အခန်း ၄ သဘာဝဘေးမှ ထွက်ပြေးလာကြခြင်း
သို့သော်လည်း
မည်သို့ပင်ဆိုစေကာမူ သူမ တွေ့ကြုံခဲ့ရသည့်အရာများက သူ့ကိစ္စ မဟုတ်ပေ။ ကျိရွှေရှန့်က
သစ်သားလှည်းကို တိတ်တဆိတ် ဆွဲတင်လိုက်သည်။ လှည်းပေါ်တွင် နောက်ထပ်အသက်ရှင်နေသူ
တစ်ဦးရှိသော်လည်း သူ့အတွက် ထိုလှည်းကို ရွှေ့ရန် အခက်အခဲ မရှိခဲ့ပေ။
လူအုပ်ကြီးက
တောင်ပေါ်လမ်းတစ်လျှောက် နာရီအတော်ကြာ လျောက်လှမ်းနေခဲ့ကြသည်။
မွန်းတည့်အချိန်ဖြစ်၍ နေမင်းကြီးက တောင်လောက်လွန်းနေပြီး မြေကြီးများက
မီးကင်ထားသကဲ့သို့ ဖြစ်နေလေသည်။ လူနှင့် အပင်များက ရေထဲမှ ငါးများကဲ့သို့ ရေမသောက်ရဘဲ
ဖြစ်နေကာ နုံးခွေနေကြသည်။
ဒီနေ့
ထူးထူးခြားခြား ပူနေပြီး အသက်ရှူရင်တောင် မီးတွေကို ရှူနေသလိုပါပဲ။
အချိန်အကြာကြီး
လမ်းလျှောက်လာပြီးနောက် အပူဒဏ်နှင့်
မောပန်းနွမ်းနွယ်မှုကြောင့်
လူတော်တော်များများ မလှုပ်နိုင် မရှားနိုင်ဖြစ်လာကြပြီး
တစ်ယောက်ပြီးတစ်ယောက် ညည်းညူလာကြသည်။ တစ်စုံတစ်ယောက်က “ရွှေရှန့်... ခဏလောက် အနားယူရအောင်၊
ငါတို့ လမ်းမလျှောက်နိုင်တော့ဘူး"
ကျိရွှေရှန့်၏
ခေါင်းတွင်လည်း ချွေးများ ဖုံးလွှမ်းနေပြီး သူက ရပ်တန့်လိုက်ကာ နောက်သို့ ပြန်လှည့်ကြည့်နေသည်။
သူတို့က
အမျိုးသမီးများနှင့် ကလေးများကို ငဲ့ညှာခဲ့ရသည့်အတွက် အရှိန်အပြည့်ဖြင့်
လမ်းမလျောက်နိုင်ကြပေ။ နာရီ အနည်းငယ် ကြာအောင် လမ်းလျှောက်လာခဲ့ကြသော်လည်း ဝေးဝေး မရောက်နိုင်သေးပေ။
အမှန်တကယ်တွင် လုံခြုံသောနေရာသို့ ရောက်သည်အထိ အနားယူခြင်း မပြုနိုင်သေးပေ။ ယခုကဲ့သို့ပူပြင်းသော
ရာသီဥတုမျိုးတွင် ထိုင်ချမိသည်နှင့် ပြန်ထနိုင်တော့မည် မဟုတ်ပေ။
“အားလုံးပဲ ခဏလောက် အားတင်းထားကြပါဦး။ တောင်ပေါ်ကနေ ထွက်သွားပြီးရင်
အနားယူဖို့ နေရာရှာပေးပါ့မယ်”
ကျိရွှေရှန့်က
ထိုသို့အော်ပြောပြီးနောက် ရှေ့သို့ ဆက်လျှောက်လိုက်သွားသည်။
သူ
မနားရင် သူ့နောက်ကလူတွေကလည်း နားရဲမှာ မဟုတ်ပါဘူး၊ သူတို့က သူ့နောက်ကို ဆက်လိုက်သွားရုံပဲ
တက်နိုင်ပါတယ်။
ကျိရှောင်ယင်က
သူမ၏ နောက်ကျောတွင် အိတ်သေးသေးလေးတစ်လုံးကို သယ်ပိုးထားပြီး သူမ၏မျက်နှာက နီမြန်းနေခဲ့သည်။
သူမက အပူဒဏ်ကြောင့် အလွန်မောပန်းနေပုံရသည်။ သို့သော်လည်း သူမက သူမအစ်ကိုကို
အမီလိုက်နိုင်ရန် ခြေနှစ်လှမ်းလောက် ပြေးသွားလိုက်ပြီး မေးမြန်းစပ်စုနေခဲ့သည်။ “အစ်ကိုကြီး၊
ကမ္ဘာမြေနဂါးကြီးက သုံးရက်အတွင်း ပြန်လာမယ်လို့ မွေးစားအဖေက ပြောခဲ့တယ်၊ အဲ့တာ အမှန်လား?”
