Chapter 12
ရင်ဆိုင်တွေ့ကြခြင်း
ရှန်းယွဲ့က တစ်ချိန်က မည်သူမှ မလွှမ်းမိုးနိုင်သော ကောင်းကင်ဘုံ သားတော်လေး ဖြစ်ခဲ့ပြီး ရှန်းအုပ်စု၏ အနာဂတ်ခေါင်းဆောင်လည်း ဖြစ်ပေသည်။ သူ၏ ကားမတော်တဆမှုကြောင့်သာ သူဘယ်တော့မှ ပြန်လည် ထူထောင်လာနိုင်မှာ မဟုတ်ဘဲ ရှန်းဂရု၏ အခွင့်အလမ်းများကိုလည်း ဆုံရှုံးခဲ့ရသည်။ သူ့ဇနီးကတောင် သူလက်ထပ်ချင်သည့်သူ မဟုတ်ခဲ့ပေ။ သူမသာ ကူးပြောင်းလာခဲ့တာသာ မဟုတ်ခဲ့ရင် သူ မူလကိုယ်၏ လက်ထဲမှာ မည်ကဲ့သို့ နှိပ်စက် ညှင်းပန်းမှုများ တွေ့ကြုံရနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။
သူက အခု သူ့မုတ်ဆိတ်မွှေးတွေကိုတောင် မရိတ်ချင်တော့။
ထန်ချောင်းချောင်း တစ်ခဏလောက် ဘာစကားမှ မပြောဘဲနေခဲ့သည်။ ထို့ကြောင့် ရှန်းယွဲ့က သူပြောတာ များသွားပြီလားဟု စိုးရိမ်လာခဲ့တော့သည်။
သူက ကိစ္စကြီးကြီး ဖြစ်သည့် 'စုတ်ပြတ်နေတဲ့ မနက်စာ' ကိုသာ ပြောခဲ့တာဖြစ်လေသည်။
သူက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည် "နောက်တစ်ခါ အရမ်းထူအောင် မလုပ်နဲ့"
"အိုး" ထန်ချောင်းချောင်း အားရပါးရ ရယ်မောလိုက်တော့သည်။
ထိုသူက တကယ့်ကိုပဲ သူမရဲ့အရင်ဘဝက တာအိုဘာသာကျောင်းက ကြောင်လေးနဲ့ ပိုပိုတူလာတာပဲ။ ၎င်းက မကြာခဏ စိတ်ကြီးဝင်လေ့ရှိပြီး အကျင့် နည်းနည်းဆိုးသော်လည်း တစ်ခါတစ်ရံ နူးညံ့သွားသည့်အခါ အနည်းငယ် ချစ်ဖို့လည်း ကောင်းသည်။
ရှန်းယွဲ့: "မင်းဘာပြောမလို့လဲ..."
ထန်ချောင်းချောင်းက စိတ်လှုပ်ရှားကာ ပြောလိုက်သည်
"ကျွန်မ အောက်ထပ်က ဥယျာဥ်ကို သုံးလို့ရမလားလို့... ဘာပဲဖြစ်ဖြစ် မြေအလွတ်ထားတာက ဖြုန်တီးရာကျတယ်လေ"
"ဘာလို့ မေးတာလဲ... မင်းက ပန်းစိုက်ချင်လို့လား"
ထန်ချောင်းချောင်းက သူမ၏ လက်ညှိုးကို ယမ်းပြလိုက်သည်
"နိုး... အသီးအရွက် စိုက်မှာ"
"ဗီလာရဲ့ ဥယျာဥ်မှာ အသီးအရွက် စိုက်မှာတဲ့လား... ရှန်းမိသားစုက ငွေပြတ်နေလို့လား" ရှန်းယွဲ့က လှောင်ရယ် လိုက်သည်။
"ကျွန်မ စိုက်မဲ့ အသီးအရွက်တွေက ကျွန်မအခုချက်ထားတာတွေထက် ပိုစားကောင်းတယ်နော်"
ထန်ချောင်းချောင်းက သူမခေါင်းကို မော့လိုက်သည်
"ဘယ်လိုပဲ ဖြစ်ဖြစ်... အရေးကြီးတာက အဲ့တာ ရှင့်အတွက်ကြောင့်လေ"
