေ။ အနည်းဆုံးပြောရလျှင် အဝတ်အစားအဖြစ်အသုံးပြု၍အဆင်မပြေနိုင်ဘဲ အိပ်ရာခင်းအဖြစ်သာသုံး၍ရလိမ့်မည်။ ရှုရှုက ၎င်းကို ညင်ညင်သာသာဂရုတစိုက်ဖြင့် အရှေ့မှအနောက်သို့ ဖြီးသင်နေလိုက်လေ၏။ မျက်လုံးများကမူ စွဲလန်းမှုများဖြင့် ပြည့်နေလေသည်။ 


ကျားအရေကွ...တကယ်ကြီးကျားအရေကွ…


ကျားများမှာ ကာကွယ်ခံတိရစ္ဆာန်မျိုးဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ကျားအရေပေါ်၌အိပ်နိုင်သူ များများစားစားမရှိပေ။ TV ပေါ်မှ ချမ်းသာသောသူများတွင် ကျားအရေဖြင့်လုပ်ထားသော ခြုံစောင်ရှိကြသည်။ ယခု သူ့တွင်လည်း တစ်ထည်ရှိလာလေပြီ။


ရှုရှုက ကျားများကိုမနှစ်သက်သော်လည်း ကျားအရေကိုမူ မျက်စိမှိတ်မုန်းတီးနေခြင်းမျိုးမရှိပေ။ ၎င်းကအမှန်တကယ်နွေးထွေးပြီးကောင်းမွန်သည်။ အလွန်တရာမှ သက်သောင့်သက်သာရှိသည်။ သူက အဝတ်အစားမပါဘဲ ကိုယ်လုံးတီးဖြင့် ၎င်းကိုပွတ်သပ်နေလိုက်ချင်တော့သည်။


ရှုရှု၏အိပ်ခန်းကို ဧည့်ခန်းဖြင့် ဆက်ထားလေသည်။ သူညဘက်အိပ်ရာဝင်သည့်အခါ အဝင်ဝကိုပိတ်ထားတတ်သော်လည်း နေ့ဘက်ဆိုလျှင် ဖွင့်ထားတတ်သည်။ အက်ဂါ တောဝက်ရိုင်းတစ်ကောင်နှင့်ပြန်လာချိန်၌ အဆင့်နိမ့်သားရဲလူသားလေးက ကျားသားရေအား ပွတ်သပ်နေဆဲအချိန်ဖြစ်နေ၏။


အက်ဂါ၏စိတ်အခြေအနေမှာ ခဏတွင်းချင်း မှောင်မိုက်သွားလေသည်။ သူထင်ထားခဲ့သည့်အတိုင်း အဆင့်နိမ့်သားရဲလေးက အမွေးထူသောသားရဲမျိုးနွယ်ကိုနှစ်သက်သည်။ သူ၏မွေးဖခင်နှစ်ဦးက အလွန်ကြင်နာတတ်ကြသော်လည်း တစ်ခါတစ်ရံတွင် သူ့အဖေထံမှအမွေရထားသောဤခန္ဓာကိုယ်ကို သူတို့ကရှောင်ရှားချင်နေကြသည်။ သူတို့က အိပ်စက်ရာတွင် မူရင်းသားရဲခန္ဓာကိုယ်အား ပွေ့ဖက်၍ရနိုင်သည့် သားရဲလူသားတို့ကိုသာ သဘောကျတတ်ကြသည်။

[သူကမြွေဆိုတော့ ဝက်ဝံတို့ကျားတို့လို နွေးနွေးထွေးထွေးပွေ့ဖက်လို့ မရနိုင်လို့ပါ]


နောင်အနာဂတ်တွင် အဆင့်နိမ့်သားရဲလေးက လူအများအပြားနှင့်တွေ့ရပေလိမ့်မည််။ ထိုသူက ကြည့်ကောင်းသည့်သားရဲအမျိုးအစားပိုင်ရှင်ဖြစ်သော အင်အားကြီးသားရဲလူသားတစ်ယောက်နှင့်သာ လက်တွဲသင့်ပါ၏။


မည်သည့်ကိစ္စများပင် ဖြစ်လာပါစေ သူ့အတွက်မူ ထိုသို့သောသားရဲအမျိုးအစား ဖြစ်မလာနိုင်ပေ။


"မင်းပြန်လာပြီပဲ.."

