Ch-34
Viewers 5k

Ch-34 Unicode 


ယခုအခါ ဇူလိုင်လလယ်ရောက်နေပြီဖြစ်သည်။ နောက်ရက်အနည်းငယ်အတွင်း ဆောင်းဦးလလယ်ပွဲတော် ရောက်တော့မည်ပင်။ 


ဆောင်းဦးလလယ်ပွဲတော်ပြီးနောက် စတင်အခွန်ပေးဆောင်ရတော့မည်ဖြစ်သလို အခွန်ပေးဆောင်ပြီးနောက်ပိုင်း စပါးစိုက်ပျိုးရာသီသစ်အတွက် ပြင်ဆင်ရတော့မည်ဖြစ်သည်။ 


လယ်သမားတွေမှာ အနားယူဖို့ အချိန်ရှိပုံမရပါပေ။ ချန်ချင့်ကိုယ်တိုင်လည်း ဒီရက်တွေထဲမှာ စိုးရိမ်ကြောင့်ကြနေရသည်။ သူ့၏ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘာမှမလုပ်နိုင်သဖြင့် အိမ်မှုကိစ္စအားလုံးကို စွင်းတာ့ညန် တစ်ဦးတည်း လုပ်နေရလေ၏။ 


သူက စွင်းတာ့ညန်အား ကူညီပေးချင်ပါသော်လည်း စွင်းတာ့ညန်က ခွင့်မပြုပါချေ။ သူ အခုလို လျှောက်လုပ်နေရင် ဒဏ်ရာပြန်ကောင်းဖို့ အချိန်ပိုကြာမည့်အကြောင်း၊ ဆောင်းဦးစိုက်ပျိုးရာသီကို နှောင့်နှေးစေလိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။ 


သို့နှင့် ချန်ချင့်လည်း မလှုပ်ရှားရဲတော့ဘဲ အိမ်တံစက်မြိတ်အောက်၌ ထိုင်နေရုံသာရှိတော့သည်။ 


၅ရက်အကြာတွင် လီရှင်း ရောက်လာကာ အလွန်တက်ကြွနေပုံရသည်။ သူ ချန်ချင့်အား တွေ့သည်နှင့် စတင်ညည်းညူလေပြီ။ 


"ငါ နှစ်ရက်အတွင်း ပြန်ကောင်းလာတာ.. ဒါပေမယ့် ငါ့မိဘတွေက ငါ့ကို အပြင်ထွက်ခွင့်မပေးကြဘဲ အိမ်မှာ ၅ရက်လောက်နေခိုင်းထားလို့!" 


"ဦးလေးလီ မှန်ပါတယ်.. အိမ်မှာပဲ နောက်ထပ်နှစ်ရက်လောက်နေတာ ပိုကောင်းတာပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ မိုးမိခဲ့ကြတာလေ" 


ချန်ချင့် လက်ထဲတွင် ပန်းထိုးခြင်းတောင်း ကိုင်ထားလျက် ခြံဝင်းထဲမှာ ထိုင်နေလေ၏။ အဖြူရောင်လက်ကိုင်ပုဝါပေါ်တွင် ငှားငှားစွင့်စွင့် ပွင့်လန်းတော့မည့် ပန်းတစ်ပွင့်ကို ချည်ထိုးထားသည်။ 


လီရှင်း ခေါင်းလေးစောင်းလျက် အချိန်အတော်ကြာကြည့်နေပြီးမှ မေးလိုက်သည်။ 


"ဒီပန်းက ဘာလို့ မပွင့်တာလဲ" 


"ငါလည်းမသိဘူးလေ" ချန်ချင့် ရယ်မောလိုက်ရင်း 


"ဖြစ်နိုင်တာက ဒီလိုပုံစံလေးက ပိုကောင်းလို့" 


"လှပါတယ်" 


လီရှင်း ခဏလောက် စိတ်ဝင်တစားရှိနေပေမယ့် ပျင်းစရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူ ချန်ချင့်နှင့် အပြင်ထွက်ကစားချင်သော်လည်း ချန်ချင့်၏ ခြေထောက်မှာ အဆင်မပြေဖြစ်နေလေရာ အိမ်မှာပဲ မိသားစုရေးရာကိစ္စတွေကို ပြောနေတော့သည်။ 


"ငါ့အဖေကတော့ ချီရှုးနင်ကို ဒီနှစ်ဆောင်းဦးလလယ်ပွဲတော်ကို အိမ်မှာလာဆင်နွှဲဖို့ ခေါ်ထားတယ်.. မင်းမိသားစုကရော" 


ကံကောင်းထောက်မစွာဖြင့် သူ စိုးရိမ်နေသည့်ကိစ္စမဖြစ်ခဲ့ပါပေ။ အားနည်းဖျော့တော့တဲ့ ချီရှုးနင် မဖျားသွားခဲ့ဘူး.. 