ရှန်းယွဲ့က ခဏလောက် အေးခဲသွားပြီးနောက် လှောင်ရယ်လိုက်သည် "မင်းစားရတာ ကြိုက်တယ်ဆိုရင်တောင် ငါ့အလုပ် မဟုတ်ဘူး"
ထန်ချောင်းချောင်းက သူ့ကို သူမ၏ ကတ်အချို့ ထုတ်ပြလိုက်ဖို့ ဆုံးဖြတ်လိုက်သည် "ရှင်မတ်တပ် မရပ်ချင်ဘူးလား"
ထိုအကြောင်းကို ပြောလိုက်သောအခါ ရှန်းယွဲ့၏ မျက်နှာက အေးစက်လာတော့သည်။
"ကျွန်မကသာ အစားအသောက် ကုထုံးတစ်ခု ... ပြောရရင် ရှင့်ခြေထောက်ကို ကုသနိုင်မဲ့ လျှို့ဝှက် အပ်စိုက်ကုထုံးတစ်ခု ရှိတယ်လို့ ပြောရင် ရှင်ယုံမှာလား"
ရှန်းယွဲ့ကတော့ သူမက အဓိပ္ပါယ် မရှိတာတွေ ပြောနေသည်ဟုသာ တွေးလိုက်တော့သည်။ ကမ္ဘာပေါ်က ထိပ်တန်း ဆရာဝန် များစွာကတောင် သူ့အခြေအနေကို လက်လျှော့ထားခဲ့ကြသည်။ ထို 18လိုင်းသရုပ်ဆောင်လေးက ဘာများ လုပ်နိုင်မှာတဲ့လဲ...
"အခု ရှင် မယုံသေးဘူးဆိုတာ ကျွန်မသိတယ်.... ဒါပေမယ့် နောက်ကျရင် ရှင် သိလာလိမ့်မယ်"
ရှန်းယွဲ့ကတော့ အစားအသောက်ကုထုံးကို လုံးဝ မယုံကြည်ပေ။ သူက သူမ၏ ပွင့်လင်းလှသော မျက်လုံးများနှင့် ဆုံသောအခါ ခဏလောက် တွေးလိုက်ပြီးနောက် ပြောလိုက်သည်။ "မင်းလုပ်ချင်တာလုပ်.. ဒါပေမယ့် ဥယျာဥ်ထဲမှာ အမှိုက်တွေ လုပ်ထားရင် မြေရှင်းလိုက်တဲ့အခါကျ ငါ့ကို အပြစ်မတင်နဲ့"
ထန်ချောင်းချောင်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည် "စိတ်မပူပါနဲ့"
ထန်ချောင်းချောင်းက ပြောသည့်အတိုင်း လုပ်ခဲ့သည်။ နောက်တစ်နေ့ မနက်တွင် သူမက မြေဗလာပေါ်တွင် ထွန်ယက်ကာ အသီးအရွက်ခင်းတစ်ခု ပြုလုပ်ရန် ဗီလာရှိ အလုပ်သမားအားလုံးကို ခေါ်လိုက်သည်။
သူမက မရပ်မနား အလုပ်လုပ်တော့မည့် ဆဲဆဲတွင် မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ယောက်က ဗီလာဆီ ရောက်လာကြသည်- ရှန်းလျန့်နှင့် သူအမေဖြစ်သော ရှန်းယွဲ့၏ မရီး ဟူဟုန်တို့ပင်။
"အန်တီဝမ်... ဧည့်သည်တွေကို အရင်ဧည့်ခံထားပါ... ကျွန်မ အဝတ်သွားလဲပြီးရင် ပြန်လာခဲ့မယ်"
တစ်ဖက်လူက လူကောင်းများ မဟုတ်ကြ။ ထို့ကြောင့်ပင် သူမ၏ အရှိန်အဟုန်ကို ဆုံးရှုံး၍ မဖြစ်ပေ။
ရှန်းလျန့်က ဆိုဖာပေါ်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ သူက ထိုဗီလာမှာ အိပ်မပျော်သွားချင်ခဲ့ပေ။
"ကျွန်တော် မပြောခဲ့ဘူးလား... ဒါပေမယ့် အမေက အတင်း ခေါ်လာတာလေ... ကျွန်တော်က ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ"