အက်ဂါပြန်ရောက်လာသည်ကိုတွေ့သည့်အခါ ရှုရှုက အိပ်ရာပေါ်မှခေါင်းပြူကြည့်ပြီး အက်ဂါကိုပြုံးပြလာလေသည်။ သူက အခုအချိန်အထိ မြွေကြီးကိုကြောက်နေဆဲဖြစ်သော်လည်း မမုန်းခဲ့ဖူးချေ။ သူက မြွေကြီးကို ပို၍ပင်နှစ်သက်လာသေးသည်။ ထို့အပြင် ယခုဆိုလျှင် သူတစ်ယောက်တည်းကသာ မြွေကြီးနှင့် ဆက်သွယ်ပြောဆိုနိုင်လေသည်။


အဆင့်နိမ့်သားရဲလူသားလေး၏အပြုံးကို တွေ့ရသည့်အခါ အက်ဂါမှာ သူ့အမြှီးကိုထောင်ပြီး ဘယ်ညာမယမ်းဘဲမနေနိုင်တော့ပေ။ သူက ထိုသို့လုပ်ပြပြီးသည့်နောက် အနည်းငယ် ရူးကြောင်ကြောင်နိုင်သလိုခံစားရပြီး အမြှီးထိပ်ဖျားက ခဏတွင်းချင်းပြန်ကျသွားလေသည်။


"မြွေကြီး ပြီးခဲ့ရက်တွေကတည်းက မင်း အမဲကောင်တွေအမြဲသယ်ပြီး ပြန်လာနေတာပဲ… မင်းကြောင့် ငါ့မှာ အသားခြောက်လုပ်ဖို့ကလွဲပြီး တခြားလုပ်စရာအချိန်ကိုမရှိဘူး..."


ရှုရှုက အိပ်ခန်းထဲမှခုန်ထွက်လာလေသည်။

"ပြီးတော့ မင်းကလီစာတွေကိုလည်း ဖယ်ခဲ့ပြန်ပြီမလား၊ ဒါပေမဲ့ အဲဒါတွေက စားကောင်းတယ်လေ အာ..."


တောဝက်အရေက အသုံးမတည့်ပေ။ အက်ဂါက အရေခွံအသင့်ခွာပြီးဖြစ်၏။ သူက ဆေးကြောပြီးသည့်အသားများကို ပြန်ယူလာပြီး ကျန်အစိတ်အပိုင်းများကိုမူ လွှင့်ပစ်ခဲ့သည်။ ၎င်းကို ရှုရှုက နှမြောစရာကောင်းသည်ဟု ထင်သွားခဲ့သည်။


သားရဲကြီးများက သားကောင်ဖမ်းမိသည့်အခါ အတွင်းကလီစာများအား ဦးစွာစားရသည်ကို နှစ်သက်ကြသည်။ အတွင်းပိုင်းကလီစာများက ကယ်လိုရီများသလို ဗီတာမင်ဓာတ်အများအပြားပါ၍ အာဟာရပြည့်ဝလေသည်။ မျက်လုံးအတွက်ကောင်းသောဗီတာမင် A ဓာတ်လည်းပါလေသည်။ 


မြွေကြီးက အသီးအရွက်စားသတ္တဝါမဟုတ်ရကား ဗီတာမင်ရရန်အတွက် အတွင်းကလီစာများကိုပို၍ပင်စားသင့်သေးသည်။ 


အက်ဂါက ရှုရှု၏စကားများကို အာရုံစိုက်ပြီးနားထောင်နေလေ၏။ ထိုသူက သူပြောသောစကားများကိုနားမလည်ကြောင်း ရှုရှုယုံကြည်၏။ သို့သော် ပြောရလျှင် ထိုသူက စကားလုံးများစွာကို နားလည်နိုင်နေပြီပင်။


