အပိုင်း ၂၇၂
Viewers 3k

အခန်း (၂၇၂)

 

ပျော်ရွှင်စွာ ကျွေးမွေးခြင်း

 

“ညစာ အဆင်သင့် ဖြစ်ပြီ။ ဒီမှာ ကူညီဖို့ လူနည်းနည်းလောက် လာခဲ့ပါဦး”

 

ကျိုးယန်ပိုင်နှင့် တခြားသူတွေက ဟင်းပွဲတွေရဲ့ ရနံ့ကြောင့် ဆွဲ‌ဆောင်ခံခဲ့ရပြီး သူတို့ရဲ့ လည်ပင်းတွေ ငန်းလည်ပင်းတွေလောက် ရှည်ထွက်လုမတတ် ဖြစ်နေခဲ့သည်။

 

သူတို့က စုယန်ယန်၏ အသံကို ကြားတာနဲ့ ချက်ချင်း ပြေးဝင်သွားကာ “ဘာ ကူလုပ်ပေးဖို့ လိုအပ်သေးလဲ” လို့ စိတ်အား ထက်သန်စွာ မေးမြန်းခဲ့ကြသည်။

 

စုယန်ယန်သည် သူတို့၏ စိတ်လှုပ်ရှားမှုကြောင့် လန့်သွားသည်။ သူမသည် စကားပြန်မပြောခင် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီးနောက် “ဒီဟင်းရည်အိုး နှစ်အိုးကို အရှေ့ကို သယ်သွားပေးပါ”

 

“နားလည်ပြီ၊ နားလည်ပါပြီ။ ဒီဟင်းရည်အိုး နှစ်အိုးကို ကျွန်တော်တို့နဲ့ ထားခဲ့လိုက်ပါ။ သခင်မလေး၊ ကျေးဇူးပြုပြီး အပူမလောင်အောင် ဘေးဖယ်ပေးပါ”

 

ကုရှောက်ယန်က ထိုသို့ ပြောလိုက်ရင်း စုယန်ယန်ကို ဘေးသို့ တွန်းဖယ်ကာ ကျိုးယန်ပိုင်နောက်မှ လိုက်ပါသွားခဲ့သည်။

 

သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ဦးလေးကျန်းနှင့် လင်းရှောင်ချီးတို့က ဝင်လာခဲ့သည်။

 

“သခင်မလေး၊ ကျေးဇူးပြုပြီး အပြင်မှာ စောင့်ပေးပါလား။ ဒါတွေကို ကျွန်တော်တို့ သယ်လာခဲ့ပါ့မယ်” ဦးလေးကျန်းက စုယန်ယန်အား အပြင်သို့ ယဉ်ကျေးစွာ နှင်ထုတ်လိုက်သည်။

 

စုယန်ယန်တစ်ယောက် ပြောစရာ စကား ပျောက်ရှသွားသည်။

 

စုယန်ယန်သည် သူမကို အသုံးပြုပြီးနောက် စွန့်ပစ်လိုက်သလို ခံစားလိုက်ရသည်။ သူမသည် မီးဖိုချောင်ထဲမှ လှည့်ထွက်သွားပြီး သူမရဲ့ စိတ်ဒဏ်ရာကို နှစ်သိမ့်ပေးရန် သူမခင်ပွန်းသည်ကို ရှာဖွေနေခဲ့သည်။

 

တိုက်တိုက်ဆိုင်ဆိုင် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုပြီးသော ဟောက်ချန်ဟွမ်းသည် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ စုယန်ယန်သည် မီးဖိုချောင်ထဲမှ ထွက်ထွက်ချင်းမှာပင် သူနှင့် တိုက်မိသွားသည်။ သူမ၏ မျက်ဝန်းများက တောက်ပသွားပြီး ဟောက်ချန်ဟွမ်းနှင့် သူမ ချက်ပြုတ်ခဲ့သော ဟင်းလျာများ အကြောင်း စကားစမြည် ပြောဆိုခဲ့သည်။

