Chapter 2 ကွာရှင်းစာရယူခြင်း
Viewers 127

အခန်း ၂ ကွာရှင်းစာရယူခြင်း

စူးချင်းက နောက်သို့ ပြန်လျှောက်လာပြီး လျိုပေါင်စန်း၏ကျိုးနေသော လက်ကို လှမ်းဆွဲကာ ထိုင်ခုံပေါ် တင်လိုက်သည်။

လျိုပေါင်စန်းက ဝက်တစ်ကောင်ကဲ့သို့ နာကျင်စွာ အော်ဟစ်ညည်းညူနေပြီး သူ့မျက်နှာက ဖြူဖျော့နေကာ အသက်ကို ပြင်းပြင်းရှုနိုင်ရန် သူ့ပါးစပ်ကို ပြဲနေအောင် ဟထားရသည်။ သူ့မျက်နှာပေါ်တွင် အေးစက်နေသော ပဲစေ့အရွယ် ချွေးသီးများ ရှိနေသေးသည်။

စူးချင်းက သူ့၏ဒဏ်ရာမရှိသော ညာဘက်လက်ထဲသို့ မှင်စွတ်ထားသောစုတ်တံကို ထည့်ပေးလိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ငါ ပြောတာကို လိုက်ရေး”

သူ့ကို မသတ်ခင်မှာ သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အရင် ဖြတ်တောက်ရမယ်။ ဒီလိုမှ မဟုတ်ရင် သူမကို မုဆိုးမလို့ နာမည်ပေးခံရလိမ့်မယ်၊။ ဒီလူယုတ်မာရဲ့မိန်းမလို့  သတ်မှတ်ခံရတာက စက်ဆုပ်ဖို့ကောင်းလွန်းတယ်။

လျိုပေါင်စန်းက အလွန်နာကျင်နေသဖြင့် စုတ်တံကိုပင် မကိုင်နိုင်တော့ဘဲ စုတ်တံက စားပွဲပေါ်သို့ ပြုတ်ကျသွားသောကြောင့် စူးချင်း သူ့ပါးကို ရိုက်ချလိုက်သည်။ လျိုပေါင်စန်းတစ်ယောက် ကြယ်များကို မြင်လိုက်ရပြီး သူ့သွားများကြားမှ သွေးများ စီးကျလာသည်။

သူက နောက်တစ်ကြိမ် အရိုက်ခံရမည်ကို ကြောက်ရွံလွန်းသောပြီး စုတ်တံကို အမြန် ပြန်ကိုင်ကာ စူးချင်းကို သနားစဖွယ် မော့ကြည့်လိုက်သည်။

သူက “ကျေးဇူးပြုပြီး! ကျေးဇူးပြုပြီး ငါ့ကို ရိုက်တာကို ရပ်ပေးပါလား? ငါ ရေးပေးမယ်! ငါ ရေးပေးပါ့မယ်!"

ကွာရှင်းစာ ရေး။ စာထဲမှာ လျိုပေါင်စန်းက လျှို့ဝှက်ရောဂါဝေဒနာကို ခံစားနေရပြီး ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်တွေကို မကျေပွန်နိုင်ခဲ့ဘူး၊ သောက်စား မူးယစ်ပျော်ပါးပြီး လောင်းကစားလုပ်တာကြောင့် မိသားစုရဲ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးခဲ့တဲ့အတွက် ခင်ပွန်းဖြစ်ဖို့ မထိုက်တန်တော့ဘူး။ အဲ့တာကြောင့် ဇနီးဖြစ်သူ စူးအမျိုးသမီးနဲ့ ကွာရှင်းခဲ့တယ်၊ ယခုအချိန်က စပြီး ယောက်ျားနဲ့ မိန်းမအဖြစ် မသက်ဆိုင်ကြတော့ဘူး”

