အပိုင်း ၁၆၂
Viewers 3k

အခန်း (၁၆၂)

 

ထောက်ခံချက်ကောင်းမွန်သည့် ရောင်းချမှု

 

ထိုအချိန်တွင် လူနာသတင်းမေး ရောက်ရှိလာသည့် ယန်ကျင်းယို့သည် ထိုအသံကို ကြားလိုက်ရာ နျဉ်ချီလွေ့က သူ့ ဆေးစစ်ချက် ရလဒ်ကြောင့် သူ့ကိုယ်သူ လက်လျှော့ အရှုံးပေးလိုက်တယ်လို့ ထင်ခဲ့သည်။ နျဉ်ချီလွေ့ကို တားမြစ်ဖို့ အလျင်စလို ဝင်သွားခဲ့သည်။

 

“မင်း ဘာလုပ်နေတာလဲ။ အကယ်၍ မင်း နာမကျန်းဘူး ဆိုရင်တောင် မင်းကိုယ်မင်း အရှုံးမပေးသင့်ဘူး။ မင်းကို ကုသပေးနိုင်မယ့် တခြားဆရာဝန်တွေ မရှိဘူးလား။ မင်းကို ကုသနိုင်မယ့် နည်းလမ်း တစ်ခုခုတော့ ရှိရမယ်”

 

နျဉ်ချီလွေ့သည် အနည်းငယ် ထိတ်လန့်သွားပြီး ယန်ကျင်းယို့ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

 

“မင်း ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ”

 

ယန်ကျင်းယို့က နျဉ်ချီလွေ့က ပြင်းထန်တဲ့ လုပ်ရပ်တွေ လုပ်နေတာ မဟုတ်တာကို တွေ့လိုက်ရသည့် အတွက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူက အပြုံးလေးဖြင့် စကားဆိုလိုက်သည်။

 

 “ငါ မင်းဆီကို မက်ဆေ့ချ် အနည်းငယ် ပို့ခဲ့တယ်၊ ဒါပေမယ့် မင်းက လုံးဝ ပြန်မပို့ခဲ့ဘူး။ အဲ့တာနဲ့ ငါလည်း တစ်ခုခု မှားနေတယ် ဆိုတာ သိလိုက်တယ်။ ငါ မင်းကို ဖုန်းခေါ်ကြည့်တော့ မင်းရဲ့ အေးဂျင့်က ဖုန်းပြန်ဖြေပြီး မင်း ဆေးရုံတက်နေရတယ် ဆိုတာကို ငါ သိလိုက်တာနဲ့ အခုချက်ချင်း အပြေးလာတာပဲ”

 

ယန်ကျင်းယို့က ထိုသို့ပြောရင်း နျဉ်ချီလွေ့ကို သတိထားသည့် အကြည့်ဖြင့် ခိုးကြည့်သည်။ သူ ဒီကို မလာခင်မှာ နျဉ်ချီလွေ့၏ အခြေအနေကို သူ့အေးဂျင့်ထံမှ ယေဘုယျအားဖြင့် နားလည် သိရှိထားပြီး ဖြစ်သည်၊ သူ့ နာမကျန်းမှုဟာ သတိမပြုမိပါက တော်တော် ဆိုးရွားသည့် အခြေအနေကို ရောက်သည်အထိ ဖြစ်သွားနိုင်သည်။

 

ထို့အတွက်ကြောင့် နျဉ်ချီလွေ့ ဆေးရုံခုတင်ကို လက်သီးဖြင့် ထိုးလိုက်တာကို မြင်လိုက်ရသောအခါ သူ၏ပထမဆုံး အတွေးမှာ နျဉ်ချီလွေ့သည် သူ့ နာမကျန်းဖြစ်မှုကြောင့် စိုးရိမ်ပူပန်တယ်လို့ ထင်သွားမိခြင်း ဖြစ်သည်။

 

“စိတ်မပူပါနဲ့ကွာ၊ မင်းရဲ့ ရောဂါ အခြေအနေကို စောစောစီးစီး သိလိုက်ရတဲ့အတွက် ဒီရောဂါဝေဒနာကို ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ပြီး မင်း အမြန်ဆုံး သက်သာပျောက်ကင်း လာလိမ့်မယ် ဆိုတာ သေချာတယ်”

 

“အင်း...”