ချန်ချင့် ပြန်ဖြေလိုက်သည်။ 


"ငါနဲ့ ငါ့အမေပဲလေ.. ငါတို့မှာ တခြားဆွေမျိုးသားချင်းတွေ မရှိဘူး" 


လီရှင်းတစ်ယောက် စိတ်ထဲကနေ ကျိုးယွမ်အား ပြောနေချေပြီ။ 


"ဒီအရူးကတော့.. ခင်ဗျားက တစ်ယောက်ထဲဖြစ်နေလို့ သူတို့နဲ့အတူတူ ပွဲတော်ဆင်နွှဲဖို့အကြောင်း ပြောသင့်တာလေ.. တကယ်တုံးအလိုက်တာ" 


"ဒါဆို ဒီနှစ်ရက်အတွင်း ကျင်းပမယ့် စျေးပွဲတော်ကြီးကို မင်း သွားလို့မရဘူးပေါ့" 


လီရှင်းက ချန်ချင့်၏ ရောင်နေသော ခြေကျင်းဝတ်ဆီ တစ်ချက်လှမ်းကြည့်လိုက်ကာ 


"ဒါတွေအားလုံး ငါ့အပြစ်တွေပဲ.. ငါ မင်းကို တောင်ပေါ်တက်ဖို့ မခေါ်သွားသင့်တာ" 


ချန်ချင့် လီရှင်း ခေါင်းကိုခေါက်လိုက်ပြီး 


"ပေါက်ကရတွေလျှောက်​ပြောမနေနဲ့" 


မြို့ထဲ၌ ဈေးပွဲတော်ကြီး မစတင်ခင်အထိ လီရှင်းက နေ့တိုင်း ချန်ချင့်ဆီ ရောက်လာကာ စကားစမြည်လာပြောခဲ့သည်။ 


နှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တိုင်း မြို့ထဲ၌ ဈေးပွဲတော်ကြီးရှိပြီး အရာအားလုံး ရောင်းချကြကာ လွန်စွာသက်ဝင်လှုပ်ရှားလှသည်။ 


ထိုနေ့တွင် အိမ်ထောင်စုအားလုံးနီးပါး ဈေးသို့သွားလေ့ရှိကြသည်။ ပွဲတော်အတွက် လိုအပ်တာတွေဝယ်ဖို့လဲ ဖြစ်နိုင်သလို ကလေးတွေအတွက် သရေစာမုန့်လေးတွေ ဝယ်ပေးတာလဲ ဖြစ်နိုင်တယ်.. ဒါမှမဟုတ် သက်သက်အပျော်သွားကြည့်တာလဲ ဖြစ်နိုင်တယ်.. 


အရင်တုန်းက ချန်ချင့်နှင့် စွင်းတာ့ညန်တို့ အမြဲတမ်း အတူတူသွားခဲ့ကြပေမယ့် ဤနှစ်တွင်မူ ချန်ချင့်၏ ခြေထောက်ဒဏ်ရာကြောင့် စွင်းတာ့ညန် တစ်ယောက်တည်း သွားရပေမည်။ 


ချန်ချင့် အိမ်မှာ တစ်ယောက်တည်းရှိနေစဥ် မတော်တဆတစ်ခုခုဖြစ်မှာကို စွင်းတာ့ညန် စိုးရိမ်နေသဖြင့် ချန်ချင့်လည်း ပြုံးပြရင်း ဘာမတော်တဆမှ ဖြစ်စရာမရှိကြောင်း၊ သူ အိမ်မှာပဲနေမှာဖြစ်လို့ ဘာမှဖြစ်မှာမဟုတ်ကြောင်း ပြောခဲ့သည်။ 


အဒေါ်လျိုက သူမကို တံခါးဝမှာ လာခေါ်နေပြီဖြစ်ရာ အဒေါ်လျိုနှင့် လိုက်သွားရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။ 


စွင်းတာ့ညန် ထွက်သွားသည့်နောက် ချန်ချင့်လည်း သူ့အခန်းထဲမှ ခြေတစ်ပေါင်ကျိုး ခုန်ထွက်လာခဲ့ပြီး ခြံထဲမှာ ထိုင်လိုက်၏။ ထို့နောက် သူ့၏ အပ်နှင့် ချည်မျှင်များကို ကောက်ယူကာ ဆက်လက်ပန်းထိုးနေလိုက်သည်။ 