စူးချင်း၏ လေသံက ဘာမှ မထူးခြားသလို ဖြစ်နေပြီး သူမ၏ပါးစပ်မှ ထွက်လာသော စကားလုံးတိုင်းက ရှင်းရှင်းလင်းလင်း ဖြစ်နေသည်။ လျိုပေါင်စန်း၏ ရိုက်နှက်မှုကြောင့် ရောင်ရမ်းနေသော သူမ၏မျက်နှာတွင် အပြာရောင်နှင့် ခရမ်းရောင်ဒဏ်ရာများ ရှိနေပြီး သူမ၏ ဦးခေါင်းက ပုံမှန်ထက် ပိုကြီးနေသည်။ ထိုအသွင်အပြင်နှင့် သူမ၏ အေးစက်သောလေသံကို ပေါင်းလိုက်သောအခါ နေ့ခင်းကြောင်တောင်တွင်ပင် အုံ့မှိုင်းနေသော လေထုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

သူ့၏ရောဂါကို အတိအကျကို သူမက ပြောလိုက်သည်ကို ကြားလိုက်ရသောကြောင့် လျိုပေါင်စန်း၏အမူအရာက ပြောင်းလဲသွားသည်။ ထိုအရာက သူ့၏လျှို့ဝှက်ချက်ဖြစ်ပြီး  မည်သူမျှ မသိကြချေ။ ထိုရောဂါကြောင့် စူးချင်းနှင့် သူ၏အိမ်ထောင်ရေးကို အဆုံးမသတ်နိုင်ဘဲ မိသားစုအနေဖြင့်သာ ဆက်လျှောက်နေရသည်။ လူများ သိသွားကြလျှင် သူ အထင်သေးခံရမည်ကို ကြောက်သောကြောင့် သူများကို ပြောလျှင်  သေအောင်ရိုက်သတ်မည်ဟု စူးချင်းကို ချိန်းခြောက်ကာ သူမက ကလေးမမွေးနိုင်ဘူးဟု လူတကာကို အထင်လွဲစေခဲ့သည်။

သူ လျှို့ဝှက်ထားတဲ့ သူ့ရောဂါကို လူတိုင်းမြင်နိုင်အောင် သူကိုယ်တိုင် ပြတ်ပြတ်သားသား ရေးပြရမှာက သူ့အတွက် သေတာထက် ပိုဆိုးတဲ့ အရှက်ရမှုပါပဲ။

လျိုပေါင်စန်း၏မျက်လုံးများတွင် ဒေါသများ ပေါ်လာသော်လည်း သူ ဘာမှ ပြန်မပြောရသေးမီတွင် သူ၏ဘယ်ဘက်လက်မောင်းမှ ပြင်းထန်သောနာကျင်မှုကို သူ ခံစားလိုက်ရပြီး သူ့၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်သွားသည်အထိ နာကျင်သွားရသည်။ သူက အော်ဟစ်အကူအညီရန် ပြင်လိုက်သော်လည်း စူးချင်းက မေးရိုးကို ချိုးပစ်လိုက်ပြန်သည်။

စူးချင်း၏ နက်မှောင်ပြီး အေးစက်နေသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် လျိုပေါင်စန်းတစ်ယောက် သရဲတစ္ဆေကို မြင်လိုက်သလို ခံစားလိုက်ရသည်။ သူက သူ့၏ကြောက်စိတ်ကို မထိန်းနိုင်တော့သောကြောင့် ဤအမျိုးသမီး၏အမိန့်ကို မနာခံဘဲ မနေရဲတော့ပေ။ သူက စုတ်တံကို ယူပြီး စာရွက်ပေါ်တွင် စာ စရေးလိုက်သည်။

လျိုမိသားစုက လျိုပေါင်စန်းကို ပထမဆုံး စာသင်ပေးခဲ့သော်လည်း သူက မိုက်မဲပြီး ခေါင်းမာသောကြောင့် စာမေးပွဲ မအောင်ခဲ့ပေ။ ထို့နောက် လျိုမိသားစုက ဒုတိယသား လျိုပေါင်ကျူးကို စာသင်ကြားစေခဲ့သည်။ သို့သော် လျိုပေါင်စန်းက သာမန်စကားလုံးအချို့ကိုတော့ ရေးနိုင်သေးသည်။

စူးချင်းက သူ့ကို ဘာမှ မပြောဘဲ သူ ရေးနေသည်များကို ကြည့်နေပြီးမှ အောက်ခြေတွင် လက်မှတ်ထိုးပြီး ရက်စွဲရေးရန် ညွှန်ကြားနေသည်။ သူမက သူမ၏လက်ကို မြှောက်လိုက်ပြီး လျိုပေါင်စန်းနှာခေါင်းကို လက်သီးဖြင့် ထိုးလိုက်ရာ သွေးများ ချက်ချင်း ထွက်ကျလာသည်။