အဆင့်နိမ့်သားရဲလူသားလေးက ကလီစာတွေနဲ့ပတ်သက်ပြီး နှမြောနေတာလား…

သူသည်လည်း စိတ်မကောင်းဖြစ်မိသည့်တိုင် အဆင့်နိမ့်သားရဲလေးက အမဲကောင်၏ကလီစာများအား ဖယ်နေသည့်ပုံစံကို သူ မမြင်ချင်ပေ။ သူ့အတွက်ကမူ သူကလက်ရှိတွင်မြွေတစ်ကောင်ဖြစ်ပြီး လက်နှင့်ခြေထောက်များမရှိ၍ ပါးစပ်အပေါ်တွင်သာ လုံးဝအားကိုးနေရလေသည်။ ထိုကိစ္စများအားရှင်းရသည်ကို သူ တကယ်မနှစ်သက်ပေ။ 


အက်ဂါမှာ ဘေးတွင် လှဲနေပြီး ပြောစကားနားမလည်သလိုမျိုး အဆင့်နိမ့်သားရဲလူသားလေး အလုပ်များပြီး ပတ်ပြေးနေသည်ကို ကြည့်နေလိုက်သည်။


အဆင့်နိမ့်သားရဲလူသားလေးတွင် သိုလှောင်ထားသောစားစရာများက အလုံအလောက်ရှိနေပြီဖြစ်သည်။ နောက်ရက်အနည်းငယ်နေပြီးလျှင် သူထွက်သွားသင့်၏။ သူက မြွေတစ်ကောင်ဖြစ်၍ ဆောင်းရာသီတွင် ဆောင်းခိုရသည်။ ထိုအချိန်တွင် သူ၏ဂူထဲ၌သာ ဆောင်းရာသီကိုကျော်ဖြတ်ပြီး အဆင့်နိမ့်သားရဲလူသားလေးနှင့် အကွာအဝေးတစ်ခုခြားပြီးနေလျှင် ပိုကောင်းလိမ့်မည်။


ထိုသို့မဟုတ်ဘဲ ဆောင်းတွင်းတစ်ခုလုံး သူက အဆင့်နိမ့်သားရဲလူသားလေးနှင့် နေ့ရောညပါထိတွေ့နေရလျှင် သူ့ကိုယ်သူထိန်းချုပ်နိုင်ပါ့မည်လား မသိနိုင်ပေ။ 


"တောဝက်ရိုင်းက အကြီးကြီးပဲ… မြွေကြီး မင်းက အရမ်းကိုတော်တာပဲ၊ ငါတို့ ဒီနေ့တစ်ဝက်စားမယ်၊ ကျန်တဲ့တစ်ဝက်ကိုအသားခြောက်လုပ်ကြမယ်..."


ရှုရှုက အသားကိုဖြတ်တောက်နေရင်း မြွေကြီးကိုစကားပြောနေလေသည်။ အစက သူ့တွင်ဓားမရှိ၍ အမဲဖျက်ရန် သူ့လက်သည်းကိုသာ အားကိုးနေခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်ရက်က အက်ဂါမှ သူ့အတွက် အသွားထက်ပြီးပါးသော သတ္တုအပိုင်းလေးနှစ်ခုကိုယူလာခဲ့ပေး၍ ယခု သူ့တွင် ဓားတစ်ချောင်းရှိလာပြီဖြစ်လေသည်။


ရှုရှုက ဓားဖြင့်အသားကိုဖြတ်တောက်ပြီး ကျောက်အိုးထဲသို့ထည့်ကာ ချက်လိုက်သည်။ ဤကျောက်အိုးက အခေါင်းပါသောကျောက်မျိုးဖြစ်ပြီး မြွေကြီးက ယူလာပေးထားခြင်း ဖြစ်လေ၏။


ကျောက်အိုးက အလွန်ထူနေသည့်အတွက် အသားကျက်သည့်အရှိန်မှာ နှေးလွန်းနေသည်။ ထို့အပြင် ၎င်းကို လှုပ်ခါ၍လည်းမရပေ။ မည်သို့ပင်ဖြစ်စေ ရှုရှု၏ အစားအသောက်လိုအပ်ချက်က မမြင့်မားပေ။ အက်ဂါက လက်ရှိတွင် လူသားတစ်ယောက်၏အာသီသမရှိသေးလေရာ နှစ်ယောက်လုံးက အလွန်တရာမှ စိတ်ကျေနပ်နေကြလေသည်။