တစ်ရွာလုံး အပြင်ထွက်သွားပုံရသည်ပင်။ ပတ်ဝန်းကျင်တစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသလို ချန်ချင့် ခံစားလိုက်ရပြီး သူ့နှလုံးခုန်သံ အနည်းငယ် မြန်ဆန်လာကာ လက်ကိုင်ပုဝါ ပန်းထိုးနေရင်း သူ့လက်ချောင်းကို ထပ်မံအပ်ထိုးမိသွားရပြန်သည်။ 


ချန်ချင့် စိတ်မတည်မငြိမ်ဖြစ်နေ၍ နံရံကို အားပြုလျက် ခြံဝင်းထဲက ထွက်လာခဲ့ပြီး မနီးမဝေးရှိ ကျိုးယွမ်၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ 


မူလက သူ့အိမ်ဘေးမှာ ကြိုးချည်ထားသော နွားသည်လည်း ရှိမနေချေ။ သူလည်း အပျော်ကြည့်ဖို့ ဈေးပွဲတော်ကြီးဆီ သွားတယ်ထင်ပါရဲ့.. 


ချန်ချင့် ခြံထဲသို့ ပြန်လာကာ သူ့ခြေကျင်းဝတ်ကို တစ်ချက်ကြည့်လိုက်သည်။ အယောင်တော့ကျသွားပြီ ကြည့်လို့တော့ အဆင်ပြေသားပါပဲလေ.. ဒါပေမဲ့ လမ်းလျှောက်ရင်တော့ နာနေတုန်းပဲ.. 


ဆောင်းဦးလလယ်ပွဲတော်အပြီးတွင် သူ့ခြေထောက်ဒဏ်ရာ လုံးဝကောင်းသွားလောက်ပြီဟု တွေးနေမိလျက်။ 


ဩဂုတ်လ၏ နေရောင်ခြည်မှာ အနည်းငယ် ပူပြင်းနေဆဲပင်။ ချန်ချင့် အိမ်တံစက်မြိတ်အောက်တွင် ထိုင်ကာ တစ်ရေးတစ်မော အိပ်လိုက်သည်။ 


ချန်ချင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခါနီးတွင် တံခါးအပြင်ဘက်မှာ ဆူညံနေသော ခြေသံများစွာကို ကြားလိုက်ရပြီး သူတို့အိမ်တံခါးအား ပြင်းပြင်းထန်ထန် ကန်ဖွင့်ခံလိုက်ရသည့် အသံကိုပါ ကြားလိုက်ရလေ၏။ 


ချန်ချင့် ရုတ်တရက် မျက်လုံးပွင့်လာကာ ဇူလိုင်လ ၁၅ရက်နေ့တုန်းက အလည်ရောက်လာခဲ့သော စွင်းခန်းကို တွေ့လိုက်ရလေသည်။ သူ့နောက်တွင်လည်း လူများစွာလိုက်ပါလာကြ၏။ ကြည့်ရတာ အားလုံးက သူ့မိသားစုဝင်တွေ ဖြစ်ပုံရတယ်.. 


သူတို့၏ အဆင်မပြေခဲ့သော နောက်ဆုံးတွေ့ဆုံမှုကို ချန်ချင့် ပြန်သတိရလိုက်ကာ အနည်းငယ် သတိရှိသွားခဲ့သည်။ 


"ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ" 


"ဝယ်ထားတဲ့လူတွေက လောကဝတ်မရှိဘူးလို့ ငါပြောသားပဲ" စွင်းခန်း ပြောလိုက်သည်။ 


"မင်း ငါ့ကို ဦးလေးလို့ ခေါ်ရမှန်းတောင် မသိဘူးလားကွ" 


စွင်းခန်းနှင့်အတူ လိုက်ပါလာကြသည်မှာ စွင်းမိသားစုမှ ညီအကိုနှစ်ယောက်အပြင် စွင်းခန်း၏သား စွင်းဝေ၊ စွင်းခန်း၏ ဖူးလန် နှင့် စွင်းမိသားစုဝင် စွင်းလောင်အာ့၏ သား စွင်းတာ့နျိုဖြစ်သည်။ 


ချန်ချင့် ထရပ်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး 


"အမေ ဒီနေ့ အိမ်မှာမရှိဘူး" 


"မင်းအမေကိုရှာဖို့ ငါတို့လာတာမဟုတ်ဘူးကွ" 


စွင်းခန်းက ချန်ချင့်၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို ကြည့်လိုက်ပြီးနောက် အရွယ်ရောက်အမျိုးသား ၅ယောက်နှင့် တစ်နှစ်ပတ်လုံး လယ်အလုပ်လုပ်ထားသော ခင်ပွန်းဖြစ်သူကို တစ်ချက်ကြည့်လိုက်၏။ 


ကိစ္စကတော့ ဒီနေ့ ပြီးပြတ်လိမ့်မယ်လို့ ထင်ပါရဲ့.. 