(T/N : ကမ္ဘာမြေနဂါးကြီး လှည့်ပတ်တယ်ဆိုတာက ငလျင်လှုပ်တာကို ပြောတာပါ)
ကျိရွှေရှန့်က
စကားမပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ သူ၏မွေးစားဖခင်က စာပေနှင့် ကိုယ်ခံပညာနှစ်ခုစလုံးတွင်
ကျွမ်းကျင်ပြီး နက္ခတ္တဗေဒနှင့် ဘူမိပထဝီဝင်ကို ကောင်းစွာတတ်မြောက်ထားသည်။ သူတို့၏မွေးစားအဖေက
ကမ္ဘာမြေနဂါးကြီး လှည့်ပတ်သွားလာလိမ့်မည်ဟု ပြောခဲ့သဖြင့် လုံးဝ မှားယွင်းမည် မဟုတ်ပေ။
“ဒါပေမယ့် ဒီနေ့က သုံးရက်မြောက်နေ့လေ၊ ရာသီဥတုက အရမ်းကြည်လင်နေတယ်၊ ကမ္ဘာမြေနဂါးကြီးက
လှည့်ပတ်မယ့်ပုံ မပေါ်ပါဘူး”
ကျိရှောင်ယင်က
သူ့မဘာသာသူမ တစ်ယောက်တည်း ညည်းတွားနေခဲ့သည်။ သူမ၏ခြေဖဝါးများတွင် ကြီးမားသော
အရည်ကြည်ဖုများ ထွက်နေပြီ ဖြစ်သော်လည်း သူမ ညည်းညူမိလျှင် အစ်ကိုဖြစ်သူက လှည်းပေါ်မှ
အမျိုးသမီးကို တွန်းချကာ သူမကို လှမ်းထဲတွင် ထိုင်ခိုင်းမည်ကို စိုးရိမ်သောကြောင့်
နာကျင်နေသော်လည်း မငိုဝံ့ခဲ့ပေ။
လွန်ခဲ့သည့်သုံးရက်က
သူမတို့၏မွေးစားဖခင်က အပြင်းအထန် မမာမကျန်းဖြစ်ခဲ့ပြီး သူမ၏အစ်ကိုကြီးကို
စကားပြောရန် အချိန်အကြာကြီး အိမ်ထဲသို့ ခေါ်ထားခဲ့သည်။ သူမ၏အစ်ကိုကြီး ပြန်ထွက်လာချိန်တွင်
သူက တခြားလူအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်လုံးများက နီရဲနေခဲ့သည်။ သူက သူမတို့၏မွေးစားဖခင်
ပေးထားသော ရွှေရောင်ကြာပွတ်ကို ယူပြီး အနောက်တောင်ပေါ်သို့ တက်သွားခဲ့သည်။ သူက တောင်ပေါ်မှ
ကျောက်တုံးများကို တစ်ညလုံး ရိုက်နှက်နေပြီး သူက ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးရန်
ဆန္ဒရှိနေသကဲ့သို့ အရှိန်အဟုန်ဖြင့် ရိုက်နှက်နေကာ အနောက်တောင်ပေါ်ရှိ ကျောက်တုံးကြီးများက
အပိုင်းပိုင်း အစစဖြစ်အောင် ခွဲချေခံလိုက်ရသည်။
ထိုနေ့မှ
စပြီး သူမ၏အစ်ကိုကြီးက စကားအများကြီး မပြောတော့ပေ။ လွန်ခဲ့သောတစ်ရက်ကျော်က သူမတို့၏မွေးစားအဖေကို
သင်္ဂြိုဟ်ပြီးနောက်တွင် အကိုကြီးက အနက်ရောင်ခါးချိတ်တံဆိပ်ပြားကို ကိုင်ထားရင်း
အခန်းထဲတွင် တံခါးပိတ်နေခဲ့သည်။ သူက စကားလည်း မပြောသလို အစားမစားဘဲ ရေပင် မသောက်ခဲ့ပေ။
သူ့၏အကြည့်များကလည်း အလွန်အမင်း ကြောက်စရာ ကောင်းနေခဲ့သည်။
ထို့ကြောင့်
ကျိရှောင်ယင်က တစ်စုံတစ်ဦးကို ကယ်တင်ခါနီးအချိန်တွင် သူမ၏အစ်ကိုအကြီးဆုံးစကားကို
နားမထောင်ခဲ့သည်မှ လွဲ၍ ကျန်အချိန်များတွင် သူမအစ်ကို၏စကားများကို နာခံခဲ့သည်။
“ဟူး...