 

“ကျွန်မ ဒီနေ့ ရောပြွမ်းဟင်းလျာနဲ့ ဟော့ပေါ့ ချက်ထားတယ်။ မတူညီတဲ့ အရသာ နှစ်မျိုးပဲ။ ရှင်က ဟော့ပေါ့ကို ကြိုက်လိမ့်မယ် ဒါပေမယ့် ရှင် မနေ့ညတုန်းက ဆေးရည်စိမ်ခဲ့တယ်။ ကျွန်မ ရှင့်ကို ဒီည အပ်စိုက်ကုထုံးနဲ့ ကုသပေးဖို့ စီစဉ်ထားတယ်။ ဟော့ပေါ့က အရမ်းစပ်လို့ ရှင် နည်းနည်းပဲ စားလို့ရမယ်။ ဒီနေ့တော့ ရှင် အရသာ ပေါ့ပေါ့လေးပဲ စားရမယ်နော်၊ အိုကေလား”

 

စုယန်ယန်က အစားအသောက်ကို ချက်ပြုတ်သူမို့ ဟောက်ချန်ဟွမ်းက သဘောတူလိုက်သည်၊ “အိုကေပါ”

 

သူက ဘယ်လောက်တောင် ပူးပေါင်း ဆောင်ရွက်ပေးလဲ ဆိုတာကို တွေ့လိုက်ရတော့ စုယန်ယန်သည် သူ့ကို အနမ်းမပေးပဲ မနေနိုင်တော့ပေ။

 

မီးဖိုချောင်ထဲမှ ဟင်းအိုးတွေကို သယ်ရင်း ထွက်လာသည့် ကျိုးယန်ပိုင်တို့ဟာ ဒီမြင်ကွင်းကို တွေ့လိုက်ရပြီး မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်ရာ အကူအညီ ပေးရန် လိုအပ်မလားလို့ နောက်ကနေ လိုက်ပါလာသည့် ဦးလေးကျန်းတို့နှင့် တိုက်မိသွားကြသည်။ သူတို့သည်လည်း စုယန်ယန်တို့ နှစ်ယောက်၏ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည်။

 

အနမ်းခြွေ ပြီးသွားသော စုယန်ယန်သည် သူမခေါင်းကို မော့လိုက်သောအခါ အံ့အားတသင့် ကြည့်နေသည့် အကြည့်ပေါင်း များစွာကို တွေ့လိုက်ရသည်။

 

“အဟမ်း၊ အားလုံးလည်း ဒီမှာ ရောက်နေပြီ ဆိုတော့ စားကြတာပေါ့”

 

စုယန်ယန်သည် ရှက်သွေးဖြာသွားပြီး ဟောက်ချန်ဟွမ်း၏ ဝှီးချဲကို စားပွဲဆီသို့ တွန်းလာခဲ့သည်။

 

ဟောက်ချန်ဟွမ်း၏ မျက်လုံးထဲတွင် နူးညံ့သော အပြုံးရိပ်တစ်ခု လင်းလက်သွားသည်။ သို့ရာတွင် ကျိုးယန်ပိုင်နှင့် တခြားသူတွေကို ကြည့်လိုက်သည့်အခါ အေးစက်ပြီး သတိပေးလိုသည့် အရိပ်အမြွက်တစ်ခု ပါရှိနေလေသည်။

 

သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကာ ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ မကြည့်ဝံ့တော့ဘူး။ သူတို့တွေက ဟင်းပွဲတွေကို ဆက်သယ်ဖို့ မီးဖိုချောင်သို့ နာခံစွာ ပြေးသွားကြသည်။

 

စုယန်ယန်သည် ပါဝင်ပစ္စည်း အများကြီးကို ပြင်ဆင် ထားသောကြောင့် လူတိုင်း နှစ်ပန်းကန်စီ စားသောက်ဖို့ လုံလောက်ပါသည်။

 