ရှုရှုက ဝက်ဝံရိုင်းမှ အသားတစ်ဖဲ့ကို စားလိုက်သည်။ စားပြီးသည့်နောက် ကျားအရေပေါ်တွင် လှဲချလိုက်သည်။ သူက မြွေကြီးကို ပျင်းရိပျင်းတွဲစကားပြောနေရင်း ဗိုက်ကိုလည်း ဆက်တိုက်ပွတ်သပ်နေလေသည်။


ယခင်က သူစကားပြောသည့်အခါ မြွေကြီးက စကားမပြောလျှင်ပင် အမြှီးကို မြှောက်ပြပြီး သူ့စကားကိုတုံ့ပြန်ပြသေးသည်။ သို့ရာတွင် ပြီးခဲ့သောရက်များ၌ မြွေကြီးမှာအလွန်ငြိမ်နေပြီး တစ်စုံတစ်ရာပြောဖို့ရာပင် ခက်ခဲလာခဲ့သည်။


ယင်းကိုတွေ့သည့်အခါ ရှုရှု၏မျက်နှာက သုန်မှုန်သွားလေသည်။

"မြွေကြီး မင်း ဘာဖြစ်နေတာလဲ… အခုရက်ပိုင်း မင်းက အမြဲခွေနေတော့တာပဲ..."


အက်ဂါက အဆင့်နိမ့်သားရဲလူသားလေးကို လှမ်းကြည့်လိုက်သည်။ အဆင့်နိမ့်သားရဲလူသားလေးက သူ့ထံမှ တုံ့ပြန်ချက်လိုချင်နေကြောင်း သိသော်လည်း သူတကယ်စိတ်မပါပေ။ ပြီးခဲ့သောရက်များအတွင်း အက်ဂါမှာ ပို၍ပင် ပျင်းရိလာလေသည်။ သို့တိုင် စားစရာအများအပြားကို ပြန်သယ်ပေးလာနေဆဲပင်။ ထို့ကြောင့် ရှုရှုမှာရွေးစရာမရှိတော့ဘဲ သိုလှောင်ခန်းကိုချဲ့ရန် နည်းတစ်မျိုးကို စဥ်းစားရတော့သည်။ ထိုအခါမှ သူက အသားခြောက်များအားလုံးကို သိုလှောင်ထားနိုင်ပေမည်။ 


"မြွေကြီး မင်းဘာဖြစ်နေတာလဲ..."


မျက်စိတမှိတ်အတွင်း တစ်လကုန်သွားခဲ့သည်။ သူ၏သိုလှောင်ထားသောအစာများကိုကြည့်ပြီးနောက် ရှုရှုမှာ ငပျင်းကောင်အက်ဂါကို နားမလည်နိုင်စွာဖြင့် ငေးကြည့်နေရင်း သူ့နှလုံးသားက စိုးရိမ်စိတ်များဖြင့် ပြည့်လာလေတော့သည်။


မြွေကြီးက အစာအများကြီး စားလိုက်တာသေချာတယ်… ဘယ်လိုလုပ် ရုတ်တရက်ကြီး...မှိုင်နေရတာလဲ…


အက်ဂါက ရှုရှုမျက်နှာပေါ်မှ စိုးရိမ်နေသောအကြည့်ကိုတွေ့လိုက်သော်လည်း ရှုရှုနှင့်ဝေးရာတွင် ဆက်ရှိနေလေသည်။ ရှုရှုကို တစ်ချက်ခန့်ချောင်းကြည့်ပြီး အမြှီးလေးကိုယမ်းပြလိုက်သည်။


"မင်း...ဆောင်းခိုတော့မလို့လား..."


ရှုရှုက အတွေးနစ်သွားကာ အချက်တစ်ချက်ကို ရုတ်တရက်သတိရလိုက်သည်။ 

မြွေကြီးက မြွေပဲလေ… မြွေတစ်ကောင်က သေချာပေါက် ဆောင်းခိုမှာဆိုတော့ မြွေကြီးလည်း ဆောင်းခိုမှာပဲပေါ့ ဟုတ်တယ်မလား…


မြွေများမှာ သွေးအေးသတ္တဝါများဖြစ်လေသည်။ ယခုဆိုလျှင် ရာသီဥတုကအေးလာပြီး မြွေကြီးက လုံးဝမတက်ကြွနိုင်တော့ပေ။ သူ့အတွက် အမဲကောင်အမြောက်အများယူလာပေးထားခြင်းမှာ သိုလှောင်ထားသောအစားအသောက်များ အလုံအလောက်ရှိစေရန်သာဖြစ်လေသည်။