အားရိုးရိုး”
အနောက်ဘက်မှ
တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ လဲကျသွားသောကြောင့် အဖွဲ့လုံး ရပ်တန့်သွားကြသည်။
"ရွှေရှန့်၊ ငါတို့ တကယ် လမ်းမလျှောက်နိုင်တော့ဘူး။ ခဏလောက် အနားယူပြီး
ရေသောက်ပြီး တစ်ခုခု စားချင်တယ်!"
နွားလှည်းပေါ်တွင်
ထိုင်နေသော အဘိုးကြီးချိုးက စကားစလိုက်သည်။ သူက ထောင်ဟွားဝူ(မက်မွန်ပွင့်တောင်ကြား)တွင်
အသက်အကြီးဆုံးဖြစ်ပြီး သူတို့ရွာတွင် ဂုဏ်သိက္ခာကြီးမားသူ ဖြစ်သည်။ သူက ထောင်ဟွားဝူ(မက်မွန်ပွင့်တောင်ကြား)သို့
ပြောင်းရွှေ့ခဲ့သည့် ပထမဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။
ကျိရွှေရှန့်၏မွေးစားဖခင်
ပိုင်ကျို့ရှန်း အသက်ရှင်နေချိန်တွင် သူနှင့် အဘိုးကြီးချိုးတို့က အသက်အရွယ်မတူသော
အချစ်ဆုံးသူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
အဘိုးကြီးချိုး၏
စကားဆုံးသွားသောအခါ ကျိရွှေရှန့်က ရပ်တန့်လိုက်သည်။ သူ့က သူ့၏အင်္ကျီလက်ကို
မြှောက်ကာ မျက်နှာပေါ်မှ ချွေးများကို သုတ်နေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေသည်။
ခနအကြာတွင် သူက အရှေ့မှ ပြန့်ပြူးသော နေရာတစ်ခုကို ညွှန်ပြလိုက်ပြီး “ဟိုနားမှာ အနားယူကြမယ်”
သူတို့က
တောင်၏အရိပ်မှ မထွက်နိုင်ကြသေးပေ။ ကမ္ဘာ့မြေနဂါးကြီး လှည့်လည်လာလျှင် တောင်ခြေရင်းက အန္တရာယ်အရှိဆုံး နေရာဖြစ်လာနိုင်ပြီး
မြေပြန့်ကသာ ပို၍ လုံခြုံမည် ဖြစ်သည်။
ကျိရွှေရှန့်
သတ်မှတ်ထားသည့် အနားယူရမည့်နေရာသို့ မရောက်ခင်မှာပင် အမျိုးသမီးများ၊ ကလေးများနှင့်
အားနည်းနေသော သက်ကြီးရွယ်အိုများက သူတို့ကိုယ်သူတို့ မသယ်နိုင်ကြတော့ဘဲ
မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကြသည်။ ရေငတ်နေသော ရွာသားများက သူတို့၏ရေအိတ်များကို
အမြန်ထုတ်ပြီး ရေသောက်နေကြသည်။
သို့သော်
မည်သူမျှ အလွန်အကျွံ မသောက်ရဲကြပေ။ ရေရှိမည့်နေရာကို ရောက်ရန် မည်မျှကြာမည်ကို
မည်သူမျှ မသိနိုင်သောကြောင့် ယခု ရှိနေသော ရေများကို အကုန်သောက်လိုက်ပြီး
ရေအရင်းအမြစ်ကို ရှာမတွေ့ပါက ရေငတ်ကာ သေကြရမည်ဖြစ်သည်။
ခေတ္တသာ
အနားယူနိုင်ပြီး အစာရှာရန် မထွက်ခွာနိုင်သောကြောင့် အိမ်မှယူလာသော အစာခြောက်နှင့်