လျိုပေါင်စန်း အံ့အားသင့်နေချိန်မှာပင် စူးချင်းက လျိုပေါင်စန်း၏လက်မကို ဆုပ်ကိုင်လိုက်ပြီး သူ့ထံမှ ထွက်လာသော သွေးများထဲသို့ နှစ်ကာ စာရွက်ပေါ်တွင် သူ့လက်ဗွေကို နှိပ်စေခဲ့သည်။

စူးချင်းက ကျေနပ်သွားပြီး ကွာရှင်းစာကို ကောက်ယူလိုက်ကာ လျိုပေါင်စန်းကို ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းထဲတွင် လူသတ်လိုစိတ်များ ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် လျိုပေါင်စန်းက ထိတ်လန့်တကြားဖြစ်သွားပြီး အသနားခံသော မျက်လုံးများဖြင့် သူမကို  ကြည့်နေခဲ့သည်။

"သူ့ကို အရမ်းမုန်းတယ် ကျေးဇူးပြုပြီး သူ့ကို သေတာထက် ပိုဆိုးတဲ့ဘဝနဲ့ ရှင်သန်ရအောင် လုပ်ပေးပါ"

စူးချင်းက လျိုပေါင်စန်း၏ဘဝကို အဆုံးသတ်ခါနီးတွင် အမုန်းတရားများ ပြည့်နှက်နေသည့်အသံတစ်ခုက သူမ၏နားထဲသို့ လွင့်ပျံလာသည်။

စူးချင်းကို မော့ကြည့်လိုက်ချိန်တွင် ပိန်လှီလှသော ရွာသူလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏ပုံသဏ္ဍာန်က အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် မြူများကဲ့သို့ ပေါ့ပါးပြီး လိုက်မမှီလောက်အောင် လျင်မြန်လွန်းနေသည်။

သူမ ဝတ်ထားသော ၀တ်စုံက စူးချင်းကိုယ်တိုင်ဝတ်ဆင်ထားသော ဝတ်စုံနှင့် အတူတူ ဖြစ်နေပြီး လှပသောမျက်လုံးတစ်စုံက သူမကို သနားကရုဏာသက်ဖွယ် ကြည့်နေရင်း သူမ၏မျက်ရည်များက တစ်စက်စက် ကျဆင်းလာသည်။

သို့သော်လည်း တွန့်ဆုတ်ခြင်းများ မရှိဘဲ အဆုံးမဲ့ မုန်းတီးမှုများသာ ရှိနေခဲ့သည်။

ကောင်းပြီ” စူးချင်းက ပြောလိုက်သည်။

ဤသည်မှာ သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသော မူလပိုင်ရှင်၏ ဝိညာဉ်ဖြစ်ကြောင်း စူးချင်းက နားလည်လိုက်ပြီး သနားစရာကောင်းသော မိန်းကလေး၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန် သူမ ဆုံးဖြတ်လိုက်သည်။ သူမက လျိုပေါင်စန်း၏ လည်ပင်းမှ အင်္ကျီစကို အညှာတာကင်းစွာ ဆုပ်ကိုင်လိုက်ပြီး သူ့ကို မြေပြင်ပေါ်သို့ ပြန်ပစ်ချလိုက်သည်။ ထို့နောက် သူမက သူ့၏လက်ချောင်းများကို ရက်ရက်စက်စက် တစ်ချက်ချင်း နင်းချေလိုက်သည်။ လျိုပေါင်စန်းက အလွန်အမင်း နာကျင်မှုကြောင့် တုန်ယင်နေပြီး  အကြိမ်ပေါင်းများစွာ မော့မျောတော့မလို ဖြစ်နေကာ နာကျင်မူကြောင့် ပြန်နိုးလာရသည်။

အဆုံးတွင် စူးချင်းက လျိုပေါင်စန်း၏ နောက်ကျောကို ပြင်းပြင်းထန်ထန် နင်းလိုက်ရာ သူ့၏ခန္ဓာကိုယ်အော်ပိုင်းက နာကျင်မှုမှ လွတ်မြောက်သွားခဲ့သည်။