ရှုရှုမှာ ၎င်းကိုတွေးလေလေ အရေးကြီးသောကိစ္စရပ်ဟုထင်လာလေပင်။


အက်ဂါက ရှုရှု၏စကားကိုကြားလိုက်သည်။ သူက ခဏမျှစိုက်ကြည့်နေပြီး မကြာခင်မှာပင် ခေါင်းညိတ်ပြလိုက်သည်။


ရှုရှုက အက်ဂါကို ခေါင်းညိတ်ခေါင်းခါသင်ပေးထားသည်။ သူတို့နှစ်ယောက်ကြားတွင် ရိုးရှင်းသောပြောဆိုဆက်သွယ်မှုမျိုးကို လုပ်နိုင်၏။ သို့သော်လည်း ရှုရှုတွေးမိလိုက်သည်။ 


ငါ သူ့ကို ဆောင်းခိုတယ်ဆိုတယ်ဆိုတဲ့အဓိပ္ပါယ်ကို မသင်ပေးထားရသေးဘူးမဟုတ်လား…


ရှုရှုက အက်ဂါမှာ သူပြောဖူးသော 'ဆောင်းရက်တွေမှာ' 'အိပ်မယ်' နှင့်အခြားစကားလုံးများကို ကြားဖူးနေကြောင်း မသိပေ။ ထို့နောက် ရှုရှုပြောသည့် ဖားများဆောင်းခိုကြသည့်အကြောင်းကို ကြားပြီးနောက် အက်ဂါက ဆောင်းခိုသည်ဆိုသောအဓိပ္ပါယ်ကို သိသွားခဲ့သည်။ ရှုရှုက ဆက်မေးလိုက်သည်။


"မင်းအိပ်တော့မှာလား အေးနေလား… အရမ်းအိပ်ချင်နေလား..."


အက်ဂါက ခေါင်းညိတ်ပြလိုက်ပြန်သည်။


"ငါမင်းအတွက် တွင်းတစ်တွင်းတူးပေးမယ်၊ တွင်းတစ်တွင်းတူးပေးမယ်..."

ရှုရှုက ပြောလိုက်သည်။


အက်ဂါမှာ တစ်မျိုးတစ်ဖုံဝမ်းသာသွားသော်လည်း ခေါင်းခါပြလိုက်သည်။ ယခုအချိန်တွင် သူက ကိုယ့်ဂူကိုယ်ပြန်ပြီး ဆောင်းခိုချင်သည်။ ထိုနေရာတွင် ပတ်ဝန်းကျင်က မကောင်းသည့်တိုင် ဆောင်းခိုရန်အတွက် အလုံအလောက်ကောင်းမွန်လေ၏။


ထိုသို့တွေးလိုက်ပြီး အက်ဂါက အပြင်ထွက်သွားလေတော့သည်။


ရှုရှုမှာ မကြာသေးမှက သားမွေးအနည်းငယ်ရထားသည်။ သူက အက်ဂါအပြင်ထွက်သွားသည်ကိုတွေ့သည့်အခါ သူ့ကိုယ်ပေါ်ကိုလွှားရန် အပေါက်သုံးပေါက်ပါသော သမင်သားရေကို ထုတ်လိုက်သည်။ သူက သားမွေးကိုဖြန့်လိုက်ကာ ပုခုံးပေါ်မှလွှားပြီး အပြင်ထွက်သွားသောအက်ဂါအနောက်မှ လိုက်လာလေသည်။ 


အပြင်တွင် အနည်းငယ်မျှအေးနေလေသည်။ သားမွေးက ထူပြီးနွေးထွေးသည်။ သို့ရာတွင် လေကအထဲဘက်သို့စိမ့်ဝင်နေသေးသည်။ ရှုရှုမှာအအေးဒဏ်ကြောင့် ခန္ဓာကိုယ်ကိုကျုံ့လိုက်မိသည်။ သူက ဇဝေဇဝါဖြင့်ပင် မေးလိုက်၏။

"မြွေကြီး အပြင်မှာမှောင်နေပြီလေ၊ ဘယ်သွားမလို့လဲ..."