ရေကိုသာ ထုတ်ယူစားသောက်နေကြရသည်။
ကျိရှောင်ယင်က
သူမဘာသာသူမ ရေသောက်ရန်ပင် ဂရုမစိုက်နိုင်သေးဘဲ တွန်းလှည်းဆီသို့သွားကာ စူးချင်းကို
ရေတိုက်ရန် ကြိုးစားနေခဲ့သည်။
ကျိရွှေရှန့်က
သူ့ညီမကို လှမ်းကြည့်လိုက်သော်လည်း မတားခဲ့ပေ။ လွန်ခဲ့သော အခိုက်အတန့်တွင် သူက ထိုအမျိုးသမီးကို သယ်ထားရင်းက သူမ၏သွေးခုန်နှုန်းကို
စစ်ဆေးခဲ့သည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများက ပြင်းထန်စွာ ပျက်စီးနေပြီး သူမ ကြာရှည်စွာ
အသက်မရှင်နိုင်တော့ပေ။ သို့သော်လည်း သူ့၏ညီမလေးကို ဝမ်းနည်းသွားမည်ကို သူ မမြင်ချင်သောကြောင့်
မပြောခဲ့တော့ပေ။
ကျိရွှေရှန့်က
တွန်းလှည်းပေါ်မှ သူ၏ ရေအိတ်ကို ကောက်ယူလိုက်ပြီး ရေအနည်းငယ် သောက်လိုက်သည်။ သူက
သူ့ပါးစပ် စိုစွတ်လာသည်အထိ စောင့်နေပြီးမှ ရေကို ဖြည်းညှင်းစွာ မျိုချပြီးကာ
ရေအိတ်၏အဖုံးကို ပြန်ပိတ်ထားလိုက်သည်။ သူက ရေအိတ်ကို ကိုင်ထားရင်း သစ်ပင်အောက်တွင်
ထိုင်နေကာ ဖခင်ဖြစ်သူ မသေခင် ပြောခဲ့တဲ့ စကားများကို ပြန်တွေးတောနေမိသည်။ သူ့၏မျက်လုံးများမှ
မုန်းတီးမှုများနှင့် ဒေါသအရိပ်အယောင်များ လျှံထွက်လာကာ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်လောက်သည့်
အမုန်းတရားများကို ချိုးနှိမ်ရန် လက်သီးကို တင်းတင်းဆုပ်ထားခဲ့ရသည်။
စူးချင်းက
သဲကန္တာရထဲသို့ ပစ်ချခံလိုက်ရသော ငါးတစ်ကောင်ကဲ့သို့ ခံစားနေရပြီး ပူခြင်း၊
ရေငတ်ခြင်းနှင့် သည်းမခံနိုင်လောက်သော နာကျင်ခြင်းစသည့် ဝေဒနာများကိုလည်း ခံစားနေခဲ့ရသည်။
တစ်ယောက်ယောက်က
သူမကို ကူညီပေးနေကြောင်း သူမ ခံစားသိရှိနိုင်ပြီး အမှန်တကယ်တွင် စူးချင်းက သူမ၏အလုပ်ကြောင့်
မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမနှင့် ရင်းနှီးခွင့်၊ အနားကပ်ခွင့် မပေးခဲ့ပေ။
တစ်စုံတစ်ယောက်နှင့် နီးကပ်စွာနေခြင်းက အန္တရာယ်ကိုသာ ဖြစ်စေနိုင်သည်။ သူမက သူမ၏
ခွန်အားကို စုဆောင်းပြီး တစ်ဖက်လူကို သတ်ရန် အဆင်သင့်ဖြစ်နေချိန်တွင် သူမ
ပါးစပ်ထဲသို့ စိမ့်စမ်းရေတစ်စက်ကျဆင်းလာခဲ့သည်။
စူးချင်းက
ထိုလူတွင် မကောင်းသောရည်ရွယ်ချက် မရှိဟု ခံစားလိုက်ရသည်။
သူမကို
ရေတိုက်နေတာလား?