သူ ဒီဘဝမှာ ဘယ်တော့မှ မတ်တပ်ရပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အဲ့တာက သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာဖြစ်ပြီး  ပြီးပြည့်စုံတဲ့ အမှိုက်ကောင် ဖြစ်လာတော့မှာပါ။

လျိုပေါင်စန်းကို ဖြေရှင်းပြီးနောက်  စူးချင်းက ယောင်ဝါးဝါး ပုံရိပ်ကို မော့ကြည့်လိုက်ရာ ကြီးမားသော အမုန်းတရားအတွက် ကလဲ့စားချေရန် ဆန္ဒရှိနေသည့် မိန်းကလေး၏ ပျော်ရွှင်နေသော အမူအရာကို တွေ့လိုက်ရသည်။

"ကျေးဇူးတင်ပါတယ် မိန်းခလေး၊ ငါ မင်းကို တောင်ဆိုစရာတစ်ခု ရှိသေးတယ်။ ငါ့ကို အဲ့ဒိမိန်းမဆိုးကြီး အမျိုးသမီးစွင်းက ပြန်ပေးဆွဲခဲ့တာပါ။ ငါ့ရဲ့မိဘအရင်းတွေကို ပြန်ရှာတွေ့အောင် ကူညီပေးဖို့ တောင်းပန်ပါတယ်”

တစ္ဆေမလေးက သနားစဖွယ်ကောင်းလောက်အောင် အပြင်းအထန် ငိုကြွေးနေသော်လည်း စူးချင်း၏မျက်နှာ အမူအရာက အပြောင်းအလဲ မရှိဘဲ မူလအတိုင်းသာ ရှိနေခဲ့သည်။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ ကတိပေးလိုက်သည်။ “ငါ မင်းကို ကတိပေးတယ်”

စူးချင်းထံတွင် ကလေးဘဝ မရှိခဲ့ပေ။ သူမ မှတ်မိတက်သည့်အရွယ်မှစ၍ သူမက သတ်ဖြတ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရသည်။ သူမက သူမ၏ သတ်ဖြတ်နိုင်စွမ်းကို မြှင့်တင်ခဲ့ပြီး သူမ၏နှလုံးကို ခိုင်မာစေခဲ့သည်။

 

တစ္ဆေမလေးက သူမ၏ဆန္ဒပြည့်စုံသွားသောကြောင့် စူးချင်းကို လေးလေးနက်နက် ဦးညွှတ်ကာ ပျောက်သွားတော့သည်။

စူးချင်းကလည်း နောက်ထပ် မနှောင့်နှေးချင်တော့ပေ။ သူမ၏ မကောင်းသောခင်ပွန်းကို ဖြေရှင်းခဲ့ပြီး ကွာရှင်းစာကို ရယူပြီးနောက်တွင် နောက်တဆင့်အနေဖြင့် သူမ၏ဘဝကို သူမလိုချင်နေသည့် ဘဝလေးဖြင့် နေထိုင်ဖြတ်သန်းရတော့မည်ဖြစ်သည်။

သူမ၏ယခင်ဘဝတွင် သူမက သတ်ဖြတ်မှုများနှင့် အလွန်အမင်း ကျွမ်းဝင်နေခဲ့ပြီး နေ့တိုင်းနေ့တိုင်း လက်နက်များနှင့် သွေးများ၏အရိပ်အောက်တွင် နေထိုင်ခဲ့သည်။ ထို့အတွက် သူမ မောပန်းနွမ်းနယ်ခဲ့ရသည်။ သူမက အေးချမ်းသောဘဝဖြင့်သာ နေထိုင်လိုပြီး ရိုးသားသော ယောက်ျားတစ်ယောက်ကို ရှာကာ သူနှင့်လက်ထပ်ပြီး ချစ်စရာကောင်းသောကလေး အနည်းငယ်ကို မွေးကာ အသက်ကြီးသည်အထိ အတူတူ နေထိုင်ရန် ဆန္ဒရှိနေခဲ့သည်။

ဤခန္ဓာကိုယ်က တစ်နှစ်ပတ်လုံး နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရသောကြောင့် ပြင်းထန်သော ဝေဒနာကို ခံစားနေရသည်။ ကောင်းစွာ ပြုစုစောင့်ရှောက်ထားလျှင်ပင် အသက်ရှည်မည် မဟုတ်ပေ။