အက်ဂါက ပြန်မဖြေပေ။ ရှုရှုက မေးလိုက်ပြီးမှ အက်ဂါကသူ့မေးခွန်းအား မဖြေနိုင်သည်ကို သိလိုက်သည်။ ထို့နောက် သူက မေးလိုက်ပြန်သည်။

"အမဲလိုက်ထွက်မလို့လား.."


အက်ဂါက ခေါင်းယမ်းပြလိုက်သည်။


"မင်းဟာမင်း စိတ်ငြိမ်သွားအောင်လား.."


အက်ဂါက ထပ်ပြီးခေါင်းယမ်းပြလိုက်ပြန်သည်။


ရှုရှုက မေးခွန်းများကိုတစ်ခုပြီးတစ်ခုထပ်မေးနေပြီး အက်ဂါက ခေါင်းကိုသာယမ်းပြနေလေသည်။ ရှုရှုမှာ ယခင်ခေါင်းစဥ်ကို ရုတ်တရက်အမှတ်ရသွားလေသည်။

"သွားအိပ်တော့မလို့ မဟုတ်ဘူးမလား.."


အက်ဂါက ခေါင်းညိတ်ပြလိုက်သည်။


ဤတစ်ကြိမ်တွင် အက်ဂါက သူ၏ဂူသို့ပြန်သွားနေခြင်းဖြစ်ကြောင်း ရှုရှုကသိသွားပြီး သူ့နှလုံးက တမဟုတ်ချင်း ကဆုန်ပေါက်ပြီးခုန်လာလေသည်။


ဤအချိန်တွင် ဂူအပြင်ဘက်၌ ကိစ္စရှင်းခြင်း(အိမ်သာသွားခြင်း)က အလွန်အေးသည်ဟု ခံစားရသည်။ သူ၏ဂူထဲတွင်ကိစ္စရှင်းပြီး ကိုယ့်ဂူကိုယ်ညစ်ပတ်အောင်လည်း မလုပ်ချင်ပေ။ နောက်ဆုံးတွင် သူအိမ်သာသွားချင်လာတိုင်း မြွေကြီး၏ဂူသို့ ပြေးသွားခဲ့သည်။


မြွေကြီးက ထိုဂူကို ပြန်မသွားလောက်တော့ဟု သူထင်နေခဲ့သည်။ သူက ထိုနေရာကို သူ၏ကိုယ်ပိုင်အိမ်သာဟုပင်မှတ်ယူထားပြီးပြီဖြစ်သည်။

ဘာလို့မြွေကြီးက အခုမှပြန်သွားရတာလဲ…


"နေဦး..."


ရှုရှုက အရှေ့တိုးသွားကာ မြွေကြီးကိုတားလိုက်လေသည်။

"ငါနဲ့ပြန်လိုက်ခဲ့..."


မြွေကြီးကို ၎င်းရွှံထူသောဂူထဲသို့ လုံးဝပြန်မလွှတ်နိုင်ပေ။


မြွေကြီးက မတုံ့ပြန်လာသည့်အခါ ရှုရှုကထပ်ပြောလိုက်သည်။


"ရှုရှု...မြွေကြီး...အတူအိပ်ရမယ်...ပြန်မယ်...အိပ်တော့..."


ရှုရှု၏ ဟိုမရောက်သည်မရောက်စကားက အက်ဂါကို ရင်ခုန်သွားစေခဲ့သော်လည်း အဆင့်နိမ့်သားရဲလူသားလေးက ရိုးသားလွန်းသည်။ အက်ဂါမှာ တလွဲမတွေးသင့်ကြောင်းအသေအချာသိနေကာ ခေါင်းယမ်းပြလိုက်သည်။ ရှုရှုမှာ မြွေကြီးဘက်က ခေါင်းခါပြလာပြီး ပိုဆိုးသွားမည်ဟု မထင်ထားခဲ့ပေ။ သူက မြွေကြီးကို မည်သို့တားရမည်ကို မသိဖြစ်နေပြီး အတော်ကြာမှ အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားလေသည်။


ကျင့်ကြံရေး…


ငါ မြွေကြီးကို ကျင့်ကြံနည်းသင်ပေးရမယ်… ဒါနဲ့မြွေကြီးကို နေအောင်ဆွဲထားရမယ်…



🐹🐹🐹