ထိုလူက
သူမ ရေသီးသွားမည်ကို စိုးရိမ်နေပုံရပြီး အလွန်ဂရုစိုက်နေကာ ရေက စူးချင်း၏ ပါးစပ်ထဲသို့ တစက်စက်ချင်း ကျနေခဲ့သည်။
စူးချင်းက သဲကန္တာရပေါ်သို့ ရေလောင်းလိုက်သလို ခံစားခဲ့ရသော်လည်း ရေငတ်ခြင်းက အတောမသတ်နိုင်သေးပေ။
သူမက မစောင့်နိုင်တော့ဘဲ ရေအိတ်ကို ဆွဲယူကာ အလောတကြီး သောက်ချလိုက်သည်။
“အစ်ကိုကြီး၊ သူ(မ) နိုးလာပြီ၊ အခု ရေတောင် သောက်နိုင်နေပြီ"
သူမ၏နားထဲသို့
ရွှင်မြူးနေသောအသံတစ်ခု တိုးဝင်လာပြီး ထိုအသံလေးက ကြည်လင်ငြိမ့်ညောင်းလွန်းလှသည်။ စူးချင်းက
အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ
လှပသောမိန်းမပျိုလေးက သူမကို ပြုံးပြုံးလေး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းမပျိုလေး၏
မျက်လုံးများတွင် လောဘ၊ ဒေါသ အရိပ်အယောင်များ ကင်းစင်နေကာ ဖြူစင်သန့်ရှင်းနေသည်။
စူးချင်းက
ခဏလောက်တော့ မှင်သက်နေမိသည်။ ဒီလို သန့်ရှင်းဖြူစင်ပြီး ကြည်လင်တောက်ပနေတဲ့
အကြည့်မျိုးကို သူမ မမြင်ရတော့တာ ဘယ်လောက်ကြာနေပြီလဲ။
အဲ့မိန်းခလေးက
ငါ့ကို ကယ်တင်ခဲ့တာလား?
ကျိရွှေရှန့်က
သူ့ညီမ၏အော်သံကို ကြားသောကြောင့်
ခေါင်းမော့ကြည့်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ထိုအမျိုးသမီးက
ထထိုင်နေကာ ရီဝေနေသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။
စူးချင်းက
ကျိရွှေရှန့်ကို မြင်သွားပြီး သူမ ချက်ချင်းသတိရှိလာသည်။ သူ့၏မျက်နှာတွင်
မုတ်ဆိတ်မွေးများ ပြည့်နေသောကြောင့် သူ့အသက်ကို ခန့်မှန်ရန် ခက်ခဲလှသည်။ သို့သော်လည်း
ထိုမျက်လုံးတစ်စုံက စူးချင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ဘယ်လောက်တောင်
ပြင်းထန်လွန်းတဲ့ ဒေါသနဲ့ မုန်းတီးမှုတွေလဲ? ဘယ်လို ရန်ငြိုးရန်စမျိုးက ဒီလောက်ပြင်းထန်တဲ့
မုန်းတီးမှုကို ဖြစ်စေခဲ့တာလဲ?
ကျိရွှေရှန့်က
စူးချင်းကို ကြည့်ရန် ရောက်မလာဘဲ သူက သူမကို အမှတ်တမဲ့ ပုံစံဖြင့် တစ်ချက်စိုက်ကြည့်နေပြီးမှ
သူ့အကြည့်ကို ပြန်ရုတ်သွားခဲ့သည်။ သူက ခြေထောက်တစ်ဖက်ကို ကွေးပြီး လက်ကို
ဒူးပေါ်တင်ကာ သစ်ပင်ကို မှီထားရင်း ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။
မကြာသေးမီက
နေသာသော ကောင်းကင်တွင် မည်သည့်အရပ်က လွင့်လာမှန်းမသေချာသော တိမ်မည်းလေးများ
ဟိုတတစ်စ ဒီတစ်စ ထွက်ပေါ်လာသည်။ သူက တည့်တည့်မတ်မတ် ပြင်ထိုင်လိုက်ပြီး သူ့မျက်လုံးများက
တဖြည်းဖြည်း လေးနက်ပြီးရင်း လေးနက်လာသည်။
ကမ္ဘာ့မြေနဂါးကြီး
လှည့်လည်တော့မှာလား?