ဟူဟုန်က အပြာရောင် ကတ္တီပါ ဝတ်စုံကို လည်ပင်းပေါ်တွင် ပုလဲလည်ဆွဲကြီးကြီး တစ်ကုံးဖြင့် ဝတ်ဆင်ထားကာ အရာအားလုံးက သူမ၏ မြင့်မြတ်သော ဟန်အမူအယာကို ပြသနေသည်။
သူမက သူ့သားကို ခပ်ဖွဖွ ပုတ်လိုက်သည် "အမေလည်း သားကို ဒီကိုလာဖို့ တွန်းအား မပေးချင်ပါဘူး... ဒါပေမယ့် သားအဘွား ဒီကိစ္စကို သိသွားလိမ့်မယ်ဆိုတာ ဘယ်သူကသိမှာလဲ... သားဘာမှ လုပ်စရာ မလိုဘူး... ဒီတိုင်းလေးသာနေ"
ဘယ်သူကများ အတင်းအဖျင်းတွေပြောနေပြီး ရှန်းလျန့်က ထန်ချောင်းချောင်းကို တွန်းလိုက်တယ်လို့ သမုဒ္ဒရာ တစ်ဖက်ကမ်းက အမျိုးသမီးအိုကြီး သိအောင် လုပ်လိုက်တယ်ဆိုတာ ဘယ်သူက သိခဲ့မှာလဲ။ ထိုအမျိုးသမီးကြီးက သူမကို ဖုန်းဆက်ခေါ်ပြီး ဆူခဲ့သည်။ ရှန်းလျန့်ကလည်း သူ့အဒေါ်ကို ကိုယ်တိုင်ကိုယ်ကျ သွားပြီးတောင်းပန်ရအုံးမည်။
ရှန်းမိသားစုကို တွယ်တက်နိုင်တာကို ထန်ချောင်းချောင်းရဲ့ ရှစ်ဘဝစာလောက် ကောင်းမှုကုသိုလ် လုပ်ခဲ့ရတဲ့ ကောင်းချီးတစ်ခု ဖြစ်နေပြီးသားကို သူမက ကျားတစ်ကောင်လို ဟန်ဆောင်ချင်သေးတယ်... ဒီယောင်းမက နင့်ကို ဘယ်လို စည်းကမ်းတွေ သင်ပြပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်...
"အိုး... လာခဲတဲ့ဧည့်သည်တွေပဲ" ကြွပ်ဆတ်ဆတ် မိန်းကလေးအသံက အပေါ်ထပ်မှ ထွက်လာခဲ့သည်။ ဟူမြောင်နှင့် ရှန်းလျန့်တို့ တစ်ချိန်တည်း လှမ်းကြည့်မိလိုက်သည်။
ထန်ချောင်းချောင်းက ကိုယ်လုံးသွယ်သွယ်နှင့် ကွက်တိကျနေသော ရှန်ပိန်အရောင် ဝတ်စုံရှည်ကို ဝတ်ထားကာ ဆံပင်တွေကို နောက်မှာ ဖြန့်ချထားပြီး သူမမျက်နှာကို မိတ်ကပ်ပါးပါး လိမ်းခြယ်ထားသည်။ သူမက သူမလက်များကို လှေကားလက်ရန်းပေါ်တွင်တင်ကာ အောက်ထပ်သို့ ဆင်းလာနေသည်။ ရှန်းလျန့်က အတင်းအကြပ် ထွက်ပေါ်လာသော သူမ၏ အရှိန်အဝါများကြောင့် ကြက်သေသေသွားတော့၏။
ဧည့်ခန်းထဲတွင် ထန်ချောင်းချောင်းနှင့် ဟူဟုန်တို့က ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ထန်ချောင်းချောင်းက ဟူဟုန်ရှေ့က လက်ဖက်ရည်ခွက်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