စွင်းလောင်အာ့ကို သူ ပြောလိုက်သည်။ 


"အိမ်ထဲဝင်ပြီးတော့ စာချုပ်ကိုရှာ.. ပြီးတော့ ဒီကောကို ကြိုးချည်ဖို့ နှစ်ယောက်က ငါနဲ့လိုက်ခဲ့ကြ" 


"ကောင်းပြီ" 


သို့နှင့် လူငါးဦးက ချန်ချင့်ဆီသို့ ပြေးသွားလိုက်ကြသည်။ တစ်စုံတစ်ခု မှားနေပြီမှန်း ချန်ချင့် မြင်လိုက်သဖြင့် သူ့ခြေထောက်ဒဏ်ရာအား မမှုတော့ဘဲ သူ့၏ ပါးလျလျ အခန်းတံခါးပေါက်ဆီ အပြေးသွားကာ တင်းတင်းကျပ်ကျပ် ဖိမှီထားလိုက်သည်။ 


တစ်ဖက်တွင်မူ စွင်းလောင်အာ့က စွင်းတာ့ညန်၏ အခန်းထဲဝင်၍ သူမ၏အိပ်ရာကို လှန်လှောပစ်လိုက်ရာ ကုတင်အောက်ခြေရှိ ကောက်ရိုးအောက်မှ စာရွက်စာတမ်းနှစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့သည်။ 


စွင်းလောင်အာ့က စာမတတ်သူဖြစ်၍ ၄င်းတို့အား သူ့အင်္ကျီအတွင်း ကြုံသလိုထိုးထည့်ထားလိုက်သည်။  


ဒါနဲ့ဆို သူတို့အဖို့ ချန်ချင့်ကို ရောင်းရတာ ပိုလွယ်သွားမှာပဲ.. 


စွင်းခန်း၏ အသံမှာ တံခါးမှတစ်ဆင့် ဝင်ရောက်လာခဲ့သည်။ 


"နဂိုကတည်းက မင်းကို ငါ့ညီမက ဝယ်ခဲ့တာပဲ.. အခု ငါ့တူလေး သေသွားပြီကို မင်းက ငါ့ညီမအိမ်မှာ အရှက်မရှိနေနေသေးတာလား" 


"မုန့်ထောင်းအတွက် ကျွန်တော် ဝမ်းနည်းပူဆွေးခဲ့တယ်.. ကျွန်တော်က မုန့်မိသားစုရဲ့ ဖူးလန်ပဲ" 


ချန်ချင့်၏ အသံမှာ တုန်ယင်နေလျက် : "အမေက ကျွန်တော့်ကို ထပ်ရောင်းမှာမဟုတ်ဘူး" 


"သူမက မင်းကိုလှည့်စားနေတာ.. မင်းက သူမဆီမှာ ရှိနေတဲ့ မုန့်ထောင်းရဲ့ ပင်စင်ငွေကို တွေးနေတာ ဟုတ်တယ်မလား" 


စွင်းခန်း တံခါးအား ကန်နေရင်း 


"စိတ်မပူနဲ့.. မင်းအတွက် ငါတို့ရှာတွေ့ထားတဲ့နေရာက ဒီတောင်ပေါ်ရွာလေးထက် အများကြီး ပိုကောင်းတယ်ကွာ.. မင်း အဲဒီကိုသွားရင် သခင်မလေးလို ဆက်ဆံခံရမယ်ဆိုတာ ငါအာမခံတယ်" 


ချန်ချင့် သူ့ကို မယုံကြည်ဘဲ တံခါးဘောင်၌ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားလိုက်သည်။ 


"ဒါ ငါ့အိမ်.. ထွက်သွားကြ!" 


"ဝယ်ယူထားတဲ့ဖူးလန်ကများ ငါတို့ကို ထွက်သွားဖို့ ပြောရဲတယ်!" 


