နင့်ကလေးကို နင်ကိုယ်တိုင် ပြုစုပျိုးထောင်သင့်တယ်
“အဟမ်း... သမီး သေချာပေါက် အိမ်ပြန်လာမှာပေါ့။
သမီး နေ့တိုင်း အိမ်မပြန်လာဖြစ်ရင်တောင် သမီးက တစ်မြို့တည်းမှာပဲ ရှိနေမှာလေ။ သမီးတို့
မွေးရပ်မြေမှာထက် ဒီမှာ ရှိနေတာက ပိုကောင်းလိမ့်မယ်”
ချိန်ရှုချင်က နှာခေါင်းရှုံ့သည်။
သူမသည် ဒီအဖြေအတွက် အထူးပင် စိတ်ကျေနပ်မှု မရှိသော်လည်း ဤအကြောင်းအရာနှင့် ပတ်သက်၍
သူမ ဆက်မပြောတော့ပေ။
“ဟုတ်ပါပြီ။ နင် သိပ်မကြာခင်မှာ
ဆေးဖက်ဝင် ဟင်းလျာဆိုင်ဖွင့်ဖို့ လုပ်နေတာ မဟုတ်ဘူးလား။ အဲ့အချိန်ကျရင် နင့်အန်တီလေးအတွက်
ဟင်းတစ်ပွဲလောက် ပိုချက်ပြုတ်ဖို့ အဆင်ပြေတာပဲ”
ချိန်ရှုချင်၏ စကားများက ဆေးရုံမှ
မထွက်ခွာမီ၊ ချိန်ကျွင်းဟောက်အား လွန်ခဲ့သော တစ်လခန့်က စုယန်ယန် သူတို့အတွက် ချက်ပြုတ်ပေးသည့်
ဆေးဖက်ဝင် ဟင်းလျာများအား အကျိုးသက်ရောက်မှုအား အမှတ်ရသွားစေသည်။
ချိန်ကျွင်းဟောက်သည် ဒီကိစ္စနှင့်
ပတ်သက်၍ သံသယများစွာ ရှိနေသေးသော်လည်း သူ့ဇနီးမှာ ကိုယ်ဝန် ရှိနေတယ် ဆိုတာက ငြင်းလို့
မရပါဘူး။ သူ့တူမလေး၏ ဆေးဖက်ဝင် ဟင်းလျာတွေက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား။
“အမေပြောတာ မှန်တယ်။ အန်တီလေး၊
အိမ်မှာပဲ နေပြီး ကလေးလေး တည်ငြိမ်တဲ့အထိ စောင့်နေပါ”
ချိန်ကျွင်းဟောက်သည် ချင်ရွယ်ရူ၏
ခန္ဓာကိုယ်အတွက် စိတ်ပူပန်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ဖျောင်းဖျသည်၊
“အစ်မကလည်း ဒီလို ပြောလို့ ကိုယ်တို့
ဒီမှာပဲ ခဏလောက် ဆက်နေကြရအောင်။ ယန်ယန်ရဲ့ ဆိုင်မှာ ကိုယ်လည်း ရင်းနှီးမြှုပ်နှံ ထားတယ်။
ဒါ့ကြောင့် ကိုယ့်ကို ပိုက်ဆံ နည်းနည်းလောက် ပြန်ရအောင် ကူညီတယ်လို့ သဘောထားပေး။ ကိုယ့်ကို
ဆုံးရှုံးသွားရအောင် မလုပ်နဲ့”
ဒါကိုကြားတော့ စုယန်ယန်က ဒေါသလည်းထွက်ချင်
ရယ်လည်းရယ်ချင် ဖြစ်ကာ “ဒါဆို၊ အန်ကယ်လေးက အဲ့လို စဉ်းစားနေတာပေါ့။ အန်တီလေး တစ်သက်လုံး
ဒါတွေကိုပဲ စားနေရမှာကို သမီး စိုးရိမ်မိတယ်”
“ဒါဆို သမီးကို အန်ကယ်လေးက သမီးရဲ့
အန်တီလေးကို တစ်သက်လုံး ပြုစုပျိုးထောင်ပေးဖို့ အကူအညီ တောင်းပါတယ်။ ပြီးတော့ တစ်ဆက်တည်း
သမီးရဲ့ မမွေးလာသေးတဲ့ မောင်လေး၊ ညီမလေးတွေကိုပါ ဂရုစိုက်ပေးပါဦး”
စုယန်ယန် ဘာမှ ပြန်မပြောရသေးခင်
ချိန်ရှုချင်က သူ့ကို ဖြတ်ရိုက် လိုက်သည်။ “အိပ်မက် မက်နေလိုက်၊ နင့်ကလေးတွေကို နင်ကိုယ်တိုင်
ပြုစုပျိုးထောင်ပေးသင့်တယ်”
တစ်ကားလုံး ရယ်သံတွေ ဖုံးလွှမ်းသွားသည်။
သူတို့ အိမ်ပြန်ရောက်သောအခါတွင်
ချိန်ရှုချင်သည် ချင်ရွယ်ရူ၏ လက်မောင်းကို ထိန်းကူပေးရင်း အရှေ့ကနေ လျှောက်သွားသည်။
ချိန်ကျွင်းဟောက်က သူတို့နောက်မှ တမင်တကာ နေရစ်ကာ စုယန်ယန်နှင့် ဘေးချင်းကပ် လျှောက်လာခဲ့သည်။
“ယန်ယန်၊ သမီး အန်ကယ်လေးတို့
အတွက် ချက်ပြုတ်ပေးတဲ့ အစားအစာတွေက ကိုယ်ဝန်ရနိုင်ခြေကို တကယ်ပဲ မြှင့်တင် ပေးနိုင်တာလား။
မင်းအန်တီလေးနဲ့ အန်ကယ်လေးတို့...”