ဟင်းပွဲတွေ စားပွဲပေါ်မှာ ချပြီးပေမယ့် ဘယ်သူမှ ဟင်းပွဲကို နှိုက်ဖို့ လက်မမြှောက်ကြဘူး။ အဲ့ဒီအစား သူတို့အားလုံးက စုယန်ယန် အစာကျွေးမှာကို စောင့်ဆိုင်းနေသည့် ကြက်ကလေးတွေကဲ့သို့ စိုက်ကြည့်နေကြသည်။

 

စုယန်ယန်တစ်ယောက် ပြောစရာ စကား ပျောက်ရှသွားသည်။

 

“အဟွတ်၊ ဒါက ဟော့ပေါ့အစပ်အိုးဖြစ်ပြီး ဒါကတော့ ရိုးရှင်းတဲ့ အရိုးစွပ်ပြုတ် ဟင်းရည်အိုးပါ။ ကိုယ့်စိတ်ကြိုက် အရသာကို ရွေးချယ်ပြီး စားသုံးနိုင်ပါတယ်။ စွပ်ပြုတ် ဆူလာတဲ့အခါ ရှင်တို့ စိတ်ကြိုက်ပါဝင် ပစ္စည်းတွေကို ထည့်နိုင်...”

 

စုယန်ယန်က ထိုသို့ပြောရင်း ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ကြာမြစ်တို့၊ သခွားသီးတို့ကို ထည့်လိုက်သည့်အပြင် အမဲသားချပ်တွေကိုပါ အိုးထဲ ထည့်လိုက်သည်။

 

“အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ အမဲသားချပ်တွေက အကျက်ပိုလွယ်တယ်။ သူတို့ ဟင်းရည်တွေ မြှုပ်သွားတာနဲ့ သူတို့ကို ပြန်ဆယ်ပြီး စားနိုင်ပါပြီ။ အမဲသားချပ်တွေကို အချိန်အကြာကြီး ပြုတ်စရာ မလိုဘူး။ ခဏလောက် ကြာတာနဲ့ သူတို့ကို ပြန်ဆယ်နိုင်ပြီ။ သူတို့ကို အချိန်အကြာကြီး ပြုတ်ထားရင် သူတို့အသားတွေက မာတင်းသွားပြီး အရသာက သိပ်ကောင်းတော့မှာ မဟုတ်ပါဘူး”

 

စုယန်ယန်က ထိုသို့ပြောရင်း ဘယ်လိုပုံစံမျိုး စားသုံးရမလဲ ဆိုတာကို သရုပ်ပြခဲ့သည်။ သူမသည် သရုပ်ပြပြီးနောက် ဘေးသို့ လှည့်ကာ အခုနက ထည့်ထားသည့် အမဲသားချပ်ကို ဆယ်ယူပြီး ဟောက်ချန်ဟွမ်းကို ခွံကျွေးလိုက်သည်။

 

“စမ်းစားကြည့်”

 

လူတိုင်း၏ မနာလိုသည့် အကြည့်အောက်တွင် ဟောက်ချန်ဟွမ်းက သူ့ခေါင်းကို ငုံ့ပြီး အမဲသားချပ်ကို လှမ်းယူ စားသောက်လိုက်သည်။ အမဲသားဟာ နူးညံ့ ပျော့ပျောင်းပြီး အရသာရှိသည်။ အရသာ ကောင်းမွန်သည့် အရိုးဟင်းရည်နှင့် စုယန်ယန် စပ်ထားသည့် ဆော့စ်နှင့် တွဲဖက်လိုက်သည့် အခါမှာ အရသာက ထူးကဲသွားသည်။

 

“အရသာ ရှိတယ်”

 

စုယန်ယန်သည် ကတိသစ္စာ ပြုထားသည့်အတိုင်း သူမသည် ထိုလူကို ပျော်ရွှင်စွာ ကျွေးမွေးခဲ့ပြီး သူမတို့ ပတ်ဝန်းကျင်ရှိ လူများကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

***