 

နျဉ်ချီလွေ့သည် သူ့ရှော့ရနေမှုကနေ ပြန်လည် မသက်သာလာသေးပါဘူး။ သူ နှစ်သက် သဘောကျသည့် နူးညံ့သိမ်မွေ့သော မိန်းကလေးက တကယ့်ကို အလိမ်အညာတွေ ပြည့်နှက်နေတဲ့ မြေပွေးတစ်ကောင် ဖြစ်မှန်းကို သိရှိခဲ့ပြီး သူ၏ယုံလွယ်စိတ်ကြောင့် အနည်းငယ် ရှက်ရွံ့သွားမိသည်။

 

ယန်ကျင်းယို့သည် သူ၏မျက်နှာ အမူအရာကို မြင်ပြီး ပိုပိုပြီး စိုးရိမ်လာခဲ့သည်။ သူ့မျက်ဝန်းထဲမှာ ရုန်းကန် လှုပ်ရှားနေသည့် အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာပြီး အံတင်းတင်း ကြိတ်ကာ ပြောလိုက်သည်။

 

 “တကယ်တော့၊ ငါ ဒီနေ့ မင်းကို ပြောစရာရှိလို့ လာတွေ့တာပဲ၊ မင်းရဲ့ ရောဂါဝေဒနာကို ဆေးရုံဆရာဝန်တွေက မကုသပေးနိုင်ရင် မင်း ဆေးဖက်ဝင် ဟင်းလျာတွေကို စားသုံးပြီး ကုသကြည့်နိုင်တယ်”

 

“ဆေးဖက်ဝင် ဟင်းလျာလား”

 

နျဉ်ချီလွေ့သည် ဒီဝေါဟာရကို ရင်းနှီးတယ်လို့ ထင်ခဲ့သည်။

 

“အင်း၊ မင်းကြားတာ အမှန်ပဲ။ သိပ်မကြာသေးခင်က ငါ့သူငယ်ချင်း တစ်ယောက်လည်း မင်းလို အရမ်း ရှုပ်ထွေးတဲ့ နာမကျန်းမှုမျိုး ဖြစ်ခဲ့တယ်။ သူလည်း ဆရာဝန် အများကြီးကို ပြသခဲ့တယ်၊ ဒါပေမယ့် ဆရာဝန်တွေက သူ့ရဲ့ ဝေဒနာကို ကုရာနတ္ထိ ဆေးမရှိလို့ပင် ပြောခဲ့ကြတယ်။ နောက်ပိုင်း သူက တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ် တစ်ခုမှာ ဆေးဖက်ဝင် ဟင်းလျာတစ်မျိုးကို ကံစမ်းမဲ ပေါက်ခဲ့တယ်။ အဲဒီဟင်းလျာကို စားပြီးတဲ့ နောက်ပိုင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမျိုး ရရှိခဲ့တယ်...”

 

ယန်ကျင်းယို့သည် ထိုဟင်းလျာကို သူ၏ အရောင်းစွမ်းရည်ဖြင့် ပြင်းပြင်းထန်ထန် ထောက်ခံချက် ပေးနေခဲ့ပြီး သူ့ခေါင်းကို ငုံ့ကြည့်လိုက်သော အခါတွင် နျဉ်ချီလွေ့၏ ပြောစရာစကား ကင်းမဲ့နေသော အသွင်ဖြင့် ရင်ဆိုင် တွေ့လိုက်ရသည်။

 

“မင်းရဲ့ မျက်နှာအမူအရာက ဘာဖြစ်နေတာလဲ”

 

“များသောအားဖြင့်၊ လူအများ သုံးနှုန်းတဲ့ သူတို့ရဲ့ ‘သူငယ်ချင်းတွေ’ နဲ့ ‘ဆွေမျိုးတွေ’ လို့ ရည်ညွှန်းတာနဲ့ ဆင်တူပြီး၊ ဒါတွေအားလုံးက ကိုယ့်အကြောင်းကို ပြောဆိုတာပါပဲ”

 

 နျဉ်ချီလွေ့သည် သူ့ကို အဓိပ္ပါယ် အပြည့်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

 

 “ဘာကို ရှုပ်ထွေးတဲ့ ရောဂါဝေဒနာလဲ။ အဲ့တာက မင်းရဲ့ ရှုပ်ပွေခဲ့တဲ့ နေ့ရက်တွေကြောင့် ကံတရားက မင်းကို ဒဏ်ခတ်တာ မဖြစ်နိုင်ဘူးလား။ မင်းရဲ့ အဲ့ဒီဟာက အလုပ်မလုပ်တော့ဘူးလား”

 