လွန်ခဲ့သောအခိုက်အတန့်တွင် သူမက လျိုပေါင်စန်းကို အနိုင်ယူနိုင်ရန် သူမ၏ယခင်ဘဝမှ စွမ်းအားကို အားကိုးခဲ့ရသည်။ ယခုအခါတွင် သူမ၏ ဝိညာဉ်စွမ်းအားများက ပျောက်ကွယ်သွားသောကြောင့် သူမ အလွန်အားနည်းနေပြီဖြစ်ကာ ခြေလှမ်းများပင် မလှမ်းနိုင်တော့ပေ။

ရှောင်ချီ”

စူးချင်းက ဤပျော့ညံ့သောခံစားချက်ကို မကြိုက်သလို သူမ၏ဒုတိယဘဝ မြန်မြန်ဆန်ဆန် အဆုံးသတ်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် သူမက ယခင်ဘဝက ကုသရေးစနစ်နှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။

စစ်ပွဲနတ်ဘုရားများသာလျှင် ပိုင်ဆိုင်နိုင်သော ထိုကဲ့သို့သောစနစ်မျိုးရှိ ခဲ့ပြီး ထိုစနစ်တွင် ဘုရားသခင်အဆင့် ဆေးပညာနှင့်ဆိုင်သော လုပ်ဆောင်မှုများနှင့် ရှေးကျသော လျှို့ဝှက်နည်းလမ်းအမျိုးမျိုးတို့ ပါဝင်သည်။ ထိုလျှို့ဝှက်ချက်နည်းများအတိုင်း ဆေးဘက်ဝင်အပင်များကို ပေါင်းစပ်ကာ ဒဏ်ရာနှင့် ဖျားနာမှု အမျိုးမျိုးကို ကုသပေးနိုင်သော ဆေးများကို ဖော်စပ်နိုင်သည်။

"သခင်၊ ရှောင်ချီ ရောက်ပါပြီ!"

သူမ၏ နားထဲတွင် သူမနှင့် ရင်းနှီးနေသော ချစ်စရာအသံလေးတစ်ခု ထွက်ပေါ်လာပြီး စူးချင်း၏အေးစက်သော မျက်လုံးများတွင် ရှားရှားပါးပါး အပြုံးရိပ်လေးတစ်ခု တောက်ပလာသည်။ သူမ၏ အထီးကျန်သော လူသတ်စက်ဘဝတွင် ထိုစနစ်က သူမ၏အတူ နေရာတိုင်းတွင်ရှိခဲ့ပြီး သူမ၏ အိမ်မွေးတိရစ္ဆာန်ကဲ့သို့ သူမနှင့်အတူ လိုက်ပါခဲ့ဖူးသည်။

သူမ ဒဏ်ရာရပြီး ပြန်လာတိုင်း သူမကို ကုသပေးပြီး မြန်မြန်ပြန်ကောင်းလာစေရန် ကူညီပေးခဲ့သည်မှာ ရှောင်ချီသာ ဖြစ်သည်။

စူးချင်းက သူမ၏ မထူးခြားသော အမူအရာဆီသို့ ပြန်ရောက်သွားပြီး သူမ၏အသံက အေးစက်စက်ဖြင့် ခံစားချက်မဲ့သွားကာ ရှောင်ချီကို အမိန့်ပေးလိုက်သည်။ “ငါ့ကို ကုသပေးပါဦး!

အင်း!” ရှောင်ချီက ချစ်စဖွယ်အမူအရာဖြင့် သဘောတူလိုက်ပြီး စူးချင်း၏ ခန္ဓာကိုယ်ကို စေ့စစေ့စပ်စပ် စကင်န်ဖတ်ရန် စတင်လိုက်သည်။ စကင်န်ဖတ်ပြီးနောက် သူမက သတင်းပြန်ပို့ပေးခဲ့သည်။ “ဦးခေါင်းပိုင်း အတော်အတန် သွေးခဲခြင်း၊ နှာခေါင်းရိုးကျိုးခြင်း၊ နံရိုးသုံးချောင်းကျိုးခြင်း၊ တစ်သျှူးများဒဏ်ရာရခြင်း၊ ပြင်းထန်သော အတွင်းပိုင်းပျက်စီးခြင်း၊ သရက်ရွက်ပေါက်ပြဲခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အသည်းသွေးယိုခြင်းတို့ကို တွေ့ရှိကြောင်း အစီရင်ခံပါတယ်။ သခင်က အချိန်မရွေး သေသွားနိုင်ပါတယ်”