"အန်တီဝမ်... ကျွန်မတို့အိမ်ကို ဧည့်သည်ရောက်လာတာ ရှားတာပဲကို... ဘယ်လို လက်ဖက်ရည်မျိုးတွေ ယူလာတာလဲ...ရှန်းယွဲ့ စုထားတဲ့ ထိပ်တန်းအရည်အသွေး လက်ဖက်ရွက်တွေနဲ့ သုံးပြီးပြန်ယူလာပေးခဲ့"
ထန်ချောင်းချောင်းက ကျက်သရေ ရှိစွာပင် ပြုံးလိုက်သည်၊
"လူတွေကို ကျွန်မတို့က ဧည့်ဝတ်မကျေဘူးလို့ ထင်မသွားစေနဲ့လေ"။
"ဟုတ်ကဲ့ပါ.. မဒမ်" အန်တီဝမ်က ရေနွေးခွက်များကို တလေးတစား ပြန်သယ်သွားသည်။
ဟူဟုန်က သူမရှေ့မှ ထိုမိန်းမကို သံသယ အပြည့်ဖြင့် ကြည့်လိုက်သည်။ အရာအားလုံးက သူမမျှော်မှန်းထားသည်နှင့် အလုံးစုံ ကွာခြားလို့နေသည်။
ထန်ချောင်းချောင်းက ဘယ်လိုလုပ်ပြီး ဒုတိယထပ်ကနေ ဆင်းလာရတာလဲ... သူမကြားထားသည့် သတင်းများအရ ထန်ချောင်းချောင်းက လက်ထပ်ပြီးကတည်းက ပထမထပ်မှာပဲ နေလာခဲ့တာဟုပင်။ ဒုတိယထပ်က ရှန်းယွဲ့၏ နေရာ ဖြစ်ပြီး သူမကလည်း ဒုတိယထပ်ကို လုံးဝ မတက်ခဲ့။
ထို့အပြင် သူမနှင့် ရှန်းယွဲ့ကလည်း တစ်ယောက်နှင့် တစ်ယောက် မကြည့်ချင်ခဲ့ကြပေ။ သို့သော်လည်း ယခုမူ သူမက အိမ်ကြီးရှင်ကတော်သဖွယ် အမှန်တကယ် ပြုမူနေကာ အန်တီဝမ်ကလည်း အိမ်ဟောင်းမှ ပြောင်းလာခဲ့သော သက်တမ်းရင့် ဝန်ထမ်း ဖြစ်သော်ငြား သူမစကားကို အလွန်နားထောင်နေခဲ့သည်။
အန်တီဝမ်က လက်ဖက်ရည်ကို ပြန်ဖျော်ပြီး ယူလာပေးခဲ့သည်။ ထန်ချောင်းချောင်းက ပြောလိုက်သည်၊
"ယောင်းမက အရမ်းအလုပ်ရှုပ်တာပဲကို ဒီနေ့ ဘာလို့များ ရောက်လာရတာလဲ"
ဟူဟုန်က သူမမျက်နှာအမူအယာကို ဖျစ်ညှစ်လိုက်ပြီး နှုတ်ဆက်စကားဆိုသည်၊ "ငါမင်းကို လာကြည့်တာလေ... မင်းတို့လက်ထပ်တာ တော်တော်ကြာပြီ... နေသားကျသွားပြီလား... ရှန်းယွဲ့ နဲ့ အတူနေရတာဘယ်လိုလဲ..."
ထန်ချောင်းချောင်း ခပ်ရှက်ရှက် ပြုံးနေသလို ဟန်ဆောင်ပြီး ပြန်ဖြေလိုက်သည်၊
"ကျွန်မတို့ အဆင်ပြေပါတယ်... သူက အခု တစ်နေ့လေးတောင်မှ ကျွန်မနဲ့ ခွဲမနေနိုင်တော့ဘူးလေ"
သူမ မလိမ်ခဲ့ပေ။ အခုတော့ ရှန်းယွဲ့က သူမချက်တာကိုပဲ စားနိုင်တော့သည်။ သူက သူမ ချက်သော အစားအစာများ မရှိဘဲ အသက်မရှင်နိုင်တော့။
ထိုအချိန်တွင် ဒုတိယထပ်မှ ရှန်းယွဲ့၏ အခန်းတံခါးက ခပ်ကျယ်ကျယ် ပွင့်နေခဲ့သည်။ ရှန်းယွဲ့၏ နားရွက်များက အောက်ထပ်က စကားသံများကို ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။
'သူ မရှိဘဲ တစ်ရက်ကလေးတောင်မနေနိုင်ဘူး...'