ယန်ကျင်းယို့သည် နျဉ်ချီလွေ့၏ ပါးစပ်က ဒီလောက် အဆိပ်ပြင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယန်ကျင်းယို့က နျဉ်ချီလွေ့ သူ့ခေါင်းကို သံချောင်းနဲ့ ရိုက်ထည့် လိုက်သလိုမျိုး အကျိုးအကြောင်း ဆင်ခြင်၍ ကောက်ချက်ချတာကို ကြားပြီး အေးခဲသွားသည်။

 

နျဉ်ချီလွေ့က ထိုသို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ယန်ကျင်းယို့၏ မျက်နှာကတော့ ဒါကို ကြားပြီးနောက် သိသိသာသာ ပြောင်းလဲသွားပြီး သူ့သူငယ်ချင်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

 

“တကယ်ပါပဲ၊ ကျွတ်... ကျွတ်... အထက်တန်းစား အသိုင်းအဝိုင်းမှာ နာမည်ကြီး ပလေးဘွိုင်း တစ်ယောက်ဖြစ်တဲ့ ယန်ကော်ပိုရေးရှင်းရဲ့ ဥက္ကဌက အဲ့ဒီနေရာက မစွမ်းဆောင်နိုင်ဘူးလို့ မထင်ထားခဲ့ဘူး။ ဒီသတင်းသာ ပြန့်သွားခဲ့ရင် နာမည်ကျော်ကြား သွားလိမ့်မယ်”

 

“မင်း ပါးစပ်ပိတ်ထား”

 

 ယန်ကျင်းယို့သည် ရှက်ဒေါသဖြင့် သူ့မျက်နှာက နီမြန်းနေပြီး သူ့သူငယ်ချင်းကို စိတ်အား တက်ကြွစေရန် ထိုအကြောင်းကို ပြောမိခဲ့သည်ကို နောင်တရခဲ့သည်။

 

ဒီအရူးကောင်၏ ‌ရောဂါဝေဒနာက ပြင်းထန်ပြီး ကုသနိုင်စွမ်း ရှိ၊ မရှိကို သူ ဂရုမစိုက်ပဲ နေသင့်တာ။

 

နျဉ်ချီလွေ့သည် ယန်ကျင်းယို့၏ နီမြန်းနေသော မျက်နှာကို သတိပြုမိပြီး သူ့မျက်နှာက အချိန်မရွေး ပေါက်ကွဲ သွားနိုင်သည်ကို မြင်လိုက်ရသောကြောင့် အလျင်စလို ပြုံးပြီး ပြောလိုက်သည်။

 

 “နောက်တော့ ဘာဖြစ်လဲ၊ မင်း ဆက်ပြောလေ။ မင်း တိုက်ရိုက် ထုတ်လွှင့်မှုကနေ ကံစမ်းပေါက်တဲ့ ဆေးဖက်ဝင် ဟင်းလျာကို စားသုံးပြီးနောက်ပိုင်း ဘာဆက်ဖြစ်လဲ”

 

ယန်ကျင်းယို့ “...” ဒီကလေးက သူ့ပြဿနာကို မပြောရရင် သေမှာမလို့ ဒါကို ထည့်ပြောနေရလား။

 

ယန်ကျင်းယို့သည် သူ့စိတ်ထဲမှာ အကြိမ်ပေါင်း များစွာ ရေရွတ်နေမိသည်။

 

 “သူက အခု လူမမာပဲ၊ ဒါ့ကြောင့် ငါ စိတ်မဆိုးသင့်ဘူး”

 

 သူက ပြောလက်စ စကားကို ဆက်မပြောခင် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

 

 “အဲ့တာက တကယ်ပဲ ထိရောက်မှု ရှိတယ်။ အဲဒီစွပ်ပြုတ်ကို သောက်ပြီးတာနဲ့၊ ငါ့ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားပြီး သက်သောင့်သက်သာ ဖြစ်သွားစေခဲ့တယ်။ ဘေးထွက် ဆိုးကျိုးလည်း လုံးဝမရှိဘူး။ အရေးကြီးဆုံး အချက်ကတော့ အရသာ ကောင်းမွန်ပြီး သူ့အရသာက အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေရဲ့ အထူးဟင်းလျာတွေနဲ့ နှိုင်းယှဉ်နိုင်တယ်။ အဲဒီစွပ်ပြုတ်ကတောင် ပိုကောင်းတယ်လို့ ဆိုနိုင်တယ်”

***