ရှောင်ချီ၏အသံ‌က ငိုတော့မလို ဖြစ်နေကာ သူမက မူလပိုင်ရှင်အတွက် နာကျင်နေပုံရသည်။

ကုသပေးတော့” လေးနက်သော အသံဖြင့် အမိန့်ပေးနေရင်း စူးချင်း၏ မျက်ခုံးများက တွန့်ခေါက်နေသည်။

သူမ၏လူသတ်ချင်စိတ်က ထပ်တိုးလာပြန်သည်။ အဲဒီ ဂြိုလ်ဆိုးလိုလို သားရဲလိုလို ယုတ်မာလွန်းတဲ့ အမေနဲ့ သားက အသက်ရှင်ဖို့ မထိုက်တန်ဘူး။

"ကုသမှုအတွက် ဦးနှောက်ရှင်းလင်းရေးဆေးတစ်ပြား၊ ကြွက်သားနဲ့အရိုးတွေကို ငြိမ်သက်စေတဲ့ ဆေးတစ်ပြားဆေးတစ်ပြားနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆေးတစ်ပြား လိုအပ်ပါတယ်။ လောလောဆယ်မှာ ဆေးဝါးသိုလှောင်မှု မလုံလောက်တဲ့အတွက် သခင်က ဆေးဖက်ဝင်အပင်တွေကို ဖြည့်စွက်ပေးဖို့ လိုအပ်ပါတယ်”

စူးချင်းက သူမအတွက် ဆေးကို ဖြည့်စွက်ရန် ပိုက်ဆံမရှိသောကြောင့် ဆေးဖက်ဝင်အပင်များကို စုဆောင်းရန် တောင်ပေါ်သို့ သွားရတော့မည် ဖြစ်သည်။

သူမ ထွက်သွားရမယ်ဆိုရင်တောင် လျိုမိသားစုက ဒီအမေနဲ့ သားကို အခွင့်ကောင်းယူခွင့် မပေးနိုင်ဘူး။ အသက်ရှင်သန်ချင်ရင် ပိုက်ဆံနဲ့ စားစရာ ရှိရမယ်။ ပိုက်ဆံ အလုံအလောက်ရှာပြီးတာနဲ့ ဆေးဆိုင်ကို ဆေးသွားဝယ်လို့ရတယ်။

သူမက နာကျင်မှုကို သည်းခံကာ ရှာဖွေရေးကို စတင်လိုက်သည်။

လျူမိသားစုက အရင်ကနှင့် မတူတော့ပေ။ မူလပိုင်ရှင်၏ ရွှေဆွဲကြိုးနှင့် ရွှေလက်ကောက်ကို ရောင်းချခြင်းမှ ရရှိခဲ့သည့်ငွေများကို သူတို့က အားလုံးနီးပါး သုံးစွဲပြီး ဖြစ်နေသည်။ အိမ်ကလည်း ပြိုကျသွားသောကြောင့် ရှာဖွေရ ခက်ခဲနေသည်။

စူးချင်းက ငွေတစ်လျန်နှင့် ကြေးဒင်္ဂါးဒါဇင်အနည်းငယ်ကို ရှာဖွေရန် အချိန်အတော်ကြာအောင် ညည်းညူနေခဲ့ရသည်။ စားစရာများကလည်း မကျန်တော့ဘဲ အပျက်အစီးများအောက်မှာ နစ်မြုပ်နေခဲ့သည်။ သူမ လက်လျှော့ခါနီးတွင် အလင်းတန်းတစ်ခုက သူမမျက်လုံးထဲသို့ ဝင်ရောက်လာသည်။

စူးချင်းက ထိုနေရာသို့ လျှောက်သွားပြီး တောက်ပနေသော ထိုအရာဝတ္ထုကို ကောက်ယူရန် ခေါင်းငုံ့လိုက်သည်။

✍️✍️✍️