စွင်းမိသားစု၏ တတိယသားက ဒေါသထွက်သွားကာ 


"အကိုကြီး ဘေးဖယ်" 


ထို့နောက် အမျိုးသားသုံးယောက် တံခါးကို အတူတူ တွန်းရိုက်နေကြသဖြင့် မကြာမီတွင် ပါးလျလျတံခါးဘောင်မှာ အမျိုးသားသုံးယောက်၏ ခွန်အားကို မခံနိုင်တော့ပေ။ 


တံခါးအား ကန်ဖွင့်ခံလိုက်ရ၍ တံခါးဘောင်ကို ပိတ်ဆို့နေသော ချန်ချင့်ခမျာ ​ကြမ်းပြင်ပေါ် လဲကျသွားရလေပြီ။ သူ ပြေးချင်သော်လည်း စွင်းဝေက သူ့၏ ဒဏ်ရာရထားသော ခြေကျင်းဝတ်ကို တက်နင်းထားခဲ့သည်။ 


အသည်းခိုက်လောက်အောင် နာကျင်သွားရသဖြင့် ချန်ချင့် အေးစက်စက်ချွေးစီးများ ထွက်လာရ၏။ 


စွင်းခန်း၏ ဖူးလန်က သူ့ခါးမှကြိုးကို ယူလိုက်ပြီး ချန်ချင့်အား ကြိုးချည်လိုက်ကာ ချန်ချင့်၏ပါးစပ်ကို အုပ်ရန် အဝတ်စတစ်စကို ရှာလိုက်သည်။ 


"မြန်မြန်လုပ် သွားကြမယ်.. တစ်ယောက်ယောက်လာရင် မကောင်းဘူး" 


သို့သော် စွင်းလောင်အာ့မှာ မထွက်သွားချင်ပေ။ စွင်းတာ့ညန် ဖွက်ထားသော ငွေတွေကို တွေ့လိုတွေ့ငြား သူမအခန်းကို နောက်တစ်ခါ မြေလှန်ရှာပြန်သည်။ 


"ငါတို့ ငွေတွေရှာတွေ့ရင် ယူသွားကြမယ်လေ.. ဒါမှ ဒီဖူးလန်က ငွေတွေယူပြီး ထွက်ပြေးသွားတယ်လို့ တခြားသူတွေ ထင်ကြမှာပေါ့.. ငါတို့နဲ့ဆက်စပ်မယ်လို့ ဘယ်သူကထင်မှာလဲ" 


စွင်းလောင်အာ့သည် စွင်းတာ့ညန်၏ အခန်းကို ရှာဖွေပြီးနောက် ချန်ချင့်၏ အခန်းကို သွားရှာပြန်သည်။ 


စွင်းတာ့ညန်၏ အခန်းတွင် ဘာမှမတွေ့ခဲ့ရပေမယ့် ချန်ချင့်၏ အခန်းတွင်မူ ကြေးဒင်္ဂါးပြားနည်းနည်း တွေ့ခဲ့ရသည်။ 


အချိန်တွေ ကြန့်ကြာနေတာကြောင့် စွင်းခန်း အော်လိုက်တော့သည်။ 


"မြန်မြန်လုပ်! တစ်ယောက်ယောက် ပြန်လာရင် ပြဿနာတက်လိမ့်မယ်ကွ" 


သူသည် ဘေးအိမ်က အရပ်ရှည်ရှည်အမျိုးသားကို မှတ်မိနေသေးဆဲ။ အဲဒီလူပြန်လာရင်တော့ ဒီနေ့ကိစ္စတော့ သွားပြီပဲ.. 


သို့နှင့် လူတစ်စုက ချန်ချင့်အား သယ်ကာ အိမ်ကနေ ထွက်လာခဲ့ကြသည်။ သူတို့ ဤနေရာကို တစ်ခါမှမရောက်ခဲ့လေသည့်အလား အလွန်မြန်မြန်ဆန်ဆန် လျှောက်နေခဲ့ကြသည်။ 


ချန်ချင့် ဆက်တိုက်ရုန်းကန်နေခဲ့သည်။ သူ့အိမ်နှင့် တဖြေးဖြေး ဝေးသထက် ဝေးလာသည်ကို ကြည့်ရင်း ဝမ်းနည်းမှုတို့ လျှံတက်လာရလျက်။ 


သူ ဒီအိမ်မှာ အခြေချပြီးကတည်းက ဒီအိမ်ကနေ ထွက်သွားဖို့ တစ်ခါမှမတွေးခဲ့ဖူးဘူး.. 


သူ့ကိုယ်သူ ဘယ်လိုကယ်တင်ရမလဲ.. ချန်ချင့် စိတ်ပျက်အားငယ်စွာဖြင့် တွေးနေမိလျက်။


xxx