'ထန်ချောင်းချောင်းက ဒီလိုစကားကို ပြောထွက်တဲ့အထိ အရှက်မဲ့လိုက်တာ'
"ကောင်းတာပေါ့" ဟူဟုန်က ပြောလိုက်သည်၊
"သခင်မကြီးနဲ့ မင်းရဲ့ အကြီးဆုံးအစ်ကိုတို့က ရှန်းယွဲ့ရဲ့ ခန္ဓာကိုယ်ကို အရမ်းဂရုစိုက်နေကြတာ... လတ်တလော သူ့ကို ဆရာဝန်နဲ့ ပြကြည့်သေးလား"
ထန်ချောင်းချောင်း: "သူ့ခန္ဓာကိုယ်မှာ ဘာအမှားမှ မရှိပါဘူး... ကျွန်မတို့က သူ့ကို သေချာ ဂရုစိုက်ပြီး ကျန်းမာရေးပြန်ကောင်းတဲ့အထိ ပြုစုဖို့ပဲလိုတာပါ"
*မြွေပါက ကြက်ဖကို နှစ်သစ်ကူးနှုတ်ဆက်ဖို့ သွားခဲ့သည်။သူတို့၏သဘောထားများက သေချာပေါက် အစစ်အမှန် မဟုတ်ပေ။ ရှန်းယွဲ့သာ ဆရာဝန်နဲ့ သွားပြခဲ့ရင် ဟူဟုန်က မသိဘဲ မနေပေ။... အတိတ်မှာတုန်းက ဆရာဝန်တစ်ယောက် စစ်ဆေးဖို့ လာတိုင်း ထိုဆရာဝန်က သူမနှင့် သူမယောကျ်ား ရှန်းယုံတို့ကို အရာအားလုံး သတင်းပို့နေကျဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ရှန်းယွဲ့၏ ခန္ဓာကိုယ် အခြေအနေကို အချိန်နှင့်တပြေးညီ သိနိုင်ခဲ့သည်။
[T/N မြွေပါက ကြက်ကို စားတာမို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာကို ပြောချင်တာပါ]
ထိုအရာက ခိုင်မြဲသော ညီအစ်ကို သံယောဇဥ်ကြောင့် မဟုတ်ဘဲ ရှန်းယွဲ့ကို တစ်ဘဝလုံး အိပ်ရာပေါ်မှာပဲ လဲလျောင်းကာ နေသွားစေချင်သည့် ရှန်းယုံ၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်က စိတ်မကောင်းစရာပင်။
ရှန်းယွဲ့က ကလေးဘဝကတည်းက ရှန်းအဖေနှင့် အမေတို့ အရေးအပေးဆုံးသား ဖြစ်ခဲ့သည်။ ရှန်းအဖေ ကွယ်လွန်ပြီးနောက် သခင်မကြီးက ထိုကလေးကို အလွန် ဂရုစိုက်ခဲ့ပေသည်။ ကားမတော်မဆမှုကြောင့်သာ မဟုတ်ခဲ့လျှင် ရှန်းယွဲ့က ရှန်းအုပ်စု၏ ခေါင်းဆောင်နေရာကို အချိန်အကြာကြီးကတည်းက ယူထားပြီးသား ဖြစ်ပေလိမ့်မည်။ အခုတော့ သူ့နေရာကို ရှန်းယုံက ယူထားခဲ့လေပြီ။
သို့သော်လည်း သခင်မကြီးနှင့် ရှန်းယွဲ့တို့ ကိုင်ထားသော ရှယ်ယာများကြောင့် ရှန်းယုံနှင့် ဟူဟုန်တို့က ရှန်းယွဲ့ကို ကြောက်နေရဆဲပင်။ ထို့နောက်တွင် သခင်မကြီးက ပြန်လည်အားဖြည့်ရန်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံအပြင်ဘက်ကို အပို့ခံလိုက်ရသည်။ ထိုအကြောင်းကြောင့် ထိုစုံတွဲက သူတို့လက်ထဲတွင် မသန်စွမ်းသောသူကို ပို၍ ခြယ်လှယ်လာနိုင်ခဲ့ကြလေသည်။