စုယန်ယန်က သူ မေးချင်တာကို သိပြီး
သူမ၏ နှုတ်ခမ်း ထောင့်စွန်းလေးတွေက ကွေးညွှတ်လာကာ “တကယ်လို့ အန်ကယ်လေး ထင်တဲ့အတိုင်း
ဖြစ်နေတယ် ဆိုရင်ရော...” ဟု လျှို့ဝှက်စွာ ပြောလိုက်သည်။
ချိန်ကျွင်းဟောက် မျက်မှောင်ကြုတ်
သွားသည်။ ခုနက ပြောခဲ့တဲ့ စကားတွေအတွက် သူမ အတေးအမှတ် ထားနေသေးသည်ဟု လေးလေးနက်နက် သံသယဖြစ်မိသည်။
“အန်ကယ်လေး ထင်တာက၊ ဒါဆို အန်ကယ်လေး
ဆက်မေးချင်သေးတယ်၊ သမီးရဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက ဘာအတွက်လဲ”
“ဒါက ဒီထက် အများကြီး ပိုရှုပ်ထွေးတယ်။
ရုပ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲခြင်း၊ ထိပ်ပြောင်၊ ထိပ်ကွက်ခြင်း၊ အိပ်မပျော်ခြင်း၊
မောပန်းနွမ်းနယ်ခြင်း - ဓမ္မတာလာချိန် နာကျင်ကိုက်ခဲခြင်း အပါအဝင် တော်တော်လေးကို ပျောက်ကင်းအောင်
ကုသပေးနိုင်ပါတယ်”
ချိန်ကျွင်းဟောက်၏ မျက်လုံးများ
တောက်ပလာပြီး “အဲ့တာ တကယ်လား”
“အန်ကယ်လေးက ဒါကို မယုံဘူးလား”
စုယန်ယန်က မျက်စောင်းထိုးပြီး မောက်မာစွာ နှာခေါင်းရှုံ့လိုက်သည်။ သူမက ချိန်ကျွင်းဟောက်
အနားကနေ ချာခနဲ လှည့်ထွက်ဖို့ လုပ်လိုက်ပေမယ့် ချိန်ကျွင်းဟောက်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အန်ကယ်လေး
သမီးကို ယုံပေမယ့် နည်းနည်းတော့ အံ့အားသင့် သွားတယ်။ သမီး ဘယ်နေရာကနေ လူနာတွေကို ကုသနည်း
သင်ယူခဲ့တာလဲ”
ချက်တာ ပြုတ်တာကို အမှတ်တမဲ့
မြင်ပြီး ဘယ်လို ချက်ပြုတ်ရမှန်းကို တတ်မြောက်သွားတာ အဓိပ္ပါယ်ရှိပေမယ့် စာအုပ်တွေကို
ဖတ်ရှုခြင်းဖြင့် သူမ လူနာတွေကို ဘယ်လို ကုသရမှန်း လေ့လာသင်ယူ နိုင်ပါ့မလား။
ဒါ့အပြင်၊ သူမရဲ့ ကုသမှုနည်းလမ်းတွေကို
သူ အရင်က တစ်ခါမှ မကြားဖူးခဲ့ပေ။
“သမီး စာအုပ်တွေ ဖတ်ရှုပြီးတော့
ဘယ်လို ချက်ပြုတ်ရမှန်း လေ့လာသင်ယူ နိုင်ခဲ့သလို စာအုပ်တွေကနေ တစ်ဆင့် ရောဂါဝေဒနာတွေကို
ဘယ်လို ကုသရမယ် ဆိုတာကိုပါ သင်ယူနိုင်ခဲ့တယ်။ ဒါ့ပေမယ့် အခု အန်ကယ်လေး ပြောမှ သမီး
တစ်ခုခုကို အမှတ်ရ သွားတယ်။ အန်ကယ်လေး၊ သမီးကို သင့်တော်တဲ့ တရားဝင် ဆရာဝန်လိုင်စင်ရဖို့
ကူညီပေးနိုင်မလား”
နောက်ဆုံးတော့ ဆေးဖက်ဝင် ဟင်းလျာ
စားသောက်ဆိုင်က သာမန် စားသောက်ဆိုင်တွေနဲ့ မတူပါဘူး။ သူမသည် ယခင်က စားသောက်ကုန် လိုင်စင်ကို
လျှောက်ထားပြီးပြီ ဖြစ်သည်။ နောင်တွင် လူအချို့ကို အမှန်တကယ် ကုသပေးလိုပါက ဆရာဝန်လိုင်စင်
မရှိလျှင် ပြဿနာ တက်နေပေလိမ့်မည်။
အခြားသူတွေက စုယန်ယန်၏ အကြံဉာဏ်ကို
အခြေအမြစ် မရှိဟု ထင်ကောင်း ထင်နိုင်သော်လည်း မကြာမီတွင် သူမ ကြိုတင် စီစဉ်ထားတာ ဖြစ်ကြောင်း
သူတို့ သဘောပေါက် သွားလိမ့်မည်။
“သမီးက ဆရာဝန်လိုင်စင် လိုချင်နေသေးတာလား”
ချိန်ကျွင်းဟောက်က မျက်မှောင်ကြုတ် သွားသည်။
“ဒါက မလွယ်ကူလောက်ဘူး”
***