“အနားမယူ ကြနဲ့တော့၊ မြန်မြန် သွားကြစို့”
ကျိရွှေရှန့်က မတ်တပ်ရပ်လိုက်ပြီး သစ်သားတွန်းလှည်းဆီသို့ လျှောက်လှမ်းရင်း
ကျန်လူအုပ်ကို အော်ဟစ်အမိန့်ပေးလိုက်သည်။
ထောင်ဟွားဝူ(မက်မွန်ပွင့်တောင်ကြား)တွင်
အိမ်ထောင်စု ဆယ့်ကိုးစုရှိပြီး စုစုပေါင်း လူဦးရေ တစ်ရာကျော် ရှိကာ
သုံးပုံတစ်ပုံမှာ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများ ဖြစ်သည်။
သူတို့က ခဏလောက်သာ အနားယူရသေးပြီး ပြန်မသက်သာလာကြသေးသောကြောင့် ခရီးအမြန်ပြန်ထွက်ရန်
တိုက်တွန်းခံလိုက်ရသောအခါ ချက်ချင်း ပြန်မထနိုင်ကြသေးပေ။
"ကမ္ဘာ့မြေနဂါးကြီး လှည့်လည်တော့မယ်"
မြေပြင်ပေါ်တွင်
မလှုပ်မယှက် ထိုင်နေကြသည့်သူများကို မြင်လိုက်ရသဖြင့် ကျိရွှေရှန့်က
မျက်မှောင်ကြုတ်ကာ အော်ဟစ်ဆူပူလိုက်သည်။ ကမ္ဘာ့မြေနဂါးကြီး လှည့်တော့မည်ဟု ကြားချိန်တွင်
အားလုံးက ကမန်းကတန်း ထလိုက်ကြသည်။
ကျိရွှေရှန့်က
သစ်သားလှည်းရှေ့ဆီသို့ လျှောက်သွားပြီး စူးချင်းကို တစ်ချက်ကြည့်လိုက်သည်။ စူးချင်းကလည်း
သူ့ကိုကြည့်နေသောကြောင့် မျက်လုံးချင်းဆုံသွားကြသည်။
“သခင်၊ ရှောင်ချီ ကြောက်တယ်”
ရှောင်ချီ၏ချစ်စရာအသံလေးက
စူးချင်း၏နားထဲကို တိုးဝင်လာသည်။ ကလေးလေးက ရန်လိုမှုအပြည့်ရှိနေသော ဤလူကို ကြောက်ရွံနေပုံရသည်။
စူးချင်းက
ရှောင်ချီကို မတုံ့ပြန်ဘဲ ကျိရွှေရှန့်ကိုသာ ဆက်ကြည့်နေခဲ့သည်။ ဒီလူက တကယ် အရပ်ရှည်တယ်။
သူကို ကြည့်ရတာ ၁.၉ မီတာထက်တောင် ပိုမြင့်နိုင်ပြီး ကျယ်ပြန့်တဲ့ ပခုံးနဲ့ ကျစ်လစ်တဲ့ခါး
ရှိတယ်။ သူရဲ့ခန္ဓာကိုယ်က တြိဂံ ပြောင်းပြန် ပုံသဏ္ဍာန်ရှိပြီး သူ၏လက်မောင်းတွေက
သန်မာပုံရပြီး တောင့်တင်းခိုင်မာပုံရတာကြောင့် သူက ကိုယ်ခံပညာ လေ့ကျင့်ထားတဲ့သူ ဖြစ်နိုင်တယ်။
ကျိရွှေရှန့်က ထိုအမျိုးသမီးက သူ့ကို စိစစ်နေသည်ဟု ခံစားနေရသည်။ သူမ၏ မျက်လုံးများက သေသေချာချာ မမြင်နိုင်လောက်အောင် ရောင်ရမ်းနေသော်လည်း သူမနှင့် လက်တစ်ကမ်းအကွာမှပင် သူမ၏ အေးဆေးတည်ငြိမ်မှုနှင့် တသီးတသန့်ဆန်မှုကို ခံစားရနိုင်သည်။
✍️✍️✍️