"ကြည့်ရတာ ရှန်းယွဲ့ မင်းကိုလက်ထပ်ခဲ့တာ တကယ်ကောင်းတာပဲ" ဟူဟုန်က သူမမျက်လုံးများကို စုကြုံ့ကာ ပြောလာခဲ့သည်။
ထန်ချောင်းချောင်းကတော့ အပြုံးတစ်ပွင့် ဖြင့်သာ၊ "ကျွန်မလည်း အဲ့လိုပဲထင်တယ်"
'သူက အရှက်မဲ့လိုက်တာ' ရှန်းလျန့်က စက်ဆုပ်မှုဖြင့် နှုတ်ခမ်းများကို တွန့်လိုက်သည်။
ထန်ချောင်းချောင်း: "ငါ့တူလေး... မင်းမျက်နှာက ဘာလို့ ရှုံ့တွနေရတာလဲ... တစ်ခုခုမှားနေလို့လား... နေမကောင်းရင်လည်း ဆရာဝန်နဲ့ သွားပြကြည့်အုံးနော်"
ရှန်းလျန့်: "ဘယ်သူ့မျက်နှာကို တစ်ခုခုမှားနေတယ်လို့ ပြောနေတာလဲ"
"ငါ မှားကြည့်မိတာ နေမှာပါ" ထန်ချောင်းချောင်းက ရေနွေးကို ခပ်ဖြည်းဖြည်း တစ်ငုံသောက်လိုက်သည်၊
"မျက်နှာ အကြောသေနေတဲ့ သရုပ်ဆောင်တစ်ယောက်က သူ့မျက်နှာပေါ်မှာ ဘယ်လိုများ အမူအယာတွေ လုပ်နိုင်ပါ့မလဲ"
ထန်ချောင်းချောင်းက ရှန်းလျန့်ကို မျက်နှာအကြောသေနေသော သရုပ်ဆောင်ဟု ပြောလိုက်သောကြောင့် သူဒေါသထွက်လာတော့သည်။
"ထန်ချောင်းချောင်း... အရှက်မမဲ့စမ်းနဲ့... အဘွားကြောင့်သာ မဟုတ်ရင် ငါက ဒီနေရာကို လာဖို့ သောက်ရမ်း ပျင်းလွန်းလို့"
"အိုး... သခင်မကြီးက မင်းကို လာတောင်းပန်ခိုင်းလိုက်တာပဲ... ငါပြောချင်တာက... စောစောကသာ ပြောရင် မင်းအချိန်တွေ အများကြီး ဖြုန်းစရာ လိုမနေဘူး... ကဲ မြန်မြန်လေး တောင်းပန်လိုက် ငါ့တူလေး"
ထန်ရှောင်းရှောင်းက နောက်ဆုံးစာလုံးနှစ်လုံးကို အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။
ရှန်းလျန့်က ထရပ်လိုက်ပြီး ပြောလိုက်သည်၊
"ရှန်းမိသားစုထဲကို လက်ထပ်ပြီး ဝင်လာတာနဲ့ အကိုင်းမြင့်မြင့်ရောက်ပြီး ဇာမဏီ ဖြစ်လာပြီလို့ ထင်မနေနဲ့..
ရစ်ငှက်က အမြဲတမ်း ရစ်ငှက်ပဲ ဖြစ်နေမှာ"
ထန်ချောင်းချောင်း: "ဒါ အရမ်းမှန်တာပဲ... ရစ်ငှက်က အမြဲတမ်း ရစ်ငှက်ပဲ ဖြစ်နေမှာ... ဒီစကားကို မင်းရဲ့အချစ်လေး ထန်ရို့ကို ပြောသင့်တယ်နော်"
ရှန်းလျန့်၏ မျက်နှာက ပြောင်းလဲသွားပြီး ဟူဟုန်သည်လည်း ထိုအဓိပ္ပါယ်ကို ကဲကဲဆတ်ဖြစ်ကာ ရိပ်ဖမ်းသံဖမ်း ဖြစ်မိသွားသည်၊ "ထန်ရို့လား... မင်းဘာပြောချင်တာလဲ"
ထန်ချောင်းချောင်းက အပြစ်ကင်းသော အမူအယာလေးဖြင့် သူမပါးစပ်ကို အုပ်လိုက်သည်၊
"အိုး ရှင်တို့ မသိကြဘူးပဲ ထန်ရို့က... ကောင်းပြီလေ... ကျွန်မ ဘာမှ မပြောလိုက်ဘူးလို့ပဲ ထားလိုက်ပါတော့"
ဟူဟုန်က ပို၍ပင် ပဟေဠိ ဖြစ်သွားသည်။
Xxxxxxxx